Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - နွေတံခါး

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

အလိုချင်ဆုံးအရာများ

          “သူတို့က တို့ကို ဘာကြောင့် အခုလိုဟာမျိုး မပြကြတာပါလိမ့်”

          ၁၉၉၃ ခုနှစ် နွေဦးပေါက်ရာသီဖြစ်သည်။ ကျွန်တော်သည် ကျွန်တော့် ဇနီး ဆူဆန်နှင့် စကားပြောလျက်ရှိသည်။ ကျွန်တော်တို့ လင်မယားသည် နယ်မြေ ကလေးမွေးစားရေးလုပ်ငန်းဌာနမှ ပေးထားသည့် ဖိုင်တစ်ခုကို ဖတ်ရှုလေ့လာလျက်ရှိကြသည်။ ရုံးခန်းထဲတွင် ကျွန်တော်တို့ နှစ်ယောက် တည်းသာ ရှိသည်။ အကယ်၍သာ ကျွန်တော် ဖတ်ရှုနေသည်များထဲမှ တစ်ဝက်တစ်ပျက်မျှသာ မှန်သည်ဆိုပါက ဤဖိုင်ထဲ၌ မှတ်တမ်းတင်ထား သော ကလေးသည် လူမှုကိစ္စအဝဝကို မုန်းတီးသော သို့မဟုတ် ဆန့်ကျင် သော စိတ်ရောဂါသည်တစ်ဦးဖြစ်ဖို့ ရှိလေသည်။

          ဖိုင်ထဲ၌ လက်နှိပ်စက်ဖြင့် ရိုက်ထားသော အစီရင်ခံစာများနှင့် မှတ် တမ်းမှတ်စုများသည် အစုလိုက် အပုံလိုက် ရှိနေသည်။ ရှစ်နှစ်တာကာလ မျှဤကလေးအပေါ် ဝေဖန်သုံးသပ်ချက်များနှင့် လေ့လာချက်များ ပါရှိ သည်။ မိသားစုတရားရုံးမှ ချမှတ်ထားသော အမိန့်များနှင့် လူမှုရေးလုပ်ငန်းဌာနမှ ပေးပို့ခဲ့သော တင်ပြချက်များနှင့် မှတ်ချက်များလည်း ပါရှိသည်။

          ယင်း စာရွက်စာတမ်းများသည် ၁၁ နှစ်အရွယ် ကလေးတစ်ယောက် ၏ အခြေအနေကို ဖော်ပြလျက်ရှိ၏။ ဤကလေးသည် ဉာဏ်ရည်ဉာဏ် သွေးအားဖြင့် နှေးကွေးလျက်ရှိသူဖြစ်သည်။ ဆိုးသည်ဟုလည်း မပြောသာ။

          ကောင်းသည်ဟုလည်း မဆိုနိုင်။ တစ်ခုတော့ ရှိ၏။ သူသည် ထိန်းသိမ်း၍ မရနိုင်လောက်အောင် ကြမ်းတမ်းစွာ ပြုမူလေ့ရှိ၏။ သူ၏ ကြမ်းတမ်းသော အပြုအမူ လျော့နည်းစေရန်အတွက် အဆက်မပြတ် ဆေးတိုက်ထားရသည်။

          ဤသူငယ်သည် သူ့အား ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ဝန် ထမ်းများအား ကိုယ်ထိလက်ရောက် ခုခံတိုက်ခိုက်တတ်သည်။ သူ့အိပ်ရာ ကို သေးနှင့်ပန်းတတ်ရုံမျှမက မနက်မိုးလင်း၍ အိပ်ရာမှ နိုးလာသည့်အခါ အိပ်ရာပေါ်မှမဆင်းဘဲ ပေခံနေလေ့ရှိ၏။ နောက်ဆုံးမတတ်သာ၍ အိပ်ရာ ပေါ်မှ ဆင်းလာသည့်အခါတွင်မူ သူသည် ကောင်းစွာ လမ်းမလျှောက်နိုင် တော့ချေ။

          သူသည် ငယ်စဉ်က ပြင်းပြင်းထန်ထန် အစွန့် အပယ်ခံထားရသော ကလေးဖြစ်သည်။ အစားအစာ မှန်မှန်မကျွေး၊ ရေမှန်မှန် ချိုးမပေး၊ အဝတ် အစား မှန်မှန်လဲမပေး။ သူသည် ၁၁ လသား အရွယ်တွင် သူ့မိခင်နှင့်ခွဲ ၍ ကလေးမွေးစားရေးဌာနသို့ အပို့ခံခဲ့ရသူဖြစ်၏။ သူ့မိခင်ထံ ခဏတစ် ဖြုတ် ပြန်ပို့ခြင်းကိုခံခဲ့ရသေးသော်လည်း တကယ့်ခဏမျှသာ ဖြစ်သည်။ ချက်ချင်းလိုလိုပင် မွေးစားရေးဌာနသို့ ပြန်ပို့ခြင်း ခံခဲ့ရလေရာ သူ့ဘဝ၏ အချိန်ပေါင်းများစွာသည် မွေးစားရေးဂေဟာ၌သာ ကုန်ခဲ့ရလေသည်။

          ကျွန်တော်တို့ ဤသူငယ်၏ ဖိုင်ကို ဖတ်ရှုလေ့လာနေကြခြင်းမှာ ကျွန်တော့်ဇနီးကြောင့် ဖြစ်၏။ ထိုနှစ် နွေဦးပေါက်တွင် အာဖရိကမှ ငတ် ပြတ်နေသော ကလေးသူငယ်များ၏ပုံများကို သတင်းများတွင် တွေ့မြင်ခဲ့ ကြရသည်။ တစ်ညခင်းတွင် ကျွန်တော်တို့သည် အညှာအတာကင်းမဲ့စွာ သတ်ဖြတ်ခြင်းခံထားရသော ကလေးသူငယ်များ၏ အလောင်းများကို ရုပ်မြင်သံကြားစက် မှန်သားပြင်ပေါ်တွင် မြင်တွေ့နေရသည်။

          ထိုမြင်ကွင်းကို ကြည့်ပြီး ဒေါသတကြီးဖြစ်နေသော ဆူဆန်သည် တီဗွီ လမ်းညွှန်စာအုပ်ကို ဖျတ်ခနဲဆွဲယူလိုက်ပြီး တခြားကြည့်စရာအစီအစဉ်ကောင်းတစ်ခုကို ရှာဖွေလျက်ရှိသည်။ စာအုပ်ကို သူ လှန်လိုက်သည့်အခါ ပထမဆုံး တွေ့မြင်ဖတ်ရှုလိုက်ရသည်မှာ ကြော်ငြာတစ်ခု ဖြစ်၏။ ကြော်ငြာ မှာ သည်ဟာဘား ပရိုဂရမ်” အမည်ရှိ လူမှုရေးအဖွဲ့ တစ်ဖွဲ့ မှ အတွေ့ အကြုံရင့်ကျက်နေပြီဖြစ်သော မိဘများထံ ပန်ကြားချက်ဖြစ်သည်။ အတွေ့ အကြုံများသော မိဘများအနေဖြင့် စိတ်ပိုင်းအားဖြင့် အားနည်းချို့ယွင်း နေကြရှာသော ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ပေးရန် မေတ္တာရပ်ခံ ပန်ကြားခြင်းဖြစ်၏။ ကြော်ငြာ၏အဆိုအရ ထိုကလေးများထဲ မှ အချို့မှာ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် စွန့်ပစ်ခြင်းခံထားကြရသည်ဟု သိရ လေသည်။

          ဆူး (ဆူဆန်) သည် တိုက်ဆိုင်မှုကို အကြောင်းပြုကာ အတန်ကြာမျှ ကြက်သေသေလျက် ရှိသည်။ ထို့နောက် ကြော်ငြာကို အကြိမ်ကြိမ် အထပ် ထပ် ဖတ်ပြီးသော် စာရွက်ကို ဆုတ်ယူလိုက်သည်။

          နောက်သီတင်းပတ် အတော်များများ ကြာသည့်အခါ ကျွန်တော်တို့ နှစ်ယောက်သည် ဤနေရာသို့ ရောက်လာပြီး ဤဖိုင်ကို ဖတ်ရှုလေ့လာ နေကြခြင်းပေတည်း ...။

          သို့သော်လည်း ကျွန်တော် ဖတ်နေရသမျှမှာ ကြောက်စရာကောင်းနေ သည်။ ကျွန်တော်တို့ လိုချင်နေသည်မှာ သာမန်ဘဝတစ်ခုအတွင်းသို့ ရောက်ရှိသွားအောင် ပြုပြင်သင်ကြားပေးသွားနိုင်မည့် အမျိုးအစားဖြစ်၏။ ယခုတွေ့နေရသည့် အမျိုးအစားကို လုံးဝမျှော်လင့်ထားခဲ့သည် မဟုတ်ပေ။

          ဆူး ကိုယ်တိုင်သည်လည်း ကျွန်တော်နှင့် တစ်သဘောတည်း ဖြစ်ပုံရ သဖြင့် ကျွန်တော်သည် များစွာ စိတ်သက်သာရာ ရခဲ့၏။ “ဒီလို ကလေးမျိုး နဲ့ကတော့ ကျွန်မတို့နဲ့ ဖြစ်မယ်မထင်ဘူး”ဟု ဆူးက ပြောသည်။ “တကယ် လို့ ဒီကလေးကို ကူညီပေးဖို့ အသေးအဖွဲအထောက်အထားကလေးတစ်ခုခု အခိုင်အလုံတွေ့တယ်ဆိုရင်တော့ ကျွန်မစိတ်ဟာ တစ်မျိုးဖြစ်ချင်ဖြစ်မှာ ပါ။ ဒါပေမဲ့လည်း အခုဟာက အဲဒီအထောက်အထားမျိုး မတွေ့ရဘူး”

          “ဒီလိုဆိုရင်လည်း ဒီဖိုင်ကို ပြန်ပေးလိုက်ကြစို့” ဟု ကျွန်တော်က ပြောသည်။ ဆူးသည် ထိုင်နေရာမှ မတ်တတ်ရပ်လိုက်သည်။

          “ဪ ...ဒီဟာ ကာဘာပါလိမ့် .."

          သူမသည် ကျွန်တော် စောစောက မမြင်ခဲ့ဖူးသော အပြာရောင်စက္ကူ တစ်ရွက်ကို ကိုင်ထားသည်။ ထိုစက္ကူသည် ဖိုင်ထဲမှ ထွက်လာပြီး ကြမ်းပေါ် သို့ ကျသွားခဲ့ခြင်းဖြစ်၍ ဆူးက ကောက်ယူထားခြင်းဖြစ်သည်။ စာရွက်၏ ထိပ်တွင် ကန့်လန့်ဖြတ်၍ ရေးထားသော ကလေးလက်ရေးနှင့် စာတန်း တစ်ခုကိုမြင်ရသည်။ ရေးထားသည့်စာတန်းမှာ “ကျွန်တော် အလိုချင်ဆုံး သော အရာများ” ဟူ၍ ဖြစ်၏။

          ဆူးသည် စားပွဲတင်မီးဆီသို့ သွားသည်။ ကျွန်တော်သည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေရာမှ သူမ၏နောက်သို့ ထလိုက်သွားသည်။ စာကိုဖတ် ရသည်မှာ မလွယ်ပါ။ ကျွန်တော်သည် ကျွန်တော်၏လက်ချောင်းထိပ်များ ဖြင့် မသေမသပ်နိုင်လွန်းလှသော ခဲတံရာစာလုံးများပေါ် ထပ်၍ လိုက် ကြည့်သည်။ ထို့နောက် ရေးထားသည့်စာလုံးများ၏ အဓိပ္ပာယ်ကို ဖော် ယူသည်။ ရေးထားသည်များမှာ ...      

    

          “ကျွန်တော် အလိုချင်ဆုံး အရာများ

          မိသားစု တစ်စု

          ငါးမျှားတံ တစ်ချောင်း

          မိသားစု တစ်စု”