Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - နာနာ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

(၁)

          ကိုးနာရီ ထိုးနေပြီ ဖြစ်သော်လည်း “ဗာရက်ရတီးဇာတ်ရုံကြီး” အတွင်းရှိ ထိုင်ခုံများတွင် လူမရှိသေး။ အထူးသီးသန့် ပထမတန်းခန်းနှင့် တီးဝိုင်းအနီး သီးသန့်နေရာရှိ ထိုင်ခုံများတွင် လူအနည်းငယ်မျှ ရောက်နေပြီ ဖြစ်သော်လည်း မျက်နှာကြက်တွင် ချိတ်ဆွဲထားသည့် ပန်းမီးလုံးများ၏ မှုန်ဝါးဝါး အလင်းရောင်အောက်ရှိ အနီရောင် ကတ္တီပါ ထိုင်ခုံများကြားတွင် ပျောက်ကွယ်နေကြသည်။ ဇာတ်ခုံ မျက်နှာစာရှိ ကြက်သွေးရောင် ကန့်လန့် ကာကြီးသည် အမှောင်ထုအောက်တွင် နစ်မြုပ်နေဆဲ။ ဇာတ်ခုံပေါ်မှလည်း ဘာသံမျှ မကြားရ။ ဇာတ်ခုံအောက်ခြေမီးများလည်း မလင်းသေး။ တီးဝိုင်း စင်ပေါ်တွင်လည်း ငြိမ်သက်နေဆဲ။ ထိုင်ခုံများ၏ အထက်မျက်နှာကြက် အမိုးခုံးခုံးတွင် လှပစွာ တန်ဆာဆင်ထားသည့် ကိုယ်လုံးတီး နတ်မိမယ် ရုပ်တုများနှင့် မြားနတ်မောင် ရုပ်တုများသည် မီးရောင်များဖြင့် ဝင်းလက် နေကြလေသည်။

          နောက်ဆုံးတန်း၌ နေရာယူထားကြသည့် သာမန် လူတန်းစား အမျိုး သား၊ အမျိုးသမီးများထံမှ အော်သံခေါ်သံများနှင့် နောက်ပြောင်ရယ်မောသံ များသည် ဆူညံစွာ ထွက်ပေါ်လာလျက်ရှိ၏။ လက်မှတ်များကိုကိုင်၍ ရုံထဲသို့ မကြာမကြာ ဝင် ဝင်လာလေ့ရှိသော ရုံစောင့်မိန်းကလေးသည် စုံတွဲတစ်တွဲအား ခေါ်လာပြီး နေရာချထားပေးနေသည်။ အမျိုးသားမှာညဝတ်စုံနှင့် ဖြစ်၍ သွယ်သွယ်လျလျ ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးသည် သူ၏ကိုယ်လုံးကိုယ်ပေါက်အလှကိုပြကာ ပတ်ဝန်းကျင်ကို မျက်စိကစားလျက် ရှိသည်။

          တီးဝိုင်းအနီးရှိ သီးသန့်ထိုင်ခုံများကြားသို့ လူငယ်နှစ်ဦး ရောက်လာ သည်။ နှစ်ဦးစလုံး သူတို့၏ဘေးဘီကို လှည့်ပတ်ကြည့်ရှုနေကြသည်။

          “ငါ မင့်ကို ပြောခဲ့တယ် မဟုတ်လား ဟက်တာ”

          ဟု အရပ်မြင့်မြင့် မုတ်ဆိတ်မွေးရေးရေး အသက်ကြီးကြီး လူငယ်က ရေရွတ်သည်။

           “တို့ရောက်တာ သိပ်စောနေပြီ၊ ငါ့ဆေးလိပ်ကုန်အောင် သောက်ဖို့တော့ အချိန်ပေး ဖို့ ကောင်းတယ်ကွာ”

          ရုံစောင့်မိန်းကလေးတစ်ယောက် သူတို့အနီးမှ ဖြတ်သွားသည်။ “.. မွန်စီယာဖူရှာရေးပါလား”ဟု တရင်းတနှီး လှမ်း၍နှုတ်ဆက် သည်။

           “ကပွဲကတော့ နောက်နာရီဝက်ကုန်တဲ့အထိ စဦးမှာ မဟုတ်သေးဘူး ရှင့်”

          “ဒီလိုဆိုရင် ဘာဖြစ်လို့ ကြော်ငြာထဲမှာ ကိုးနာရီစမယ်လို့ ထည့်ထား ရတာလဲ”

          ဟု ဟက်တာက ပြောသည်။ သူ၏ပိန်ရှည်ရှည် မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်လက္ခဏာ ပေါ်လာသည်။

           “ကပွဲထဲမှာပါတဲ့ ကလာရစ် စီကလည်း ဒီနေ့မနက်ပဲ ပြောသွားသေးတယ်၊ ကပွဲက ကိုးနာရီတိတိမှာ စမှာ သေချာတယ်တဲ့”

          သူတို့သည် တစ်ခဏမျှ ငြိမ်ဆိတ်နေကြသည်။ နံရံများတွင် အစိမ်း ရောင်စက္ကူများ ကပ်၍ တန်ဆာဆင်ထားသဖြင့် သီးသန့်နေရာများသည် ပို၍ မှောင်သလို ဖြစ်နေသည်။ အထူးသီးသန့် ပထမတန်း အခန်း၏အောက်ဘက်ရှိ ထိုင်ခုံများသည် ပို၍ မှောင်မည်းလျက်ရှိ၏။ အထူးသီးသန့် ပထမတန်းခန်းထဲတွင် တုတ်တုတ်ခိုင်ခိုင် အမျိုးသမီးကြီးတစ်ယောက်မှလွဲ၍ အခြားမည်သူမှ မရောက်သေး။ အမျိုးသမီးကြီးသည် ကတ္တီပါဖုံးဆင့်တစ်ခု ကို မှီ၍ထိုင်နေသည်။ ဇာတ်ခုံ၏ ညာဘက်နှင့်ဘယ်ဘက်ရှိ အထူးသီးသန့် ထိုင်ခုံများတွင်မူ လူတစ်ယောက်မှ မရှိသေး။ ဇာတ်ရုံတစ်ရုံလုံးရှိ ထိုင်ခုံ အားလုံးသည် မျက်နှာကြက်တွင် ချိတ်ထားသည့် ဓာတ်ငွေ့ ဖြင့် ထွန်းထားသော ဖန်မီးလုံးများဆီမှ တငွေ့ငွေ့ထွက်နေသည့် အငွေ့များကြောင့် မှုန်ဝါးဝါး ဖြစ်နေကြလေသည်။

          “ဇာတ်ခုံဘေးက သီးသန့်နေရာမှာ လူစီအတွက် နေရာရရဲ့လား”ဟု ဟက်တာက မေးသည်။

          “ရတယ်ကွ”ဟု သူ့အဖော်က ဖြေသည်။

          “ဒါပေမဲ့ ဒုက္ခတော့ တော်တော်ခံရတယ်၊ လူစီ စောစောရောက်လာလည်း ပြဿနာ မရှိပါဘူး”

          ဖူရှာရေးသည် ပြောပြောဆိုဆို တစ်ချက်မျှသမ်းလိုက်ပြီး အတန် ကြာမျှ ငြိမ်နေသည်။ ထို့နောက် စကားကို ဆက်ပြောသည်။

          “မင်း ကံကောင်းတယ် ဟက်တာ၊ မင်းအနေနဲ့ ပြဇာတ်သစ် စင်တင် တင်ချင်း ပထမဆုံးည အတွေ့အကြုံကို တစ်ခါမှ မရခဲ့သေးဘူး မဟုတ်လား၊ “မိုးနတ်မယ်ပြဇာတ် ́ဟာ ဒီနှစ်အဖို့ တကယ်စွဲမယ့်ဇာတ်ပဲကွ၊ ဒီဇာတ်အကြောင်းကို လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက လူတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားနေတာ၊ တေးဂီတကလည်း တကယ့်ကို ကောင်း တယ်၊ ဘော်ဒီနေး ဆိုတဲ့လူက သူ့လုပ်ငန်းသူ တကယ်ကျွမ်းတဲ့လူပဲ၊ ဒီ ဇာတ်ကို ပြပွဲကြီးအမီ စင်တင်တာကွ”

          ဟက်တာသည် စိတ်ဝင်တစား နားထောင်လျက်ရှိရာမှ မေးခွန်းတစ်ခု ထုတ်သည်။

          “ဒါနဲ့ နေစမ်းပါဦး၊ မိုးနတ်မယ်နေရာမှာ ကပြမယ့် နာနာဆိုတဲ့ မင်းသမီးအသစ်ကို ခင်ဗျား သိလား”

          “လာပြန်ပြီလားကွ၊ နာ...နာ”ဟု ဖူရှာရေးက သဘောမကျဟန် နှင့် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ရေရွတ်သည်။ “ဒီနေ့မနက် မိုးလင်း ကတည်းက ငါ့မှာ နာနာရဲ့ အခြောက်အလှန့် ခံနေရတယ်၊ ငါ ဒီနေ့ လူ နှစ်ဆယ်ကျော်ကျော်လောက် ဆုံခဲ့တယ်၊ သူတို့ပါးစပ်တွေက တစ်နာတည်း နာနေကြတာ ကြားရတယ်၊ ဟိုနေရာရောက်လည်း နာနာ၊ ဒီနေရာရောက် လည်း နာနာ၊ အားလုံး နာနေကြတယ်၊ ငါ နာနာကို သိသလားတဲ့။ ပါရီမြို့ပေါ်မှာ ရှိသမျှ မိန်းမရွှင်တွေကို ငါ သိရမလား၊ နာနာဟာ ဘော်ဒီနေးရဲ့ ဖန်တီးမှုတစ်ခုပဲ၊ စက်ဆုပ်ဖို့ကောင်းလိမ့်မယ်လို့တော့ ထင်ရတာပဲ”

          သူသည် အားတက်သရော ပြောနေရာမှ ပြန်၍ငြိမ်သွားပြန်သည်။ ဇာတ်ရုံအတွင်းရှိ ခြောက်ကပ်ကပ်နိုင်မှု၊ မှုန်ဝါးဝါး အလင်းရောင်၊ ဘုရား ရှိခိုးကျောင်းထဲ စကားပြောသလို နှစ်ကိုယ်ကြား လေသံဖြင့် တီးတိုးပြောနေ ကြသည့် အသံများနှင့် တံခါးများ ဖွင့်သံပိတ်သံတို့သည် သူ့အား စိတ်တို အောင် လှုံ့ဆော်ပေးသလို ဖြစ်နေသည်။ ။

          “ဒီနေရာမှာ ဒီလိုရပ်နေရတာ ဘယ်လောက် စိတ်ပျက်ဖို့ကောင်း သလဲ”ဟု ဖြုန်းခနဲ ပြောလိုက်သည်။ “ငါတော့ အပြင်ထွက်ဦးမယ်၊ အောက် ထပ်သွားပြီး ဘော်ဒီနေးကိုရှာမယ်၊ သူကတော့ အသေးစိတ် ပြောပြနိုင်မှာ သေချာတယ်”

          အောက်ထပ်ရှိ ကျောက်ဖြူ ပြားများ ခင်းကျင်းထားသည့် ဆင်ဝင်တွင် ပရိသတ်များ တဖွဲဖွဲ ရောက်လာနေကြသည်။ ဇာတ်ရုံအဝင် သံဂိတ်တံခါး ကြီး သုံးခုမှနေ၍ အပြင်သို့ လှမ်းကြည့်လိုက်လျှင် သာယာသော ဧပြီလ ည၏မီးရောင်များအောက်ရှိ လမ်းမကြီးများပေါ်၌ ပျားပန်းခပ်မျှ သွားလာ လှုပ်ရှားနေကြသည့် လူအများအပြားကို မြင်တွေ့နေကြရ၏။ ဆင်ဝင်ရှေ့၌ တစ်စီးပြီးတစ်စီး ဆိုက်လာနေကြသည့် မြင်းရထားများ၊ တံခါးဖွင့်သံ ပိတ် သံများ၊ ဇာတ်ရုံအတွင်းသို့ အတွဲလိုက် ဝင်သွားပြီး သီးသန့်ခန်းများဆီသို့ လှေကားမှ တက်သွားနေကြသည့် လူများ။

          ဆင်ဝင်၏ အတွင်းဘက်နံရံများပေါ်တွင် အဝါရောင် ပိုစတာကြီးများ ကပ်ထားသည်။ အနက်ရောင် စာလုံးကြီးများဖြင့် ရေးထားသည့် `နာနာ” ဟူသော အမည်သည် ပီပြင်ထင်ရှားစွာ ပေါ်လျက်ရှိသည်။ အချို့ အမျိုးသား များသည် ဆင်ဝင် အဝင်ဝ၌ ရပ်ကာ ပိုစတာကြော်ငြာများကို လိုက်လံ ဖတ်ရှုနေကြသည်။ အချို့ကတော့ တံခါးဝ၌ ရပ်၍ စကားပြောနေကြသည်။ လက်မှတ်ရုံအနီးတွင် ကိုယ်လုံးကိုယ်ထည် ကျစ်ကျစ်လျစ်လျစ် မျက်နှာ ဝိုင်းဝိုင်းနှင့် မုတ်ဆိတ်မွေး ပြောင်စင်အောင် ရိတ်ထားသည့် လူတစ်ယောက် သည် ထိုင်ခုံနေရာ လိုက်လံရှာဖွေနေသူများနှင့် စကားများလျက်ရှိလေသည်။

          “ဟိုမှာတွေ့လား၊ အဲဒါ ဒီပဲ”ဟု လှေကားမှ ဆင်းလာနေ သော ဖူရှာရေးက ပြောသည်။ ထိုအခိုက်မှာပင် မန်နေဂျာ ဘော်ဒီနေသည် သူတို့အား မြင်သွားသည်။

          “ခင်ဗျား တော်တော့်ကို တော်တဲ့လူပဲ”ဟု ဘော်ဒီနေးက အဝေးမှ လှမ်းအော်သည်။ ခင်ဗျား ကျွန်တော့်ကို ကူညီပုံက ဒီလိုပဲလား၊ အခုမနက် ကျွန်တော် လီဖစ်ဂါရိုး သတင်းစာကို ကြည့်ခဲ့ပြီးပြီ၊ စာလေးတစ်ကြောင်း တောင် မပါဘူး

          “စောင့်ဦးမှပေါ့ဗျ”ဟု ဖူရှာရေးက ပြန်ပြောသည်။ ကျွန်တော့်အနေ နဲ့ ခင်ဗျားရဲ့နာနာ အကြောင်းမပြောခင် နာနာနဲ့ ရင်းနှီးခင်မင်ခွင့်ရထားမှ ဖြစ်တော့မပေါ့၊ ပြီးတော့လည်း ကျွန်တော်က ခင်ဗျားကို ဘာကတိမှ ပေးထားသေးတာမှ မဟုတ်တာ”

          ထို့နောက် စကားကို တိုတိုနှင့် ဖြတ်လိုသော ဖူရှာရေးက ဘော်ဒီနေး အား သူ့ညီဝမ်းကွဲ မွန်စီယာဟက်တာ ဒီလာဖလွိုင်းနှင့် မိတ်ဆက်ပေးသည်။ မွန်စီယာ ဟက်တာမှာ ပါရီသို့ ပညာသင်ရန် လာရောက်နေသော လူငယ် တစ်ဦးဖြစ်၏။ မန်နေဂျာ ဘော်ဒီနေးသည် ဟက်တာအား တစ်ချက်မျှ လှမ်းကြည့်ပြီး အကဲခတ်သည်။ ဟက်တာကလည်း စိတ်ဝင်တစား ပြန်၍ ကြည့်သည်။

          ဘော်ဒီနေးသည် အမျိုးသမီးများနှင့် စီးပွားရှာနေသူဖြစ်၏။ အမျိုး သမီးများအား ထောင်ကြပ်တစ်ယောက်လို ဆက်ဆံတတ်သည်။ သူ့ဦးနှောက် သည် စတန့်အမျိုးမျိုးထွင်ပြီး ကြော်ငြာလိုသည့် စိတ်ကူးများဖြင့်သာ ပြည့်နေ သည်။ စကားပြောလျှင် အော်ကျယ် အော်ကျယ် ပြောတတ်သည်။ စကားပြောမိလျှင်လည်း အမျှင်မပြတ်တတ်၊ တစ်ဖက်သားအပေါ် သရော်ချင်တတ် ကဲ့ရဲ့ချင်တတ်သည်။ အပြစ်လည်း မြင်တတ်သည်။ စည်းကမ်းလည်း အလွန်ကြီးသည်။ အပြောအဆို အမူအရာ ရိုင်းစိုင်းကြမ်းတမ်းသူဖြစ်၏။

          “ယဉ်ကျေးဖွယ်ရာ တစ်ခုခုတော့ ပြုမှသင့်မည်ဟု ယူဆမိသော ဟက်တာက ခင်ဗျားရဲ့ဇာတ်ရုံဟာ”ဟု ချိုသာသိမ်မွေ့သော လေသံဖြင့် စကားစ,သည်။ ။

          ဟက်တာ စကားမဆုံးမီ ဘော်ဒီနေးက ရှင်းရှင်းဘွင်းဘွင်း ပြောတတ် သည့် လူတစ်ယောက်ပုံစံမျိုးဖြင့် အလွန်ရုန့်ရင်း ကြမ်းတမ်းသော စကားလုံး ကို သုံး၍ ကြားဖြတ်ပြောသည်။//

          “ကျုပ်ရဲ့ ပြည့်တန်ဆာအိမ်ကြီးလို့ ပြောပါဗျာ”

          ထိုစကားကြားသည့်အခါ ဖူရှာရေးက အလွန်သဘောကျစွာဖြင့် ဟက်ဟက်ပက်ပက်ရယ်သည်။ ဟက်တာကတော့ ဘော်ဒီနေး၏ စကားကြောင့် ကြောင်အမ်းအမ်းဖြစ်ကာ ဘာဆက်ပြောရမှန်းမသိ ဖြစ်နေသည်။ သူသည် ဘော်ဒီနေးသုံးလိုက်သည့် စကားလုံးကို အလွန်နှစ်သက်လေဟန် ပြဖို့ ကြိုးစားသည်။ ဘော်ဒီနေးကတော့ သတင်းဆောင်းပါးများဖြင့် အရှိန် အဝါ သြဇာကြီးမားနေသော ပြဇာတ်ဝေဖန်ရေးဆရာ ဖူရှာရေးထံ ကဗျာ ကယာ လျှောက်သွားပြီး တရင်းတနှီး လက်ဆွဲနှုတ်ဆက်သည်။ ထို့နောက် ဟက်တာထံ ပြန်လျှောက်လာသည်။ သူ့အနီးသို့ ဘော်ဒီနေ ပြန်ရောက်လာ ချိန်တွင် ဟက်တာသည် သူ့ကိုယ်သူ ထိန်းသိမ်းနေနိုင်ပြီဖြစ်၏။ အကယ်၍ သူ့အနေဖြင့် ဆက်၍သာ ကြောင်တက်တက် ဖြစ်နေလျှင် တစ်ဖက်လူက သူ့အား တောသားတစ်ယောက် ဆက်ဆံသလို အဆက်ဆံခံရမည်ကို ကြောက်နေသည်။

          “လူတွေကတော့ ပြောနေကြတာပဲ”ဟု ဟက်တာက စကားပြန်စ သည်။ အဆင်ပြေအောင် ပြောမည်ဟု ဆုံးဖြတ်ပြီး ပြောခြင်းဖြစ်၏။

          “နာနာက အသံသိပ်ကောင်းတယ်ဆို”

          “နာနာ ဟုတ်လား”ဟု ဘော်ဒီနေးက ရေရွတ်ကာ ပခုံးကို တွန့်လိုက် သည်။

          “နည်းနည်းကလေးမှ မကောင်းဘူး”

          ဟက်တာက ကဗျာကယာ ဆက်ပြောသည်။ “ဒါဆိုရင် သရုပ် ဆောင်တော့ ကောင်းမယ်ထင်တယ်”

          “အလကားပဲ၊ သူ့ခြေတွေ လက်တွေကိုတောင် ဘယ်လိုထားရမှန်း မသိဘူး”

          ဟက်တာ၏မျက်နှာသည် အနည်းငယ်မျှ နီရဲလာသည်။ အခုလိုဆို တော့လည်း သူ ဘာပြောရမှန်းမသိ။ သူ့နှုတ်မှ ထစ်တီးထစ်ငေါ့ ဖြင့် နောက်ထပ်စကားတစ်ခွန်း ထွက်လာသည်။

          “ပြဇာတ်ကို ပထမဆုံးည ကြည့်ဖြစ်အောင် ကြည့်တာ အကောင်းဆုံး ပဲလို့ ပြောကြတယ်၊ ကျွန်တော် သိထားတာကတော့ ခင်ဗျားဇာတ်ရုံဟာ”

          “ကျုပ်ရဲ့ ပြည့်တန်ဆာအိမ်လို့ပြောပါ”ဟု ဘော်ဒီနေးက နောက်တစ် ကြိမ်ထပ်၍ ကြားဖြတ်ပြောပြန်သည်။

          ထိုအချိန်တွင် ဖူရှာရေးသည် ရုံတွင်းသို့ ဝင်လာနေသော အမျိုးသမီး များအား စိတ်အေးလက်အေးဖြင့် လှမ်း၍ကြည့်လျက်ရှိသည်။ သူသည် ရယ်ရကောင်းနိုး၊ စိတ်ဆိုးရကောင်းနိုးဖြင့် ခွတီးခွကျ ဖြစ်နေသော ညီဝမ်းကွဲ ၏အဖြစ်ကို သတိထားမိသဖြင့် ကြားဝင်လာသည်။

          “ဘော်ဒီနေးက တော်တော်ရယ်စရာကောင်းတဲ့လူပဲ၊ သူက သိပ်ပြီး သဘောကျနေတာဆိုရင်လည်း သူ့ဇာတ်ရုံကို သူခိုင်းသလိုပဲ ခေါ်လိုက်ပေါ့ ကွာ၊ ဒါနဲ့ နေပါဦး ဘော်ဒီနေးရဲ့၊ ကျွန်တော်တို့ကို အချိန်ကုန်အောင် ဆွဲ ထားမနေပါနဲ့၊ တကယ်လို့ ခင်ဗျားရဲ့ နာနာ အဆိုလည်း မကောင်းဘူး၊ သရုပ်ဆောင်လည်း မကောင်းဘူးဆိုရင် ရှုံးပြီပေါ့။ ကျွန်တော် စိုးရိမ်နေတာ အဲဒါပဲ”

          “ဘာ... ရှုံးပြီပေါ့၊ ဟုတ်လား၊ နာနာကို မရွံဘူးထင်သလား”ဟု ဘော်ဒီနေးက အော်ကြီးဟစ်ကျယ် ပြောသည်။ “မိန်းမတစ်ယောက်အနေနဲ့ သီချင်းဆိုတတ်၊ သရုပ်ဆောင်တတ်မှ အောင်မြင်ရမှာတဲ့လား ကိုယ့်လူရာ၊ ခင်ဗျား အတော့်ကို တုံးသေးတာပဲ၊ နာနာ့မှာ အခြားအရည်အသွေးတွေ ရှိသေးတယ် ဆရာရဲ့၊ ကျုပ်က အဲဒီအရည်အသွေးတို့ကို မြင်ပြီးပြီ၊ အနံ့လည်း ရပြီးပြီ၊ ခင်ဗျား တွေ့ပါလိမ့်မယ်၊ စိတ်သာချ၊ တွေ့ရမှာပါ၊ နာနာထွက်လာ လို့ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် တစ်ဇာတ်ရုံလုံး ပါးစပ်ကြီးတွေ အဟောင်း သားနဲ့ ဖြစ်ကုန်မှာ မြင်ယောင်သေးတယ်ကွာ”

          သူသည် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ စိတ်လှုပ်ရှားနေသဖြင့် လက်များသည် တုန်ယင်လျက် ရှိ၏။ ထို့နောက် စိတ်ငြိမ်သွားဟန်ဖြင့် အသံကိုနှိမ့်လိုက်ပြီး သူ့ကိုယ်သူ ပြောနေသည့်နှယ် စကားကို ဆက်ပြော သည်။

          “စိတ်သာချနေ၊ နာနာဟာ ကြီးပွားဦးမှာ၊ တကယ်ပြောတာ၊ နာနာ ဟာ မုချကို ကြီးပွားဦးမှာ၊ သူ့ အသားအရေ လှလိုက်ပုံများဗျာ၊ ဟင်း....... အံ့မခန်းပဲ”

          ထို့နောက် ဖူရှာရေး မေးသမျှကို ဘော်ဒီနေးက ဖြေသည်။ နာနာ့ အကြောင်း အသေးစိတ် ပြောပြရန်လည်း သဘောတူသည်။ ဇာတ်လမ်းကိုပြောပြသည့်အခါ သူ့ဝသီအတိုင်း ကြမ်းတမ်းသော စကားလုံးများကို သုံး သည်။ သူ့ပါးစပ်မှ နားမခံသာနိုင်လောက်အောင် ဆိုးဝါးသည့် စကားလုံး များ ထွက်လာတိုင်း ဟတ်တာဒီလာဖာလွိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ် သည်။

          ဘော်ဒီနေး၏ အဆိုအရ သူ နာနာကို တရင်းတနှီး သိခဲ့သည်။ ထိုအချိန်မှစ၍ နာနာအား ဇာတ်စင်ပေါ်တင်လိုသောဆန္ဒ ဖြစ်ပေါ်ခဲ့သည်။ ထိုစဉ်က တိုက်တိုက်ဆိုင်ဆိုင် သူ့ပြဇာတ်အတွက် နတ်မိမယ်တစ်ယောက်ကို လိုက်လံရှာဖွေနေချိန်ဖြစ်၏။ နာနာအား တွေ့လိုက်သည့်အခါ သူသည် နောက်ထပ်လူရှာရန် စိတ်မကူးတော့။ နာနာအား ပရိသတ်နှင့် ချက်ချင်း မိတ်ဆက်ပေးလိုစိတ် ထက်သန်ခဲ့သည်။ သို့သော်လည်း သူ့လုပ်ငန်းခွင်တွင် အပြိုင်အဆိုင်တွေက ရှိနေသည်။ ဤမိန်းမ နာနာ ရောက်လာသည့်အတွက် လှုပ်ရှားမှုတွေ ပေါ်လာသည်။ အထူးသဖြင့် သူ၏ထိပ်တန်း မင်းသမီးဖြစ်သော ရို့စ်မီနွန်က ပြဿနာရှာသည်။ ရို့စ်မီနွန်သည် သရုပ်ဆောင်ကောင်း တစ်ဦး ဖြစ်သည်။ အဆိုကောင်းတစ်ဦးလည်း ဖြစ်သည်။ ရို့စ်မီနွန်အနေဖြင့် သူ့အတွက် ပြိုင်ဘက်တစ်ဦး ပေါ်လာပြီဟု ယူဆကာ ဒေါသူပုန်ထသည်။ နေ့စဉ်နှင့်အမျှ အလုပ်မှ ထွက်မည်ဟု ခြိမ်းခြောက်သည်။

          ဤသို့ဖြင့် သူသည် မင်းသမီး နှစ်ယောက်အတွက် ခေါင်းခြောက် ခဲ့ရသည်။ ကြော်ငြာသည့်အခါ ဘယ်လိုလုပ်ရပါ့။ နောက်ဆုံးတွင် မင်းသမီး နှစ်ယောက်စလုံး၏ နာမည်များကို ရွယ်တူ ရောင်တူပုံနှိပ်မည်ဟု ဆုံးဖြတ် ခဲ့ရ၏။ သူကတော့ ဒီလိုကိစ္စမျိုးတွေအတွက် ကြာကြာခေါင်းရှုပ်ခံနေ၍ မဖြစ်။ ဆိုကြပါစို့၊ သူခေါ်သည့် စကားလုံးအတိုင်းသုံးရလျှင် “မိန်းမငယ် ကလေးများ”ထဲမှ တစ်ဦးစ နှစ်ဦးစက သူ့အပေါ် မရိုးမသား လုပ်လာလျှင်ချက်ချင်း ကန်ထုတ်ပစ်လိုက်သည်။ ထိုကဲ့သို့ မလုပ်လျှင် သူ ဘယ်လိုနည်း နှင့်မှ ဤအလုပ်ဖြင့် အသက်မွေး၍ ရမည်မဟုတ်။ သူကတော့ သူ့အပေါ် မရိုးမသား လုပ်လာလျှင် အချိန်နာရီမဆိုင်း ထိုမိန်းကလေးများအား အမြန် ဆုံး ရောင်းပစ်လိုက်သည်သာ ဖြစ်၏။ သူ့အနေဖြင့် မိန်းမပျက် မိန်းမပေါ့ တွေ၏ တန်ဖိုးကို သိနေသည် မဟုတ်ပါလား။

          “အလကားဟာတွေပါကွာ”ဟု ဘော်ဒီနေးက မကျေမနပ် လေသံဖြင့် ရေရွတ်သည်။ “မီနွန်နဲ့စတိုင်းနားတို့ နှစ်ကောင်ကို ကြည့်ကြစမ်းပါဦး၊ အမြဲတမ်း တတွဲတွဲပဲ၊ အမှန်တော့ စတိုင်းနားဆိုတဲ့ကောင်ကြီးက ရို့စ်နဲ့တွဲ လာရတာကြာတော့ အီလာပြီပေါ့၊ ရို့စ်ရဲ့ ယောက်ျား မီနွန်ဆိုတဲ့ ကောင်က လည်း ဟိုလူကြီး သူ့မိန်းမနားက ခွာသွားမှာကြောက်ပြီး စတိုင်းနားကို အသေကပ်နေတယ်”

          ဇာတ်ရုံရှေ့ရှိ မီးတိုင်များမှ ဓာတ်ငွေ့မီးလုံးများ၏ အလင်းရောင်သည် လမ်းမဘက်မှ ပလက်ဖောင်းထက်သို့ ဖြာဆင်းလျက် ရှိသည်။ မျက်နှာစာ ဘက်ရှိ သစ်ပင် နှစ်ပင်သည် မြစိမ်းရောင် သမ်းလျက်ရှိသည်။ မီးရောင်များ ၏ အားကကောင်းသဖြင့် တိုင်တစ်တိုင်တွင် ကပ်ထားသည့် ပိုစတာများကို အဝေးမှပင် လှမ်း၍ဖတ်နိုင်သည်။ ဇာတ်ရုံတစ်ဖက်ရှိ ပလက်ဖောင်း၌ လှုပ်ရှားသွားလာနေကြသော လူစု လူဝေးကြားသို့ မီးရောင်များသည် ထိုးဖောက်ဝင်ရောက်လျက် ရှိကြသည်။

          ယောက်ျားအများစုသည် ရုံထဲသို့ ချက်ချင်းမဝင်ကြသေး။ မီးရောင် များအောက်၌ရပ်ကာ ဆေးလိပ်သောက်ရင်း စကားစမြည်ပြောကာ အချိန် ဖြုန်းလျက် ရှိကြသည်။ ထိုအချိန်မှာပင် မီနွန်နှင့် စတိုင်နားတို့ အတွဲလည်း လူအုပ်များကြားမှဖြတ်၍ လျှောက်လာနေကြသည်။ မီနွန်သည် အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်။ လူပုံ ခပ်သွက်သွက်၊ မျက်နှာလေးထောင့်နှင့်ဖြစ်သည်။ ဘဏ်သူဌေးစတိုင်းနားနှင့် လက်ချင်းချိတ်ထားသည်။ စတိုင်းနားမှာ ခပ်သေးသေး ခပ်ပုပု၊ ဗိုက်ပူပူ၊ မျက်နှာဝိုင်းဝိုင်း၊ မွဲခြောက် ခြောက် မုတ်ဆိတ်နှင့်ဖြစ်သည်။