မစန္ဒာ - ဂျိမ်းဂျိမ်းဂျုတ်ဂျုတ်ဂျိမ်းဂျုတ်ဂျုတ်
အခန်း (၁)
ရထားတွဲက ခပ်ဟောင်းဟောင်း။
တွဲနံရံမှ အစိမ်းရင့်ရောင် သင်္ဘောဆေးများက ပျက်ပြယ်နေ ပေပြီ။
ခေါင်မိုးတွင် သုတ်ထားသော အဖြူရောင် သင်္ဘောဆေးများကမူ ဝါညစ်ညစ် အရောင်သမ်းနေသည်။
တွဲနံရံတွင် မြေဖြူနှင့်ရေးထားသော “ကမြင်းမ၊ မိလှလှရွှေ” ဟူသော စာလုံးက ခပ်ပြားပြား၊ ခပ်ဝါးဝါး ဖြစ်နေပေပြီ။
အောက်ဘက်တွင် ရေးထားသော “ကိုလူမောင်၊ မသန်းအေး” ဟူသော စာတန်းကမူ အတန်ငယ် သစ်လွင်နေသေးသည်။
ရေးထားသည်မှာ ကြာပုံမရသေး။ “ညနေဆိုတော့ အနောက်ဘက်က နေပူမှာပဲ”
လှလှဆွေက အရှေ့အနောက်ကို အသေအချာ တွက်ချက်ကာ အရှေ့ဘက်ခုံတွင် ထိုင်သည်။
သူထိုင်သောခုံက ခပ်နဲ့နဲ့ဖြစ်နေ၍ နောက်တစ်ခုံ ပြောင်းထိုင် သည်။
အချိန်စောသေးသဖြင့် လူရှင်းသေးသည်။ စိတ်ကြိုက်နေရာ ရွေး၍ ထိုင်နိုင်သည်။
သို့သော် ထိုင်မိပြီး မကြာမီပင် လှလှဆွေသည် ဆတ်ခနဲပြန်ထ မိသည်။
ထိုင်ခုံသစ်သားပြားများ အကြားမှ နှစ်ချို့ကြမ်းပိုးတို့က အားရ ပါးရ တွယ်လိုက်သောကြောင့် ဖြစ်သည်။
“ဒီကမ္ဘာလောကကြီးထဲမှာ ကြမ်းပိုးတို့၊ ခြင်တို့ဆိုတဲ့ သွေးစုပ် ကောင်တွေ ဘယ်တော့များမှ ပျောက်သွားပါ့မလဲ မသိပါဘူး”
ကြိမ်ခြင်းထဲတွင် အသင့်ထည့်ထားသော သတင်းစာဟောင်း တစ်စောင်ကို ဖြန့်ခင်းပြီး ပြန်ထိုင်လိုက်သည်။
လှလှဆွေက သင်္ဃန်းကျွန်းရထားကို အသွားအပြန် စီးနေသူ ဆိုတော့ သတင်းစာခေါက်ကလေးတစ်ခုကို ခြင်းတောင်းထဲ အမြဲထည့် ထားတတ်သည်။
ကြမ်းပိုးလွတ်သောခုံနှင့် တွေ့သော် ကိစ္စမရှိ၊ ခုလိုခုံမျိုးနှင့် တိုးပါက သတင်းစာခေါက်လေးက ကောင်းကောင်းအသုံးကျသည်။
တစ်ခါတစ်ရံ အိုက်လွန်းမက အိုက်လျှင်လည်း ထိုသတင်းစာ ကိုပင် ယပ်တောင်လုပ်၍ ယပ်ခတ်ရသည်။
“အိမ်ကဗျာတွေမှာလည်း ကြမ်းပိုးစွဲနေပြီ၊ ဘယ်ကနေ ဘယ်လို ရောက်လာတယ် မသိဘူး၊ မီးရထားပေါ်က ကြမ်းပိုးပဲပါလာတာ ဖြစ်ချင် ဖြစ်နေမှာ၊ ဒါမှမဟုတ် ဟိုနေရာတွေကများလား”
လှလှဆွေက တွေးရင်း မအီမသာ ဖြစ်လာသည်။ ရှက်စိတ်လိုလို... ဝမ်းနည်းအားငယ်စိတ်လိုလို... အမည်မဖော်ပြတတ်သော စိတ်တစ်မျိုးက သူ့အတွေးထဲတွင်စုန်ချည်၊ ဆန်ချည် ပြေးလွှားနေသည်ဟု ထင်မိလေသည်။
ရုတ်တရက် ချွေးပြန်လာ၍ နဖူးပြင်မှချွေးကို လက်ဖမိုးနှင့် ပွတ် သုတ်လိုက်သည်။
“ငါ အခုလိုဖြစ်နေတာ ကိုကိုနိုင်များသိရင် ဘယ်လိုနေမယ် မသိဘူး”
ကိုကိုနိုင့်ကို သတိရသည်။ ကိုကိုနိုင်သည် သူ၏အချစ်ဦး။
လှလှဆွေငယ်ငယ်၊ မလိမ်မိုး မလိမ္မာ ကလေးဘဝကအချစ်ဦး ဖြစ်ပါသည်။
ကြာတော့ ကြာခဲ့ပါပြီ။
ကိုကိုနိုင့်ကို မတွေ့ရမမြင်ရသည်ပင် သုံးနှစ်ကျော်ကျော်လောက် ရှိပြီထင်သည်။
သို့သော် ..... လှလှဆွေက မနေ့တစ်နေ့က အဖြစ်အပျက်လိုပင် ထင်မိသည်။ ခုပြန်တွေးလျှင် ခုပြန်ပြီး မျက်ရည်ဝဲရသည်။ ။
“အင်း... သူက ငါ့ကိုတွေ့ရင်တောင် မှတ်မိချင်မှ မှတ်မိတော့ မှာ၊ သူ့ဘဝမှာ ငါလိုကောင်မလေးတွေ ဘယ်နှယောက်များ ရှိခဲ့သလဲမှမသိတာ”
လှလှဆွေ ပင့်သက်ရှိုက်မိသည်။ ။
ကိုကိုနိုင်သည် ဥစ္စာပေါ၊ ရုပ်ချော၊ ပညာတတ်သော ရာထူး လက်ရှိတစ်ဦးဟုပင် အကြမ်းဖျင်းဆိုရပေမည်။
ဦးနှောက်ကို အတော်အတန် အသုံးချသော မိန်းကလေးမှန်သမျှ ကိုကိုနိုင်နှင့်တွေ့လျှင် မဆွတ်မီက ညွတ်ချင်ချင် ဖြစ်ကြရသည်။
မဆွတ်ဘဲနှင့်ပင် ညွှတ်ချင်နေကြသူများပင်ရှိရာ သူက အဆွတ်ခံရသောကြောင့် ညွှတ်မိခြင်းဖြစ်သည်ကိုတော့ အပြစ်မတင်သင့်ဟု လှလှဆွေ ထင်မိသည်။
သို့သော်...
ကိုကိုနိုင့်ကို သူချစ်ခြင်းမှာ အထက်ပါအရည်အချင်းများကြောင့် တော့ မဟုတ်ပေ။
ထိုအရည်အချင်းများ မရှိလည်း သူကချစ်မည်ပင်ဖြစ်သည်။ | ကိုကိုနိုင်သည်သာ မုန့်ဟင်းခါးရောင်းသူဖြစ်လျှင် သူက ဟင်း ရည်အိုးကို ပျော်ပျော်ကြီးရွက်မည်ဖြစ်သည်။
ကိုကိုနိုင် ခြေလက်အင်္ဂါမသန်မစွမ်း ချို့ယွင်းလျှင်ပင် သူက ဝတ်ကြီးဝတ်ငယ် ပြုစုနေရန် ဝန်မလေး။ ။
ထိုထိုသော ချစ်မြတ်နိုးခြင်း၊ အထင်ကြီးခြင်း၊ တွယ်တာခြင်း စသော ထောင့်ငါးရာတွေ၊ ငါးရာနှစ်ဆယ့်ရှစ်တွေ ရောထွေးလာသော အခါ ကိုကိုနိုင်ခေါ်သမျှ လိုက်မိလေသည်။
ရုပ်ရှင်ရုံ.. စားသောက်ဆိုင်... အင်းလျားစောင်း ထို့နောက် သူ့သူငယ်ချင်းအိမ်သို့ မကြာခဏ
“ဒါ ဘာရထားလဲဟင်”
စက်ပေါ်မှ ကောင်လေးတစ်ယောက်က မေးသည်။
အကျီနွမ်းနွမ်း၊ ပုဆိုးနွမ်းနွမ်းနှင့် အဆီပြန်နေသော မျက်နှာက ခပ်ညှိုးညှိုး ဖြစ်နေသည်။
“သင်္ဃန်းကျွန်း”
“တိုးကြောင်လေး ရောက်မှာလား”
“ရောက်မယ်”
“ဘယ်အချိန်ထွက်မှာလဲဟင်”
“လေးနာရီ သုံးဆယ့်ငါး
ကောင်ကလေး လှည့်ထွက်သွားတော့ တွေးလက်စအတွေးက ခေါင်းထဲ ပြန်ဝင်လာသည်။
“အတူနေကြပါစို့ ကိုကိုရယ်”
ဟုပြောစဉ်က မျက်နှာမသာမယာ ရှိခဲ့ပုံကိုလည်းကောင်း.... အတွေ့ပင် မခံတော့ဘဲ ရှောင်နေပုံကိုလည်းကောင်း
သတင်းစာထဲမှ “လက်ထပ်ပြီးစီးခြင်း” ကြော်ငြာကို တွေ့တော့ သူလူးနေအောင် ငိုခဲ့ရသည်များကိုလည်းကောင်း ဆက်တိုက်သတိရ လာသည်။
ကိုကိုနိုင် အချစ်ဦးကို ရူးရူးမူးမူး ချစ်ခဲ့မိလေတော့ သူ၏အသည်း ကို လည်းကောင်း
နှလုံးကိုလည်းကောင်း... အသွေးအသားကိုလည်းကောင်း အလုံးစုံကိုပုံပြီး အပ်နှင်းခဲ့မိသည်။ သို့သော်...
ကိုကိုနိုင်ကမူ သူ့အား မေတ္တာအတုအယောင်မှတစ်ပါး ဘာကိုမှ ပြန်မပေးခဲ့ပေ။
“အခုလိုပိုက်ဆံနဲ့များ ပြန်ပြီးတွက်ယူလိုက်ရရင်နည်းမှာမဟုတ်ဘူး”
လှလှဆွေက အံကြိတ်ရင်း မိုက်မိုက်ကန်းကန်း ရူးရူးနှမ်းနှမ်း တွေးမိသည်။ ။ ခုတော့ လှလှဆွေတို့က ပါးနေပေပြီ။ ဘယ်သူ့ကိုမှ အလကားမပေးတော့။ အင်း... ငွေနှင့်ကြေးနှင့်ဆိုလျှင်တော့...။ “ဒါ အရောင်းအဝယ်လုပ်တာပဲ ဘာဖြစ်သေးလဲ၊ ကိုယ့်ဆီမှာငွေမရှိဘူး ငွေလိုတယ်၊ စိန်တွေ ရွှေတွေ အဝတ်အထည်တွေကို ဆိုင်ခင်း ပြီး မရောင်းနိုင်ဘူး”
“ဒါကြောင့် ကိုယ်ပိုင်တဲ့ပစ္စည်း ကိုယ်ရောင်းတာ၊ ရောင်းစရာ မရှိလို့ ရှိတာကိုရောင်းတာ၊ အမေ့အတွက် ဆေးဖိုး၊ ညီမလေးအတွက် ကျောင်းဝတ်စုံ၊ မောင်လေးအတွက် စာအုပ်ဖိုး
“နောက်ပြီး အိမ်မိုးဖို့၊ ကြမ်းခင်းဆွေးနေတာ လဲဖို့၊ ဒါတွေ ဒါတွေအတွက် ဘယ်သူကများ အလကားပေးမှာမို့လဲ”
မီးရထားပြတင်းပေါက်ပေါင်ကို ခေါင်းနှင့်ခပ်နွဲ့နွဲ့ မှီလိုက်သည်။ ရင်ထဲတွင် မောလျလျဖြစ်နေသည်။ စင်္ကြံတစ်ဖက်မှ ရထားသံလမ်းဘေးတွင် ပြောင်းဖူးရိုးနှစ်ရိုး တွေ့ရသည်။
စက်ဆီများပေကျံကာ မည်းညစ်နေသည်။
“အဖေ နာတာရှည်ဖြစ်နေတုန်းကလည်း ဘာမှမတတ်နိုင်ဘူး၊ ဒီအတိုင်း ငုတ်တုတ်ကြည့်နေရတယ်၊ မိုရီရာမင်းဆိုတာ အကြောထဲကနေ သွင်းလိုက်ရင် အားပြည့်သတဲ့၊ ကြက်သားကို ပေါင်းစားပါတဲ့၊ ကြက်ပြုတ် ရည်သောက် ဆရာဝန်ကြီးက ပြောပါတယ်တဲ့၊ လွယ်လိုက်တာ...
“ပိုက်ဆံများရှိရင်တော့ ဘာခက်မှာလဲ၊ ပိုက်ဆံမရှိတော့ ကြက် ခြေထောက်ကလေး တစ်ချောင်းကအစ ရဖို့ခက်တာပဲ””
လှလှဆွေ သက်ပြင်းချသည်။ ။ အဖေဆုံးသွားသည်မှာ တစ်နည်းအားဖြင့်တော့ ကောင်းသည်။ ဝဋ်ကျွတ်သွားခြင်းဖြစ်သည်ဟု လှလှဆွေ ယူဆမိသည်။ အဖေဆုံးပြီး မကြာမီပင် ကိုကိုနိုင်နှင့်တွေ့သည်။
သူ၏ဖြူစင်သော ဘဝလေးမှာလည်း လူမသိသူမသိ ပျက်ယွင်း ခဲ့ရသည်။
ညစ်နွမ်းခဲ့ရသည်။ ယခုတစ်ဖန် အမေက နေမကောင်းဖြစ်ပြန်ချေပြီ။
တစ်နေ့တခြားပိန်ကာ မူးလိုက်မောလိုက်နှင့် ညှိုးညှိုးငယ်ငယ် မရွှင်မပျဖြစ်လာသည်။
ဆရာဝန်က ...
“အသားများများစား၊ ပဲများများစား””
ဟု ပြောပြန်ချေပြီ။
ကြက်ဥ၊ နွားနို့ သောက်ခိုင်းပြန်ချေပြီ။
“မိုရီရာမင်း” သောက်ခိုင်းပြန်ချေပြီ။
“ဂျယ်ရီယာဗစ်” သောက်ခိုင်းပြန်ချေပြီ။
သည်တစ်ခါတော့ လှလှဆွေသည် အဖေ့တုန်းကလို ငုတ်တုတ် ထိုင်ပြီး ကြည့်မနေတော့။
မရမရသည့်နည်းနှင့် ငွေရှာခဲ့သည်။
ဆေးဝယ်ခဲ့သည်။
“ဘယ်တတ်နိုင်မှာလဲကွယ်၊ ငါ့လခက နှစ်ရာလောက်ရယ်။ ကြက်သားက နှစ်ဆယ့်ခြောက်ကျပ်၊
“ဂျယ်ရီယာဗစ်”က တစ်ပုလင်း လေးဆယ်၊ အိမ်မှာ စားမယ့်ပါးစပ်က လေးပေါက်””
စကြီးပေါ်တွင်ရပ်ကာ ဖရဲသီးစိတ် စားနေသော မိန်းမကြီး တစ်ယောက်က ဖရဲခွံကို ရထားလမ်းပေါ် ပစ်ချလိုက်သည်။
ပေနေသောလက်ကို ထဘီနှင့် ပွတ်သုတ်လိုက်သည်။
“ခဏ ခဏလုပ်လို့တော့ မဖြစ်ဘူး၊ တော်ကြာ လူသိကုန်ရင် ဒုက္ခ၊ မေမေသာ သိရင်တော့ သေလိမ့်မယ် ထင်တယ်၊ မောင်လေးနဲ့ ညီမလေး သိရင်ရော၊ အို... မတွေးချင်တော့ပါဘူး၊ တစ်နေ့တုန်းကတော့ တည်းခိုခန်း တက်ဖမ်းတာ မိကြတယ်ကြားတယ်၊ ငါ့ကိုများ အဲဒီလို မိသွားရင် ရှက်တာနဲ့ ချက်ချင်းလဲသေလိမ့်မယ် ထင်ပါရဲ့”
လှလှဆွေကတွေးရင်း ရင်ခုန်လာသည်။ ရထားလမ်းပေါ်မှ ဖရဲခွံကို ငေးကြည့်နေမိသည်။
လွှင့်ပစ်လိုက်သည့် အရှိန်နှင့်မို့ ခါးလယ်က အက်နေသည်။ လတ်လတ်ဆတ်ဆတ်မို့ အရောင်အသွေး မပြယ်သေး။ အတန်ငယ် စိုပြည်နေသေးသည်။
သို့သော်လည်း မကြာမီပင် သူ့နားမှ ပြောင်းဖူးရိုးနှစ်ရိုးလို ဖုန် အလိမ်းလိမ်းနှင့် ညစ်ပတ်ပေကျံသွားတော့မည်ဖြစ်သည်။
“အပုပ်နံ့ဆိုတာ ကြာကြာဖုံးလို့ရတာ မဟုတ်ဘူး၊ သိကုန်ကြရင် တော့ ဒုက္ခပဲ၊ စောစောစီးစီး ဖြတ်နိုင်ရင်ကောင်းမယ်”
“ဒီတစ်ခါ လက်ထဲမှာစုမိရင်တော့ စာအုပ်အငှားဆိုင်လေး ဖွင့်ရရင် ကောင်းမလားမသိဘူး”
ခက်သည်က လက်ထဲတွင် များများစားစား မစုမိခြင်းပင်။
နောက်ပြီးတော့ ငွေအရလွယ်သောလမ်းကို လိုက်မိပြီဆိုတော့ လည်း ဆီးငန်စေ့ထုပ်ခြင်း၊ စက္ကူစာအိတ်လုပ်ခြင်း စသော တစ်ကျပ်၊ ငါးမတ် အလုပ်မျိုးလေးတွေကိုလည်း မလုပ်ချင်တော့ပေ။
အမေ့ချောင်းသံတဟွတ်ဟွတ်ကို ကြားလျှင်၊ မောင်လေးက...
“မှတ်စုရေးဖို့ ဗလာစာအုပ်လိုပြန်ပြီ အစ်မရယ်၊ နောက်ပြီး ကျောင်းက ဆရာကန်တော့ပွဲကျရင် ကျွန်တော်တို့တွေကို ဦးရွှေရိုးယိမ်း ကခိုင်းနေတယ်၊ ဝတ်စုံလိုပြန်ပြီ”
ဟု ပြောသံကြားရလျှင် သူသည် သက်ပြင်းရှိုက်ရင်း ထိုအခန်း မှောင်မှောင်လေးကိုပင် ပြေးပြီး သတိရမိတတ်လေသည်။
“ဒါ... မင်္ဂလာဒုံရထားနော်”
“မဟုတ်ပါဘူး သင်္ဃန်းကျွန်းပါ”