Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်တင်ဦး(မြောင်းမြ) - လူငယ်ပြည်သူနှင့်နိုင်ငံတော်အရေး

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

ရေကန်တူးမယ် သစ်ပင်စိုက်မယ်

မိုးရယ်

မိုးကို လွမ်းတယ်။ မိုးကို မျှော်မိတယ်။ မိုးရယ် ပြန်လာပါတော့။ မိုးနဲ့ မတွေ့ရတာကြာပြီ။ မိုး မရှိရင် ဘဝခြောက်သွေ့ လှပါဘိ။

မရက်စက်ပါနဲ့ မိုးရယ်

တကယ်တော့ မိုးအမည်ပါတဲ့ ကောင်မလေးကို လွမ်းလို့ ရေးမိတဲ့စာ ပါ။ ဒါပေမဲ့ မိုးဆိုတဲ့ ကောင်မလေးထက် အဇာကောင်းကင်မှာ ငြိမ် ချက် သားကောင်းနေတဲ့ မိုး (ရေ) က ပိုလို့ ရက်စက်နေလေရဲ့။ ကောင်းကင် က သွန်းဖြိုးရွာကျလာမယ့် မိုးကို မျှော်နေသူတွေအများသား။ တပို့တွဲလ ကတည်းက နေအပူဒဏ်ကို ကျောကော့ခံနေရတဲ့လူသားတွေ။ သင်္ကြန် ရက်မှာ ပျိုမေတို့ ဦးခေါင်းပေါ် အကြွေသား ပန်ဆင်ခွင့်ရနိုးနဲ့ စောင့်စားနေ ခဲ့တဲ့ ပိတောက်တွေ၊ ပပ်ကြားအက် အောက်ခြေမြေသား ပေါ်လာတဲ့ ရေကန် တွေ၊ ရေငတ်နေတဲ့ သစ်ပင် ပန်းပင်တွေ၊ ဘုန်းတော်ကြီးပင်းထဲက ရေတွင်း တွေ၊ ....... အားလုံးက မိုးကို မျှော်နေကြတယ်။

မိုး မိုးရွာလိုက်ပါမိုး၊ အိမ်မိုးခေါင်မြုံးထောင်ရအောင်။ ရွာလိုက်ပါ မိုး၊ မိုးမရွာဘဲ ကြာလေပြီ။ လေကြီးမိုးကြီး လာလေပြီ”

ထားဝယ်ဒိန်းသံ ကဗျာတစ်ပုဒ်ဖြစ်တယ်။ လွန်ခဲ့သော နှစ်ငါးဆယ် ကျော်က ကဗျာတစ်ပုဒ်ဖြစ်တယ်။ လူတွေဟာ မိုးကို အချိန်တန်ရင် တမ်းတစမြဲ။ မျှော်ခေါ်စမြဲ ဆိုတာ သိသာစေတယ်။ မိုးဆိုတာ တကယ်တော့ ရေပဲ။ ရေဆိုတာ သက်ရှိလူသားမပေါ်မီကတည်းက ဖြစ်တည်လာတာ။ ရေ၊ မြေ၊လေ၊ မီး ဓာတ်ကြီးလေးပါးအစမှ အချိုးကျပေါင်းစပ်မှ သက်ရှိ၊ လူသား ဆိုတာ ပေါ်ပေါက်လာရတာ ရေဟာသက်ရှိသတ္တဝါရဲ့ သုံးပုံနှစ်ပုံပါဝင် နေရ တာ။ ကမ္ဘာကြီးမှာရေက လေးပုံသုံးပုံ၊ မြေကြီးကလေးပုံတစ်ပုံနဲ့ ဖွဲ့စည်း ထားတာ။ ဒါတောင် ရေက ရှားနေတယ်။ မိုးက ခေါင်နေတာကို။ မိုးက ရက်စက်တာကို။

မိုးရွာတော့မယ်

ဘာပဲဖြစ်ဖြစ်။ အချိန်တန်ရင်မိုးကတော့ရွာရမှာ။ ဇွန်လမှာ ရွာရွာ။ ဇူလိုင်လမှရွာရွာ။ နောက်ကျပဲရွာရွာ။ မိုးကတော့ သေချာပေါက်ရွာရမှာ။ မိုးရွာရင် ဘာလုပ်ကြမလဲ။ မိုးရွာရင် မိုးရေချိုးမယ်။ မေမေလာရင် နို့စို့မယ်။ ဖေဖေလာရင်အုန်းသီးခွဲစားမယ်။

ဒါက ရိုးရာစကားပုံလား။ သံချပ်လား။ အဆိုလား။ ဆိုရိုးလား။ ဘာအမျိုးအစားမှန်း မသိပေမယ့် ပြောရိုးပြောစဉ်။ ကြားနေကျဆိုနေကျ စာသားစကားတွေပဲ။ ကိုင်ဇာလည်း ဆိုတယ်။ လူကြီးတွေလည်း ဆိုတယ်။ ကလေးတွေလည်း ဆိုတယ်။ ဆိုလို့လည်း ကောင်းတယ်။ ။

ခုတော့ ဒီစကားတွေကို ပြောင်းဆိုရမယ်။ ဆိုနေကျ မဟုတ်ပေမယ့်။ ဆိုကြည့်ရမယ်။ လုပ်နေကျဖြစ်အောင် ကြိုးစားလုပ်ဆောင်ကြရမယ်။ မလုပ် လို့ မဖြစ်တော့ဘူး။

မိုးမရွာမီ ရေကန်တူးမယ်။ ဖေဖေလာရင် သစ်ပင်စိုက်မယ်။ မေမေ လာရင် ရေတွင်းသွားလို့ ရေချိုခပ်ကြမယ်။

ရေလှောင်ကန်တူးပါ

စင်ကာပူနိုင်ငံပတ်လည်မှာ ရေငန်တွေ ဝိုင်းနေတယ်။ ကုန်းမြေ ကလည်း ကျဉ်းမြောင်းတယ်။ ဒါပေမဲ့ လူလုပ်ရေကန် (Reservoir) တွေနဲ့ မိုးရေလှောင်ကြတယ်။ မလေးရှားက ရေ သောက်ရေသုံးရေ ရယူနေရပေ မယ့် သူတို့နိုင်ငံ ရေပြတ်တယ်၊ ရေငတ်တယ်ဆိုတာ မရှိဘူး။ လူနည်းလို့လို့အကြောင်းမပြနဲ့။ သူ့မြေပမာဏနဲ့ သူ့လူဦးရေအချိုးအဆအရ လူဦးရေ များတာပဲ။ ဒါပေမဲ့ ရေမရှားဘူး။

မြန်မာနိုင်ငံမှာ ရေချိုထွက်တဲ့မြစ်တွေ၊ ချောင်းရေ၊ ရေကန်တွေ၊ ရေတွင်းတွေက အများကြီး။ ဒါပေမဲ့ မိုးရွာရင် မိုးရေချိုးရုံပဲတတ်သလား။ မိုးရေထဲ မိုးရေထွက်ချိုးရတဲ့ကလေးဘဝကို သတိရပါတယ်။ နှုတ်ခမ်းတွေ ပြာသည်အထိ။ လှေလေးတိုသည်အထိ။ ပျော်စရာကြီးပဲ။

ကလေးတွေမိုးရွာရင် မိုးရေချိုးတာကို မတားပါနဲ့ ။ ဒါပေမဲ့ လူကြီး တွေကတော့ မိုးရွာတာကို အသုံးချရမယ်။ သင့်တော်တဲ့မြေကွက်လပ်မှာ တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ပြီး မိုးမကျမီ ရေကန်တွေ တူးရမယ်။ မြေသားရေကန်။ အုတ်ဘောင်ရေကန်၊ အင်္ဂတေရေကန်စသည်ဖြင့် ရနိုင် သရွေ့ ရေကန်တွေ တူးကြရမယ်။ တူးပြီးတဲ့ရေကန် သန့်ရှင်းအောင် ထိန်း သိမ်းရမယ်။ အမှိုက်မပစ်ရဘူး။ တိရစ္ဆာန်တွေရေကန်ထဲ မဆင်းအောင် ခြံခတ်ရမယ်။ ရေကန်ကိုတူးပြီး ပစ်မထားပါနဲ့။ လိုမှဂရုစိုက်။ မလိုရင် ဂရုမစိုက် မလုပ်လိုက်နဲ့။

ငယ်စဉ်က မူလတန်းမှာ ဟင်္သာကိုးသောင်းဖျက်တဲ့ ဇာတ်ကို သင် ကြားရဖူးတယ်။ ဟင်္သာတို့ဟာ ပြင်းထန်တဲ့ မိုးဒဏ်ကိုရှောင်ရှားဖို့ သဘာဝ ဂူကြီးတစ်ခုထဲမှာ မိုးခိုကြတယ်။ ယေဘုယျအားဖြင့် မိုးကာလလေးလစာ အတွက် စားနပ်ရိက္ခာတွေကို ဂူထဲမှာကြိုတင်စုဆောင်း သိုမှီးထားခဲ့တယ်။ တစ်ခုသော နှစ်တစ်နှစ်မှာ စားနပ်ရိက္ခာကုန်လုနီးပါးဖြစ်လာသော်လည်း မိုးရာသီကကုန်ဟန် မပြသေးဘူး။ ဒီလိုနဲ့စားနပ်ရိက္ခာကို ခြုံ စားသောက်ကာ မိုးရာသီကုန်ဆုံးမယ့်ရက်ကို စောင့်နေကြတယ်။ ဒါပေမဲ့ မိုးက မကုန်သေးဘူး။ ရွာလို့ ကောင်းတုန်းပဲ။

ဒီအချိန်မှာ ဂူဝက ပင့်ကူကြီးက ပင့်ကူမျှင်တွေ ရက်ထားတာ လေး ထပ်ရှိပြီ။ တစ်လတစ်ထပ်ရက် ရှယ်လာတာလေ။ ခုတော့လေးလဆိုတော့ လေးထပ်ရှိပြီ။ နောက်ထပ်တစ်လဆက်နေရင် ပင့်ကူမျှင် ကွန်ရက် ထောင် ချောက်က ငါးထပ်ရှိလာမှာ။ ပင့်ကူမျှင်တွေကလည်း ဧရာမပင့်ကူရဲ့ အမျှင် ဖြစ်တာကြောင့် ပင့်ကူမျှင်တစ်ချောင်းဖြတ်ဖို့က ဟင်္သာတစ်ကောင်အတွက် အလွန်ပင်ပင်ပန်းခက်ခဲတာ။

ဆိုတော့ စားနပ်ရိက္ခာကလည်းကုန်ပြီ။ ဟင်္သာတွေကလည်း ငတ်ပြတ် လာလို့ အားအင်ချည့်နဲ့နေပြီ။ ပင့်ကူမျှင်ကိုလည်း ဖြတ်ပစ်ရမယ့် အချိန်ကျော် လာပြီ။ နောက်ဆုံး ဟင်္သာတွေ အစည်းအဝေးထိုင်ကြတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်က ဟင်္သာအဘိုးကြီး အဘွားကြီးတွေကို ဟင်္သာပျိုတို့က သတ် စားကြ။ အားရှိမှပင့်ကူမျှင်ကိုဖြတ်ကြမယ်။ တကယ်တမ်းကျတော့ ဇာတ်တူ သားစားထားတဲ့ ဟင်္သာပျိုတွေမှာ အားက လုံလုံလောက်လောက်မရကြဘူး။ ဒီလိုနဲ့ ပင့်ကူမျှင်မှာ ငြိပြီး ပင့်ကူရဲ့ သတ်ဖြတ်စားသောက်ခြင်းကို ခံကြရ တယ်။ အဘိုးအဘွားတွေကုန်တော့ ငယ်ရွယ်တဲ့ဟင်္သာတွေကို သတ်ဖြတ် စားသောက်ပြန်တယ်။ ပင့်ကူမျှင်ကို ဟင်္သာပျိုတို့က ကိုက်ဖြတ်ကြပြန်တယ်။ ဒါပေမဲ့လည်း ညီညွတ်မှုမရှိတဲ့ ဟင်္သာကိုးသောင်းဟာ ဇာတ်တူသား စားရင်းမျိုးတုံးကုန်တယ်။ ငယ်စဉ်က အလေးထားခဲ့တဲ့သင်ခန်းစာက ဇာတ် တူသားမစားရဘူး။ အချင်းချင်း ညီညွတ်ရမယ်လို့ဆရာမက သင်ကြားပေး ခဲ့တယ်။

အခုအသက်ကြီးမှ ရလာတဲ့ သင်ခန်းစာနောက်တစ်ခုက ကြိုတင် ပြင်ဆင်မှုဟာ အရေးကြီးကြောင်း သတိပြုမိလာတယ်။ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ရမယ်။ (Prepare for the worst)။ ရင်ဆိုင်တွေ့မှ ဖင်ထိုင် မမေ့ချင်ရင် အရာရာကိုကြိုတင်ပြင်ဆင်မှုဆိုတဲ့ သတိနဲ့နေထိုင်ကြရမယ်။

လတ်တလော တွေ့ကြုံနေရတဲ့ ဘေးဒုက္ခတော်တော်များများက လွန်ခဲ့ သောနှစ်တွေက အတိတ်က မပြင်ဆင်ဘဲ လျစ်လျူရှုခဲ့တာတွေက ရလာတဲ့ အကျိုး (ဆိုးကျိုး) တွေပဲ ဖြစ်တယ်။ လေအေးပေးစက်တွေ တီထွင်တယ်။ ရေခဲသေတ္တာတွေ သုံးစွဲမှုတွင်ကျယ်လာတယ်။ ဒါပေမဲ့ ဒါတွေရဲ့ ဘေး ထွက်ဆိုးကျိုးကို ကာကွယ်ဖို့ မပြင်ဆင်ကြဘူး။ မသိကျိုးကျွံပြုလာကြတယ်။ ဒီလိုနဲ့ အိုဇုန်းလွှာတွေပေါက်ပြဲလာတယ်။ အယ်နီညိုတွေ၊ လာနီညာတွေ ဖြစ်လာတယ်။ ဖြေရှင်းရခက်တဲ့အချိန်ရောက်မှ သတိပြုမိလာကြတယ်။ နောက်ကျတဲ့အသိတွေပဲ။

ဒါပေမဲ့ စတင်သိရှိတဲ့အချိန်ဟာ နောက်ကျတာ ထက်စာရင် အများ ကြီး တော်သေးတာပေါ့။ စသိချိန်၊ စပြင်ဆင်၊ စတင်အသုံးချကြဖို့တော့ လိုမယ်။ ထပ်ပြီး နောက်မကျရင် အချိန်မီရုံတော့ ကျန်သေးတယ်။

မိုးရွာတာဟာ သဘာဝရဲ့ဆုလာဘ်ဖြစ်တယ်။ မိုးရေသံသရာလည်ဖို့ မြေပြင်၊ မြစ်ချောင်း၊ အင်းအိုင်တို့ရှိနေဖို့ကလည်း လိုအပ်တယ်။ သစ်တော သစ်ပင်တို့ကလည်း မရှိမဖြစ်ပဲ။ ဆိုတော့ သဘာဝက ပေးလာတဲ့ မိုးရေကို သိုလှောင်ရမယ်။ အလဟဿမဖြစ်ဖို့ စုဆောင်းရမယ်။ ရေလှောင်ကန် တွေဟာ ရွာလယ်။ ရွာထိပ်တိုင်းမှာရှိနေရမယ်။ မြေကြီးထဲ ရေမစိမ့်အောင် စီမံရမယ်။ ဒါတွေက သိပ်ခက်တာ မဟုတ်ဘူး။ နည်းပညာ မထွန်းကားမီ ရှေးလူကြီးတွေကတည်းက ရေလှောင်ကန်တူးပြီး ရေလှောင်တတ်တာ။ မိတ္ထီလာကန်ဟာ ထင်ရှားတဲ့သာဓကပဲ။ သဘာဝက လက်ဆောင်ပေးတဲ့ ကန်တွေက အင်းလေးကန်၊ မိုးယွန်းကြီးကန်၊ အင်းတော်ကန်တို့ကလည်း လူတွေကိုသာမက ကျေးငှက်သာရကာတွေအတွက်ပါ။ မှီခိုအားထားစရာ ဖြစ်တယ်။

ထို့အတူနာမည်အရ မထင်ရှားပေမယ့် အနီးအနား ရွာသူရွာသား များအတွက် အထောက်အကူပေးနေတဲ့ ရေကန်ငယ်တွေများစွာ ရှိတယ်။ “ကန်ပတ်လည်ခရေရိပ် ရွာထိပ်က ကျောင်းတော်သာ နံဘေးဝယ်” လို့ တွံတေးသိန်းတန်ကသီချင်းနဲ့ ရေကန်တွေပြညွှန်းခဲ့တယ်။ ရေကန်ရှိရင် ကန် ပတ်လည်မှာ သစ်ပင်ကြီးငယ်ပေါက်ကြတယ်။ သစ်ပင်ကြီးငယ်ပေါက်ရင်ကျေးငှက်သာရကာတွေ ခိုနားမယ်။ လူသားတွေအတွက် အပူရှောင်နေရာ အိုအေစစ်ဖြစ်မယ်။ ။

ဆိုတော့ သဘာဝက မျက်နှာသာပေးလာတဲ့ မိုးရေကို လူသားတွေ လက်လွှတ်ဆုံးရှုံးမခံနဲ့ ။ ရေလှောင်ကန်တွေနဲ့ ရေကို စုဆောင်းပါ။ ပြီးရင် သစ်ပင်တွေ စိုက်ပါ။

သစ်ပင်စိုက်မယ်

မြန်မာ့မြေက သစ်စေ့ပစ်ချရာနေရာ သစ်ပင်ထပေါက်တဲ့ အဖိုးတန် မြေ။ နိုင်ငံတိုင်း ဒီအခွင့်အရေးရကြတာ မဟုတ်ဘူး။ ရရှိထားတဲ့ အခွင့်အရေး ကို ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ဖို့လိုအပ်တယ်။ မာစဒါ သဲကန္တာရထဲမှာ။ အစ္စရေး လူမျိုးတွေက စိုက်ပျိုးရေး သုတေသနဖွင့်ပြီးသစ်ပင်တွေ စိုက်ဖို့ အထူးဝီရိယထုတ်ကြိုးစားနေကြတယ်။ မြန်မာနိုင်ငံလို သစ်ပင်စိုက်ရ လွယ်ကူတဲ့ နိုင်ငံမှ လူတွေက သူတို့နိုင်ငံမှာ စိုက်ပျိုးရေး သင်တန်းတက်နေရတယ်။ ယနေ့အထိပဲ။

သစ်ပင်စိုက်တာလည်း ဗဟိုဦးစီးစနစ်နဲ့ စိုက်ကြဦးမလို့လား။ ကျောင်း တွေမှာ ဒန့်သလွန်ပင်။ အခြားနေရာတွေမှာ ကြက်ဆူပင်။ မလုပ်လိုက်ပါနဲ့။ သူ့ဒေသ၊ သူ့ရေ၊ မြေ သူတို့ သိကြတယ်။ အထက်က စိုက်ခိုင်းတဲ့ အပင် စိုက်ပြီး ပစ်ထားလို့ သေကုန်မယ့်အဖြစ်မျိုး မလုပ်ကြနဲ့လား။ သူတို့ စိတ် ကြိုက်စိုက်။ စိုက်တော့ စိုက်ကိုစိုက်ရမယ်။ စိုက်ချင်အောင်တော့ ပြောရမယ်။ စည်းရုံးရမယ်။ ပြည်သူပါမှ အောင်မြင်မှာ။ ။

ဗိုလ်ချုပ်အောင်ဆန်းလည်း သစ်ပင်စိုက်ခဲ့တာပဲ။ သူ သစ်ပင်စိုက်လို့ ပြည်သူတွေကို သစ်ပင်စိုက်ဖို့ အမိန့်မထုတ်ခဲ့ဘူး။ ဝါသနာပါလို့ စိုက်တယ်။ လိုအပ်ချက်အရ စိုက်တယ်။ သစ်ပင်ကို ချစ်လို့ စိုက်တယ်။ သစ်ပင်ကို ချစ်တာဟာ သဘာဝကို ချစ်တာ။ သဘာဝကို ချစ်တာဟာ လူသားကို ချစ်တာ။ လူသားကို ချစ်တဲ့ ဗိုလ်ချုပ်ဟာလူသားအတွက် လွတ်လပ်ရေး ရအောင် ယူပေးသလို၊ လူသားအတွက် အသက်လည်း ပေးဆပ်ခဲ့တယ်။

ရေတွင်းတူးမယ်

ထို့အတူ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ ရှေးလူကြီးတွေက ရေ တွင်း တူးကြတယ်။ ဒါပေမဲ့ ယနေ့လူတွေ သတိမေ့နေကြတယ်။ ရေတွင်း ရေဟာ အေးတယ်။ ကြည်လင်တယ်။ သေသေချာချာ စောင့်ရှောက် ထိန်း သိမ်းပေးရင် ရာသီမရွေးသုံးလို့ ရတယ်။ ဒါပေမဲ့ လူတွေကရေတွင်းကို သွားမကြည့်ဖြစ်ဘူး။

ဆိုတော့ ကျောင်းကိုလည်း လှူပါ။ ဘုန်းဘုန်းကိုလည်း လှူပါ။ သိမ်တော်ကြီးကိုလည်း လှူပါ။ ထို့အတူ ရေတွင်းကိုလည်း တစ်ချက်စောင်း ငဲ့ကြည့်ပြီး ပြုပြင်စောင့်ရှောက်ပေးပါ။

အနာဂတ်ကို စိုးမိုးချင်ရင် လက်ရှိပစ္စုပ္ပန်ကို ပြင်ဆင်ကြရမယ်။ ရင်ဆိုင်တွေ့မှ ဖြစ်သလို ဖြေရှင်းတတ်တဲ့ အကျင့်ဆိုးကို ရှောင်ရှားရမယ်။ ရေသယံဇာတ မရှားတဲ့တိုင်းပြည်မှာ ခုလို ရေရှားနေရတာဟာ အုပ်ချုပ်ရေး ပိုင်းရဲ့ အားနည်းမှု၊ ပြည်သူတို့ရဲ့ ပြင်ဆင်မှုအားနည်းချက်တွေကြောင့် ဖြစ်တယ်။

မိုးမရွာခင်ရေကန်တူးပါ။ မိုးရွာရင်ရေလှောင်ပါ။ သစ်ပင်စိုက်ပါ။ ရေတွင်းတွေကို ဂရုစိုက်ပါ။ စက်ရေတွင်းတွေထက် သဘာဝရေတွင်းကို ပိုအားကိုးပါ။ မီးရှား၊ ရေရှားဘဝများမှ ကင်းဝေးပါစေ။

မောင်တင်ဦး(မြောင်းမြ)