မောင်ချောနွယ် - မောင်ချောနွယ်ဆန်သွားသောနေ့များ
အရိပ်ခြွေသစ်ပင်
အရိပ်ခြွေသစ်ပင်ဟာ
ကမ္ဘာပေါ်မှာ တစ်ပင်တည်းရှိတယ်
အရိပ်ခြွေသစ်ပင်ဟာ
သစ်ရိပ်တွေ မခြွေဘူး
အရိပ်တွေသာ ခြွေခြွေချပေးနေတယ်
သူခြွေချတဲ့ အရိပ်ထဲမှာ
ဆန်းသစ်တဲ့ နေ့ရက်တွေပါတယ်
ပန်းသစ်ဝေဝေ မနက်ခင်းတွေပါတယ်
ရွှန်းလက်ဝင်းပတဲ့ သစ်သီးတွေပါတယ်
ပြန်ကျမိုးစက်တွေ ပါတယ်
ဘာဖြစ်လို့များ
သူကအရိပ်တွေ ခြွေလိုက်တိုင်း
အဲဒါတွေက ပါဝင်နေရတာလဲ
ငါစဉ်းစား
ငါ့မှာ စဉ်းစားခြင်းဘူတာ
ဆိုက်ကပ်ကပ်နေမိ
ငါ့မှာ ထထပျံဝဲနေမိ
ငါ့မှာ
သီချင်းထထ အော်ဟစ်ဆိုမိ၊
ဘာဖြစ်လို့ပါလိမ့်
ငါစဉ်းစား
ငါတွေးကြည့်
ငါသိချင်မိ
ထူးဆန်းလှရဲ့
ဒီအရိပ်ခြွေသစ်ပင်အကြောင်း
သူကတော့ ဘာသိဘာသာပဲ
အရိပ်တွေပဲ ခြွေခြွေချပေးနေ
ငါစူးစမ်း ငါမနေနိုင်တော့ဘူး ။
ဒါနဲ့ငါဟာ အရိပ်ခြွေသစ်ပင်ဆီသွားကာ
သွားကိုင်တွယ်ကြည့်မိ
ငါသိလိုက်ရပြီ
သူ့တစ်ကိုယ်လုံးမှာ ကြီးပေါင်းတက်ဒဏ်ရာတွေချည်း
နိုင်းချင်း၊
ကမ္ဘာပေါ်မှာ ဒဏ်ရာရ သစ်ပင်တွေလောက်လှတာ
ဒဏ်ရာရသစ်ပင်ပဲရှိ၊
ဪ...
ဒါကြောင့် သူက အရိပ်တွေခြွေပေးနိုင်တာကိုး။ ။
မင်းမုန်းတဲ့နေ့ဟာ
ငါအမှန်တရားကို တွေ့ရှိတဲ့နေ့ဖြစ်တယ်
မင်းရက်စက်မှုဟာ ကမ္ဘာမှာမရှိခဲ့ပါဘူး
ငါဟာ နာကျင်ကျိုးကျေပြီး
အိပ်ရာပေါ်မှာ အလူးလူးအလှိမ့်လှိမ့်
ဘာမှလည်း မတွေးခေါ်နိုင်
ဘာမှလည်း မခံစားပေးနိုင်
ပွဲတော်တွေနဲ့ ကင်းဝေးလို့
ပြာကျမသွားရုံ အသက်ငွေ့ငွေ့ ကလေးနဲ့
မင်းပက်စက်လိုက်တာကွယ်လို့တောင်မှ
ငါ့မှာ အသံမထွက်နိုင်ခဲ့ပါဘူး။
နေထွက်နေဝင်ချိန်တွေလည်း
ငါ့မှာမသိတော့ပါ...
ငါ့ အနုပညာအရင်းအမြစ်ကလေးလည်း
ဘယ်ဆီဘယ်ဝယ်မှာလဲ
ငါမသိတော့ပါ....
ငါ့ အဘိဓမ္မာတွေလည်း
ငါ့မှာမဆုပ်မိမကိုင်မိတော့ပါ။
ငါဟာ
ဝိမုတ္တိ'ကိုသာ မျှော်ရင်း
ခပ်မျှဉ်းမျှဉ်းအသက်ရှူခဲ့တယ်
တနင်္ဂနွေတစ်ရက်ထင်ပါရဲ့
စကြဝဠာကြီးရယ်
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ငါ့ဆီရောက်လာတယ်
အင်မတန်ပူနွေးလှတဲ့ သူ့လက်ကြီးနဲ့
လက်ဆွဲနှုတ်ဆက်တယ် ၊
ပန်းသီး ချယ်ရီပန်းနဲ့ ရွှေရောင်ကလောင်တံတစ်ချောင်း
လက်ဆောင်ပေးတယ်။
ပြီးတော့...
“မိတ်ဆွေကြီး ခရီးသစ်ထွက်တော့တဲ့”
အဲဒီလို ပြောအပြီးမှာ
စွတ်ဖားလှည်းကလေးစီးကာ ထွက်သွားတော့တယ်။
ငါဟာ
ပန်းသီး ချယ်ရီပန်း
ရွှေရောင်ကလောင်တံနဲ့
ငါ့ရောင်ကလောင်တံနဲ့
ငါ့ အမှန်တရားဝတ်စုံကို ဝတ်ဆင်ကာ။ ။
ခေါင်းထဲက ဝိညာဉ်
ခေါင်းထဲမှာ ဝိညာဉ်တစ်ခုပဲ လုံးလုံးရှိတယ်
ခေါင်းထဲမှာ အလောင်းမရှိဘူး
အလောင်းက သေခြင်းတရားနဲ့ စားသောက်နေလေရဲ့။
ကြက်ကင်တွေ
ဒိန်ခဲတွေနိုင်းချင်း
ဒန်းဘလက်အမန်းညက် ဘရန်ဒီ
ကမ္ဘာကျော်စီးကရက်တွေနဲ့ ဝိုင်းကောင်းလို့။
သူတို့အပါးမှာ စားပွဲထိုး ၉၆ ယောက်ကလည်း
လိုလေသေးမရှိအောင် ပြုစုလို့ပေါ့ ။
သေခြင်းတရားက ဟောဒီလိုစကားစပြောတယ် ။
“ဟောဒီလောကကြီးမှာ
မြက်လျှာလို လင်းမြွေလို လမ်းလျှောက်တဲ့သူတွေကို
ငါသိပ်အထင်သေးတယ်”
အလောင်းက ဒီစကားကိုထောက်ခံတယ်
`ဟုတ်တယ်.....
ဒီကောင်တွေက ဘဝတစ်လျှောက်လုံးလုံးချည်း သည်
ကာယိနြေမရှိတဲ့ကောင်စားတွေ
ပြီးတော့လည်း
ရှေ့ခုနစ်ဘဝ နောက်ခုနစ်ဘဝ
အနုပညာမရတဲ့ကောင်တွေ
အနုပညာသည်ယောင်ယောင်ကောင်စားတွေ
တကယ်ပြောတာ
ရှေ့ခုနစ်ဘဝ နောက်ခုနှစ်ဘဝ
အနုပညာမရတာ သိပ်သေချာတဲ့ကောင်စားတွေ”
အလောင်းက အရက်ခွက်ကို မော့ချလိုက်တဲ့အခါ
သေခြင်းတရားပြောတယ်။
“ဟုတ်တယ်...။
အဲဒီကောင်တွေဟာ
ပုစွန်ခြောက်သုပ်လောက်မှ
စားမကောင်းတဲ့ကောင်တွေပါကွာ
ဘုရားသခင်က သူတို့ဦးနှောက်ကိုနှစ်ဇွန်းလောက်ခပ်ယူပြီးမှ
လူ့ဘဝလွှတ်လိုက်တာ
ဒါတွေ ဒင်းတို့ကသိတဲ့ကောင်တွေမဟုတ်ဘူး”
ဟား ဟား ဟား.....
စားပွဲထိုးတွေကပါ ဝိုင်းရယ်လိုက်ကြလို့
တစ်ခန်းလုံးအသံတွေလျှံပြီး အခန်းကြီးပွင့်သွားလေရဲ့
အလောင်းက
“ဟုတ်တယ် ဒီငနဲတွေက
အတုတွေကို လိုက်လိုက်တုနေရတဲ့ ငနဲတွေကွ
သူတို့မှာ အမှားအမှန် မလိုဘူး
သွေးပူနေတဲ့အချိန်မှာ ကိုက်မယ်
ပြီးတော့ လိုချင်တာအကုန်ပူဆာတတ်တဲ့ ကောင်တွေကွ”
သိလား ဟုတ်လား
အာလေးလျှာလေးနဲ့
အလောင်းရော သေခြင်းတရားပါ မူးနေကြပြီ
သေခြင်းတရားက မူးရင်သွေးဆိုးတယ်လေ
“ဘာလဲ မင်းကငါ့ကို ပူဆာတဲ့ကောင်လို့ပြောတာလား
ဟောဟိုမှာ ဝိညာဉ်ရှိတယ်
မင်းကဘာလဲ”
အဲဒီလိုကနေ သေခြင်းတရားနဲ့ အလောင်းရန်ဖြစ်ကြတယ်
အလောင်းက သေခြင်းတရားကို လက်သီးနဲ့ထိုးပစ်လိုက်တယ်
ရွှံ့စေးမြေပျော့ဖတ်ကြီးထဲ
သေခြင်းတရားထိုးကျသွားတယ်
အလောင်းက ရင့်ကျက်သူမျက်နှာနဲ့
သေခြင်းတရားကို လက်ပိုက်ပြီး စိမ်းစိမ်းကြည့်နေ
ဒီအချိန်မှာ ခေါင်းထဲကဝိညာဉ်ခုန်ထလာ
အရက်တစ်လုံးကို ဖောက်ပြီးသောက်
ဟေ့...
ဒါတွေအားလုံးဟာ
(ဒီအဖြစ်အပျက်အားလုံးကို ဆိုလိုချင်ဟန်)
သောကြာနေ့ကသောက်ထားတဲ့ လက်ကျန်အရက်တွေ
မဟုတ်ဘူးလို့ ပြောလိုက်တယ်။
အဲဒီအခါမှာ အလောင်းရော၊ သေခြင်းတရားပါ သေဆုံးသွားပါလေရော။ ။