Skip to product information
1 of 4

Other Websites

မိုးမိုး(အင်းလျား) - ပျောက်သောလမ်းမှာစမ်းတ၀ါး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

         သည်နေ့အဖို့တော့ ဘာပဲဖြစ်နေ နေ ကိုကို့ ကို စိတ်မကောက်ဘဲ နေမည်ဟု ကျွန်မ ဆုံးဖြတ်ထားသည်။ ဆုံးဖြတ်ထားသည့်အတိုင်း ဖြစ်စေရန်မူ အတော့်ကို ကြိုးစားနေရပါသည်။ ခါတိုင်းလိုသာ ဆိုလျှင် စိတ်ကောက်ရုံသာမက နှစ်ရက်လောက် စကားမပြောဘဲ နေမိပါလိမ့်မည်။ ။

         ကျွန်မသည် စိတ်ရှုပ်ရှုပ်နှင့်ခေါင်းမှဆံပင်ကိုပင် တအားဖွ၍ ကုတ်ပစ်လိုက်ချင်ပါသည်။ သို့သော် အချိန်တစ်နာရီကျော်ကြာအောင် စောင့်၍ အလှပြင် ဆိုင်တွင် ထုံးခဲ့ရသော သည်ဆံထုံးကို ဖျက် ပစ်၍ မဖြစ်ပါ။ ပြီး လူပုံ အလယ်မှာ မဟုတ်ပါလား။ မိတ်ကပ်ကို အစပ်အဟပ် တည့် အောင် အ တော် ကြိုးစား၍ လိမ့်ခဲ့ရသော ကျွန်မမျက်နှာသည်ပင် ချွေးသီးချွေးပေါက်များဖြင့် အဆီပြန်နေပါပြီ။ ကျွန်မ၏ ယောက်မလောင်းဖြစ်သူ ကိုကို ညီမလေးကို လှမ်းကြည့်လိုက်တော့လည်း မျက်နှာလေးငယ်ငယ်ဖြင့် စားပွဲတစ်နေရာတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ကျွန်မ သူငယ်ချင်းများကတော့ ဣန္ဒြေမပျက် စောင့်ဆိုင်းနေပါသည်။ သူတို့ဆာလောင်နေကြပေရော့မည်။ တကယ်တော့ ကျွန်မတို့၏ အစီအစဉ် ကို ညနေငါးနာရီတွင် စရန်ဖြစ်ပါ၏။ ယခု ခြောက်နာရီကျော်လာ ပါပြီ။ ကိုကို့ ကိုမူ အရိပ်အယောင်မျှ မမြင် ရသေး။

         ကိုကို သူငယ်ချင်းများက စိတ်ပူဟန်မပြဘဲ ကျွန်မကို နှစ်သိမ့်နေပါသည်။ ။

        “ကားပျက်နေတယ် ထင်ပါရဲ့”

         ကိုကြည်ဝင်းသည် သည်စကားကိုပင် ဆဋ္ဌမအကြိမ်မြောက် ထပ်ပြောပြန်ပါသည်။ လေးနာရီခန့်တွင် ကျွန်မနှင့် ကျွန်မသူငယ်ချင်း တစ်စုကို ကိုကို ကိုယ်တိုင် အဆောင်မှလာကြိုပြီး သည်နေရာကို ပို့ခဲ့ သည်။ လှမ်ဂျူးဟို တယ် ၏ မြက်ခင်းပြင်တွင် ကျွန်မတို့ ဧည့်ခံပွဲအတွက် စားပွဲကုလားထိုင်များ အဆင်သင့် ဖြစ်နေပါပြီ။ | ကိုကိုက “ကိုကိုအခုပြန်လာမယ် ခဏ လေး” ဟု ဆိုကာ သူငယ်ချင်း နှစ်ယောက်နှင့် ပြန်ထွက်သွားပါသည်။ သူငယ်ချင်း တစ်ယောက်ယောက်ကို သွားကြိုတာဖြစ်မှာပါပဲဟု ကျွန်မထင်လိုက်မိပါသည်။ တဖြည်းဖြည်းနှင့် လူစုံ လာပါသည်။ ကျွန်မတို့ လူများများ ဖိတ်ကြားမထားပါ။ ကိုကို့အရင်းနှီးဆုံး သူငယ်ချင်းများနှင့် ကျွန်မ၏ အရင်းနှီးဆုံးသူငယ်ချင်းများ အားလုံးပေါင်းမှ လေးဆယ်လောက်သာ ရှိပါ၏။ လူကြီးများ မပါပါ။ လူငယ်များချည်းသက်သက် ပျော်စေလိုသောသဘောဖြင့် ကျွန်မတို့ စီစဉ်ခဲ့ပါသည်။ ခုအတိုင်းဆိုလျှင် လူကြီးတွေမပါတာ တော်သေးရဲ့ ။ အထူးသဖြင့် မေမေတို့ ၊ ဒေါ်ကြီး တို့ မပါတာတော်သေးရဲ့ ဟု ကျွန်မတွေးမိသည်။ ကျွန်မ မေမေနှင့် ဒေါ်ကြီးသည် မနက်က ကျွန်မနှင့်ကိုကို တရားရုံးတွင် လက်ထပ်ရာ သို့သာ လိုက်ပါခဲ့ပြီး နေ့လယ်ရထားနှင့် ပဲခူးသို့ ပြန်သွားကြပါသည်။

        ကိုကို့မိဘများက နံနက်စာ ဧည့်ခံကျွေးမွေးလိုက်ပါသည်။ သည်ပွဲက ကျွန်မတို့ပွဲသက်သက် ဖြစ်သည်။ သည်မျှ အကျဉ်းရုံးပြီး စီစဉ်ထား ပါလျက် အဆင်မပြေအောင် လုပ်ရက် သော ကိုကို့ ကို ကျွန်မ စိတ်ဆိုးလှပါသည်။ သို့သော် သည်နေ့ သည်ရက်တွင် ကိုကို့ကို စိတ်မဆိုး စိတ်မကောက်ဘဲ နေဖြစ်အောင်နေမည်ဟု ကျွန်မ ကြိုတင် ဆုံးဖြတ်ထားခဲ့သည့် အတိုင်း ကျွန်မ စိတ်တင်း၍နေ ရသည်။

         သူဘယ်သွားတာလဲဟင် ကိုကြည်ဝင်း လှိုင်ကိုပြောစမ်းပါ။ ကိုကြည်ဝင်းကိုကြည့်ရတာ တစ်မျိုးပဲ၊ သူသွားတဲ့နေရာ သိတယ် မဟုတ်လား၊ သူကိစ္စ တစ်ခုခုနဲ့ ထွက်သွားတာ မဟုတ်လား၊ ပြောစမ်း ပါရှင့်”

        ကိုကြည်ဝင်းသည် ကျွန်မကို စောစောကပင် တစ်စုံတစ်ရာ ပြောသင့် မပြောသင့် စဉ်းစားနေဟန်တူပါသည်။ သူပြောသလို ကားပျက်နေ၍ မဟုတ်မှန်း သူသိပါသည်။ သူက စိတ်ရှုပ်ဟန် ခေါင်းကို ကုတ်လိုက်ပါသည်။

        ဒီကောင်လုပ်လိုက်ရင် ဒီအတိုင်းချည်းပဲ”

        သူ က အပြစ်တင်သလို ညည်းသလိုလို ပြောပြန်ပါသည်။ ကျွန်မ စိတ်မရှည်နိုင်တော့ပါ။ ကိုကို့သူငယ်ချင်းကိုပင် အော်ပစ် လိုက်ချင်လာပါသည်။

        “ဘာကိုလဲ ကိုကြည်ဝင်းရဲ့ ၊ သူ ဘာလုပ်တာလဲ” ကိုကြည်ဝင်းက ကျွန်မမျက်နှာကို မသက်မသာပြန်ကြည့်ရင်း “သူ သူ ငွေသွားရှာတာ” မြတ်စွာဘုရား ကျွန်မ သေသာ သေလိုက်ချင်ပါတော့သည်။ ငါးနာရီတွင် စရမည့် မင်္ဂလာပွဲအတွက် လေးနာရီခွဲမှ ငွေရှာရသတဲ့။ ကျွန်မ ရင်မှာ ပူသွားပါသည်။ ငွေများမရရင်တော့ ဒုက္ခပါပဲ။ သူငယ်ချင်းတွေ ရှေ့မှာ အရှက်ကွဲရလျှင် လဲသေလိုက်ဖို့သာ ကောင်းပါတော့သည်။ စောစောက သူ ပြန်မရောက်သေး၍ စိတ်ပူရသည်ထက် ယခု ငွေများ အဆင်မပြေခဲ့ရင် ဟူသော အတွေးက ကျွန်မကို ပို၍နှိပ်စက် နေပါပြီ။ လွန်ခဲ့သောအပတ်ကပင် မိတ်ဆွေတစ်ဦးဆီမှ ငွေလှည့်ထားကြောင်း၊ အဆင်ပြေလိမ့်မည် ဖြစ်ကြောင်း သူက ပြောပြခဲ့ပါသည်။ ကျွန်မလည်း နောက်ထပ် မမေးခဲ့ပါ။ သည်လောက်တော့ အဆင်ပြေအောင် သူ စီစဉ်လိမ့်မည်ဟု ကျွန်မ ယုံကြည်ခဲ့မိသည်။ ခုတော့ ခက်ချေပြီ။

          ကျွန်မ အပေါင်းအသင်းများဘက်သို့ ရဲရဲလှည့်မကြည့်ဝံ့ တော့ပါ။

          “ဆာတယ်ကွာ”

         အရေးထဲ သူငယ်ချင်းတစ်ယောက်က ထ အော်လိုက်သဖြင့် ကျွန်မက ဟန်ဆောင်၍ အနိုင်နိုင်ပြုံးပြရင်း

         “သည်းခံပါဦး သူငယ်ချင်းတို့ရာ၊ သူ သူ အရေးကြီးတဲ့ မိတ်ဆွေတစ်ယောက်ကို သွားကြိုနေလို့ပါနော်”

          “ဘယ်လိုလုပ်ရမလဲ ကိုကြည်ဝင်းတို့ရာ၊ တစ်ခုခု ကြံစမ်းပါဦး”

          ကျွန်မက ကိုကြည်ဝင်းဘက်သို့ လှည့်၍ တီးတိုးတိုင်ပင် ရပြန်ပါသည်။

          “လိမ္မော်ရည် အရင်ချပေးထားရအောင်”

           ကျွန်မတို့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်၍ စောင့်ဆိုင်းနေ ကြသော စားပွဲထိုးများကို လိမ္မော်ရည် ချခိုင်းလိုက်ရပါသည်။

          အစီအစဉ်က စကတည်းက လွဲရပါပြီ။ စားစရာချပြီးမှ လိမ္မော်ရည် ကို ဘေးမှ လိုက်ချပေးရန် ဖြစ်သည်။

          ဟင်းလျာအစီအစဉ်မှာ တရုတ်ထုံးစံဖြစ်သဖြင့် တစ်မျိုးပြီး တစ်မျိုးချသွားပြီး တစ်မျိုးပြီးလျှင် တစ်မျိုးသိမ်းသွားပေလိမ့်မည် ။ | သတို့သားမရှိပါဘဲ ကျွန်မတို့ပွဲကို ဘယ်လိုစရပါမည်နည်း။

         “ဟော လာပြီ လာပြီ”

          ကျွန်မရင်ထဲမှ ခံစားချက်ကို ပြောမပြတတ်တော့ပါ။ ရုတ်တရက် ကိုကို့ဆီပြေးပြီး ငိုချလိုက်ချင်မိပါသည်။ အရေးဆိုလျှင် မျက်ရည် အလွန်ကျလွယ်သော ကျွန်မအဖြစ်ကို မျက်တောင် တဖျတ်ဖျတ်ခတ်၍ ဟန်ဆောင်လိုက်ရပြီး ကိုကို့ကို ဆီးကြိုလိုက် ရသည်။ ကိုကိုလှမ်း၍ ဆုပ်ကိုင်လိုက်သော ကျွန်မလက်များသည် အေးစက်နေပါလိမ့်မည်။

         “အားလုံးကို တောင်းပန်ပါတယ်ဗျာ၊ လမ်းမှာကားပျက်နေလို့ ကြာသွားတယ်”

          ကိုကို ဣန္ဒြေမပျက် တောင်းပန်ရင်း သူ့နေရာမှာ ထိုင်ချ | လိုက်သဖြင့် ကျွန်မပါ ရောယောင် ထိုင်လိုက်ရသည်။ သို့ သော် ကျွန်မစိတ်ကဖြင့် မအေးလှသေးပါ။

          “အဆင်ပြေရဲ့လား ကိုကို” ကျွန်မ တီးတိုးမေးမိပါသည်။ “ဣန္ဒြေမပျက်ပါနဲ့ လှိုင်၊ အဆင်ပြေပါတယ်”

          ကိုကိုအပြောကို ဘဝင်မကျလှသော်လည်း အသာငြိမ်နေ လိုက်ရပါသည်။ တစ်ပွဲပြီး တစ်ပွဲချလာသော ဟင်းများကို ကျွန်မ မျိုမကျ တော့ပါ။ ကိုကို့ သူငယ်ချင်း တစ်ယောက်က ကျွန်မ လိမ္မော်ရည်ခွက်ထဲကို နောက်ပြောင်၍ ထည့်ပေးသော အရက် အနည်းငယ်ကိုပင် ကျွန်မ အမှတ်မဲ့ သောက်ချလိုက်ပါသည်။ ပြီးမှ မျက်နှာပျက်သွားသော ကျွန်မကို ကိုကိုကကြည့်ကာ ရယ်မောပါ လေသည်။

          "ရွှင်ရွှင်ပျပျနေစမ်းပါ လှိုင်ရာ၊ လာ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်မယ်”

          ကိုကိုကတော့ သူငယ်ချင်းတွေက တစ်ယောက်တစ်လက် ပိုင်းထည့်ပေးသော အရက်တန်ခိုးကြောင့်လားမသိ ရွှင်နေပါသည်။ ကျွန်မလက်ကို ဆွဲပြီး သူ ငယ်ချင်းများကို ရွှန်းရွှန်းဝေအောင် လိုက်နှုတ်ဆက်နေပါသည်။ ။

          “တို့တော့ ရုပ်ရှင်ကြည့်ပြီးမှပြန်မယ်”

          ကျွန်မသူငယ်ချင်းများက အကြပ်ကိုင်ကြသည်။ ကျွန်မတို့မှာ ဘော်ဒါဆောင် တစ်ခုတွင် စုနေ ကြသော သူငယ်ချင်းတစ်စုသာ ဖြစ်ကြပါသည်။ သည်ည သူတို့နှင့် ခွဲ၍ ကိုကိုနှင့် လိုက်သွားမည့် ကျွန်မကိုသူတို့က ကျီစယ်၍ ဆွဲထားလိုက်ကြသည်။ ကိုကိုက ဣန္ဒ မပျက် တဟဲဟဲရယ်ရင်း ။

          "သဘောပါဗျာ သဘောပါ၊ စားပြီးရင် ရုပ်ရှင်သွားကြတာပေါ့”

          “ဒီလိုဆို ကိုးနာရီခွဲပွဲ လက်မှတ်ဝယ်ခိုင်းလိုက်လေ၊ သမ္မတ ရုံမှာ၊ အားလုံး ဆယ့်နှစ်ယောက်ရှိတယ်”

          သူတို့က တကယ်ကြည့်မည်ပုံနှင့် ပြောလာရာ ကျွန်မရင်မှာ ထိတ်သွားရပြန်သည်။ ကိုကို ဘယ်လိုစီစဉ်ပါ့မလဲ။

         ကိုကိုက မြက်ခင်းအပြင်ဘက်သို့ ကျွန်မကို ဆွဲခေါ်ခဲ့ကာ မူးမူးနှင့်အန်နေသော သူ့သူငယ်ချင်း ကိုစိန်ဝင်းကို သွားခေါ်ရသည်။

“လှိုင်ကလဲ သိပ် ဣန္ဒြေပျက်တာပဲ၊ ဟေ့ကောင် စိန်ဝင်း | အမျိုးသမီးတွေက ရုပ်ရှင်ကြည့်ချင်တယ်တဲ့ ကွ၊ ဘယ်လို လုပ်ရ မလဲ”

          “ကြည့်ချင် ပြလိုက်ပေါ့ကွ” “ ဒါတော့ မင်းပြောမှလား၊ မင်းမှာ ငွေဘယ်လောက်ကျန်

          မင်းလုပ်ချင်တာ လုပ်စမ်းပါကွာ၊ ငါ့မှာ ကားဘီးအပို တစ်လုံးပါတယ်၊ ဟိုတယ်မှာ အပေါင်ထားခဲ့မယ်၊ ဒီမှာ နာရီလဲ ရှိတယ်ကွ၊ ဘာမှမပူနဲ့

          “တိုးတိုးပြောစမ်းပါ ကိုစိန်ဝင်းရယ်”

           မူးမူးနှင့် အော်နေသော ကိုစိန်ဝင်းကို ကျွန်မက တောင်းပန် ရပြန်ပါသည်။ ။

           ကိုကိုနှင့်ကျွန်မ အထဲကို ပြန်ဝင်လာကြသောအခါ သူငယ် ချင်း တစ်ချို့က ပြန်ရန် ဟန်ပြင်နေကြပါပြီ။

          "အလကားနောက်တာပါ မိလှိုင်ရာ၊ တို့ ရုပ်ရှင်မကြည့်ပါဘူး။ အဆောင်ကိုပဲပြန်ပို့တော့”

           “ကြည့်ချင်ရင်လဲ ရပါတယ်ဗျာ၊ ကားမောင်းပို့ရမယ့် ကောင်က မူးနေလို့၊ ဒါပေမယ့် နောက်ကားတစ်စီးတော့ ရှိပါသေးတယ်”

          “အို နေပါစေ သတို့သားကြီးရယ်၊ ကဲ မမူးတဲ့ကားနဲ့ ပဲ ကျွန်မတို့ကို ပြန်ပို့ပါနော်”

         သူငယ်ချင်းများကို နှစ်ခေါက်ခွဲ၍ ပြန်ပို့ရသည်။ မြို့ထဲမှ သူငယ်ချင်းများလည်း အလျှိုအလျှို ပြန်သွားကြပါသည်။ နောက်ဆုံးတော့ ကိုကို သူငယ်ချင်းတစ်စုနှင့် ကျွန်မတို့သာ ကျန်ခဲ့သည်။ ကျွန်မရင်ထဲမှာလည်း ခုမှပင် အေး၍ ပေါ့ပါးသွားပါသည်။

         “ကဲ ပြန်ကြပါစို့ လှိုင်” “ဘယ်ကိုပြန်ရမှာလဲ ကိုကိုရယ်”

         ကျွန်မက နွမ်းလျစိတ်ပျက်စွာပြောလိုက်မိပါသည်။ တကယ် တော့ ကျွန်မတို့၏ မင်္ဂလာဦးည အတွက် သီးသန့်နားခိုရာသည် မရှိပါချေ။ လွန်ခဲ့သော ခြောက်လခန့်ကပင် ကျွန်မတို့နှစ်ဦးနေရန် အတွက် အိမ်ရှာခဲ့ပါသည်။ စိတ်ကြိုက်အဆင်ပြေသည့် အိမ်ကို ရှာမတွေ့ခဲ့ပါ။ နောက်ဆုံး ကျွန်မတို့ကြိုက်သည့်အိမ်မှာ သည်လ ကုန်မှ အရင်လူတွေဆင်းမည်ဖြစ်ရာ ကျွန်မတို့ စောင့်ရဦးမည်။ အိမ်ရပြီးမှ လက်ထပ်လိုသော်လည်း ဗေဒင် အလိုအရ နေ့ ကောင်း ရက်သာကို ရွေးလိုက်ရသဖြင့် လောလောဆယ် အိမ်အခက်အခဲကိုကျွန်မတို့ ရင်ဆိုင်ရပါသည်။ ကိုကိုတို့အိမ်မှာ မြို့လယ် တိုက်ခန်း | ကျဉ်းလေးဖြစ်ပြီး အိမ်သားက များလှပါသည် ။ ကျွန်မမှာ ထိုအခန်း ကျဉ်းကလေးထဲတွင် သွားနေရမှာကိုတွေးပြီး အသက်ရှုကြပ်နေမိသည်။ ဖြစ်နိုင်လျှင် အမေတို့ရှိရာ ပဲခူးကိုပင် သွားနေလိုက်ချင် ပါသည်။ ကိုကို အလုပ်က ရန်ကုန်မှာမို့ သွားနေ၍မဖြစ်ပါ။ ပြီး ကျွန်မတို့မှာ ပျားရည်ဆမ်းခရီး ထွက်လောက်အောင်လည်း ငွေကြေး မပြည့်စုံပါချေ။ ကျွန်မမှာ ဘွဲ့ရအလုပ်လက်မဲ့တစ်ဦးသာ ဖြစ်ပါသည်။ ကိုကို လခ သုံးရာကျော်ကို အားကိုး၍ ကျွန်မ လက်ထပ်ခဲ့ပါပြီ။ ရှေ့တွင် မည်သို့သော အခက်အခဲများ ပေါ်လာဦးမည်မသိပါ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)