Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မစန္ဒာ - ဝထ္ထုတိုငါးပုဒ်

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

သူစောင့်တဲ့ဥပုသ်

          အမေပေးထားသော သူ့အမည်ရင်းက မလေးခင် ဖြစ်သည်။ မြို့တော်ဈေးထဲက အကြော်စုံဆိုင်လေးကို ဆိုင်းဘုတ်တင်မည်ဟု အမည်စဉ်းစားတော့ သူက နည်းနည်းလေး ထပ်ဖြည့်လိုက်သည်။ များများတော့မဟုတ်။ ရရစ်ကလေးတစ်ခုတည်းသာ ဖြစ်သည်။ “မ” အက္ခရာဘေးတွင် ရရစ်ကလေးထည့်လိုက်တော့ 'မြလေးခင်'ဟူသော အမည်လေးက ချစ်စရာဟု အထင်ရောက်သည်။ သူ၏တူမလေးနှစ်ယောက်က “အငြိမ့်အဖွဲ့ နာမည်နဲ့များ တူနေမလားမသိဘူး”ဟု စိုးရိမ် ကြသည်။ “အငြိမ့်လာငှားရင်တော့ ခေါင်းဆောင်မင်းသမီးက ဒေါ်လေး ပဲနော်”ဟု ရယ်သွမ်းသွေးကြသည်။ သို့သော် မြလေးခင်ဟူသောအမည် နှင့် သရက်လက်ဖက်၊ အကြော်စုံက ဘယ်ကနေဘယ်လို ဓာတ်တည့် သွားသည်လည်းတော့ မသိ။ တစ်နေ့တခြား ဖောက်သည်တွေများ ကာ ရောင်းအားကောင်းလာသည်ကတော့ အမှန်ပင်။

          နောက်ပြီး အမြတ်ထွက်လာသည်က သူ့အမည်ရင်း မလေးခင်ပျောက်ကာ အားလုံးက မြလေးခင်ဟု ခေါ်လာကြခြင်းဖြစ်သည်။ နောက်ပြီး ထပ်၍ကောင်းပြန်တာက 'မြလေးခင်' ဟူသော အမည်၏ရှေ့ တွင် အသက်အရွယ်ကို ကိုယ်စားပြုသော ‘ဒေါ်“မ”ဆိုတာတွေ ဖြည့် မလာကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူကြီး၊ လူငယ်၊ ကလေးအား လုံးက သူ့ကို “မြလေးခင်”ဟု ခေါ်ကြသည်။ သူတို့ကိုယ်တိုင်လည်း ဆိုင်နာမည်လား လူနာမည်လား ကွဲပြားပုံမရ။ ဆိုင်နှင့်လူနှင့် တွဲ၍ မှတ်ထားကြပုံရလေသည်။

          အခုတော့ တူမလေးနှစ်ယောက်လည်း အသီးသီးဘွဲ့ရကာ အသက်သုံးဆယ်နား နီးလာကြပြီဖြစ်သည်။ သူကရော... အင်း သူ ကလည်း လေးဆယ်မှ တော်တော်စွန်းကာ ငါးဆယ်ထဲ ချဉ်းနင်းဝင် ရောက်နေပြီဖြစ်သည်။ ဆံပင်ဖြူလာ၍ ဆေးဆိုးနေရပြီဖြစ်သည်။ မျက်စိတွေမှုန်လာ၍ မျက်မှန်လည်းတပ်နေရပြီဖြစ်သည်။

          တူမ အပျိုနှစ်ယောက်၊ အဒေါ်အပျိုကြီးတစ်ယောက် သုံးယောက် ပေါင်းလုပ်အားနှင့် သူတို့၏လက်ဖက်ဆိုင်လေးကတော့ ရောင်းအား ကောင်းနေဆဲပင်။

          “အင်း... ငါ့မလဲ လက်ဖက်၊ လက်ဖက်နဲ့ လက်ဖက်တောထဲ နစ်ပြီး လက်ဖက်ကိုပဲ ဘုရားထင်၊ လက်ဖက်ကိုပဲ တရားထင်နေတာ... ကြာလှပါပေါ့လား...”

          သတင်းစာထဲမှ နာရေးကြော်ငြာချက်များဖတ်လိုက်လျှင် ကိုယ့် ထက်ငယ်သူတွေ တန်းစီနေတော့ မြလေးခင် အတန်ငယ် တုန်လှုပ်မိ လေသည်။ သူကသာ သေမင်းကိုမေ့ထားသော်လည်း သေမင်းကတော့ သူ့ကိုမေ့ထားလိမ့်မည်မဟုတ်သည်ကို သတိရသည်။

          “ဘုရား... ဘုရား”

          “နက်ဖြန်ခါ ဥပုသ်နေ့”

          သူကပြောတော့ တူမနှစ်ယောက်က “ဈေးပိတ်တယ်”ဟု ထပ်၍ ဖြည့်စွက်ကြသည်။ ဟုတ်သည်။ သူတို့၏ ဈေးကြီးက ဥပုသ်နေ့တိုင်း ပိတ်သည်မှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့် သူစ၍ ဈေးထွက် ကတည်းကဖြစ်လေသည်။ ဟိုးအရင်တုန်းကတော့ ဥပုသ်နေ့ဈေးပိတ် လျှင် သုံးယောက်သား ရုပ်ရှင်ရုံဆီသို့ စိတ်တူကိုယ်တူ ပြေးလေ့ရှိကြ သည်။ နောက်တော့ ဗီဒီယိုခွေငှားကြည့်ကြသည်။ ဗီဒီယိုကျတော့ မကြိုက်သောအခန်းကို ကျော်ပိတ်လိုက်၊ ကြိုက်သောအခန်းကို ပြန်ရစ် လိုက်နှင့် စိတ်ကူးပေါက်တိုင်း ပေါက်သလိုလုပ်၍ရသောကြောင့် ပို၍ နှစ်သက်ရပြန်လေသည်။ ။

          “ချစ်စံအိမ် ငှားထားတယ်၊ ရှစ်ခွေစာတဲ့၊ တစ်နေကုန်ကြည့်ရမယ်”

          တူမအကြီးကပြောသည်။ အငယ်မကတော့ “ယောင်းလေး ကို လွမ်းနေတာကြာပြီ”ဟု ပြောသည်။ ကိုရီးယားကားက ပြပြီးသွား ပြီဖြစ်သော်လည်း သူတို့ညီအစ်မက တစ်ဆက်တည်း အပြတ် အတောက်မရှိဘဲ ပြန်၍ကြည့်ချင်သေးသည်တဲ့။ သူတို့ညီအစ်မတင် မကပါ သူလည်းပါသည်။ ဂျီအင်းကိုလည်း ချစ်သည်။ ယောင်း ကိုလည်း ကြိုက်သည်။ ဒါပေမဲ့ အကြိုက်ဆုံးတော့မဟုတ်ပါဘူး။ သူ့အသည်းစွဲက ရင်ဒါရိုက်တာ တစ်ဦးတည်းသာ။

          “ဒေါ်လေးက နက်ဖြန်ခါဥပုသ်စောင့်မှာ” ၊

          “ဟင်.. တကယ်”

          တူမနှစ်ယောက်က အံ့သြသွားကြသည်။ အင်းလေ... အံ့သြကြ ပေမှာပေါ့။ သူက ဘုရားမေ့၊ တရားမေ့ နေခဲ့တာကြာခဲ့ပြီဟာကိုး။

          “ဟုတ်တယ်... နောက်ဆိုရင်လည်း ဥပုသ်နေ့တိုင်း ဥပုသ်စောင့်မယ်”

          ဥပုသ်စောင့်မယ်ဟု မိမိကိုယ်မိမိ ကတိပေးသလိုပြောရင်း ပထမ ဆုံး သတိတရတွေးသည်က “ဒီလိုဆို နက်ဖြန်ခါ ဘာဟင်းချက်စား ရပါ့ မလဲ”ဟူ၍ ဖြစ်သည်။ ထမင်းနှစ်နပ်ကို တစ်နပ်လျှော့ရမည်ဆိုတော့ စားရမည့်တစ်နပ်က အရသာရှိရှိလေးဖြစ်န် အရေးကြီးသည် မဟုတ်ပါလား။

          “မနက်စောစောကတော့ ခါတိုင်းလိုပဲ မုန့်ဟင်းခါးလေးဝယ်စား ချင်စား၊ ပဲထမင်းကြော်လေး စားချင်စား အရေးမကြီးပါဘူး။ ထမင်း ကြီးကျရင် ကြက်သားကလည်းရိုးနေပြီ။ ဝက်သားကို ပုန်းရည်ကြီးနဲ့ ချက်စားရရင် ကောင်းမလား။ ငါးပတ်မွှေရရင်ကောင်းမလား။ ငါးရဲ့ နှင့်ဘူးသီးနဲ့ချက်ပြီး မရမ်းသီးလေးသုတ်ရရင် ကောင်းမလား။ ဒါမှမဟုတ်လည်း ခရမ်းသီးချိုချိုလေး နှပ်၊ ချဉ်ပေါင်ဟင်းပျစ်ပျစ်လေး ချက်ပြီး ငါးရဲ့ ခြောက်ဖုတ်စားရရင်လည်း မြိန်မှာပဲ။ ဟင်း.. တွေးရင် တောရင်း ထမင်းတောင်ဆာလာပြီ” မြလေးခင်က တံထွေးကိုပင် မသိမသာမျိုချမိသည်။

          “ကိုသံပရာ ကလိုင်ထိုးခါနီးရင်တော့ သားဈေးငါးဈေးလေး တစ်ပတ်ပြေးလိုက်ဦးမယ်”

ကိုသံပရာဟူသည်မှာ မျက်နှာပေါက်ဆိုးလှသော ဈေးစောင့်ကြီး ဖြစ်သည်။ သူ့ခမျာ မျက်နှာပေါက်ဆိုးရုံသာမက အပြောလည်း တစ် စက်ကလေးမှမချိုတော့ သံပရာဟူသောဘွဲ့ထူးကို ဈေးသူဈေးသား အားလုံးက တညီတညွတ်တည်း ချီးမြှင့်ထားကြလေသည်။ ဈေးက ခြောက်နာရီပိတ်ရမည်မို့ ငါးနာရီခွဲလျှင် ကိုသံပရာက ကလိုင်ထိုးရင်း ဈေးပတ်ပြီဖြစ်လေ သည်။

          ကိုသံပရာ ကလိုင်ထိုးလျှင် မြလေးခင်တို့ကို ကုန်ခြောက်ဆိုင်တွေက ဣန္ဒြေရရ ပစ္စည်းသိမ်းကြရသော်လည်း သားတန်းငါးတန်းက အမေပုတို့၊ ဒေါ်ဒေါ်အေးတို့၊ တရုတ်မတို့ကတော့ ပျာယာခတ်ကုန် ကြသည်။ နောက်တစ်နေ့အတွက်သိမ်းရလျှင် ရေခဲဖိုးကကုန်ရဦးမည်မို့ ဈေးခုံပေါ်တွင် ကျန်နေသမျှ အသားငါးများကို လျှော့ပေါ့ပေးပြီး တွန်း တွန်းထိုးထိုးလေး ရောင်းကြရရှာသည်။ မြလေးခင်တို့ကလည်း ထို အချိန်ကို စောင့်နေကြဖြစ်လေသည်။

          “ဟော.. မြလေးခင်လာပြီ။ ကြက်နှစ်ခြမ်းလုံးယူတော့မယ် မဟုတ်လား”

          ကြက်သားသည်က ဆီး၍နှုတ်ဆက်သည်။ အခါတိုင်းကတော့ ကြက်သားကို ခုတ်ထစ်ပြီးယူသွားရုံပင်။ အိမ်ကျတော့ ရေနိုင်နိုင်ဆေး ပြီး ပြုတ်ကြော်လုပ်ထားလိုက်ရုံပင်။ လွယ်တော့လည်း ကြက်သား ပြုတ်ကြော်ချည်း စားနေရသည်မှာ ငြီးငွေ့စရာပင်ကောင်းနေပြီဖြစ်လေ သည်။

          “ဝက်သား ငါးဆယ်သားလောက်ပဲ ကျန်တော့တယ်။ လျှော့ပေး မယ်”

          “ပုစွန်လေးနည်းနည်းကျန်တာ၊ အကုန်ယူသွား တစ်ထောင့် နှစ်ရာပဲပေး”

          “ငါးတန်ဗိုက်သားနော်၊ ဝယ်သူရှိရင်ရောင်းမယ်၊ ဝယ်သူမရှိရင် အိမ်က ကလေးတွေကို အချဉ်ဆီပြန်ချက်ကျွေးမယ်”

          ကြက်တွေ၊ ဝက်တွေ၊ ပုစွန်တွေကိုကျော်ပြီး မြလေးခင် အာရုံကျ သွားသည်က ငါးခူဖြစ်သည်။ ငါးခူက စားရခဲသည်။ အညံ့။ အညံ့ကို စင်အောင် မန်ကျည်းသီးနှင့် နာနာတိုက်ဆေးရသည့်အတွက် လက်ဝင် လှသည်မို့ မဝယ်ဖြစ် မစားဖြစ်သည်မှာကြာလှပေပြီ။

          “ရွှေလက်ကောက်ကြီးတွေ တစ်တောင်လောက်ဝတ်လို့ များများယူမယ်ထင်ပြီး ရိုက်လိုက်တာ များသွားတယ်အစ်မရယ်၊ ယူသွားတော့ လေးကောင်ထဲ၊ ဟောဒီလေးကောင်က ကျန်ခဲ့ရော...”

          မြလေးခင်က ဦးခေါင်းတွေ မကြေတကြေနှင့် ခပ်လှုပ်လှုပ် အကြောဆွဲနေသော ငါးခူများကို ငုံ့ကြည့်ရင်း “အမူမှာ ငါးခူက ရှုံးရဲ့” ဟူသော စကားကိုသတိရသည်။ ငါးခူတို့သည် ဘယ်အချိန်မှာ ဘယ် လိုများ မူကြပါလိမ့်ဟု ဖျတ်ခနဲစဉ်းစားမိရင်း “ဟင်... နင့်ဟာကလည်း အရှင်ကြီးတွေ”ဟု ပြောကာ မျက်နှာကို မသိမသာလွှဲထားလိုက်သည်။ ဟိုဘက်ဆိုင်က မလတ်တလတ် ပုစွန်ဘောချိတ်လေးများကို လှမ်း ကြည့်ပြီး ခြေလှမ်းပြင်သည်။ ထိုအချိန်တွင် ငါးသည်က သူ့လက်ထဲ က ဓားမကိုမြှောက်ကာ ဓားနှောင့်နှင့် တဂွတ်ဂွတ်ထုချလိုက်သည်မှာ စက္ကန့်ပိုင်းမျှသာ။ ထို့နောက် “မရှင်ပါဘူး အစ်မကလည်း၊ ဟောဒီမှာ” ဟု တစ်ဆက်တည်းပြောသည်။ စင်းစင်းသေသွားပြီဖြစ်သော ငါးများ ကို ဇိုးဇိုးဇတ်ဇတ်ကောက်ယူကာ ချိန်ခွင်ထဲ ပစ်ထည့်လိုက်သည်။ “ငါးဆယ့်ငါးကျပ်သား၊ ငါးကျပ်သားဖြုတ်၊ ငါးဆယ်သားဖိုးပဲပေ။ နှစ်ထောင့်ခြောက်ရာဈေးနဲ့ ငါးဆယ်သာ တစ်ထောင့်သုံးရာ၊ တစ်ရာလျှော့။ တစ်ထောင့်နှစ်ရာပဲပေး”ဟု ခပ်သွက်သွက် ခပ်ကျယ်ကျယ် ပြောသည်။ မြလေးခင်က “ဟဲ့... နေပါဦး၊ ဘယ်သူကယူမယ်ပြောလို့ လဲ၊ တကတဲ၊ ဒီလောက်ဈေးကြီးနဲ့များ” ဟုပြောကာ လှည့်ထွက်မည့် ဟန်ပြန်တော့ နောက်ထပ် နှစ်ရာထပ်ပြီးပြုတ်ကျသွားသည်။ “အင်း... အမူမှာ ငါးခူက ရှုံးလောက်ရဲ့ဆိုတာ ငါးကိုပြောတာမဟုတ်ဘူး။ ဝယ်တဲ့သူ ပြောတာထင်ပါရဲ့”ဟု စဉ်းစားရင်း မြလေးခင်ပြုံးမိသည်။ အလေးလည်း လျှော့ဈေးလည်းဆိုတော့ ဝယ်သူဘက်မှတန်တာ က အတော်ပင် တန်နေပြီဖြစ်သည်။

          “အင်း.. ငါးခူကြော်နှပ်လေးစားရရင် ကောင်းမလား။ စင်းကောလေး လုပ်ရရင်ကောင်းမလား။           ဆီပြန်ချက်ပြီး ရဲယိုရွက်လေးအုပ်ရရင် ကောင်းမလား။ ငါးခူငါးဆုပ် မန်ကျည်းရည်လေးနဲ့ ချက်ရမလား”

          မြလေးခင်က စိတ်ကူးထဲတွင် ငါးခူလေးကောင်ကို ကြော်ကြည့် လိုက်၊ အသားလွှာကြည့်လိုက်၊ တောက်တောက်စဉ်းပစ်လိုက်၊ ငါးဆုပ် လုံးကြည့်လိုက်နှင့် ရှုပ်ခတ်သွားသည်။ ဟင်းရွက်တန်းထဲတွင် ပုတတ် စာနှင့် ကင်ပွန်းချဉ်ရွက်တို့ကို တွေ့တော့မှ စင်းကောလုပ်ရန် အတည် ပြုလိုက်သည်။ အသားကို စဉ်းကောလုပ်ပြီး ရဲယိုရွက်လေးအုပ်မည်။ အရိုးနှင့်ခေါင်းကိုတော့ ချဉ်ရည်ချက်မည်။ ကင်ပွန်းချဉ်ရွက်နှင့် ပုတတ် စာကို ရောပြီးချက်လျှင် အရသာက ထူးကဲလှသည်။ ငါး၏အချို၊ ကင်ပွန်းချဉ်၏အချဉ်နှင့် ပုတတ်စာနံ့မွှေးမွှေးသည် အချိုးညီညီနှင့် သမမျှတနေသည်ဟု သူထင်သည်။ မြေကြီးပေါ်တွင် ဗန်းကလေးများ ချကာရောင်းနေသော ကောင်မလေးဆီက ဖရဲသီး နုနုလေးသုံးလုံးနှင့် ခရမ်းကြွပ်သီးငါးလုံးဝယ်သည်။ အသီးမအောင်သော ဖရဲသီးပေါက်စ လေးများကို ပြုတ်ပြီး တို့စရာလုပ်စားရသည်မှာ ဗူးသီးပုတ်ကလေး များထက်ပင် ချိုနေသေး၍ သူတို့တူဝရီးသုံးယောက်လုံး အကြိုက်တွေ့ နေကြသည်။

          “အင်း... အရေးကြီးတာတစ်ခု ကျန်နေသေးတယ်၊ ရဲယိုရွက်... အင်း ရဲယိုရွက်မပါရင် မပြည့်စုံဘူး”

          ရဲယိုရွက်က ရှားပါးပစ္စည်းဖြစ်သည်။ ဈေးထဲတွင်ရောင်းသည်ကို တစ်ခါတစ်လေ တွေ့ရသော်လည်း အမြဲတမ်းတော့ တွေ့ရသည် မဟုတ်ချေ။ မနုမရင့်၊ အရွက်ပြန့်ပြန့်ကားကားကြီးတွေကိုသာ ရလျှင် တော့ သူ၏ငါးခူဟင်းအတွက် ပြီးပြည့်စုံပြီဖြစ်လေသည်။ ။

          ညနေအိမ်ပြန်တော့ မြလေခင်းသည် ခါတိုင်းလို အိမ်အထိ ဆိုက် ကားမစီးဘဲ လမ်းခုလတ်တွင် ဆင်းသည်။ အံ့သြသလိုကြည့်နေသောတူမအငယ်၏လက်ထဲသို့ ဈေးဝယ်လာသော ကြွပ်ကြွပ်အိတ်ကိုထည့် ကာ “အိမ်ကျရင် ငါးကိုင်ထားနှင့်နော်၊ ဒေါ်လေး ဒီနားခဏဝင်စရာရှိ လို့”ဟု ပြောသည်။

          လမ်းထိပ်ဂုတ်ခြံက ဦးလှမောင်ဝင်း၏ ခြံဖြစ်သည်။ သူတမင် စိုက်ထားသည်တော့ ဟုတ်ပုံမရ။ ရဲယိုပင်၊ ခွေးတောက်ပင်၊ ဆူးပုတ်ပင် စသည်တို့ အလေ့ကျပေါက်နေသည်။ သူက မျက်စိလည်းမှုန်၊ နား လည်းလေးပြီး အပြောကလည်း တော်တော်ဆိုးသည်။ သူ့ဆီ ခွေးတောက်ရွက်ကလေး တစ်ခါတောင်းဖူးသည်။ ငါးရွက်ခန့်ခူးပေးပြီး “ကိုယ်တိုင်စိုက်ထားရင်တော့ တောင်းစရာဘယ်လိုပါ့မလဲဗျာ”ဟု ပြော သည်။ မြလေးခင်က စိတ်ထဲမှနေပြီး “ကိုယ်တိုင်လည်း မစိုက်ဘူး၊

          တောင်းလည်းမတောင်းတော့ပါဘူးတော်” ဟု ခပ်စွာစွာပြန်ပြောခဲ့ သည်။

          “မတောင်းဘူးဆိုတာ မယူဘူးလို့ ပြောတာမှ မဟုတ်ဘဲ၊ တစ် ယောက်တည်း နိုင်အောင်စားနိုင်တာလည်းမဟုတ်၊ ဒီအရွက်တွေကို ဈေးတင်ရောင်းနေတာလည်းမဟုတ်။ အလကား တိုတိုထွာထွာလုပ်နေ တာ၊ ခြံအပြင်ကနေ လှမ်းဆွဲပြီးခူးတော့လည်း သိတာတောင်မှမဟုတ်”

          မြလေးခင်က ခြံအပြင်ဘက်ယိုင်နေသော ရဲယိုရွက်၊ ခွေးတောက် ရွက်များကို လှမ်းဆွဲပြီးခူးနေသည်မှာ သုံးလေးခါရှိပြီဖြစ်သည်။ ယခု လည်း ရဲယိုရွက် နုနုပြန့်ပြန့်ကြီးတွေ တွေ့ထားသည်။ လှမ်းဆွဲလိုက် လျှင်မှီသည်။

          သူလည်း ခြံနားအရောက် အဘိုးကြီးလည်း အိမ်ထဲပြန်အဝင်မို့ တော်တော်လေး အဆင်သင့်သွားသည်။ ခြံဘေးနား မယောင်မလည် ကပ်သွားပြီး အားရှိပါးရှိလှမ်းဆွဲလိုက်သည်မှာ ရဲယိုရွက်သာမက အကိုင်းပါ ကျိုးကျလာသည်။ ကိုင်းကျိုးသောအသံက အတော်ကျယ်လေသည်။ ဦးလှမောင်ဝင်းက နားလေးလို့သာ တော်တော့သည်။

          “အဲတော့... အသီးကင်းတွေပါ ကိုင်းထဲပါလာတာကိုး၊ ဘယ် တတ်နိုင်မှာလဲဟယ်၊ ငါက ကျိုးစေချင်တဲ့ စေတနာနဲ့ ခိုင်းတာမှမဟုတ် အဲ... အဲ... ခူးတာမှမဟုတ်တာ”

          မြလေးခင်က သူ့ကိုသူ ချက်ချင်းခွင့်လွှတ်လိုက်သည်။

          ဟုတ်တယ်လေ။ ကိုယ့်ကိုယ်ကိုယ်မှ ခွင့်မလွှတ်ရင် ဘယ်သူက တကူးတကန့်လာပြီး ခွင့်လွှတ်ပါ့မလဲ။ လိုချင်သောအရွယ်နုများကို ခပ်သွယ်သွယ် ခြွေယူလိုက်ပြီး အကိုင်းကြီးကို မြောင်းထဲပစ်ချပြီးလျှင် ဒီအကြောင်းကို ထပ်မံသတိရစရာမှ မလိုတော့တာပဲ။

          “ဟောတော့၊ ရဲယိုရွက်တွေ သန့်မှသန့်၊ ကောင်းမှကောင်း၊ ငါးခူ လေးနဲ့တော် အဆင်ကိုပြေလို့၊ ဒေါ်လေး ဘယ်ကရလာတာလဲ”

          “လမ်းထိပ်မှာ အဆင်သင့်တွေ့လို့လေ၊ ငါးခူဝယ်ထားတာ လည်း သတိရတာနဲ့”

          မြလေးခင်က ခပ်အေးအေးပြောသည်။ လမ်းထိပ်မှာ အဆင်သင့် တွေ့သည်ကလည်းအမှန်။ ငါးခူလေးတွေကို သတိရသည်ကလည်း အမှန်မို့ သူ့စကားထဲတွင် အမှားတစ်ခွန်းမှမပါကြောင်းတွေးပြီး ကျေနပ် ၍ပင်နေမိသည်။ ။

          “နက်ဖြန်ခါကျရင်တော့ မနက်စောစောစီးစီး ရေမိုးချိုး သနပ်ခါး လိမ်းပြီးမှ သီလယူရမယ်၊ မျက်နှာပြောင်ပြောင်ကြီးနဲ့ကလည်း မနေ တတ်၊ သီလယူပြီးမှ လိမ်းနေပြန်ရင်လည်းမကောင်း”

          သူကတော့ သနပ်ခါးလိမ်းရုံသာမက မျက်ခုံးမွေးလည်း ဆွဲဖို့လို သည်။ သူ့မျက်ခုံးက ပါးလည်းပါး၊ ကျဲလည်းကျဲဆိုတော့ ဆေးလေး မှ တင်မထားလျှင် ကူမထားလျှင် မျက်ခုံးမွေးမပါသော မျက်နှာက ပြောင်ဖြဲဖြဲဖြစ်နေတတ်သည်ဟု ထင်သည်။ ... မျက်ခုံးမွေးသာမက နှုတ်ခမ်းနီလေးလည်း လိုသည်။ ကလေးတွေလို အနီရင့်ရင့် အရောင်ရဲရဲမျိုးတွေ မသုံးသော်လည်း ပန်းရောင်ပြေပြေလေးလောက်တော့ ဆိုးထားနေကျဖြစ်သည်။ သူ့နှုတ်ခမ်းရောင်က ခပ်ဖြူဖြူ ခပ် ဖျော့ဖျော့နှင့် သွေးအားနည်းသလို ဖြစ်နေတတ်တော့ အိမ်နေနေ၊ အပြင် အသွားသွား ဒီနှုတ်ခမ်းကို အရောင်တင်မထားလျှင် လူမမာနှင့်တူနေ တတ်သည်ဟု ထင်မိလေသည်။

          ထို့ကြောင့် နောက်တစ်နေ့ကျတော့ သနပ်ခါးခြေဆုံးခေါင်းဆုံး လိမ်းကာ မျက်ခုံးမွေးပါးပါးဆွဲ၊ နှုတ်ခမ်းနီပြေပြေဆိုးထားသော မြလေး ခင်သည် ယောဂီတဘက်ကလေးကို ပခုံးပေါ်တင်ရင်း ကျုံ့ကျုံ့ယုံယုံ ထိုင်ကာ သီလယူလေသည်။ သူတို့ တူဝရီးသုံးယောက်လုံးက ဈေး သမားတွေဆိုတော့ အိမ်မြဲကြသူများမဟုတ်။ အိမ်မှာ ဆွမ်းခံကိုယ် တော်လည်းမရှိ။ ဒီတော့လည်း ဘုရားကျောင်းဆောင်ရှေ့တွင် ကျုံ့ကျုံ့ ထိုင်ကာ ဘုရားရှင်ကိုယ်တော်တိုင်၏ရှေ့မှောက်တွင် သီလယူနေသည် ဟု နှလုံးသွင်းထားရသည်မှာ ပို၍ပင် ကျေနပ်စရာကောင်းသေးသည်။ သို့ပါသော်လည်း ရှစ်ပါးသီလကို အလွတ်မရ၍ စာအုပ်ကြည့်ရွတ်ရ သည်ကိုတော့ “သည်းခံခွင့်လွှတ်တော်မူပါ အရှင်မြတ်ဘုရား”ဟု စိတ် ထဲမှ တောင်းပန်ရသည်။

          တကယ့်တကယ်ကတော့ သူ့ကို ဒုက္ခပေးသည်မှာ ခုနစ်ပါး မြောက် သီလဖြစ်သည်။

          “နစ္စ၊ ဂီတ၊ ဝါဒိတ၊ ဝိသုက၊ ဒဿန၊ မာလာဂန္ဓ၊ ဝိလေပန၊ ဓာရဏ၊ မဏ္ဍန၊ ဝိဘူသနဌာနာ၊ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”.. ဟူသော အပိုဒ်ဖြစ်သည်။ ထိုသီလကို အစီအစဉ်တကျ မရွတ်တတ်ရုံ မျှမက မည်သည့်ပါဠိစကားသည် မည်သည့်အဓိပ္ပာယ်ကို ရည်ညွှန်း ကြောင်း ကောင်းစွာမသိ။ အကြမ်းအားဖြင့်တော့ သနပ်ခါးမလိမ်း၊ပန်းမပန်၊ သီချင်းမဆို၊ ရုပ်ရှင်မကြည့်ရဟု သဘောပေါက်ထားသည်။

          ရှစ်ပါးသီလယူပြီးတော့ မြလေးခင်သည် သူ့ကိုယ်သူ သီလ စောင် လုံလုံခြုံထားသလို လုံခြုံသွားသည်ဟု ခံစားရသည်။

          သီလယူပြီးတော့ မီးဖိုချောင်ဝင်သည်။ ရေခဲသေတ္တာထဲတွင် ဆားနနွင်းနယ်ပြီးလုပ်ထားသော ငါးကိုထုတ်ယူကာ သူကိုယ်တိုင်ချက် သည်။ သူ့တူမနှစ်ယောက်က ကြက်သားပြုတ်ကြော်မှလွဲ၍ သိပ်ပြီး စိတ်ချရသည် မဟုတ်။

          တူမနှစ်ယောက်ကတော့ ကင်ပွန်းချဉ်ရွက်ချွေရင်း ရုပ်ရှင်မင်း သားမင်းသမီးတွေအကြောင်း စုံအောင်ပြောကြသည်။ မြန်မာပြည်က မင်းသားမင်းသမီးတွေလည်း မကျန်။ အခုလက်ရှိ သူတို့အသည်းစွဲ နေသည်က ချစ်စံအိမ်ထဲက မင်းသားလေးယောင်း ဖြစ်သည်။ သူ့ အမည်ရင်းက “ရိန်းဆိုလား။

          “ဟဲ့.. သူက သီချင်းဆိုလည်း အရမ်းကောင်းတယ်တဲ့။ ငါ အခွေ ငှားထားသေးတယ်”

          “အရပ်ကလည်း အမြင့်ကြီးပဲနော်”

          “ဘော်ဒီကလည်း တောင့်တယ်ဟ”

          အင်း “ရိန်း ဘယ်လောက်ကောင်းကောင်း၊ မြလေးခင်ကတော့ ရင်ဒါရိုက်တာပဲ”ဟုတွေးရင်း မသိမသာပြုံးမိသည်။ ချစ်ရသူကို အလို လိုက်အကြိုက်သိပြီး ကြင်နာနိုင်လွန်းသော ရင်ဒါရိုက်တာကို သူအခု ထိမမေ့။

          “ရင်ဒါရိုက်တာကတော့ အကောင်းဆုံးပါပဲဟယ်”

          “ယောင်းလည်း ကောင်းပါတယ်”

          “အေး... ကောင်းပါတယ်၊ ဒါပေမဲ့ ရင်ကပိုင်ကောင်းတာကို ပြောတာပါ”