မန်းတင် - ကိုဖိုးလုံး
စိုးတရွံ့ရွံ့
မိုးသည် တဖြိုက်ဖြိုက်ရွာသွန်းလျက် ရှိသည်။
ကိုဖိုးလုံးသည် လုံချည်တိုတိုနှင့် ခမောက်ကိုဆောင်းကာ ရွာထဲမှ ထွက်ခဲ့လေသည်။ လက်တစ်ဖက်တွင် ပုလင်းနှစ်လုံးထည့်ထားသော ဖျင်ကြမ်းလွယ်အိတ်နှင့် အခြားလက်တစ်ဖက်တွင် ဝါးရင်းတုတ် တစ်ချောင်းကို ဆွဲကိုင်လာလေသည်။ ရွှံ့ အလိမ်းလိမ်းကပ်နေသော ခြေအစုံသည် ကန်သင်းများပေါ်တွင် ခပ်သုတ်သုတ်လှမ်းလျက် ရှိလေ သည်။ ရွာမှ ထွက်လျှင်ပင် အရှေ့ဘက်တောင်တန်းအထိ အကန့်လိုက် အကွက်လိုက်ကျယ်ပြန့်လှသော လယ်ကွင်းကြီးကို မျှော်မှန်းကြည့်ရှုမိ လေသည်။ လယ်ကွင်းအသီးသီးတွင် တံပြာတဝင့်ဝင့်နှင့် ရွှံ့ထဲတွင် တစွပ်စွပ်နင်းကာ ထွန်တုံးနောက်တွင် တရှဲရှဲမြည်တွန်နေကြသော လယ်သမားများကို တွေ့မြင်ရလေသည်။ ကန်သင်းဆုံများတွင် ဆောက် လုပ်ထားအပ်သော လယ်သမားတို့၏ရိပ်မြုံများမှ သက်ငယ်မိုးများမှ ဖောက်ထွင်း၍ တလူလူတက်နေကြသော မီးခိုးများသည် လေထဲတွင် လွင့်ပါးနေလေသည်။
ကိုဖိုးလုံးသည် ရှုမျှော်ခင်းကြီးကို ကြည်နူးနေရာမှ မိမိအိတ်ကို ရုတ်တရက်စမ်းသပ်မိလေသည်။ စမ်းသပ်ရုံနှင့် စိတ်မချရသေး။ အင်္ကျီ အိတ်ဝကိုပင့်၍ ကြည့်လိုက်သေးသည်။ အသစ်စက်စက်တစ်ဆယ်တန် တစ်ချပ်နှင့် တစ်ကျပ်တန်ငါးရွက်ကိုမြင်ရမှ စိတ်အေးသွားလေသည်။ သူသည် အမတော်ကြေး ခြောက်ဆယ်အနက်မှ ဆယ့်ငါးကျပ်ကို ယူ လာခဲ့ခြင်း ဖြစ်လေသည်။
“ကိုဖိုးလုံး လိုတာလောက်သာဝယ်နော်။ အပိုတွေ လုပ်မလာနဲ့။ ကောက်စိုက်ခတွေ ပေးစရာမရှိဘဲနေဦးမယ်”
ဇနီးသည် မယ်ရွှေ၏သတိပေးစကားကို ကြားယောင်နေလေ သည်။ ပျိုးတွေကလည်း အောင်လှသည်။ နောက်ဆယ်ရက်လောက်ကြာ ရင် ဆယ်ဧကစလုံး ကောက်စိုက်ပြီးတော့မည်။ တန်ဆောင်မုန်းလလောက် ဆိုရင် အသီးအနှံတွေနှင့် ပြည့်လျှမ်းနေသော လယ်ကွင်းကြီးကို တွေ့ရပေတော့မည်။ တပို့တွဲ တပေါင်းဆိုရင် လယ်အတွက် လုပ်ငန်းဆောင်တာ များ ပြီးစီးပြီဖြစ်၍ စပါးလေးရာလောက်တော့ လက်ထဲမှာ ပိုက်မိတော့ မည်။ လွန်ခဲ့သည့်နှစ်ကလို စပါးဈေးသုံးရာဈေး ရောင်းရလျှင် ငွေထောင့် နှစ်ရာလောက်တော့ ကျန်မည်။ သည်လိုဆိုလျှင် သားကလေး ချစ်ဦးကို ရှင်ပြုနိုင်တော့မည်။ သူသည် မုန့်ကြော်နေသူတွေ၊ ရှင်လောင်းလှည့်နေသူ တွေ၊ သံဃာတော်တွေ ယပ်ကြီးထမ်း၍ စီတန်းလာကြပုံတွေကိုမြင်ယောင် နေသည်။ သံစည်သံတွေကိုလည်း သူကြားယောင်နေသည်။
မိုးစဲသွားလေပြီ။ ။ နေလည်း ထန်းတစ်ဖျားခန့် မြင့်တက်နေလေပြီ။
ကိုဖိုးလုံးသည် ပါလာသောဝါးရင်းတုတ်တွင် ပုလင်းနှစ်လုံးက တစ်ဖက်၊ ဖျင်ကြမ်းလွယ်အိတ်က တစ်ဖက်လျှိုကာ ဦးပဲ့ထမ်းလျက် မြို့ထဲမှပြန်ထွက်ခဲ့ပါပြီ။ ပုလင်းတစ်လုံးတွင် ငံပြာရည်ထည့်၍ အခြားတစ်လုံးတွင် ဆီထည့်လာခဲ့လေသည်။ ဖျင်ကြမ်းလွယ်အိတ်အတွင်း တွင်ကား ငရုတ်သီး၊ ပဲ၊ ဆား၊ နနွင်းအစရှိသော တိုလီမိုလီများ ပါလာ လေသည်။
သူ၏ခြေထောက်အစုံသည် လာစဉ်ကကဲ့သို့ သွက်လက်ခြင်းမရှိ၊ လေးလေးကန်ကန်လှမ်းလျက် ရှိသည်။ သူ၏ဦးခေါင်းသည် ငိုက်စိုက် ကျလျက် ရှိသည်။ သူသည် တွေးလာလေသည်။
“လွတ်လပ်ရေး... လွတ်လပ်ရေး”
သူဈေးဝင်ဝယ်ခဲ့သော တရုတ်ဆိုင်အနီးရှိ လက်ဖက်ရည်ဆိုင် အတွင်းဝယ် သတင်းစာကြီးတကိုင်ကိုင်နှင့် ဂျပန်ခေတ်ရာဇဝတ်အုပ်လူ ထွက်တစ်ယောက် ဟောင်ဖွာဟောင်ဖွာနှင့် စကားပြောနေသံကို ကြား ခဲ့ရသည်။ ကိုဖိုးလုံးသည် သူ့ကိုကောင်းကောင်း မှတ်မိသည်။ သူသည် ဂျပန်ခေတ်က ကိုဖိုးလုံးကိုခိုးမှုတစ်ခုတွင် မသင်္ကာဆို၍ ဖမ်းဖူးသည်။ “နင့်နှမလင်” ဟု ကျူးရင့်၍ လက်သီးနှင့်ထိုးဖူးသည်။
“နင်သူခိုး” ဆို၍
သေနတ်ဒင်နှင့်ဆောင့်ဖူးသည်။
“နင့်အမေ” ဟု ရေရွတ်ရင်း နှာခေါင်း ထဲကို ရေလောင်းဖူးသည်။
အဘယ်မှာလျှင် သူ့ကို ကိုဖိုးလုံး မေ့နိုင်ပါ အံ့နည်း။
ယခု သူလက်ဖက်ရည်ဆိုင်ထဲတွင် သတင်းစာကြီးတကိုင်ကိုင်နှင့် လွတ်လပ်ရေးတရားဟောနေပြန်ပြီ။
“အခြေအနေအရ ကျုပ်တို့တိုင်းပြည်ဟာ လွတ်လပ်ရေးရရမယ်။ မရလို့ ကို မဖြစ်ဘူး ရရမယ်”
ထိုစကားကို ထိုပုဂ္ဂိုလ်ကြီးထံမှ ကြားခဲ့ရလေသည်။ ကိုဖိုးလုံး နားထဲတွင်စွဲနေသော စကားများဖြစ်လေသည်။ လွတ်လပ်ရေးရမှု အတွက် ထိုပုဂ္ဂိုလ်ကြီး အတော်စိတ်အားထက်သန်နေပုံကို ကိုဖိုးလုံး တွေ့မြင်ခဲ့ရသည်။ သူစိတ်ထက်သန်မှုတွေကို မြင်တိုင်း မြင်တိုင်း (ဝါ)တွေးမိတိုင်း တွေးမိတိုင်း ကိုဖိုးလုံး ကြက်သီးထမိသည်။ ဇောချွေးတွေ ပြန်မိသည်။ သူသည် ဂျပန်ခေတ်က သူသုံးဆောင်ဖူးသည့် လွတ်လပ်ရေး အရသာကို တစ်လမ်းလုံး စားမြုံ့ပြန်လာလေသည်။
သူမှတ်မိသေးသည်။ အင်္ဂလိပ်တွေ ထွက်ပြေးကုန်ပြီဟု သူကြား ရပြီးသောအခါ ရွာထဲတွင် သူကြီးအိုကြီးကိုဖြုတ်၍ “လွတ်လပ်သော ဗမာပြည်အစိုးရ” တည်ထောင်သောအခါတွင် သခင်တုတ်ပေါက အုပ်ချုပ်ရေးမှူး လုပ်သည်။ အဲဒီလွတ်လပ်ရေးရတုန်းက သူ့အားဆင့်ခေါ် သည်ကိုချက်ချင်း ရှေ့တော်သို့မရောက်ကောင်းလားဟု ကြိမ်ဒဏ်ငါး ချက် အရိုက်ခံရသေးသည်။ ဤသည်ပင်လျှင် ကိုဖိုးလုံးလွတ်လပ်ရေး ၏အရသာကို ပထမဆုံးအကြိမ် မြည်းလိုက်ရခြင်း ဖြစ်လေသည်။
မကြာမီပင် အုပ်ချုပ်ရေးမှူးပြုတ်ပြန်၍ သူကြီးရုံးထိုင်ပြန်လေ သည်။ ထိုစဉ်က သူကြီးအိမ်တွင် “တစ်သွေး တစ်သံ တစ်မိန့်” ဟူသော စာတမ်းကြီးများ နံရံအနှံ့အပြားကပ်ထားသည်ကို တွေ့မြင်ရသည်။ ကျေးရွာမှူးတို့ ဝန်ထမ်းမှူးတို့၏ “လွတ်လပ်ရေးကို အိမ်ပြုတ်ပြုတ် နွားပြုတ်ပြုတ် လူပြုတ်ပြုတ် တိုက်ရမည်” ဟူသော ကြွေးကြော်သံကို နားသောတပန်ဆင်ရင်း ကိုဖိုးလုံးတို့လူတစ်စု မာစတာများအဖို့ ထင်း တိုက် ရေခပ်လုပ်ပေးရသည်။ သည်လိုနှင့်မပြီးသေး။ ချွေးတပ်ကိုလည်း လိုက်ခဲ့ရသေးသည်။
လွတ်လပ်ရေးကြေညာတော့မည်ဟူသောသတင်းကို ကိုဖိုးလုံး ကြားသောအခါ အတိုင်းမသိ ဝမ်းမြောက်ခဲ့လေသည်။ “လွတ်လပ်ရေး ကြေညာသောနေ့တွင် ရွာထဲက လူကုန်လိုက်ကြရမည်” ဟူသော အမိန့်ကြောင့် ကိုဖိုးလုံးတို့လူစု အိုးစည်ဝိုင်းနှင့် လိုက်ပါဝင်နွှဲခဲ့ရသည်။ သည်တုန်းကများ သူတို့တစ်တွေ ပျော်လွန်းလို့ အိုးစည်ဝိုင်းထဲဝင်ပြီး ကွေးနေအောင်ကခဲ့ကြသည်။
“ကဲ... လွတ်လပ်ရေးရပြီ အလုပ်ကိုကြိုးစားပြီး လုပ်ကြရမယ်” လွတ်လပ်ရေးကြေညာပြီး နှစ်ရက်သုံးရက်အကြာတွင် ဂျပန်စစ်ဗိုလ်ကြီး ကိုဖိုးလုံးတို့ရွာရောက်လာ၍ ဒေါနှင့်မောနှင့် တရားဓမ္မညွှန်ပြသည့် အခြားမဲ့၌ ချွေးတပ်ဆွဲလေတော့သည်။ ရွာထဲတွင် ကျန်ရှိသည့် မိန်းမ၊ယောက်ျား၊ ကလေးသူငယ်များလည်း လေယာဉ်ပျံကွင်းသို့ အတင်းဆင်း ၍ အလုပ်လုပ်ခိုင်းလေသည်။ မီးရထားအတွက် ထင်းများလည်း တော ထဲသို့ထွက်၍ တိုက်ပေးရသေးသည်။ ကောက်ရိုးအိတ်တွေကိုလည်း အိမ်တိုင်းစေ့ ရက်လုပ်ပေးကြရလေသည်။
“လွတ်လပ်ရေးကို သွေးနဲ့ရင်းနှီးရမယ်” ဟူသော ကြွေးကြော်သံ ကြောင့် ရွာထဲမှတက်လူများစစ်ထဲသို့ လိုက်ကြရပြန်သည်။ လက်နက် ကိုဆွဲကိုင်လျက် စစ်မြေပြင်သို့ ထွက်ခဲ့ကြရပြန်သည်။ စစ်မြေပြင် တွင် သူတို့၏ သွေးအလိမ်းလိမ်းကပ်သော ကိုယ်ခန္ဓာအမြောက်အမြားကို လွတ်လပ်ရေးယဇ်ပလ္လင်တွင် ပူဇော်ခဲ့ကြရလေသည်။ သည်အထဲ ဂျပန် မာစတာတွေက ဟဲဟိုးတပ်ဆို၍လည်း ရွာအနှံ့အပြားမှ လူငယ်တွေကို ဆွဲခေါ်သွားကြပြန်သည်။
ကိုဖိုးလုံးသည် လမ်းတစ်လျှောက်လုံး လွတ်လပ်ရေးအရသာကို စားမြုံ့ပြန်လာလေသည်။ ကိုဖိုးလုံးသည် လွတ်လပ်ရေးရစဉ်က ချွေးတပ်သို့ လည်း လိုက်ဖူးပြီ။ ထင်းလည်းတိုက်ဖူးပြီ။ ဖျာရက်ခြင်း၊ လေယာဉ် ပျံကွင်းလုပ်ခြင်း အစရှိသော ကိစ္စအဝဝကိုလည်း လုပ်ဆောင် ခဲ့ဖူးပြီ။ သည်တွင်မကသေး တစ်ခါက နေမကောင်း၍ လေယာဉ်ပျံကွင်း မဆင်းမိသောကြောင့် ဘောင်းဘီစုတ်စုတ်နဲ့ ဂျပန်တစ်ယောက် ဒေါပွ၍ သူ့အိမ်ကို ရောက်လာသည်ကိုလည်း မမေ့နိုင်။ သူသည် တောင်းတောင်း ပန်ပန်ပြောပါလျက်နှင့် ပါးကို ဘယ်ပြန်ညာပြန် အရိုက်ခံရဖူးသည်။ သူကြီးက မိမိဘက်မှဝင်ပြောပြန်သဖြင့် သူ့ကိုလည်း နှစ်ချက်လောက်လွတ်လပ်ရေးအရသာကို ကျွေးလိုက်ပြန်သည်။ သူသည် လမ်းလျှောက် လာရင်း သူ့ပါးကိုသူ စမ်းသပ်မိလေသည်။ “ဟင်း” ခနဲ သက်ပြင်းချ မိသည်။ ။
ထိုလွတ်လပ်ရေးရတုန်းက ကိုဖိုးလုံး၏လယ်ကွင်းသည် မြက်ပင် ကြီးတွေဖုံးလွှမ်းလျက် တောအတိဖြစ်ခဲ့သည်။ ကိုဖိုးလုံးတို့ အမြတ်တနိုး နှစ်သက်သော ရွှေအဆင်းရှိသည့် စပါးတို့သည် ရွာထဲတွင် တောင်ပုံ ရာပုံဖြစ်လျက် တန်ဖိုးမရှိသောဘဝသို့ ရောက်ခဲ့ရသည်ကိုဖိုးလုံးလည်း လွတ်လပ်ရေးအတွက် အလုပ်တွေကိုသာ လုပ်နေရ၍ လယ်ကိုပြန်မကြည့် နိုင်။ မကြည့်လည်း မကြည့်ချင်။ တစ်ခါက သူလယ်ထွန်နေစဉ် ချွေးတပ် အဆွဲခံရသည်ကို သတိရမိပြန်လေသည်။
သူသည် သူဝတ်ထားသော ချည်လုံချည်နှင့် ပိတ်ချောအင်္ကျီကို ကြည့်မိပြန်သည်။ လွတ်လပ်ရေးရတုန်းက သူ့မယားမယ်ရွှေ အိမ်ထဲ က အိမ်ပြင်မထွက်ဝံ့သည်ကို ပြန်ပြောင်းစဉ်းစားမိသည်။ သူ့နှမလေး သည် အမြဲသဖြင့် ထဘီရင်လျားနှင့်နေခဲ့ရသည်ကိုလည်း မြင်ယောင် နေသည်။ လုံချည်တစ်ထည်ဝယ်ဖို့ စုဆောင်းထားသော ငွေကလေး သုံးရာ ချွေးတပ်ဆွဲခံရသဖြင့် လာဘ်ထိုးလိုက်ရပုံကိုလည်း သူမမေ့နိုင်။
သူ့ထက် ကုသိုလ်ဆိုးသူများလည်းရှိသေးသည်။ သူ့အိမ်နားက ကရင်အဘိုးကြီးတစ်ယောက်ကို အဲသည် လွတ်လပ်ရေးရတုန်းက ဂျပန် ဖမ်းသွားသည်။ ဖမ်းသည့်အကြောင်းကတော့ သူ့သား အင်္ဂလိပ်စစ်တပ် တွင် ပါသွားလို့ဟုဆိုသည်။ သူတစ်လလောက်ကြာမှ ပြန်ရောက်လာ သည်။ သူပြောသံကြားရမှ “အင်း တို့ကုသိုလ်ကောင်းသေးတယ်” ဟု ညည်းမိသည်။ သူသည် မျက်ရည်ဖြိုင်ဖြိုင်ကျ၍ ပြောကြားသည်။ သူ့သားပြန်မလာဘူးလားဟု ဂျပန်က မေးသည်။ သူ့နှာခေါင်းထဲကို ရေနွေးလောင်းသည်။ လက်သည်းခွံကို ခွာသည်။ ခြေသလုံးကို ဝါးရင်းတုတ်နှင့် လှိမ့်သည်။ ကြိုးနှင့်လက်ပြန်ကြိုးတုပ်၍ ထုပ်ကို ဆွဲသည်။ ကိုဖိုးလုံးသည် တွေးမိတိုင်း ကြက်သီးထမိတော့သည်။
“လွတ်လပ်ရေး” . ထိုစကားသုံးလုံး၏ရသာထူး ရသာမြတ်ကို ကိုဖိုးလုံးကျကျနန ခံစားဖူးပါသလော။ ကိုဖိုးလုံးသည် ကျွန်ကလေးအဖြစ်ဖြင့် ဤလောက ကြီးသို့ ရောက်ရှိလာခဲ့ရသည်။ သူခံစားသုံးဆောင်ဖူးသည့် လွတ်လပ် ရေးအရသာမှာ လွန်ခဲ့သောလေးနှစ်ခန့်က အတင်းအဓမ္မ အမျိုးခိုင်းသည့် လွတ်လပ်ရေးအရသာပင် ဖြစ်ပါသည်။ “လွတ်လပ်ရေး” ဟူသော စကား သုံးလုံးကိုကြားရတိုင်း ကိုဖိုးလုံးသည် တွေ့ဖူးကြုံဖူးသည့် စည်းစိမ်တွေကို သာ မြင်ယောင်နေလေသည်။
တစ်ယောက်နှင့်တစ်ယောက်နှိပ်စက်၊ ကြိမ်ဒဏ်ပေး၊ ချွေးတပ်ဆွဲ၊ ဗုံးမှန်၊ စက်သေနတ်ထိ၊ ရောဂါထူ၊ လယ်တွေတောဖြစ်၊ စပါးဈေးတွေ ကျ၊ အခြားကုန်တွေဈေးတက်၊ ချည်လုံချည်တစ်ထည် လေးငါးရာဖြစ်၊ နှာခေါင်းထဲ ရေနွေးလောင်း၊ လက်သည်းခွံခွာ၊ ပါးရိုက် ခဏခဏခံရ။
ကိုဖိုးလုံးသည် တွေးမိတိုင်း အသည်းယားမိတော့သည်။ ဇောချွေး တွေ ပြန်မိသည်။ ရင်တွေ တုန်သည်။
တွေးရင်းတွေးရင်း လျှောက်လာစဉ် သူ့ရွာထဲမှ လယ်သမားခေါင်း ဆောင် ကိုသာဂိနှင့် ပက်ပင်းပါတွေ့ လေသည်။
“ါ.. ကိုဖိုးလုံး ခင်ဗျား ကျုပ်တို့လယ်သမားအဖွဲ့ အစည်းထဲ မဝင်သေးဘူးလား”
ကိုသာဂိကမေးလျှင် “ဝင်တာပေါ့ဗျာ...” ဟု ကိုဖိုးလုံးက ဖြေသည်။ ကိုဖိုးလုံး၏ရင်သည် တုန်မြဲတုန်ဆဲ၊ ချွေးတွေလည်း ကျမြဲကျဆဲ။ ကိုသာ သူ့ကိုလွန်သွားပြီးမှ သတိရသဖြင့် ပြန်လှည့်လိုက်သည်။
“ကိုသာ...”
ကိုသာဂိ ပြန်လှည့်လာသည်။
“ကိုသာဂိ လွတ်လပ်ရေး ရတော့မယ်ဆို... ဟုတ်လား” “ဟုတ်တာပေါ့ဗျ”
“ဘယ်တော့လဲ”
“သုံးလေးလ လိုပါတော့တယ်”
ကိုဖိုးလုံးသည် ကိုသာဂိကိုမှ နှုတ်မဆက်နိုင်တော့ဘဲ ချာခနဲ လှည့်၍ သုတ်ခြေတင်လေတော့သည်။
အိမ်ပေါက်သို့ရောက်လျှင် သူ့အထမ်းကိုချ၍
“ရှင်မရေ လွတ်လပ် ရေးရဦးတော့မတဲ့”
ဟုဆိုကာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျဆင်းလာလေ သတည်း။