Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

မအိ - ယောကျ်ားတို့အကြောင်း

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ယောက်ျားနဲ့အချစ်

           အရွယ်ရောက်ပြီး ယောက်ျားတစ်ဦးရဲ့ ဆန့်ကျင်ဘက်လိင်နဲ့ ပတ်သက်တဲ့ အချစ်ကိုသာ ဆွေးနွေးချင်ပါတယ်။ အမိအဖ၊ သားသမီး စတဲ့ လူတွေအပေါ်ထားတဲ့ ယောက်ျားတစ်ဦးရဲ့ အချစ်ဟာ ဒီကဏ္ဍမှာ ပါမယ်မဟုတ်ပါဘူး။ ဒါကြောင့် ဒီ ကဏ္ဍမှာပါတဲ့ အချစ်ဆိုတဲ့ ဝေါဟာရဟာ ယောက်ျားတွေရဲ့ ဆန့်ကျင်ဘက်လိင်အပေါ်မှာထားတဲ့ အချစ်ကိုသာ ဆိုလိုကြောင်း သတိချပ်စေချင်ပါတယ်။ နောက်တစ်ချက်ကတော့ အင်မတန် ကျယ်ဝန်းတဲ့အကြောင်းကို တတ်နိုင်သမျှ ချုံပြီး ဆွေးနွေးချင် တဲ့အတွက် ပြည့်စုံလုံလောက်ပြီလို့ မယူဆစေလိုပါ။ အစွန်း ထွက်ပြဿနာတွေ အများကြီး ရှိပါသေးတယ်။ ခြွင်းချက်ကိစ္စ တွေ အများကြီး ရှိပါသေးတယ်။ ယေဘုယျလောက်ကိုသာ ခြုံ ပြီး ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ်ချက်ကို ကြိုတင်သတိရှိ စေချင်ပါတယ်။

အသွင်သဏ္ဌာန်

           အချစ်ဆိုတာ မှန်ခဲ့ရင်တော့ ယောက်ျားနဲ့ မိန်းမဟာ အချစ် = အချစ် ဆိုပြီး အတူတူပါပဲ။ အသွင်သဏ္ဌာန် အမျိုး အစားအားဖြင့် ခွဲခြားမယ်ဆိုရင်တော့ ယောက်ျားအချစ်နဲ့ မိန်းမ အချစ်ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါလိမ့်မယ်။ အဲဒီအချစ်နှစ်မျိုး ဟာ သာမန်အားဖြင့် တူသယောင်ရှိပေမဲ့ လုံးဝကွဲပြားပါတယ်။ အရွယ်ရောက်လာပြီဆိုကတည်းက အချစ်ကို ရှာဖွေတတ်တာ ယောက်ျားတွေပါပဲ။ အဲဒီမှာ အချစ်ဆိုတာ လိုက်ရှာလို့ရသလား ဆိုတဲ့ မေးခွန်းတစ်ခု မေးစရာပေါ်လာပါတယ်။

           မဟောသဓာဟာ သူ့ရဲ့ အိမ်ထောင်ဖက်ကို ကိုယ်တိုင် လိုက်ရှာတာ လူတိုင်းသိမှာပါ။ အမရာကို တွေ့ပါတယ်။ ရပါတယ်။ အိမ်ထောင်ပြုလိုက်ပါတယ်။ မဟောသဓာမှာ အချစ် မရှိဘူးလို့ မပြောနိုင်ပါ။ မဟောသဓာဟာ အမရာကို မချစ် ဘဲနဲ့ လက်ထပ်လိုက်တာ မဟုတ်ပါဘူး။ သူလက်ထပ်ချင်တဲ့ မိန်းကလေးကို လိုက်ရှာရင်းနဲ့ တွေ့သွားတဲ့အချိန်ကျမှ အချစ် ဆိုတာ ဖြစ်သွားတာ ထင်ပါတယ်လို့ စောဒကတက်လို့ ရပါ သေးတယ်။

           ယောက်ျားတစ်ဦးမှာ အချစ်ဆိုတာ ဖြစ်ပေါ်ဖို့အတွက် သူရဲ့ စိတ်ဓာတ်နဲ့ အသိအာရုံမှာ ကြိုတင်ပြင်ဆင်ထားတာတွေ ရှိပါတယ်။ ဒါတွေကို သူကိုယ်တိုင်တောင် သိချင်မှ သိပါလိမ့် မယ်။ တကယ်တမ်းကျတော့ သူ့ရဲ့ မသိအာရုံထဲမှာကိုပဲ သူ လက်ခံနိုင်မယ့် မိန်းမတစ်ဦးရဲ့ အသွင်သဏ္ဌာန်အမျိုးမျိုးဟာ ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ဒီကိစ္စတစ်ချက်တည်းကိုပဲလေးလေးနက်နက် ဆက်ပြီး စဉ်းစားရမယ်ဆိုရင် ဘယ်လိုဖြစ် လို့ ကြိုတင်ပြဋ္ဌာန်းပြီးသား ဖြစ်ရတာလဲ ဆိုတာကို တွေးစရာ ဖြစ်ပါတယ်။

           လူတစ်ယောက်မှာ အတိတ်ဘဝကံတို့၊ ပါရမီတို့၊ ဖူးစာရေး နတ်တို့ကို ဖယ်လိုက်မယ်ဆိုရင်တော့ ဗီဇကနေ စပြောရတော့ မှာပဲ။ ဗီဇဆိုတာကိုတော့ ကြားဖြတ်ပြီး နည်းနည်းရှင်းချင်သေး တယ်။ ဗီဇဆိုတာ အလိုလိုဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ဘာကိစ္စကိုမဆို ပြုလုပ်ပါများရင် အလေ့အကျင့်လို ဖြစ်လာ ပါတယ်။ အကျင့်လို့လည်း လွယ်လွယ်ပြောတတ်ကြပါတယ်။ အဲဒီအလေ့အကျင့်ဟာလည်း ပြုပါများရင် ဝါသနာအဆင့်ကို ကူးပြောင်းသွားတတ်ကြပါတယ်။ အဲဒီဝါသနာကလည်း ပြုပါများလာရင် စရိုက်ဆိုတဲ့ အကျင့်ကို ကူးပြောင်းသွားပြန် ပါတယ်။ ဒါဟာ ဖြစ်တတ်တဲ့ ဖြစ်စဉ်သဘာဝကို ပြောကြတာပါ။ ဒီဖြစ်စဉ်မှာ တချို့ကလည်း မြန်မြန်အဆင့်တက်သွားပြီး တချို့ ကျတော့လည်း တစ်ဆင့်တက်ဖို့ အချိန်အတော်ယူတတ်ကြ ပါတယ်။

           အဆုံးသတ်ကိုပြောရရင် လူအမျိုးမျိုးမှာ စရိုက်အမျိုးမျိုး ရှိပါတယ်။ တစ်ဦးတည်းမှာကိုပဲ နေရာဌာနအလိုက် စရိုက်မျိုးစုံ ရှိနေပါတယ်။ အဲဒီစရိုက်ဆိုတာတွေဟာ လူတစ်ယောက် မွေး ဖွားလာပြီဆိုကတည်းက မွေးဗီဇအနေနဲ့ ပါလာပါတယ်။ မွေး ဗီဇစိတ်၊ မွေးဗီဇဉာဏ်၊ မွေးဗီဇစရိုက် အစရှိသဖြင့် နဂိုနေပါ ပြီး ဖြစ်ပါတယ်။ အဲဒီမှာလည်းပဲ တချို့က သိမ်မွေ့စွာ ပြဋ္ဌာန်း ပြီး တချို့က ထင်ရှားစွာ ပြတတ်ပါသေးတယ်။ တချို့ကတော့ သေးနုပ်ပြီး၊ တချို့ကတော့ ကြီးမားစွာ ပြဋ္ဌာန်းတာမျိုးလည်းရှိပါတယ်။ ဘယ်လိုပဲ ဘာတွေပဲ ပြဋ္ဌာန်းပြီး မွေးလာမွေးလာ၊ မွေးပြီးချိန် နောက်ပိုင်းကနေစပြီး ပတ်ဝန်းကျင်ကနေ ထပ်ပြီး သင်တော့တာပါပဲ။ ပတ်ဝန်းကျင်ဆိုတာ အမိအဖအပါအဝင် မိသားစုတွေ၊ ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ စာအုပ်ထဲကစာတွေ၊ အခြေအနေအပြောင်းအလဲ တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ အားလုံးပါတဲ့အပြင် တိရိစ္ဆာန် တွေ၊ သစ်ပင်တောတောင်တွေလည်း ပါဝင်ပါတယ်။

           ယောက်ျားလေးတစ်ယောက် အရွယ်ရောက်လာပြီးတဲ့အခါ မှာ (ဆိုကြပါစို့၊ ၁၆ နှစ်ပြည့်ပြီလို့ပဲ သတ်မှတ်ကြပါစို့) ဗီဇ စိတ်၊ ဗီဇဉာဏ်၊ ဗီဇစရိုက်တွေအပြင် ပတ်ဝန်းကျင်ကနေပြီး ၁၆နှစ်လုံးလုံး သင်ယူလေ့လာခဲ့တဲ့ ကြီးစိတ်၊ ကြီးဉာဏ်၊ ကြီး စရိုက်အမျိုးမျိုးကပါ ရောယှက်နေပြီး ဖြစ်တယ်။ ဒီနေရာမှာ တချို့မွေးဗီဇတွေက အားနည်းသွားတတ်တာတွေ ရှိသလို တချို့ မွေးဗီဇတွေက အားကောင်းလာတတ်တာတွေ ရှိပါတယ်။ ဒါတွေ ကို ထားလိုက်ပြီး မွေးဗီဇနဲ့ ကြီးဗီဇနှစ်ခု ပေါင်းပြီး ခြုံငုံပြီးတော့ စုပေါင်းစိတ် စုပေါင်းဉာဏ် စုပေါင်းစရိုက်လို့ပဲ သတ် မှတ်ကြပါစို့။ အဲဒီဟာတွေဟာ အဲဒီယောက်ျားမှာ ရောင်စုံခြယ် လှယ်ထားပြီးသား ဖြစ်ပါတယ်။ “ကြိုတင်ပြဋ္ဌာန်းပြီးသား” ဆို တဲ့ စကားလုံးအတွက် ဒီလောက်ဆိုရင် လုံလောက်မယ်လို့ ထင်ပါတယ်။ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်မှာ သူကြိုက်နှစ်သက်မယ့်၊ လက်ခံနိုင်မယ့် မိန်းမတစ်ဦးရဲ့ အနေ အထားကို သူ့ရဲ့ အသိအာရုံမှာပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ မသိအာရုံ မှာပဲဖြစ်ဖြစ် ကြိုတင်ပြဋ္ဌာန်းပြီးသား ရှိနေပါတယ်။ သူကိုယ် တိုင် သတိထားမိနိုင်တာတွေ ရှိနိုင်သလို သတိမထားမိနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီကြိုတင်ပြဋ္ဌာန်းထားတာတွေနဲ့ အံမဝင်ရင် သူက ငြင်းပယ်ပြီး ဖြစ်ပါလိမ့်မယ်။ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလေးအတွင်းမှာတင် အလိုအလျောက် ငြင်းပယ်ပြီးသား ဖြစ်သွားတာမျိုးပါ။ အထူးအားစိုက်နေရတဲ့ ကိစ္စမဟုတ် ပါဘူး။ သူ့ရဲ့ ဦးနှောက်ထဲက ကွန်ပျူတာကို ပြင်ပက တီထွင် ထားတဲ့ ဘယ်လောက်ဆန်းသစ်တဲ့ ကွန်ပျူတာဖြစ်ပါစေ မီနိုင် မယ်မထင်ပါဘူး။ တွက်ချက် ထုတ်ပြန်ပေးနိုင်မှုက သိပ်မြန်ဆန် လွန်းပါတယ်။

           ကြိုတင်ပြဋ္ဌာန်းပြီးသားဆိုရာမှာလည်း မိန်းမတစ်ဦးရဲ့ အသွင်သဏ္ဌာန်အနေအထားဟာ တစ်မျိုးမက အမျိုးမျိုးရှိကြောင်း ကိုလည်း ရှေ့အပိုင်းမှာ ဆိုခဲ့ပါတယ်။ ဘယ်လိုပုံသဏ္ဌာန် အနေအထားပါ ဆိုပြီးတော့ အတိအကျ သတ်သတ်မှတ်မှတ် မရှိပါဘူး။ အခြေခံအချက်အလက်တွေကို ကြိုတင်ပြဋ္ဌာန်းပြီးသား ရှိနေတတ်တာမျိုးပါ။ မဟောသဓာဟာ အမရာရဲ့ ပုံစံကို အတိအကျ မသိရှိနိုင်ခဲ့ပါဘူး။ အမရာဆိုတဲ့ မိန်းမတစ်ယောက် ဒီကမ္ဘာမှာ ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ အမရာ ဆိုတဲ့ မိန်းမကို လိုက်ရှာနေတာမျိုး မဟုတ်ပါဘူး။ အမရာလို မျိုး မိန်းမကို သူလိုက်ရှာခဲ့တာပါ။ အမရာမဟုတ်တဲ့ အမရာလို မျိုး မိန်းမတစ်ဦးနဲ့ တွေ့သွားရင်လည်း သူယူဖြစ်ရင် ဖြစ် သွားပါလိမ့်မယ်။ ဒီနေရာမှာတော့ တချို့က ရေစက်ဆိုတဲ့ စကားကို ဘယ်သွားထားမလဲလို့ စောဒကတက်ချင်ကြပါလိမ့် မယ်။ အဲဒီရေစက်ဆိုတာကိုတော့ နောက်များ ကြုံခဲ့ရင် သီး သန့်ပဲ ဆွေးနွေးချင်ပါတယ်။ ။

           ရှေ့ကအစပိုင်းမှာ အရွယ်ရောက်လာပြီဆိုကတည်းကအချစ်ကို ရှာဖွေတတ်တာ ယောက်ျားတွေပါပဲလို့ ဆိုခဲ့ပါတယ်။ အချစ်ဆိုတာကို ရှာဖွေလို့ ရသလားလို့လည်း စဉ်းစားစရာပါ။ မှန်ပါတယ်။ ရှာဖွေပါတယ်။ ဘယ်လိုမျိုး ရှာဖွေသလဲဆိုတော့ လေယာဉ်ပျံတွေကို ရေဒါနဲ့ ရှာဖွေသလိုမျိုးပါ။ သိစိတ်အပြည့် နဲ့ ရှာဖွေနေတာ ဖြစ်နိုင်သလို မသိစိတ်နဲ့ ရှာဖွေနေတာမျိုး လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရေဒါကိုလည်း အမြဲ တမ်း ဖွင့်ထားတတ်ပါတယ်။ အဲ အိပ်နေချိန်ကလွဲလို့ပေါ့လေ။ ရေဒါစက်ကွင်းထဲ ရောက်လာသမျှကို သူတို့ရဲ့ ဦးနှောက်ထဲ က စပါယ်ရှယ်ကွန်ပျူတာကနေ တွက်ချက်ပေးပါတယ်။ ကြို တင်ပြဋ္ဌာန်းပြီးသား မိန်းမတစ်ဦးရဲ့ အသွင်သဏ္ဌာန်တွေနဲ့ မကိုက်ညီဘူးဆိုရင် ချက်ချင်းဆိုသလိုပဲ မီးနီပြလိုက်ပါတယ်။

           ရန်ကုန်မြို့ထဲမှာသွားလာနေတဲ့ ယောက်ျားတစ်ယောက် အတွက် သူတို့ရဲ့ ရေဒါစက်ကွင်းထဲကို မိန်းမဦးရေ သောင်းနဲ့ ချီပြီး ရောက်သွားနိုင်ပါတယ်။ ဒါ တစ်ရက်တည်းမှာတင် ပြော တာပါ။ အဲဒီသောင်းနဲ့ချီတဲ့ အရေအတွက်ကိုလည်း တစ်ရက် တည်းမှာပဲ သူတို့ရဲ့ ဦးနှောက်ကွန်ပျူတာက တွက်ချက်ပေး နိုင်ပါတယ်။ တချို့က စက္ကန့်ပိုင်း၊ တချို့က မိနစ်ပိုင်းပဲ ကြာ လိုက်ပါတယ်။ ရေဒါစက်ကွင်းနဲ့ မမိလိုက်တာတွေလည်း အများကြီး ရှိပါတယ်။ အဲဒီရေဒါဟာ ယောက်ျားလေးတစ် ယောက်ရဲ့ ဘယ်နေရာမှာ ထည့်ထားသလဲဆိုတော့ နဖူးရဲ့ အောက်၊ နှာခေါင်းရဲ့ ဘယ်ညာ တစ်ဖက်တစ်ချက်စီမှာ တပ် ထားပါတယ်။ နားထင်ဘေးနှစ်ဖက်ရဲ့ အောက်နားမှာလည်း တပ်ထားပါတယ်။ ကျန်သေးတဲ့ ရေဒါလေးမျိုး ရှိပါသေး တယ်။ ထားပါတော့။ ပထမဆုံး ရေဒါကသာလျှင် ဒီဆွေးနွေးခန်းမှာ အကျုံးဝင်တာမို့ အဲဒီရေဒါတစ်မျိုးတည်းကိုပဲ သတ် မှတ်ကြပါစို့ ။

           ယောက်ျားလေးတွေဟာ အဲဒီရေဒါကနေ ဘယ်သူမှ မသိတဲ့ ရှာဖွေရောင်ခြည်တစ်မျိုးကို လွှတ်ထားတတ်တယ်။ ကွန်ပျူတာထဲက ကြိုတင်ပြဋ္ဌာန်းပြီးသား ဒေတာတွေနဲ့ ကိုက် ညီပြီဆိုရင်တော့ ရောင်စုံမီးတွေ လင်းလက်လာပါတယ်။ အချက် ပေးဥသြသံရှည်တွေလည်း ဆွဲပါတယ်။ အနည်းငယ်သာ ကိုက် ညီတယ်ဆိုရင်လည်း ဘယ်လောက်ဖိုးပဲ ကိုက်ညီတယ်ဆိုတဲ့ အကြောင်း ထုတ်ပြန်ပေးပါတယ်။ ဒါပေမဲ့ အဲဒီထုတ်ပြန်ချက် ဟာလည်း ခန့်မှန်းချက်ပါပဲ။ အတိအကျကိုတော့ နောက်ပိုင်း ကျမှပဲ ထုတ်ပြန်ပေးပါတယ်။ အကယ်၍ ရှာဖွေရောင်ခြည်က ရှာဖွေတွေ့ရှိတာဟာ အနည်းငယ် ကိုက်ညီပေမဲ့ အန္တရာယ်ရှိ တယ်ဆိုရင်လည်း အန္တ ရာယ်ဥဩသံရှည်တစ်မျိုးကို ဆွဲပါတယ်။ မီးနီနှစ်လုံးလင်းပြပါတယ်။ သိပ်ကို အန္တရာယ်ကြီးလာရင် မီးနီသုံးလုံး လင်းပြပါတယ်။ ပြေးဖို့အချက်ပြတာပါ။ မလွတ် ဘူးဆိုရင် သေပြီသာမှတ်ဆိုတဲ့ သဘောပါပဲ။ ကြုံလို့ ရယ်စရာပြောတာပါ။

           ဒေတာတော်တော်များများနဲ့ ကိုက်ညီပြီး အန္တရာယ်လည်း ကင်းတယ်ဆိုရင် ရောင်စုံမီးတွေ လင်းလာပါတယ်။ ဥသြသံ ရှည်လည်း ဆွဲပါတယ်။ အဲဒီမှာ ယောက်ျားတစ်ယောက်ရဲ့ အချစ်ဆိုတာ ဖြစ်ပေါ်တော့တာပါပဲ။ ဒါပေမဲ့ အမြုတေအချစ် ကလေးသာသာပဲ ရှိပါသေးတယ်။ ကျန်သေးတဲ့ ဒေတာတွေ နဲ့ ထပ်ပြီး ကိုက်ညှိပါသေးတယ်။ ကိုက်ညီရင် မီးစိမ်းတစ်ပွင့် ပြပါတယ်။ ဥဩသံရှည်ကလည်း မရပ်ဘဲ ဆက်ဆွဲပါတယ်။