မဟာဆွေ - အင်္ကျီပါး
အခန်း (၁)
ပြည်လမ်း အနောက်ဘက်ရှိ တစ်ခုသော ဝင်းခြံကြီးကား ၈ လက်မ ပတ်လည်ခန့် ကွန်ကရစ် အုတ်တိုင်များ၊ ကြေးနန်းဆူးခက်များ ၄ တန်း တန်းကာပြီးလျှင် ၇ ပေခန့်ခြားသော အုတ်တိုင်များကြားတွင် လူ့ရင်ခေါင်း ခန့်မြင့်သော သစ်ပင်ငယ်လေးများ စိုက်ထား၏။ အဖျားကို မာလီကုလားများ ညှိကိုက်ထားသဖြင့် ကြည့်ရှုတင့်တယ်၏။ မော်တော်ကားတစ်စင်း ချောင်ချောင်ကလေး ဝင်နိုင်သော တံခါးမအပေါက်ကြီးနှစ်ပေါက်ကား ပြည်လမ်း ဘက် မြောက်ဘက်စွန်၌တစ်ပေါက်၊ တောင်ဘက်စွန်၌ တစ်ပေါက် ဝင်ပေါက်ထွက်ပေါက် လုပ်ထား၏။ တစ်ပေပတ်လည်ခန့် တံခါးတိုင်ဖြစ်သော အုတ်တိုင်တွင် “ဝတ်လုံဦးထွေးမောင်” ဟု အင်္ဂလိပ် မြန်မာ နှစ်ဘာသာ ဖြင့် ရေးထိုးထားသော ကြေးဆိုင်းဘုတ်တစ်ခုရှိ၏။
ပြည်လမ်းဘက်မှ ခြံစည်းရိုးကို ကျော်၍ကြည့်လျှင် ဆင်ဝင်နှင့်တကွ အတော်ကျယ်ဝန်းသော နှစ်ထပ်တိုက်ဝါကြီး၊ အစေခံတန်းလျား၊ အဝီစိ တွင်းစုပ်တင်သိုလှောင်ထားသော ရေတိုင်ကီတို့ကို မြင်ရမည် ဖြစ်၏။ အချိန် ကား နံနက် ၁၁ နာရီသာသာဖြစ်ရာ တိမ်တိုက်များသည် နေမင်းကို ဖော်ထုတ် လိုက်၊ ဖုံးလွှမ်းထားလိုက်ဖြင့် သူတို့ချင်း ကလိချင်သလို ကလိနေကြ၏။
ထိုအတွင်း ရှားရောင် ဆလွန်းကားကြီးတစ်စင်းသည် ဦးထွေးမောင်၏ ဝင်းခြံထဲသို့ ဟွန်းသံတစ်ချက်ပေး၍ ဝင်ရောက်လာကာ ဆင်ဝင်အောက် တွင် ထိုး၍ရပ်လေ၏။ တိုက်အတွင်း ဆင်ဝင်ပေါက်မှ ဖြူဖြူတုတ်တုတ် မျက်မှန်နှင့် အသက် ၄၅ နှစ်ခန့် မိန်းမကြီးတစ်ယောက်နှင့် အသက် ၅ဝ ခန့် အသားလတ်လတ် စပို့ရှပ်စွပ်ကျယ် မရမ်းကျူထရံလုံကွင်းနှင့် ဗိုက်စူစူ နှင့် လူကြီးတစ်ယောက်တို့ ဆီးကြိုကြရာ၊ ကားထဲမှ အသက် ၅၀ ခန့် ပဝါအုပ်ပေါင်းနှင့် လူကြီးတစ်ယောက် အသက် ၄၆-၄၇ နှစ်ခန့် အသား လတ်လတ် မိန်းမကြီးတစ်ယောက်နှင့် အသက် ၂၄ နှစ်ခန့် ရုပ်ရည်သနား ကမား လူငယ်တစ်ယောက် ဆင်းလာကြ၏။
“ကဲ... ကဲ လာကြ အထဲကို”
ဟု လူကြီးက ပြောကာ ဧည့်ခန်းသို့ ခေါ်ဆောင်သွားလေ၏။ တင်ပါး တစ်ဝက်မြုပ်သော ဆိုဖာများပေါ်တွင် ထိုင်မိကြလျှင် ဧည့်သည်လူကြီးက အိမ်ရှင်နှစ်ဦးအား ကြည့်ကာ..
“မေရီကော ဘယ်သွားသလဲ”
“သူ့ သူငယ်ချင်းမတစ်ယောက်နဲ့ ဈေးလိုက်သွားတယ်။ ကိုညွန့်မောင် တို့ အလည်လာလိမ့်မယ်ပြောတော့ သူကတိပေးထားပြီးပြီတဲ့။ ဒါပေမဲ့ မြန်မြန်ပြန်လာပါ့မယ်ဆိုပြီး လိုက်သွားတယ်” ။
အိမ်ရှင် ဦးထွေးမောင်နှင့် ဧည့်သည်ဦးညွန့်မောင်တို့မှာ ကျောင်းနေ ဖက် သူငယ်ချင်းများဖြစ်၍ ဘိလပ်သို့ ဝတ်လုံပညာသင်သွားကြရာ၌လည်း အတူတူ၊ ပြန်လာသောအခါလည်း အတူတူဖြစ်၏။ သို့ရာတွင် ဦးညွန့်မောင် မှာ အမှုလိုက်သည်မရှိ။ လယ်ဧက ၃ဝဝဝ ကျော်မှထွက်သော စပါး၊ ဘဏ်တိုးများဖြင့် အေးအေးချမ်းချမ်းနေသူဖြစ်ရာ၊ ဦးထွေးမောင်မှာ ဝတ်လုံ အလုပ်နှင့် နာမည်ကြီး၍ ဝင်ငွေကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။
ဦးညွန့်မောင်မှာ ဝတ်လုံပညာ သင်ကြားအောင်မြင်ပြီးနောက် ဘိလပ်မှ ပူပူနွေးနွေးရောက်လာသော သားတစ်ယောက်ရှိ၏။ နှစ်ဖက်မိဘတို့သည် ဦးညွန့်မောင်၏သား ဘိလပ်ပြန်ဝတ်လုံ ပေါက်စ တင်မောင်ညွန့်နှင့် ဦးထွေးမောင်၏သမီး ကွန့်ဗင်သီလရှင်ကျောင်းထွက် မေရီတို့ကို လက်ထပ် ရန် ညှိနှိုင်းထားသူများ ဖြစ်၏။ တင်မောင်ညွန့်မှာ တက္ကသိုလ်နိုင်ငံရေး နယ်ပယ်ထဲတွင် ပါဝင်ခဲ့သူဖြစ်သဖြင့် နေရာတိုင်း မိဘဩဇာ နာခံမည်မဟုတ်။
မေရီမှာလည်း ဘိုကျောင်းထွက် ဆတ်ဆတ်ကြဲဖြစ်သဖြင့် သူထင်ရာလုပ်မည့် ကလေးမဖြစ်၏။
ဦးထွေးမောင်သည် သူ၏သမီး အင်္ဂလိပ်စာကို ပိုမိုတတ်အောင် ကိုယ် ထူးကိုယ်ချွန်စိတ်ရှိအောင်ဟု မေရီကို ၇ နှစ်သမီးက ကျောင်းအိပ်ကျောင်း စား ပို့လွှတ်သင်ကြားရာ ၁၅ နှစ်သမီးတွင် ဘာသာရေးဘက် ချို့ယွင်းခြင်း၊ မြန်မာစကားကို ကောင်းစွာ မပြောတတ်ခြင်းတို့ကြောင့် နေ့ကျောင်းသူ အဖြစ်ကျောင်းတက်စေပြီး မေရီ ၁၉ နှစ်အရွယ် ၁ဝ တန်းအအောင်တွင် ကျောင်းနုတ် ထားခြင်း ဖြစ်၏။
လူကြီးများမှာ လူငယ်နှစ်ဦးအား ငယ်စဉ်ကရင်းနှီးခဲ့ခြင်းမရှိ၊ မေရီ ၁၅ နှစ်အရွယ် နေ့ကျောင်းသူ ဖြစ်သောအခါ တင်မောင်ညွန့် ဘိလပ်သွား နေခြင်းတို့ကြောင့် သူစိမ်းပြင်ပြင်ကဲ့သို့ ဖြစ်ရှိနေရာ သူတို့နှစ်ဦး စိတ်တူ ကိုယ်တူ ဖြစ်သွားအောင် ခဏခဏ တွေ့ဆုံပေးလိုသော ဆန္ဒရှိသည် အတိုင်း ရိုးရိုးအလည်လာသည့်သဘောနှင့် ခေါ်ယူခဲ့ခြင်း ဖြစ်လေ၏။
ဧည့်ခန် ဘိုင်အချို့တွင်၊ နံရံများတွင် ဓာတ်ပုံများ အရုပ်ကားများဆွဲ၍ ထား၏။ တင်မောင်ညွန့်မှာ တက္ကသိုလ်ကျောင်းသားဘဝကလည်း ဤ အခန်းတွင် ရောက်ဖူး၏။ သေသေချာချာ မကြည့်ခဲ့။ ယခုလည်း တမင် လိုက်လံကြည့်ရှုချင်စိတ် ရှိသော်လည်း မထဝံ့ဘဲ ဣန္ဒြေရရနှင့် ထိုင်နေ၏။ လူကြီးလူကောင်းမည်သည် သူများအိမ်တွင် ဣန္ဒြေရရ ထိုင်နေရမည်ဖြစ် ၏။ တောသား အရိုင်းအစိုင်းကဲ့သို့ ကိုယ်မမြင်ဖူးတိုင်း လှည့်လည် ကြည့်ရှု ရန်မသင့်။ မသကာလျှင် အိမ်ရှင့်အလစ်တွင် ချောင်းကြည့်ရမည်ဖြစ်၏။
တင်မောင်ညွန့် မျက်စိကစားမိသည့်ပုံကား နံရံတစ်ခုရှိ ပန်းချီပုံတစ်ပုံ နှင့် ပန်းချီပုံအောက်ရှိ အခြားပုံတစ်ပုံ ဖြစ်၏။ အကင်းပါးသော ဦးထွေး မောင်သည် တင်မောင်ညွန့်အား ပြုံးချိုစွာ ကြည့်လိုက်ကာ...
“အဲဒါ ပန်းချီဆရာတစ်ယောက် စိတ်ကူးနဲ့ဆွဲပြီး လာရောင်းလို့ ငွေ ၂၅ ကျပ်ပေးဝယ်လိုက်တဲ့ ပုံပေါ့ကွယ်။ အလောင်းဘုရားထံ ဂျွန်ဘေကာ ခစားနေတဲ့ပုံ။ ဇာတိမာန် တက်ကြွဖွယ်ပေါ့။ ထ ကြည့်စမ်း လာလေ”
ဟု ခေါ်သွားရာ တင်မောင်ညွန့်နေရာမှ ထ၍သွားလေ၏။ ဦးထွေး မောင်သည် အလောင်းဘုရား၏ပုံကို အမွှမ်းတင်ပြောဆိုနေသော်လည်းအလောင်းဘုရားပုံအောက်က မေရီ၏ပုံကို တင်မောင်ညွန့်မကြည့်ဘဲနေမည် မဟုတ်ဟု တွေးတောပြီး ဖြစ်၏။
တင်မောင်ညွန့်ကား အလောင်းဘုရား ဓားဝင့်လျက် ပလ္လင်ပေါ်တွင်ရှိ ရာ အင်္ဂလိပ်လူမျိုးတစ်ယောက် ဒူးတုပ် လက်ယှက် ခစားနေပုံကို ကြည့်ရှု၏။
ထိုပုံထက် အောက်ကပုံကို အချိန်ကြာမြင့်စွာ ကြည့်ရှု၏။ အောက်က ပုံတွင် မြန်မာအဝတ်အစား အချိတ်လုံကွင်း ပန်းနုရောင် ပိုးရင်ဖုံးအင်္ကျီ ဘီးဆံပတ်ဆံထုံး စိန်သီး စိန်လက်ကောက်စသော လက်ဝတ်လက်စား အပြည့်အစုံနှင့် ခုံပေါ်တွင် ဒူးတုပ်ကာ လက်တစ်ဖက်က ခုံငယ်ပိုင်းနှစ်ထပ် ပေါ်ထောက်ထား၏။ ရောင်စုံ ၂၄ လက်မ ချဲ့ထားသောပုံဖြစ်သဖြင့် ကျန်းမာ သန်စွမ်း၍ ကိုယ်လုံးကိုယ်ပေါက် အချိုးအဆက်ပြေပြစ်သောပုံဖြစ်၏။
မျက်လုံးကလေးမှာ သေးသေးမျှင်မျှင် ဖြစ်ရာ တင်မောင်ညွန့်သည် ထိုကဲ့သို့ ပြုပြင်ထားသော မျက်ခုံးမွေးကို မကြိုက်သော်လည်း ကော့တက် နေသော မျက်တောင်အတွင်းက ကြည်လင်သော မျက်လုံး၊ ပြုံး၍နီထွေး နေသော မေရီ၏နှုတ်ခမ်းကလေးကိုကား နှစ်ခြိုက်နေ၏။ မေရီ၏တစ်ကိုယ် လုံးကို ခြုံ၍ ကြည့်သောအခါ ချစ်စရာကောင်းသည်ဟု ဆုံးဖြတ်၏။
လူကြီးလူကောင်းမည်သည်မှာ ဘာမဆို ဣန္ဒြေမဲ့စွာ ကြာကြာကြည့် လျှင်မကောင်းဟု မျက်စိကို အနိုင်နိုင်လွှဲလျက် ဆိုဖာများရှိရာ စားပွဲဆီသို့ ပြန်ရောက်လာ၏။ တင်မောင်ညွန့်မိခင် ဒေါ်မေမေတင်က... ။
“အဲဒါ မေရီပေါ့ သားရဲ့။ ဘယ်လောက်ချောတဲ့ မိန်းမလဲ။ မျက်နှာ ကလေးချောတာထက် ကိုယ်လုံးကိုယ်ပေါက်အလှက ကပြားမလေးကလေး တွေထဲမှာကို သူတို့နှစ်က သူပထမရခဲ့တာပေါ့ကွဲ”
“ကိုယ်လုံး ကိုယ်ပေါက်တော့ တင်မောင်ညွန့်ထက်တောင် နည်းနည်း ဖွံ့လိမ့်မယ် ထင်တယ်။ အရပ်အမောင်းလည်း တင်မောင်ညွန့်က တစ်လက်မ လောက်ပဲ မြင့်တယ်”
“ဟင် သူ ၅ ပေ ၄ လက်မတောင်မြင့်သလား။ ကျွန်တော် ၅ ပေ ၅ လက်မ ရှိတယ်” ။
တင်မောင်ညွန့်သည် မိန်းကလေးတစ်ယောက်၏ ကာယဗလက မိမိ ထက်သန်မာဖွံ့ဖြိုးသည်ဟု ကြားရသဖြင့် အတော်တွေးရှက်သွား၏။
ကျောင်းသားဘဝက စာကုန်းကြိုးစား၊ လက်သီးလက်မောင်းတန်းကာ ဒါတို့ပြည် ဒါတို့မြေဟု သီချင်းအော်ဟစ်ဆိုခဲ့သော်လည်း ကစားခုန်စားပေး ပွဲများတွင် မပါဝင်ခဲ့မိချေ။ မည်သည့်မိဘမဆို သန်မာတောင့်တင်းသော သားသမီးများနှင့် ဂုဏ်ယူလိုကြ၏။ မေရီမှာ ဂုဏ်ယူနိုင်သော အဆင့် အတန်း ရောက်နေ၏။ ရှူနာရှိုက်ကုန်းမကလေးမဟုတ်။ ပါးသနပ်ခါးဖွေး ပြီး ပေါင်သေးကြောင်း အစားတွေနှင့်လည်း ကွာချင်တိုင်း ကွာနေသူ ဖြစ်၏။
“သူ မြန်မာစကား ကောင်းကောင်းပြောတတ်ပါ့ မလား ဒေါ်ဒေါ်။ သူတို့ကျောင်းထွက်တွေက ဘဲဥမှည့်သလား။ လိမ္မော်သီးဖွင့်ပေးပါ။ ငှက် လင်မယား သစ်ပင်ပေါ်မှာ ထိုင်နေသည်တို့ အဲသလို ပြောတတ်ကြတာပဲ”
“ဒါတွေ အရင်ကတော့ ပြောတာပေါ့ကွဲ။ ခုတော့ပျောက်သွားပါပြီ။ တော်တော် ရေရေလည်လည် ပြောတတ်ပါပြီ။ သူတစ်ခါပြောတဲ့စကား ဝိုင်းရယ်ကြကတည်းက စိတ်လည်းဆိုး ရှက်လည်းရှက်ပြီး အတော်ကြိုးစား သင်လိုက်တာ ဒေါ်ဒေါ်တောင် သူ့ကို စကားနိုင်အောင် မပြောနိုင်ဘူး”
ဦးထွေးမောင်၏ဇနီး ဒေါ်သင်းသင်းကြူ သည် ငယ်ငယ်တုန်းက ချော ခဲ့သည်ဟု သက်သေခံသော မျက်လုံးမျက်ခုံးချီကာ သမက်လောင်းအား ပြုံး၍ နားထောင်နေရာမှ ဦးညွန့်မောင်က
“မေရီ ရှက်သွားတဲ့ သင်ခန်းစာကလေး ပြန်ပြောပါဦး မသင်းကြူရဲ့”
“ဒီလိုကွဲ။ မေရီကို ကျောင်းအိပ်ကျောင်းစားဘဝက ထုတ်လာတဲ့ ညနေ ချိန်မှာ ဒေါ်ဒေါ်ကလည်း နေမကောင်းလို့ ငါးကင်နဲ့ ထမင်းစားမယ် လို့ပြောထားတာကိုး။ မေရီ ငါးတွေ သူတို့လုပ် မပြီးသေးဘူးလား။ ကြည့်ချေ စမ်းဆိုပြီး စိတ်မချတာနဲ့ ဒေါ်ဒေါ်လိုက်သွားတာကို။ မာမီ ငါးတွေ အကုန် လုံး ရေချိုးပြီးပြီ။ မီးလှုံထားလိုက်တယ် လို့ခပ်ကျယ်ကျယ်အပြော ဝိုင်းရယ် ကြတာပေါ့”
ဒေါ်သင်းကြူ၏ စကားအဆုံးလျှင် အားလုံးဝိုင်းရယ်ကြပြန်၏။ ထိုအခိုက် ကားဟွန်းသံ တစ်ချက်ကြားပြီးလျှင် မီးခိုးရောင် ဆလွန်းကား ကြီးတစ်စင်း ဝင်လာကာ ဆင်ဝင်ရှေ့တွင် ရပ်လေ၏။ ကားပေါ်မှ အသက် ၁၉ နှစ်ခန့် မိုးကြိုးရောင်ဘန်ဖောက်လုံကွင်း ခုံမြင့်ကြိုးထိုးရှူးဖိနပ် အပါးဆုံး ပဒုမ္မာအကျီနှင့် မိန်းမပျိုတစ်ယောက် ဆင်းလာ၏။ သူ၏နှုတ်ဖျားမှ “မာမီရေ” ဟုခေါ်ကာ တိုက်ပေါ်တက်ပြေးမည်အလုပ် ဒေါ်သင်းကြူက “ဟဲ့... မေရီ ဒီကိုလာလေ” ဟုခေါ်လိုက်သဖြင့် ဧည့်ခန်းသို့ ခြေလှမ်းကြဲကြီးဖြင့် ဝင်လာ၏ ။
“ဒီမယ် တင်မောင်ညွန့်လေ မေမေတို့ပြောတဲ့ တင်မောင်ညွန့်”
“အို.. တင်မောင်ညွန့်လား”
ဟု မေရီသည် တင်မောင်ညွန့်ရှိရာသို့လျှောက်သွားကာ လက်ကလေး လှမ်းလင့်၏။ တင်မောင်ညွန့်လည်း နေရာမှထကာ မေရီ၏လက်ကို ဆွဲကိုင် ပြီးလျှင် ဘိုထုံးစံအတိုင်း နှုတ်ဆက်လေ၏။ ထို့နောက် မေရီသည် သူ့မိခင် အနီးရှိ ဆိုဖာအလွတ်တစ်ခုတွင် ထိုင်လေ၏။
တင်မောင်ညွန့်ကား ခါးသေးရင်ချီ တင်ကားကားလုံးကျစ်ကျစ် စသော ပြေပြစ်သည့် အချိုးအစားကို အထူးနှစ်သက်သဘောကျသွား၏။ သို့ရာတွင် ပါးလှသော ပဒုမ္မာအသားပေါ်အင်္ကျီ ဇာဘော်လီလည်ဟိုက်ဘေး တွင်လည်း ချက်နားရောက်လုအောင် ဟိုက်ထားလျက် ကျောဘက်တွင် လက်တစ်ဝါးခန့်သာရှိလေရာ ရင်သားတစ်ခြမ်း နီးနီးပေါ်နေ၏။ ထိုကဲ့သို့ အင်္ကျီပါးဝတ်ခြင်းကိုကား အတော်မနှစ်သက်သော်လည်း ဧည့်သည်ပီပီ ငြိမ်နေ၏။
ပုထုဇဉ် သဘာဝအင်္ကျီပါးဝတ်ခြင်းကို မနှစ်သက်သော်လည်း တောင့်တင်းသော လက်မောင်းအိုး ဗြက်ကျယ်သောရင် မို့မောက်သော ရင်သားများကိုကား မကြည့်ဘဲ မနေနိုင်။ မကြာခဏ တိတ်တိတ်ခိုးကြည့် မိ၏။
“မေရီ တင်မောင်ညွန့်ကို လူကြီးတဲ့အခါ အို... ဆောရီး လူလား မြောက်တဲ့အခါ မတွေ့ဖူးဘူးနော်။ မာမီတို့ ဘာပြုလို့ မိတ်ဆွေလုပ်မပေး သလဲ။ စောစောက မိတ်ဆွေဖြစ်ရင် အလွန်ကောင်းမှာပဲ”
“ဘယ်တွေ့မလဲ။ မေရီ ကျောင်းအိပ်ကျောင်းစားက ထွက်လာတော့ တင်မောင်ညွန့်က ဘိလပ်သွားနေတာကိုး အခုမိတ်ဆွေတွေ ဖြစ်ကြပြီလေ”
“ဦးကြီးနဲ့ ဒက်ဒီ အလွန်ချစ်တဲ့ သူငယ်ချင်း။ မာမီနဲ့ ကြီးကြီးလည်း အလွန်ချစ်ကြတယ်။ ဦးကြီးရဲ့ သားနဲ့ မေရီဟာ အခုမှ မြင်ဖူးကြတယ်။ စောစောက မြင်ဖူးရင် ပိုပြီးကောင်းမှာပဲ။ တွေ့တာ နောက်ကျသွားတယ်”
မေရီသည် သူ့အဓိပ္ပာယ်နှင့်သူ ပြောလိုက်ဟန်တူသော်လည်း လူကြီး များမှာ အထူးအထွေ စဉ်းစားမိပုံမရ။ တင်မောင်ညွန့်သာလျှင် အနက် အဓိပ္ပာယ်ကို တွေးတောနေဟန်တူ၏။ မေရီ၌ ရည်းစားများရှိနေသလား ဟူသော စိတ်သည် တင်မောင်ညွန့်ရင်ကို လေးစေ၏။ တင်မောင်ညွန့်သည် မေရီအား အင်္ကျီပါးဝတ်ခြင်းကိုလည်း တစ်နေ့တွင် ဟောပြောချေချွတ်ရ လျှင်ရရှိလိမ့်မည်ဟု ယုံကြည်ပြီးဖြစ်သဖြင့် မေရီက တွေ့တာနောက်ကျ သွားတာပဲ ဟူသောစကားအတွက် ထပ်တလဲလဲ တွေးမိရင်း စိတ်မကောင်း ဖြစ်နေတော့လေ၏။
မေရီကား ခဏနေရစ်ဦး တင်မောင်ညွန့်ဟု ဆိုကာ ဧည့်ခန်းမှ ထွက် ၍သွားလေ၏။ ၁၀ မိနစ်ခန့်ကြာလျှင် အလယ်ခန်းဆီမှ အိုင်လာ့ဖ်ယူ ဝစ်စီလ် ဟူသော သီချင်းဆိုသံကြားရ၏။ သီချင်းဆိုသံနှင့် မရှေးမနှောင်းသီချင်းသွားအလိုက် လေချွန်သံလည်း ကြားရပြန်၏။ ဧည့်ခန်းရှိလူများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ပြုံးကြည့်ရာမှ ဒေါ်သင်းကြူက...
“အဲဒါ မေရီအသံပေါ့။ မွေးကတည်းက ဘာဒုက္ခ အပူတစ်ခုမှ မတွေ့ ခဲ့ဘူး။ မတောင့်မတ မကြောင့်မကြဆိုသလို နေခဲ့ရတာ။ ကျောင်းကတတ် လာတဲ့ အင်္ဂလိပ်သီချင်းတွေကို လေချွန်လိုချွန်နဲ့ နေတာပဲ”
ထိုအတွင်း မေရီရောက်လာ၏။ ရေညှိရောင် ဂျော့ဂျက်လုံကွင်း။ စောစောက ဝတ်ထားသော ပဒုမ္မာအကျီနှင့်ပင်ဖြစ်၏။ လုံခြည်ပျော့သည် ခါး၊ တင်ပါး၊ ပေါင် အချိုးအစားကို ပိုမိုပေါ်လွင်စေသည်။ တင်မောင်ညွန့်ကျေနပ်သော အမူအရာနှင့် လှမ်းကြည့်ရာမှ ပြုံးလေ၏။ တင်မောင်ညွန့် ကြည့်ပြီးသောအရာကို ဒေါ်သင်းကြူက ရိပ်မိသဖြင့် ပြုံးလိုက်ကာ..
“ခါးပတ်မပတ်ရင် စိတ်မချရဘူးကွဲ ။ ဒါကြောင့် ဧည့်သည်ရှိတဲ့အခါ အပြင်ထွက်တဲ့အခါ ခါးပတ် ပတ်ခိုင်းထားရတာ”
“ဟုတ်တယ်။ ဂါဝန်အမြဲဝတ်တဲ့ မိန်းကလေးတွေဟာ မြန်မာလုံကွင်း မြဲအောင် မဝတ်တတ်ဘူး။ ကျွန်တော့် သူငယ်ချင်းမတစ်ယောက် ဂါဝန်က လုံကွင်းပြောင်းပေးစ လူပုံအလယ်မှာ ကွင်းလုံးပုံကျွတ်ကျလို့ ငိုကြီးရှိုက်ကြီး ဖြစ်သွားတာတောင် တွေ့ဖူးတယ်”
“အေး ဖြစ်တတ်တာပေါ့ကွယ်။ မေရီလည်း..”