မောင်စိန်၀င်း(ပုတီးကုန်း) - ငှက်ကလေးတွေရဲ့ကောင်းကင်
(၁)
သည်တစ်ခေါက် ကျွန်တော် ရွာကို ပြန်ရောက်ချိန်မှာ မိုးဦးကျ လယ်တွေ ထွန်ယက်နေကြချိန်။ သည်နှစ် မိုးကောင်းသည်မို့ လယ်ထဲမှာ လုပ်ငန်းခွင် အမြန်စနိုင်ကြသည်ဆို၏။
ရွာမှာနေသည့် ကျွန်တော့်ဆွေမျိုးတွေက လယ်သမားတွေချည်း။ ကျွန်တော် ရွာရောက်ချိန် အမေ့အိမ်မှာ သူတို့ လာဆုံကြတော့လယ်ယာလုပ်ငန်း ခွင်အကြောင်း ပြောကြဆိုကြသည်။
“စက်သုံးစက်တောင် မောင်းလိုက်ရတယ်ကွ။ စက်ဖိုး အီသွားတာပဲ”
ဦးကြီးသာမြတ်က သူ့လယ်တွေကို စက်ဖြင့် မောင်းလိုက်ရသဖြင့် ငွေကုန်သွားတာ ညည်းသည်။
ကျွန်တော့်ရွာလည်း ခေတ်မီလာပြီဟု ပြောရမလိုပင်။ လျှပ်စစ်မီးမရှိ၊ မြို့ ရွာကို ကားလမ်းမပေါက်တာသာ ရှိမည်။ ရွာမှာက ဟာလာဆန်စက်၊ လယ်ထွန်စက်တွေကတော့ မနည်း၊ စက်ပိုင်လယ်သမားတွေ ဖြစ်ကုန်ကြပြီ။
“အရင်တုန်းကလို နွားနဲ့ ထွန်ပြီး စက်နဲ့မမောင်းရင် မရဘူးလား ဦးကြီး
" ဟကောင်ရ၊ဘယ်ရလိမ့်မလဲ”
ဟု ဦးကြီးသာမြတ်က ကျွန်တော့်ကို ကြည့်ရင်းပြောသည်။
“ဘာဖြစ်လို့လဲ ဦးကြီး"
“ဟာ-မြတ်တွေက တင်းကျမ်းကွ”
“အရင်ကထက် ဘာဖြစ်လို့ မြက်တွေက ပိုပြီးပေါက်လာရတာလဲ”
ဦးကြီးသိန်းက ကျွန်တော့်အမေးကို သဘောကျသလို ရယ်သည်။
“စာရေးဆရာ လယ်အကြောင်းမသိသေးဘူးဘဲ” ဟု ဆက်ပြော၏။
“ဒီလိုကွ” စကားဆက်သည်။
“လယ်တွေက နွေစပါးလုပ်ကြရတယ်လေ။
နွေစပါးလုပ်တော့ မြောင်း လက်တက်တွေက နေပြီး တစ်နေ့လုံး ရေလွှတ်ထားကြတာပေါ့။
"လယ်ကွင်းတွေ ရေတဖွေးဖွေးနဲ့ အဲဒီရေတွေကြောင့် မြက်တွေ လွှတ်သန်ကြတာပေါ့ကွ”
“စက်သုံးလေးစပ်မောင်းပြီးတာတောင် တချို့လယ်တွေက နွားနဲ့ ထွန်လို့ မရဘူးကွ။ နွားတွေ မရုန်းနိုင်
ဘူးကွ။
ဗွက်နစ်နေလို့ ကျွဲကို သုံးရတာ”
ဦးကြီးသိန်းက ဆက်ပြီး ရှင်းပြ၏။
“နို့ - နွေစပါးလုပ်တာက မကိုက်ဘူးလား ဦးကြီးရဲ့”
“ကိုက်တော့ ကိုက်တယ်ကွ။
အဆိုးရှိသလို၊ အကောင်းလည်း ရှိတာပဲကွ။ ကိုယ့်အားကိုယ်ကိုးပြီး အိမ်က လုပ်အားစိုက်နိုင်ရင် ပိုကိုက်တယ်။ ဒါမှ မဟုတ်ရင် အခများတယ်။ တောင်ဘက်ကွင်းတွေများ လှည်းနဲ့ အိမ်အရောက်ကောက်လှိုင်းတွေ သယ်ကြရတာ။ သယ်ခက တစ်ဧကကို အတော်များများ ကုန်ကျတာ။ မိုးတွင်းလုပ်တာထက်လည်း ပိုပင်ပန်းတယ်။ ငွေကလည်း ပိုပြီး ကုန်သကွ။ ဒီတော့ ကိုယ့်တစ်ပိုင်တပ်နိုင်လောက်ပဲ စိုက်နိုင်ပျိုးနိုင်ကြတာပေါ့ကွာ” ။
“မြက်တွေ ပေါတယ်ဆိုတာက..”
ဦးကြီးသိန်းနှင့် ဦးကြီးသောမြတ်တို့ရှေ့မှ ရေနွေးကြမ်းပန်းကန်ထဲသို့ရေနွေးငဲ့ထည့်ပေးရင်း ကျွန်တော်က စကားထောက်ပေးလိုက်၏၊ “အဲဒါပေါ့ကွ စောစောက ပြောသလို ကိုယ်နိုင်သလောက်ပဲ နွေစပါးကလုပ်ကြတော့ မလုပ်နိုင်တဲ့ လယ်တွေက ကျန်နေရောတချို့ ရေဝင်နောက်ကျနေတဲ့ ကုန်းလယ်တွေလည်း လုပ်မရဘူးပေါ့။ အဲဒီလို နွေစပါးမလုပ်ဘဲ ချန်ထား တဲ့ လယ်ကွက်တွေက မြက်မွေးမြူရေးလုပ်ပေးသလို ဖြစ်ကုန်ရော၊ တစ်နွေလုံးရေတွေနဲ့ မြက်က သန်ချင်သလောက် သန်ပြီး တောထဲသွားတော့တာပေါ့ကွာ”
“ဪ... ဪ...”
ကျွန်တော် သဘောပေါက်သွားသည်။ နွေစပါးစိုတ်တဲ့ လယ်တွေမှာလည်း မြက်တော့ ရှိတာပေါ့။ ဒါပေမယ့် မစိုက်ဘဲ လွှတ်ထားတဲ့ လယ်တွေလောက်တော့ မဆိုးဘူးကွ”
“မင်း ရွာအဝင်ဝက ဖိုးထွန်းမြလယ်တွေ မတွေ့ခဲ့ဘူးလား”
ဦးကြီးသိန်းစကားအပြတ်မှာ ဦးကြီး သာမြတ်က ကျွန်တော့်ကို လှမ်းမေး လိုက်သည်။
“ဦးလေးထွန်းမြ လယ်မှန်းတော့ ကျွန်တော် မသိဘူး။ ရွာအဝင် စာသင် ကျောင်းနားက လယ်တွေမဟုတ်လား ဦးကြီး”
“အေးလေကွာ။ အဲဒီမှာ တောထနေတာ”
“နေပါဦး ဦးလေးသိန်းရ အဲဒါ တစ်ခုခုစိုက်ထားတယ်လို့ ကျွန်တော်က ထင်တာ”
စပါးပင်မဟုတ်သော ခါးစောင်းလောက်အရှည်ရှိ အပင်များပေါက် ရောက်နေရာ ရွာနားမှ လယ်ကွင်းတွေကို ရွာအဝင် ကျွန်တော် သတိထားခဲ့မိ သည်ပဲ။
ဘာပဲတွေမှန်းမသိလို့ မေးကြည့်ရဦးမည် တွေးခဲမိသည်ပဲ။
“ဘယ်ကလာ တစ်ခုခုစိုက်ထားရမှာလဲကွ”
“အဲဒါ ‘ဝက်လာတောလေကွာ” ဦးကြီးသာမြတ်က ပြောသည်။
“ဝက်လာပင်ပေါ့ ဟုတ်လား၊ ဦးကြီး”
“ဟုတ်တယ်။ ဝက်လာဆိုတာ လယ်ထဲမှာ ပေါက်တဲ့ မြက်ပင်တစ်မျိုး”
“ဒီမြက်က တယ်သန်ပါလား ဦးကြီး”
“သန်ရုံ ဘယ်ကမလဲ မောင်အပွားလည်း သိပ်မြန်တဲ့ကောင်။ ဟိုတုန်း ကတော့ နွေမှာ ရေက မရှိတော့ ဒီကောင်တွေ ကြီးထွားချင်တိုင်း ကြီးထွားလို့ မရဘူးပေါ့။ မိုးဦးကျလို့ ရေစရပြီဆိုတော့ ကြီးထွားမယ်ကြံတုန်းလယ်တွေက ထွန်ယက်လိုက်တော့ ထွန်ရင်းယက်ရင်း ပျောက်သွားရတာပေါ့ကွာ။ အခုတော့ တစ်နွေလုံး ရေကဝနေပြီး၊ သူသန်ချင်တိုင်း သန်နေကြတာ။ မင်းဦးလေး ထွန်းမြ အကျပ်ရိုက်နေပြီလေ”
“အဲဒါ ဦးလေး ထွန်းမြတ နွေစပါးမစိုက်ဘဲ လွှတ်ထားလိုက်လို့ပေါ့နော်"
“အေးပေါ့ကွ၊ ထွန်းမြကလည်း သူ့အိမ်က လက်ကနည်းတော့ သူ နိုင်သလောက်လေး နွေစပါးလုပ်တာဆိုတော့ ဒီကွင်းကို မလုပ်ဘဲ ချန်ထားတာ ပေါ့ကွာ”
“မင်းပြောရဦးမယ်” ဦးကြီးသိန်းက ဝင်ပြောသည်။
“ပြောပါဦး- ဦးကြီး”
“ဝတ်လာများ ဘယ်လောက်အပွားမြန်သလဲဆိုရင် လယ်တစ်ဧကကိုဓားနဲ့ ပိုင်းပြီး ရှင်းသွား၊ အဲ... တစ်ဧကလည်းပြီးရော စစချင်း ခုတ်ခဲ့တဲ့ ဝက်လာပင်က ထပြီး အတက်ထွက်လာသတဲ့”
“အဲဒီလောက်ပဲလား ဦးကြီးသိန်း”
“ဟဲဟဲ... တင်စားပြီး ပြောတာပေါ့ကွာ၊ မင်းကလဲ”
“ကဲ... ဒါဆို ဦးလေးထွန်းမြက ဒီလယ်တွေကို ဝက်လာတောကြီး ဒီလိုပဲ ပစ်ထားရတော့မှာလား ဦးကြီး၊ စက်တွေ ဘာတွေနဲ့ မောင်းပစ်လို့၊ ဖယ် ပစ်လို့ မရတော့ဘူးလား”
“ဟာ- စက်နဲ့ မောင်းလို့ ဘယ်ရမလဲကွ၊ ဒီဝက်လာတောကို တို့မှာ ရှိတဲ့ စက်တွေနဲ့ စက်တွေ မတိုးဘူးကွ၊ လူနဲ့ အရင်ရှင်းရမယ်။ ဓားနဲ့ လိုက်ခိုတ်လိုက်လျှင် အငုတ်တွေပဲ ကျန်မယ်။ အဲဒီအငုတ်တွေချည်းကျန်တော့မှ စက်နဲ့ ထပ်မောင်းပစ်ရမှာ။ စက်နဲ့ မောင်းမှလည်း အမြစ်တွေက ကျွတ်ကုန်မှာကွ”
ဦးကြီး သာမြတ်က သောက်ပြီး အကြမ်းပန်းကန်ကို ပြန်ချရင်း ကျွန်တော့်ကို လှမ်းပြော၏။ ,
“မင်းဦးလေး ထွန်းမြက အဲဒါတွေလုပ်ဖို့ လူအားမယ့်ရက်၊ စက်အားမယ့် ရက်ကို စောင့်နေတာကွ၊ မင်း ပြန်မယ့်ရက်ဆိုရင်တော့ ဒီဝက်လာတောကြီး ရှင်းသွားလောက်ပြီထင်ပါရဲ့”
“ရှင်းသွားရမှာပေါ့ကွာ၊ စာရေးဆရာရ၊ လယ်ကွင်းဆိုတာက စပါးစိုက် ဖို့နေရာကွ။ အသုံးတည့်မယ့် သီးနှံပင်တွေ စိုက်ရမယ့်နေရာကွ၊ ဝက်လာပင်က သူနေရာမှမဟုတ်တာ။ စပါးစိုက်နိုင်ဖို့၊ ပဲစိုက်နိုင်ဖို့ဆိုတာကတော့ ဘယ်လောက် ထူတဲ့ တောဖြစ်ဖြစ်၊ ဝက်လာမကလို့ ဘာပဲဖြစ်ဖြစ် ရှင်းကို ရှင်းပစ်ရမှာပဲကွ”
ဦးလေးသိန်းပြောလိုက်သည့် စကားက ကျွန်တော့်နှလုံးသားမှာ နေရာယူသည်။ ကြီးထွားရှင်သန်ပြီး လယ်ကွင်းမှာ နေရာယူထားသည့် ဝက်လာတော ကြီးကို အတွေးဖြင့် မြင်လာတော့သည်။
(၂)
ရန်ကုန်အပြန်မှာတော့ ရွာကအထွက် ဦးလေးထွန်းမြ၏ လယ်ထဲမှ ဝတ်လာတောကြီးကို မတွေ့ရ၊ မမြင်ရတော့ပြီ။ ဦးလေးထွန်းမြ လယ်ထွန်နေတာကို လှမ်းမြင်နေရ၏။
ဆောင်းဦးနောက်တစ်ခေါက် ကျွန်တော် ရွာကို ပြန်လာခဲ့လျှင်တော့ ဝတ်လာတောအစား စပါးပင် စိမ်းမြမြနှင့် လယ်ကွင်းတွေကို တွေ့မြင်ရမည် ဟု ယုံသည်ပဲ။
၂၀၀၀ ခုနှစ် အတွေးသစ်ဂျာနယ်။