မင်္ဂလာစျင်အောင် - တုမနှိုင်းသာသည့်အမေနှင့်မြန်မာရိုးရာပုံပြင်များ
မရူးမကောင်း လူမိုက်များ
ရှေးလွန်လေပြီးသောအခါ ရွာတစ်ရွာတွင် လူမိုက်ကြီး လေး ယောက်ရှိခဲ့လေသည်။ သူတို့အမည်များမှာ ခေါင်းကြီးနှင့် ငစပ်၊ ငပု၊ ငရှည်ဟူ၍ ဖြစ်ပေသည်။ သို့ရာတွင် မည်သူကမျှ သူတို့၏ အမည် ရင်းကို မခေါ်ကြ။ လူမိုက်ကြီး လေးယောက်ဟူ၍သာ ပေါင်းရုံး ခေါ်ဝေါ် ကြသည်။ ထိုသို့ ခေါ်ဝေါ်ခြင်းမှာ ကောင်းဆိုးမှားမှန် ဝေဖန် သုံးသပ် ဆင်ခြင်တုံဏရား ကင်းမဲ့လွန်းသောကြောင့်ပေတည်း။
တစ်နေ့သ၌ အမယ်အိုတစ်ဦးသည် သူတို့လေးယောက်ကို သနားသည့်အတွက် အလုပ်တစ်ခု အလုပ်ခိုင်းသည်။ အလုပ်မှာ အိမ်ပြင် ရှိ သက်ငယ်စည်းများကို အိမ်ဝိုင်းတွင်းသို့ ပြောင်းရွှေ့စုပုံရန် ဖြစ်ပေ၏။ သို့ကြောင့် လေးယောက်သည် ရှေ့နောက် စီတန်းပြီး သက်ငယ်စည်းတွေ ထမ်းလာကြ၏။
ရှေ့ဆုံးမှ ငရှည်က မေး၏။
“အမေကြီး၊ ဘယ်မှာ ချရမှာလဲ”
“ဟောသည် သစ်တုံးပေါ် ချတဲ့”
“အမယ်အို ညွှန်ပြသော သစ်တုံးပေါ်တွင် ငရှည်က သက်ငယ်စည်း ချသွားလျှင် ခေါင်းကြီးလည်း လိုက်လံချထားရုံရှိ၏။
“အမေကြီး၊ သက်ငယ်စည်း ဘယ်မှာ ချရမှာလဲ”
“ငရှည် ချသွားတဲ့နေရာမှာ ချထားတဲ့”
“အမေကြီး၊ ဘယ်မှာ ချရမလဲ ဟင်”
“ခေါင်းကြီး ချသွားတာ မမြင်ဘူးလားတဲ့”
“အမေကြီး၊ အသက်ငယ်စည်း ဘယ်မှာ ထားရမတုံး”
“ရှေ့ကလူတွေ ချသွားတာ မမြင်ဘူးလားတဲ့”
တစ်ခဏအကြာတွင် ပထမဆုံးချသွားသည့် ငရှည် ရောက်လာ ၏။ ယခင်နေရာတွင် မချသေးပေ။
“အမေကြီး၊ သက်ငယ်စည်း ဘယ်မှာ ချရမတုံး”
“ငါ့ ခေါင်းပေါ်မှာ ချဟေ့၊ ငါ့ ခေါင်းပေါ် "
စိတ်ပေါက်ပေါက်ဖြင့် ရွဲ့ ပြောသည်ကို မသိပါ။ အမှန်ပင် အမယ်အို၏ ခေါင်းပေါ်သို့ သက်ငယ်စည်းကို ပစ်ချလိုက်ရာ ထို တစ်စည်းဖြင့်ပင် အမယ်အို အသက်ပျောက်လေ၏။ သို့ရာတွင် နောက်လူသုံးယောက်ကလည်း အမယ်အို အပေါ်မှာပင် ပစ်ချကြပြန်လေ သည်။
တစေ့တစောင်း အကဲခတ်နေသော ရွာသားများ ပြေးလာ သော်လည်း အမယ်အို၏ အသက်ကို မကယ်နိုင်တော့ပါ။ မရူး မကောင်းများအား လူသတ်မှုဖြင့် တရားစွဲရန်ထက် အလောင်းမြေကျ ရန်က ပို၍ အရေးကြီးသည်။ သို့အတွက် ခေါင်းပျဉ်ခွဲရန်အတွက် လူမိုက်ကြီး လေးယောက်ကို တောထဲသို့ သစ်ပင်အခုတ် လွှတ်လိုက် ကြလေ၏။
လူမိုက်ကြီး လေးယောက်သည် လူသွားလမ်းဘေးရှိ သစ်ပင် ကြီးတစ်ပင်ကို ခုတ်လှဲကြသည်။ ခုတ်ရာမပြတ်သေး၍ သစ်ပင် မလဲပါ။
သို့သော် ငစပ်က အကြံကောင်းတစ်ခုပေးသည်။
“ဟေ့...လေတိုက်မှ သစ်ပင် မြန်မြန်လဲမှာကွ၊ သစ်ပင်ထိပ်ဖျား တက်ပြီး တစ်ယောက်က လေချွန်ကွာ”
ထိုအခါ ခေါင်းကြီးက သစ်ပင်ပေါ်တက်ပြီး လေချွန်သည်။ သစ်ပင်လဲခါနီးသော်လည်း ပြေးဆင်းမလာပေ။ သို့ဖြင့် သစ်ပင်လဲအကျ တွင် ခေါင်းကြီးလည်း သစ်ပင်ပိပြီး သေလေသည်။
ကျန်သော ငစပ်နှင့် ငရှည်၊ ငပုတို့သည် ခေါင်းကြီး သေသည် ဟု မသိ။ အိပ်ပျော်နေသည် ထင်သဖြင့် ခေါင်းကြီးဘေးတွင် ထိုင်စောင့် နေကြသည်။ မကြာမီ ခေါင်းကြီး၏ ရုပ်ကလာပ်မှ အပုပ်နံ့ ထွက်လာပြီ။ လူမိုက်ကြီး သုံးယောက်ကား ထိုင်ပြီး စောင့်မြဲ စောင့်နေကြဆဲသာ။
မကြာမီ ခရီးသွားတစ်ယောက် ရောက်လာသည်။
“အဆွေတို့၊ ဘာထိုင်လုပ်နေကြတာတုံး”
“ကျုပ်တို့ သူငယ်ချင်း အိပ်နေလို့ သူ နိုးချိန်ကို စောင့်နေတာပါ”
ခရီးသွားမှာ ငိုရအခက်၊ ရယ်ရအခက် ဖြစ်သွားသည်။
“အိပ်နေတာ မဟုတ်ဘူး လူမိုက်တွေရဲ့ ၊ အဲဒါ သေနေတာ။ ပုပ်စော်တောင် နံနေပါပြီကော”
ထိုအခါမှ လူမိုက်ကြီးသုံးယောက်သည် ခေါင်းကြီး၏ အလောင်းကို မြေမြှုပ်ပစ်ခဲ့ပြီး ထွက်ခွာလာခဲ့ကြလေ၏။ ထိုသို့ လာကြစဉ် သူတို့ထဲမှ တစ်ယောက်က တိတ်တဆိတ် ကျိတ်ပြီး လေလည်သည်။ ထိုလေပုန်းနံ့ကို သုံးယောက်လုံး ပြိုင်တူရသည်။
“ဟာ..ငါတို့လည်း လုပ်နေပြီဟ၊ ပုပ်ရင် သေလို့သာ ဖြစ်ရမယ်”
သုံးယောက်စလုံး လှည်းလမ်းကြောင်းပေါ်တွင် လှဲအိပ်လိုက် ကြတော့သည်။ မကြာမီ ဆင်တစ်စီး ရောက်လာသည်။
“လှည်းလမ်းပေါ်က လူတွေ ဖယ်ကြနော်...ဖယ်ကြ၊ ဆင်လာနေတယ်”
“မဖယ်နိုင်ဘူးါ၊ ကျုပ်တို့က လူသေကောင်တွေ”
ငရှည်က ပြန်အော်သည်။ ဆင်ဦးစီးသည် အကြိမ်ကြိမ်အော်၍ မရသည့်အဆုံး၌ ဆင်ပေါ်မှ ပြေးဆင်းလာသည်။ ငစပ်ကို ချွန်းဖြင့် ထိုးသည်တွင် ငစပ် ထထိုင်လေသည်။ ငရှည်နှင့် ငပုလည်း လန့်ဖျပ်ပြီး ထထိုင်သည်။
“မိတ်ဆွေရဲ့ ပစ္စည်းဟာ တယ်ပြီး စွမ်းပါကလား၊ လူသေတွေ ထထိုင်နိုင်အောင် လုပ်နိုင်တယ်။ ကျုပ်တို့ရဲ့ လွှ၊ ရဲတင်းနဲ့ လဲပါလား”
ဆင်ဦးစီး၏ ချွန်းမှာ ရဲတင်းတစ်လက်၏ တန်ဖိုးထက်ဝက်ပင် မရှိ။ ယခု လွှကြီးပင် အပိုရသောအခါ ဝမ်းသာအားရ လဲလှယ်ပြီး ဆင်စီးလျက် ထွက်ခွာသွားလေ၏။ လူမိုက်ကြီးသုံးယောက်မှာ သေသူ ကို ရှင်စေသော လက်နက်ဆန်းရသဖြင့် ဝမ်းသာအားရ လာခဲ့ကြရာ မူရင်းရွာသို့ မရောက်ဘဲ အခြားရွာတစ်ရွာသို့ ရောက်သွားကြလေ၏။
ထိုရွာတွင် အသုဘတစ်ခု ရှိသည်။ သေသူ၏ ဆွေမျိုးများ ဆူညံစွာ ငိုကြွေးနေရာသို့ ဝင်သွားပြီး အသုဘကို ချွန်းဖြင့် ပေါက်လေ၏။
“ရောဂါဝေဒနာ ခံစားပြီး သေသွားတာ အားမရလို့ ရုပ်ပျက် ဆင်းပျက်ဖြစ်အောင် ချွန်းနဲ့ ပေါက်ရသလားတဲ့”
ရပ်သူရွာသားများက သူတစ်ချက်၊ ငါတစ်ချက် ဝိုင်းဝန်း ရိုက် နှက်ကြလေ၏။
“ထမင်းဆာလို့ပါဗျာ၊ အဲဒါကြောင့် သေသူကို ရှင်အောင် လုပ်မိတာပါ”
လက်ကားယား ခြေကားယားဖြင့် ရိုက်ချက်များကို ကာကွယ် နေသော ငစပ်က ရှင်းပြ၏။
“ထမင်းဆာရင် ကာယကံရှင် စေတနာရှိအောင် လုပ်ရသတဲ့။ ဥပမာအားဖြင့် အသုဘတွေ့ရင် ဘကြီးတန် ဘကြီးရဲ့။ တူမတန် တူမရဲ့ အော်ဟစ်ပြီး ရောနှော ငိုရတယ်”
“နို့... သိမှ သိပဲကိုး၊ အမယ်လေး... တူမရဲ့ အသေစောလေ ခြင်းကွယ့်”
ငစပ်က စတင်ငိုကြွေးရာ ငရှည်နှင့် ငပုပါ လိုက်လံငိုဟစ်ကြ သည်။ ။
သူတို့သည် အသုဘအိမ်တွင် စားသောက်ပြီးနောက် ဆက် လက်ထွက်ခွာကြရာ နေအတော်စောင်းချိန်၌ ဆာလောင်မွတ်သိပ် လာကြသည်။ ထိုအတွက် အနီးဆုံးရွာထဲသို့ ပြေးဝင်လာကြသည်။ အခန့်သင့်ပင် မင်္ဂလာဆောင်တစ်ခုကို တွေ့သည်။ လှပစွာ ဆင်ယင်ထား သော သတို့သမီးကို ငပုက ပြေးဖက်သည်။ ။
“အမယ်လေး...တူမရဲ့ ၊ အသေစောလို့ နှမြောလိုက်လေခြင်း၊ အီး...ဟီး”
ပရိသတ်မှာ ဟာခနဲ ဖြစ်သွားပြီး တစ်ယောက်တစ်ချက် ဝိုင်းဝန်းကန်ကျောက် ရိုက်ပုတ်ကြသည်။
“သည်းခံကြပါ ခင်ဗျာ၊ ထမင်းစားရအောင်လို့ လုပ်မိတာပါ”
“ထမင်းစားချင်ရင် အခုလို မင်္ဂလာပွဲမှာ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တင့်တယ် ကျက်သရေ ရှိပါပေတယ်။ သတို့သမီးကချော၊ သတို့သားက လှတယ် ဘာညာပြောရတယ်တဲ့”
လူမိုက်ကြီး သုံးယောက်သည် ထိုစကားကို မှတ်ထားပြီး ဆက်လက်ထွက်ခွာလာရာ မှောင်တရီတွင် ရွာတစ်ရွာသို့ ရောက်သည်။ ဝမ်းကလည်း ဟာလာသဖြင့် ရန်ဖြစ်နေသော လင်မယား၏အိမ်သို့ ဝင်ကာ တဟီးဟီး၊ တဟားဟား ရယ်မောကြသည်။ သတို့သားကလှ၊သတို့သမီးက ချောဟု ပြောသူက ပြောရာ အရိုက်ခံရလေ၏။
အကျိုးအကြောင်းသိရတော့မှ အိမ်ရှင်လင်မယားက ထမင်း ကျွေးပြီး ဤသို့ သင်ကြားပေးလိုက်သည်။
“အခုလို မသင့်မတင့် ဖြစ်နေတာတွေ့ရင် နောင်ကြီးကလည်း ဒေါသကို ထိန်းပါ၊ အစ်မကလည်း လျှော့မှပေါ့ ၊ လင်နှင့်မယား လျှာနဲ့ သွားပဲလေဆိုတာမျိုး ပြောရတယ်”
လူမိုက်ကြီး သုံးယောက်သည် ယင်းစကားကို အသေမှတ် ထားပြီး ထွက်ခွာလာကြသည်။ အခန့်သင့်ပင် သဲသဲမဲမဲ ခတ်ဝှေ့ နေသော ကျွဲနှစ်ကောင်ကို တွေ့သည်။
“နောင်ကြီးက ဒေါသထိန်းမှပေါ့ ”
“အစ်မကြီးကလည်း လျှော့မှပေါ့ ”
“ဟုတ်ပါတယ်ဗျာ၊ လင်နဲ့မယား လျှာနဲ့ သွားပဲ”
လူမိုက်ကြီး သုံးဦးမှာ ဤအကြိမ်တွင်ကား ထမင်းမစားရပါ။ ကျွဲနှစ်ကောင်ကြားတွင် ဝင်ရပ်မိသဖြင့် ကျွဲခတ်ခံရပြီး ဇာတ်သိမ်းလေ၏။