မိုးကျော်အောင် - သစ်စက်နှင့်အခြားကဗျာများ
အိပ်မွန်စုံဖွား လက်ဖက်ရည်ဆိုင်
ဥမင်လိုဏ်ခေါင်းထဲ
မီးရထားတစီး
ခုတ်မောင်းသွားနေဆဲ။
အိပ်ရေးမဝတဲ့အသံတွေ
ငိုက်မျဉ်းစရာကောင်းစွာ
လက်ဖက်ရည်၊ ကော်ဖီနဲ့
နွားနို့ပူပူများက
(မပြောဖြစ်သေးတဲ့
ဘာသာဗေဒတခုလို)
စောင့်စားနေကြပေါ့။
အဲဒီလူတစုရဲ့ စားပွဲမှာတော့
လက်ဖက်ရည်မရှိ
မုန့်မရှိ
ပတ္တာအိတ်မရှိ
လက်ပတ်နာရီမရှိ
နဂါးနီသီချင်းမရှိ
လမ်းပြအိမ်မြှောင်မရှိ
ခင်ဗျားတို့ထင်နေတဲ့
ရှိခြင်းတရားတွေလည်း မရှိ။
အာလူးစားသူများ
ဘယ်ခရီးသွားမှာလဲ...
ဘာစီးသွားမှာလဲ
ဥမင်လှိုဏ်ခေါင်းထဲ
မီးရထားတစီး
ခုတ်မောင်းသွားနေဆဲ..။ ။
၁၉၈၄။
သတိရခြင်းသက်ငြိမ်တချပ်
ခါတိုင်းလို..
ဆရာဆောင့်ပန်းချီကားထဲက
လှည်းလမ်းကြောင်းသေးသေးထဲမှာ
ဆိတ်တအုပ်သိမ်းလာပြီ။
သစ်စက်အလုပ်သမားတွေ
ထင်းစတွေကိုပြေးလွှားသယ်ကြ
ရွှံ့ပေနေတဲ့ ကလေးတွေက
စွန်ပြတ်တွေကို လုယက်
ဟိုးမှာ.. သစ်ခေါက်ခွာနေတဲ့ အပျိုမ
တွံတေးသိန်းတန်သီချင်းနဲ့
ခေါင်းတိုင်အိုက မီးခိုးဖြူတွေ...
လှည်းတစီး ဒုန်းမောင်းသွားတော့
ဖုန်မှုန့်တွေက ဖုံးလွှမ်းသွားပါတယ်။
အားလုံးက
ငါ့ကို သုည ဖြစ်စေပေါ့။
(အနှစ်နှစ်ဆယ်ကျော်
ကာလပေါ်ဓာတ်ပြားတချပ်လို..)
ကလေးငယ်ဘဝ
ကြည့်နေကျ မှန်တချပ်ကို သတိရ။
ပြောင်းလဲသွားတာက
ဒေါမနဿဝေဒနာတွေနဲ့
ဆူးကြဲဒဏ်ရာတွေသာ...
ငါသွေးကြောထဲမှာ။ ။
ပန်မဂ္ဂဇင်း၊ ၁၉၈၅။
မင်းဆင့်ဗန်ဂိုးည
အခုတော့
အဲသလိုညမျိုးမှာ
လမ်းသလားစရာ
မလိုတော့ပြီပေါ့။
နဂါးငွေ့တန်းနဲ့
ဖဲကြိုးနက်လမ်း
ငါ လွမ်းနေရမှာ။
နေ့ခင်းက
မင်းနင်းခဲ့တဲ့ မြက်ပင်လေးလို
ငါ့နှလုံးသားတွေကြေမွ
ကြက်သီးမွေးထလောက်အောင်
တိုးဝှေ့သွားတာ
ချစ်သူရဲ့ ရနံ့တွေလား။
ပိုးစုန်းကြူး၊ လမ်းဘေးဓာတ်တိုင်နဲ့
လစမ်းရိပ်တစဟာ
ဘဝဖြစ်ပါတယ်။
တခါက
သူဟာ ဒဂုန်တာရာရဲ့
“လောကအမွန်” ပန်းတပွင့်
မျှော်လင့်ခဲ့ရတယ်။
အိပ်မက်ပွင့်သစ်
နှင်းဆီထုံရစ်
ထာဝရအချစ်
ရင်မှာတွယ်ဖြစ်ပေါ့။
တကယ်
မျှော်လင့်ချက်ကုန်ဆုံးသွားပြီလားဟင်
ငါ မယုံချင်သေးဘူး။
(ရှုံးမှန်းသိရက်နဲ့
ရှုံးစာရင်းမကြည့်ရဲသလို)
ဘဝသေးသေးထဲမှာ
ချင်ခြင်းတွေမဆံ့မပြဲ
ဘယ်သူထည့်ခဲ့သလဲ။
ဟင့်အင်း
ဒူးထောက်အညံ့မခံချင်ဘူး
ဘဝနှစ်များစွာထဲ ပျော်နစ်
သစ္စာတရားကိုချစ်ဦးမယ်။
ညဟာ
ချစ်သူ “အာဆူလာ” ဆီသွား
ဗဂျီကျော် ဗင်းဆင့်ဗန်ဂိုး
ကြေကွဲရ.. ညမျိုးပါ။
မာန
သိက္ခာ
သစ္စာတရား
အချစ်စစ်
အလှသစ်နဲ့
တနေ့တော့တွေ့ရှိမှာ။
အို.. ကမ္ဘာယာဉ်
ညထဲမှာ.. အပြေးနှင်နေပြီလား
ကြယ်ဂြိုဟ်တွေနဲ့
သမိုင်းစဉ်ကြိုးတန်းပေါ်
လမ်းလျှောက်နေသရွေ့
ငါ့အချစ်ရှိနေမှာ...။
မီးကင်းသံလဲ့လဲ့
၁၂ ချက်
ခပ်သဲ့သဲ့ရယ်
ငါ့ရဲ့ သူမ
အိပ်မက်ထဲမှာ
သီချင်းတွေ ဆိုနေလောက်ပြီ။
မင်းနင်းခဲ့မြက်ပင်လေးလိုည
ရင်ထဲကညတည
ဗင်ဂိုးရဲ့ည
အခုတော့
အဲသလိုညမျိုးမှာ
လမ်းသလားစရာ
မလိုတော့ပြီပေါ့။
မြတ်လေးမဂ္ဂဇင်း၊ ၁၉၈၅။