မောင်ခေတ်ထွန်း - အိန္ဒိယပုံပြင်များ
နားလေး ဘိုလာရပ်
တစ်နေ့တွင် ဘိုလာရမ်ဟာ အလွန်ချောမောလှပတဲ့ မိန်းကလေး တစ်ယောက်ကို လက်ထပ်ယူလိုက်လေတယ်။ အလွန် ထူးဆန်း လှစွာ ဘိုလာရမ်ခမျာ နားမကြားရတော့ဘဲ အကြားအာရုံ ပျက်စီး သွားခဲ့ရရှာလေတယ်။ အစပထမတုန်းကတော့ နားနည်းနည်း လေးကြားရသေးပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ နားဟာ လုံးဝမကြားရတော့ဘူးတဲ့။ ဘိုလာရမ်ဟာ လူတွေပြောသမျှစကား ကို ဘာမျှမကြားရလို့ သူတို့ဘာတွေပြောနေတယ်ဆိုတာ မသိနိုင် တော့ဘူးဖြစ်သွားတယ်။ ဒီလိုနဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ သူဟာ လူတွေနဲ့ ဆက်ဆံပြောဆိုမှု ပြတ်သွားလေတယ်။
တစ်နေ့မှာ လူတစ်ယောက်ဟာ သူ့ဆီရောက်လာပြီး သူ့ ယောက္ခမကြီး နေထိုင်မကောင်းကြောင်း လာသတင်းပို့တယ်။ ဘိုလာရမ်က နားမကြားတာမို့ အဲဒီသူက စာနဲ့ရေးပြရတယ်။ အဲဒီ သတင်းသိရတော့ သူဟာ ယောက္ခမကြီးဆီသွားဖို့ ဆုံးဖြတ်လိုက် တယ်။ သူမသွားခဲ့ရင် လူတွေက သူ့ကို မာနကြီးတယ်လို့ ထင်သွားမှာ သူကစိုးရိမ်တယ်။ ဒါပေမဲ့ သူက နားမကြားတာမို့ ယောက္ခမကြီး နဲ့ ဘယ်လိုစကားပြောရပါ့ ဆိုပြီး စဉ်းစားရကျပ်သွားတယ်။ နောက်ဆုံးမှာ သူဟာ သူပြောလိုက်ရင် ယောက္ခမကြီးက ပြန်ဖြေ မယ့်စကားတွေကို စာရွက်ပေါ်မှာ ရေးချလိုက်တယ်။
သူက တွေးထင်ထားတာက သူက ယောက္ခမကြီးကို “အဖေ နေကောင်းရဲ့ လား”လို့မေးရင် ယောက္ခမကြီးက“ငါ... နေကောင်း သွားပါပြီ”လို့ ပြန်ဖြေမယ်။ အဲဒီနောက် သူက ယောက္ခမကြီးကို “အဖေ ဘာဆေးတွေစားလို့လဲ” လို့မေးလိုက်ရင် ယောက္ခမကြီးက သူစားတဲ့ဆေးအမည်ကို ပြောမယ်။ အဲဒီအခါ သူက “သိပ်ကောင်း တယ်။ ဒီဆေးဟာ အဖေ့အတွက်အကောင်းဆုံးပါပဲ”လို့ ပြန်ဖြေ လိုက်မယ်။ အဲဒီနောက်သူက “အဖေ့ကိုကြည့်ရှုပေးတာ ဘယ် ဆရာဝန်လဲ” လို့ မေးရင်တော့ ယောက္ခမကြီးက ဆရာဝန်နာမည် ကိုပြောတဲ့အခါ သူက “ဒီဆရာဝန်ဆိုရင် အဖေ့အတွက် အကောင်း ဆုံးပါပဲ”လို့ ပြောလိုက်မယ်လို့ဆိုကာ သူရေးခဲ့တဲ့မေးခွန်းတွေကို ကြည့်ပြီး ရွတ်ဆိုကာ အကျေနပ်ကြီး ကျေနပ်နေသတဲ့။
ဒီလိုနဲ့ သူဟာ ခရီးထွက်ဖို့ အဆင်သင့်ဖြစ်တာနဲ့ သူ့ယောက္ခမ ကြီးဆီ လာခဲ့လေတယ်။ သူဟာ ယောက္ခမကြီးဆီ ရောက်တာနဲ့ ကြိုတင်ရေးမှတ်ကျက်မှတ်ထားတဲ့အတိုင်း “ပထမဆုံးမေးခွန်းဖြစ်တဲ့
“အဖေ ... နေကောင်းရဲ့ လား”
လို့ မေးလိုက်တယ်။ သူမျှော် လင့်ထားတဲ့အဖြေဖြစ်တဲ့
“ငါနေကောင်းသွားပြီ”
လို့ ဖြေတဲ့အဖြေ မဟုတ်ဘဲ သူ့ယောက္ခမကြီးက
“ငါ သိပ်နေမကောင်းဘူး”
လို့ ပြော လိုက်တာကို သူက
“ဒီလိုကြားရတာ ကျွန်တော် သိပ်ဝမ်းသာတာပဲ”
လို့ ပြန်ပြောလိုက်လေတယ်။
သူ့ ယောက္ခမကြီးက သူ့စကားကြားရတော့ အတော်တုန်လှုပ် သွားတယ်။
သူက ဒုတိယမေးခွန်းဖြစ်တဲ့
“အဖေ ဘာဆေးတွေစားလို့လဲ”
လို့မေးလိုက်ပြန်တယ်။ ယောက္ခမကြီးက ဒေါပွပွနဲ့ သူမျှော်လင့် ထားတဲ့စကားမဟုတ်တဲ့
“အဆိပ်ကွ”
လို့ပြန်ပြောလိုက်တာကို ဘိုလာရမ်က ဆေးအမည်ပြောတာပဲထင်မှတ်ပြီး
“သိပ်ကောင်း တယ်။ ဒီဆေးဟာ အဖေ့အတွက် အကောင်းဆုံးပါပဲ”
လို့ ပြန်ပြော လိုက်လေတယ်။
အဲဒီစကားကြားရတော့ ယောက္ခမကြီးဟာ ဒေါသ ပိုကြီးလာ တယ်။ အသားတွေတဆတ်ဆတ်တုန်လာတယ်။ ဘိုလာရမလည်း တတိယမေးခွန်းကို မေးလိုက်ပြန်တယ်။
“အဖေ့ကို ကြည့်ရှုပေးတာ ဘယ်ဆရာဝန်လဲ”
ယောက္ခမကြီး လည်း ဘိုလာရမ်အပေါ် တော်တော်အချဉ်ပေါက်နေတဲ့အတွက် အရွဲ့တိုက်ပြီး
“သေမင်းဟေ့ ... သေမင်း”
လို့ ပြောလိုက်လေ တယ်။ ဘိုလာရမ်က သူ့ကို ဆရာဝန်အမည်ပြောလိုက်တယ်လို့ ထင်မှတ်ပြီး
“သူ့ကိုသာ အဖေ့ခန္ဓာကိုယ်ပုံအပ်လိုက်ပါ။ ရောဂါ အားလုံး ပြီးဆုံးသွားမှာပါ”
လို့ ပြောလိုက်လေတယ်။ ဒီအခါမှာတော့ ယောက္ခမကြီးဟာ သည်းခံနိုင်မှုအဆုံးစွန်ရောက်ပြီး ဒေါသအိုးပေါက်ကွဲသွားကာ ဘိုလာရမ်ရဲ့ ကုပ်ကို ကိုင် ဆွဲပြီး အိမ်အောက်သို့ ကန်ချနှင်ထုတ်လိုက်လေတော့တယ်။ ။
[Angel of Moral Stories, Book-3 093289 Deaf Bhola Ram]