Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

မောင်ထင် - ကြားကာလ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

ညားခါစ ပထမနှစ်

          သူကလေးနှင့်ညားခါစ ပထမနှစ်မှာ ပျော်လိုက်မည့်ဖြစ်ခြင်း။ မိမေ့၊ ဖမွေ၊ ဆွေမေ့၊ မျိုးမေ့၊ သူငယ်ချင်းမေ့ မေ့ပြီး လင်မယားနှစ်ယောက် တည်း အိမ်တစ်ဆောင်လုံးကို လက်ဝါးကြီးအုပ်ကာ ညားပြီးရင်း ညား ရင်း ဆိုသလို အိမ်ထောင်ဦးသုခကို တမြုံ့မြုံခံစားပြီးနေလိုက်ရရင်.....

          လင်မယားညားခါစ ယင်းသို့ စိတ်ကူးမိကြသူအပေါင်းမှာ အသင်္ချေနှင့် အနန္တ။ သို့သော် တကယ်တမ်းညားကြပြီဆိုသောအခါ..

          လင်မယားနှစ်ယောက် လူလုံးပြဟန်ဓာတ်ခုတ်ဖို့ ဝယ်လိုက် ခြမ်းလိုက်ရသည်က အမော..။ အိမ်ထောင်ပရိဘောဂ အသုံးအဆောင် များရှိလျက်နှင့် မပြည့်စုံသေးဟူ၍ သဘောရကာ ဝယ်ပြီးရင်း ဝယ်ရ သည်ကလည်း မနားရ။ မယားကလည်း ညားခါစ လင်တော်မောင်ကို စေတနာတွေ ရေစီးကမ်းပြို၍ ချက်ပြုတ်... ကြော်လှော် ကျွေးရသည့် အတွက် ငွေကုန်ကြေးကျမသက်သာ။ ကိုယ့်အလုပ်အကိုင်မှ ရသော ဝင်ငွေထက် လင်မယားနှစ်ယောက် အူမြူးပြီး သုံးဖြုန်းသော ငွေက ပို၍နေသောကြောင့် မိဘဆွေမျိုးများထံမှ ယူရသည်ကလည်း မလောက်နိုင်။ သည်အထဲမှာ လင်မယားအရာမြောက်ပြီဆိုတော့ လူဘော်ဝင်လာ ပြီ၊ လူဘော်ဝင်လာပြီဆိုတော့ အရပ်က သူတို့လင်မယားနှစ်ယောက်ကို တစ်အိမ်ထောင်ပဲဟု အသိအမှတ်ပြုလာပြီ။ သို့ကလို အသိအမှတ်ပြုခြင်း ခံလိုက်ရပြီဆိုလျှင် ဟိုအလှူ၊ ဒီအလှူ ဟိုမင်္ဂလာဆောင် ဒီမင်္ဂလာဆောင် တွေမှာ ပွဲတိုးအောင် မိမိကိုယ်ကို မိမိမွမ်းမံခြယ်လှယ်ပေးရရုံမျှမကသေး၊ ပေါင်းသင်းဆက်ဆံရေး ဂုဏ်မငယ်ရအောင် ထည့်ရသော အလှူငွေများ ကလည်း ရှိသေး၏။

          ကြာတော့ ဆန်အိုးထဲ ဆန်မရှိ။

          ထိုအခါကျတော့မှ လင်မယားဆို၍ ညားပြီးရင်း ညားရုံမျှနှင့် ဝမ်းမဝနိုင်ပါကလားဟု သတိတရားရမိသည်။ သတိရသောကြောင့် ငွေဝင်လမ်းအတွက် အလုပ်ကို ပိုလုပ်ရသောအခါ ခါးကလေးနည်းနည်း လောက် ချည့်လာလေတော့ “ဟင်း”ခနဲ သက်ပြင်းချမိပြန်သည်။

          သည်အထဲမှာ မိန်းမလုပ်သူက အနှီးထုတ်ပြီး ကလေးအကျီချုပ် နေပြီ။ ဟောဗျာ... ညားမယ်မှ မကြံသေးဘူး၊ ပတ္တမြားကြုတ်က ငို၊ ငုံ လွန်းလှသကွာ..။ လင်မယားနှစ်ယောက်တည်း လွတ်လွတ်လပ်လပ် ချစ်ရမလားလို့ အောက်မေ့လိုက်ပါတယ်..၊ သား.. သမီး သံယောဇဉ်ဆို တဲ့ နှောင်ကြိုးက... တည်းတော့မှာပါကလား။

          ယင်းသို့လျှင် ဝမ်းရေးအတွက်ကြောင့်လည်းကောင်း၊ ပေါင်းသင်း ဆက်ဆံရေးအတွက်ကြောင့်လည်းကောင်း၊ နောင်ရေးအတွက်ကြောင့် လည်းကောင်း၊ အနှောင်အဖွဲ့ အထုံးများသည် လင်မယားတစ်စုံတို့၏ ညားခါစ စည်းစိမ်ကို ရစ်ပတ်ချည်နှောင် ဖွဲ့ ထုံးလိုက်လေရာ..၊ အိမ်ထောင်သည်၏ သုခဆိုသည်မှာ ကြက်ပျောက်၊ ငှက်ပျောက် ပျောက် သွားပြီးလျှင် တစ်ချက်တစ်ချက်၌ စိတ်အခန့်မသင့်၍ မီးဖိုချောင်ထဲမှာ ကျိတ်ကျိတ်ပြီး နောင်ဂျိန်ဇာတ်ပင် ခင်းလိုက်ရသေးသည်။

          သည်လိုအခါမျိုးကျတော့မှ “အမ်းမယ်လေးတဲ့ ဘယ်မလဲသုခ၊ လင်မယားညားတယ်ဆိုတာ အမှန်မှာတော့ ဒုက္ခပါကလားနော်” ဟူ၍ လင်မယားနှစ်ယောက်သား ပြိုင်တူညည်းမိသော ဟူ၏။

          ဪ.. ဘာဂလိုတိုတိုနှင့် ကျွန်ုပ်တို့လည်း လွတ်လပ်ရေးနှင့် ညားခဲ့သည်မှာ တစ်နှစ်ပြည့်သွားပေပြီ။ ထိုညားခါစနှစ်အတွင်း ကျွန်ုပ် တို့ တဟင်းဟင်းနှင့် ငှက်ဖျားတက်သလို ညည်းခဲ့သည်မှာ အထက် အဆိုပါလင်မယားနှစ်ယောက် ညည်းကြသည်ထက်ပင် ချူသံပါလှပါ ကလား။

          လွတ်လပ်ရေးရပြီဆိုတော့ ကျုပ်တို့တစ်တွေ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာ၊ စားချင်တိုင်း စား၊ နေချင်တိုင်း နေ၊ လုပ်ချင်တိုင်း လုပ်၊ ကုန်ကုန်ပြောမည်.. ကျွန်ုပ်တို့၌ ခြေထောက်နှင့် မသွားဘဲ ခေါင်း နှင့် သွားနိုင်ခွင့်၊ ပါးစပ်နှင့် မစားဘဲ ဟိုသင်းနှင့်စားနိုင်ခွင့်၊ အဲ... သို့ကလို မူလအခွင့်အရေးတွေ ရှိသည်မဟုတ်လား။

          သို့ကလိုဆိုလျှင် လွတ်လပ်ရေးရသည်နှင့်တစ်ပြိုင်နက် အခွန်ပေး ချင်မှ ပေးမည်။ ကြွေးပြန်ဆပ်ချင်မှ ဆပ်မည်။ သူလုပ်လို့ရတဲ့ စပါးဟာ သပိတ်ဝင် အိတ်ဝင်ကိုယ့်စပါးပေါ့ ။ အစိုးရသစ်တောကြိုးဝိုင်းထဲက သစ်တွေဟာ... လူထုသစ်တွေပဲ။ လိုချင်ရင် လွတ်လပ်စွာ ခုတ်ယူ။ ရွှေတွင်း၊ ငွေတွင်း၊ ပယင်းဒုဋ္ဌာဆိုသဟာတွေ ကိုယ့်ဟာလို့ သဘော ထား။ ရေနံတွင်းဆိုရင်လည်း အဲ... အဲ...

          ဒါတော့ မလုပ်ကြနဲ့ဦး။ ကိုယ့် အစိုးရပိုင်တဲ့ဟာကိုမှ လွတ်လပ်စွာ အနိုင်ကျင့်တော်မူကြပါ။ ဥပမာဇလီဖားတုံးတွေကို ထင်းဆိုက်လိုက ဆိုက်နိုင်ပါကြောင်း။ တယ်လီဖုန်း ကြိုးများ ဖြုတ်၍ အိမ်သုံးပစ္စည်းလုပ်လိုက လုပ်နိုင်ကြောင်း။ သေနတ်တွေ လုလိုက လုနိုင်ကြောင်း။ ငွေတိုက်ကို ဖောက်လိုက ဖောက်နိုင်ပါကြောင်း။ တစ်ယောက်၏ ဇီဝိန်ကို တစ်ယောက်က လွတ်လပ်စွာ ဖြုတ်လိုပါကဖြုတ်နိုင်ပါကြောင်း...။ မော်တော်ဘတ်စ်သမားများလည်း အရမ်းပြေးလို က ပြေးနိုင်ပါကြောင်း။

          အဲလေ.. ဇီဝိန်ကိုတောင်မှ လွတ်လပ်စွာ ဖြုတ်ခွင့်ရနေမှ မော်တော်ဘတ်စ်သမားတွေကို ခနဲ့နေဖို့ မလိုတော့ပါဘူး။

          လွတ်လပ်ရေး တစ်နှစ်ပြည့်မြောက်သည့် အခါသမယကြီး၌ ကျွန်ုပ်တို့သည် လွတ်လပ်ရေးဆိုသဟာ ဘာလဲဟု စဉ်းစားကြည့်လျှင် ကောင်းမည်။ ဆိုခဲ့ပြီးသော အချက်တို့ကို လွတ်လပ်ရေးဟု ခေါ်ရမည် လော...။ လွတ်လပ်ရေးဆိုသဟာ ဘယ်သင်းလဲ။ လွတ်လပ်ရေးမရခင် က ကျွန်ုပ်တို့သည် လွတ်လပ်ရေးဆိုသော အခြင်းအရာကို စိတ်ကူးထဲ တွင် အမျိုးမျိုးထည့်၍ ကူးမိကြည့်ကြသည်။ လွတ်လပ်ရေးကို ဥပမာ ပေးလေ့ရှိသည်။ လောက၌ လေထက် လွတ်လပ်နိုင်သောအရာကို စိတ်ကူးတွင် ထည့်၍မရပြီ။ လေဆိုသည်မှာ တိုက်ချင်သည့်အခါ တိုက် သည်။ မတိုက်လိုလျှင် ငြိမ်ငြိမ်ကလေး နေနိုင်သည်။ တိုက်လိုလျှင် အရှေ့က တိုက်တိုက်၊ အနောက်က တိုက်တိုက်၊ တောင်က တိုက် တိုက်၊ မြောက်က တိုက်တိုက်၊ တိုက်ချင်သည့်ဘက်က တိုက်နိုင်သည်။ ဘယ်သူ့ဩဇာကိုမှ ခံနေစရာ မလို။ လေပြည်လေညင်း တိုက်လိုလျှင် တိုက်နိုင်သည်။ လေပွေလှဲ့ လိုသလား မွေ့နိုင်သည်။ မုန်တိုင်းသတ် လိုက်ဦးမလား၊ သတ်နိုင်သည်။ မည်သူမျှ လေမင်းကို စောဒကတက်နိုင် ခွင့် မရှိ။ လေမင်းထင်သလို စိုင်းနိုင်သော မူလအခွင့်အရေးများ ရှိသည်။

          ထိုလေမင်းကို ဥပမာပြု၍ ယခု ကျွန်ုပ်တို့ ရရှိသောလွတ်လပ် ရေးသည် ထင်သလို စိုင်းနိုင်သော မူလအခွင့်အရေးများကို ပေးထား သည်ဟု အဆွေ ထင်မိပါသလော။

          အဆွေက ယင်းသို့ ထင်မိပါသည်ဟု ဆိုပချေသော်.. အဆွေပေါ့၊ စိတ်လည်းမရှိနဲ့နော်၊ ခင်ဗျား ကျုပ်အနားမကပ်ပါနဲ့၊ ကျုပ် ကြောက်တယ်။

          လွတ်လပ်ရေးဟူသည့် သာမန်အဓိပ္ပာယ်မှာ.. အနှောင်အဖွဲ့မှ ကင်းခြင်းပင် ဖြစ်သည်။ သို့သော်... အနှောင်အဖွဲ့ ဟူသော စကားကို ဆန်းစစ်ကြည့်လိုသော် မည်သူ၏ အနှောင်အဖွဲ့ ပါနည်းဟု စောဒက တက်ရပေမည်။ အဖြေမှာကား တစ်ပါးသူ၏ အနှောင်အဖွဲ့မှ ကင်းခြင်း ကို လွတ်လပ်ရေးဟု သာမန်အားဖြင့် ခေါ်ဆိုရပါမည်။

          တစ်ပါးသူတို့၏ အနှောင်အဖွဲ့မှ ကင်းသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့ လွတ်လပ်ပေပြီ။ ဤစကားမှန်၏။ သို့သော် တစ်ပါးသူ၏ အနှောင်အဖွဲ့ မှ လွတ်လပ်ခဲ့သည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ ပေါက်လွှတ်ပဲစား မထားနိုင်၊ ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ နှောင်ဖွဲ့ ရပေဦးမည်။

          ဟင့်အင်း... သည်လိုသာဆိုလျှင် လွတ်လပ်ရေးဆိုသဟာ ဘာ လုပ်ဖို့တုံး။ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး နှောင်ဖွဲ့နေတဲ့နောက် လွတ်လပ်ရေး အရသာဆိုသဟာ မြက်ခြောက်ဝါးရတာလောက်မှ ကောင်းပါဦးမည် လား။

          သည်မလေ မိတ်ဆွေ။ လောကမှာ ကိုယ့်ကိုယ်ကိုယ် ဖွဲ့စည်း နှောင်ထုံး၊ ကွပ်ကဲ၊ ထိန်းသိမ်း စောင့်ရှောက်၊ အုပ်ချုပ်ရတာလောက်ကောင်းတဲ့အရသာဟာ နိုင်ငံရေးလောကမှာ မရှိဘူးခင်ဗျာ။ တရား သဘောနှင့် ပြောဦးမလား၊ တရားသဘောနှင့်ဆိုလျှင်လည်း ကိုယ့်ကိုယ် ကိုယ် ဆုံးမရခြင်းသည် အကောင်းဆုံးပဲ။ ဒါကြောင့် မြတ်စွာဘုရား ကတောင်မှ ပရိနိဗ္ဗာန်ပြုခါနီးမှာ ကျုပ်တို့ကို... အပ္ပမာဒေန သမ္မာ ဒေထလို့ မှာခဲ့တယ် မဟုတ်လား။ မိမိကိုယ်ကို မိမိ မမေ့မလျော့ ကျင့်သုံး ဆောက်တည်နိုင်မှသာလျှင် လွတ်လပ်ရေးသည် လွတ်လပ်ရေးနှင့် တူ ပေမည်။

          စင်စစ် လူမှန်လျှင် မလွတ်လပ်ပေ။ တိရစ္ဆာန်ကို ကြည့်ပါ။ သူသည် လူ့ထက်လွတ်လပ်ပေသည်။ ကျွန်ုပ်တို့၏ ဟီရိဩတ္တပ္ပတရား၏ ကွပ်ကဲမှုကြောင့် အိမ်ထောင်သားမွေးအမှုတို့၌ပင်လျှင် ကျစ်လျစ်စွာ ဣန္ဒြေကို ဆောက်တည်ရသည်။ အောင်နက်တို့လို နီမတို့လို ဆိုလျှင် ဖြင့် မိတ်ဆွေတို့ တော်သလင်းလမှာ မြင်တော်မူကြတဲ့အတိုင်းပါပဲ။

          အရိုးနှစ်ချောင်းကို ခွေးနှစ်ကောင်ဆုံ၍ လုကြသည့်အခါ သူရ ထိုက်၏၊ ငါရထိုက်၏ဟူ၍ ဟောင်ဟိန်းကာ တရားတွေ့ကြသည်။ ထိုတရားကို ဆုံးဖြတ်ရာ၌ နားရွက်ပြတ်အောင် ကိုက်သူနိုင်တမ်းဟု သဘောထား၍ ဆုံးဖြတ်သည်။ ဘယ်မျှလောက် လွတ်လပ်ပါသလဲ။ ချင့်၍သာ ကြည့်ကြပါကုန်။

          စားကွက်တစ်ကွက်ကို လူနှစ်ယောက်တက်နင်းမိပြီ ဆိုကြပါစို့။ ထိုအခါ လူဟူသည် မလွတ်လပ်သောကြောင့် ခွေးတို့၏ထုံးကို နှလုံး မမူနိုင်ဘဲ တစ်ယောက်နှင့်တစ်ယောက် နားရွက်ပြတ်အောင် ကိုက်ခြင်း မှ ရှောင်ကွင်းကာ ယဉ်ကျေးမှုရှိကြသူများပီပီ ရုံးပြင်ကနားသို့သွားရောက် ၍ တရားဥပဒေတို့ကို အကိုးအကားပြုကာ သူရထိုက်၏၊ ငါရထိုက်၏ ဟု တရားတပေါင်တွေ့၍ ယူကြသည်။

          ခွေးတို့ဘောင်၌ တရားဥပဒေမရှိ၊ ထုံးတမ်းစဉ်လာဟူ၍ မရှိ၊ စည်းမျဉ်းဟူသည်မှာ နတ္တိ၊ ကျင့်ထုံးဆိုသည်မှာ ဝေလာဝေး။

          လူတို့ဘောင်၌ကား လူတို့၏မလွတ်လပ်သော မူလအခွင့်အရေး များကြောင့် တရားဟူ၍ရှိရသည်။ ဥပဒေဟူ၍ ရှိရသည်။ ထုံးတမ်း စဉ်လာဟူ၍ ထားရသည်။ စည်းမျဉ်းကို စောင့်စည်းရသည်။

          လူတို့ဘောင်၌ သားသမီးကို မိဘက ချုပ်တည်း အုပ်ထိန်းရ သည်။ တပည့်ကို ဆရာသမားက ပညတ်နှိပ်ကွပ်ပေးရသည်။ ကျွန်ကို အရှင်က ဝေဖန်ခန့်ခွဲပေးရသည်။ လူကို ရဟန်းက ကျင့်ဝတ်ပဋိပတ်တို့ ဖြင့် နှောင်ဖွဲ့ ပေးရသည်။ မယားကို လင်က၊ လင်ကို မယားက ထိန်းသိမ်းချုပ်တည်းပေးရသည်။ အဆွေခင်ပွန်းအချင်းချင်းလည်း မတိမ်းမစောင်းရ အောင် ထိန်းကျောင်းပေးရသည်။

          စင်စစ် လွတ်လပ်ရေးဆိုသည်မှာ မိမိ၏လွတ်လပ်ခွင့်ကို အများ ၏အကျိုးငှာ စွန့်လွှတ်ပူဇော်ရခြင်းပင်ဖြစ်သည်။

          နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးဆိုသည့်အရာမှာလည်း မိမိကိုယ် တွင် အမျိုးနှင့်နိုင်ငံဟူသော သံယောဇဉ်ကြိုးကို တင်းကျပ်စွာ ရစ်ပတ် ချည်နှောင်ခြင်းဖြစ်သည်။

          လွတ်လပ်ရေးမရမီက ကျွန်ုပ်တို့သည် ကိုယ်ကျိုးအတွက် များစွာ လွတ်လပ်ခဲ့သည်။ ကိုယ်ကျိုးနှင့်ပတ်သက်လာလျှင် အမျိုးနှင့်တိုင်းပြည် ကို ငဲ့စရာမလို။ အရှင်သခင် အင်္ဂလိပ်အစိုးရမင်းတို့ ကြည်ဖြူအောင် အမျိုးနှင့်တိုင်းပြည်ကို လှည့်၍ထောင်းနိုင်လျှင် ကိုယ်လိုရာကို လွတ် လပ်စွာရသည်။

          ထို့ကြောင့် လွတ်လပ်ရေးရပြီဟူ၍ ဆိုသည်နှင့်တစ်ပြိုင်နက် မိမိကိုယ်ကိုမိမိ ထိန်းသိမ်းစောင့်ရှောက်ရခြင်းတည်းဟူသော အနှောင် အဖွဲ့များအကြားတွင် ကျွန်ုပ်တို့သည် မလွတ်လပ်ဖြစ်ကြရပေသတည်း။

          ညားခါစ လင်မယားတို့မှာ အိမ်ထောင်ရေးသုခကို ဒုက္ခဟု ညည်းညူကြဘိသကဲ့သို့ ကျွန်ုပ်တို့လည်း လွတ်လပ်ရေးသုခကို ဒုက္ခ ဟု ညည်းညူမိကြပေမည်။ သည်လိုဆိုလျှင် ဘာ့ကြောင့် ညားကြသတုံး။ အစကတည်းက မညားကြလျှင် အေးရော့ မဟုတ်လား။ ညားကြရသမျှ ဒုက္ခဆိုလျှင် လောက၌ အိမ်ရာထောင်ခြင်း မရှိနိုင်ပြီ။ သို့ပါသော်လည်း ကမ္ဘာတည်သည့်နေ့မှစ၍ ယနေ့တိုင်တိုင် လူတို့သည် မင်္ဂလာဆောင် လျက်ပင် ရှိကြကုန်သည်။ အဘယ့်ကြောင့်။

          ဪ... ဒါကတော့ဗျာ... အဲသလို ညားခါစ ဒုက္ခကိုက သုခ ဖြစ်လို့ခင်ဗျို့။