မင်းသုဝဏ် - ရေချမ်းစင်
ယီးလေးလေး
ကျွန်တော်တို့တွင် ကြွေးကြော်သံ အထူးအထွေမရှိ။ “ယီးလေးလေး” ဆိုသော စကားလုံးတို့သည်သာလျှင် ကျွန်တော်တို့၏ ကြွေးကြော်သံ ဖြစ်ပေ သည်။ သူတို့ကား ရှေးဟောင်းသမားရိုးကျ ကြွေးကြော်သံပေတည်း။ ကလေးတို့ဘာဝ ပုခက်လွှဲ ဒန်းစီးသောအခါများ၌ ယီးလေးလေး ဟူ၍ လည်းကောင်း၊ ယိုယီးလေး ဟူ၍လည်းကောင်း၊ သံပြိုင်ဟစ်အော်ကြွေးကြော်ခဲ့ကြဖူးပြီ။ တော်သလင်း သီတင်းကျွတ်ဆီတွင် မြစ်ရိုးချောင်းရိုး တစ်လျှောက်၌ လှေပြိုင်သောအခါ၌ ဤကြွေးကြော်သံတို့ကို နှစ်စဉ်နှစ်တိုင်း ကြားရလျက်ပင် ဖြစ်သည်။
ကျွန်တော်တို့သည် ယီးလေးလေး ဆို၍ ကိုယ့်အားကိုလည်း ကိုယ် တင်းသည်။ သူတစ်ပါးကိုလည်း အားပေးသည်။ စု၍လည်း အားယူကြ သည်။ ယီးလေးလေး ဆို၍ တက်စုံ လက်စုံ ညီညီညာညာနှင့် လှော်ပဲ့ကာ ကျွန်တော်တို့တစ်စု ကျော်လွန်အောင် မြင်ခဲ့သော ခရီးကို ဆန့်လိုက်ရ မည်ဆိုလျှင် ယူဇနာပေါင်းများစွာရှိပေလိမ့်မည်။ ထိုခရီးတို့ကား အချို့မှာ လည်း ရေဆန်ခရီး။ အချို့မှာလည်း ရေစုန်ခရီး။ အချို့မှာ ရေဆန် လေစုန် ခရီး၊ အချို့မှာ လေဆန် ရေဆန်ခရီး။ အချို့မှာ ရေစုန် လေစုန်ခရီး။ အချို့မှာ နေ့ခရီး။ အချို့မှာ ညခရီး။ မည်သည့်ခရီးမျိုးကိုဖြစ်စေ ကျွန်တော်တို့၏ ကြွေးကြော် အားယူ တက်ခေါ်သံ ယီးလေးလေးဖြင့် အောင်မြင်ခဲ့ကြပြီ။ ယီးလေးလေးသံကို ကြားရလျှင် ကျွန်တော်တို့ အားလုံး၏ စိတ်တွင်တစ်သွေးတည်း တစ်မွေးတည်း ဖြစ်သွားကြတော့သည်။ တစ်ဦးနှင့် တစ်ဦး မနာလို တိုရှည်များသည် ဤကြွေးကြော်သံ၏ဒဏ်ကို မခံနိုင်။ လွင့်ပျောက် ပျက်စီးရသည်။ “ဗောင်းတော် လှံခသော ကျောင်းတော်က ရန်စ”ပင်လည်း ဤ ယီးလေးလေး၏ အရှိန်ကို မခံနိုင်။ လေးလေးသည် ညီညွတ်မှုကို စေ့ဆော်ပေးရုံ၊ ကွဲပြားမှုကို ဖျောက်ဖျက်ပေးရုံ မဟုတ်။ အားနည်းလျှင် ဖြည့်တင်းပေးသည်။ ကြောက်လန့်လျှင် ရဲဆေးတင်ပေးသည်။ အချုပ်အား ဖြင့်ဆိုရသော် ယီးလေးလေးဆိုသော တက်ခေါ်သံတွင် နယ်နိမိတ် သတ်မှတ် ပေး၍ ရကောင်းမည် မထင်ပါ။
ဤကြွေးကြော်သံ မန္တရား၏ အစွမ်းသတ္တိကြောင့် ကျွန်တော်တို့ ငယ်စဉ် ကလေးဘဝက ခရီးခဲတစ်ခုကို လွန်မြောက်အောင်မြင်ခဲ့ပုံကို ပြောပြလိုပါ သည်။ ထိုနေ့တစ်နေ့လုံး ကျွန်တော်တို့ကား လယ်ထဲတွင် လုပ်ကိုင်ခဲ့ကြပြီ။ မုတ်သုန်လေသည် ကျွန်တော်တို့ကို တစ်နေ့လုံး ရေခဲတိုက်တွင် လှောင်ခဲ့ပြီ။ မုတ်သုန်မိုးသည် ကျွန်တော်တို့ကို တစ်နေ့လုံး ကျောက်စရစ်ဖြင့် ပေါက်ခဲ့ပြီ။ ကျွန်တော်တို့၏ နှုတ်ခမ်းများကား ပြာလျက်။ ကျွန်တော်တို့၏ လက်များ ကား ဖြူဖတ်ဖြူရော်နှင့် ပဲကြီးတွန့် တက်လျက်။ ကျွန်တော်တို့၏ မေးများ ကား အထက်နှင့်အောက် ရန်စစ်ခင်း ကာ တုန်ခိုက်လျက်။ ထိုအကြားတွင် ကြွေကြီး ဘွဲငယ် အသွယ်သွယ်တို့သည် ကျွန်တော်တို့၏ သွေးကို သောက် မျိုခဲ့ရာ ဤထုံးကျည်တောက် ဆေးကျည်တောက်ကလေးများကိုသာ မယူဆောင်ခဲ့မိပါမူ ကျွန်တော်တို့ ၏ သွေးတို့သည် ကုန်ခန်းခဲ့ရာသည်။ သစ်ရွက် များအောက်တွင် ခိုကပ်၍ ချောင်းမြောင်းနေတတ်သော ကျွဲမက်ကြီးများက လည်း အလစ်အလစ်တွင် ထွက်လာ ထိုးကိုက်ကြရာ ဤလယ်ထွန်အကျွံ များသာ မပါခဲ့ပါမူ ကျွန်တော်တို့မှာ သွေးဆုတ်ရပေတော့မည်။ ကျွန်တော် တို့၏ ခြေသလုံးများမှာလည်း သမန်းရှ၍ သွေးရဲရဲ သံရဲရဲနှင့်။ နေစောင်းသောအခါ ကျွန်တော်တို့သည် ပင်ပန်းကြပြီ။ နွမ်းလျကြပြီ။ ခြေကုန် လက်ပန်း ဖြစ်ကြပြီ။ ဝမ်းထဲ ဗိုက်ထဲတွင် ဟာလာဟင်းလင်း။ ခြေလက်တို့ လည်း တုန်ချည့်ကြပြီ။ မျက်စိများလည်း ညိုမှိုင်းရီဝေကြပြီ။ အချင်းချင်း ဆုံမိကြသောအခါ သူ့ကို ငါက စိတ်တို၊ ငါ့ကို သူက စိတ်တိုနှင့် တစ်ဦး နှင့်တစ်ဦး အပြစ်ရှာ၍ မျက်စောင်းထိုးမိကြ၏။ ကိုယ်ပင်ပန်းသည်ကိုပင်သူ့ပယောဂကြောင့်ဟု ထင်မိသည်။ သူ ပင်ပန်းသည်ကိုပင် ကိုယ့်ပယောဂကြောင့်ဟု ထင်တော့သည်။ ဤအခါမျိုး၌ ထစ်ကနဲဆိုလျှင် လုပ်မိတော့ သည်။ တဲတဲကသေးသာရှိတော့၏။ သို့သော်......ကျွန်တော်တို့၏တာဝန် ကား မပြည့်စုံသေး။ အိမ်ပြန်ခရီး ရှိလေသေးသည်။
ကျွန်တော်တို့၏ လယ်တဲကား တစ်ခေါ်လည်းမက၊ နှစ်ခေါ်လည်း မက။ ဤချောင်းမှထွက်၍ ထိုမြစ်ကိုကူးပြီးလျှင် တောင်ဘက်ပင်လယ် ဝဆီတွင် ပျပျကလေး မြင်ရသော ထိုတဲကြီးဖြစ်ပေသည်။ ကဲ ...ပြန် ကြစို့ ။ လာကြဟေ့...။ သို့သော် ကျွန်တော်တို့တစ်စုကား မျက်နှာသိုး ကြီးများနှင့် တစ်ဦးကိုတစ်ဦး စကားမဆိုကြ။ ပင်ပန်းနေကြသည်။ နွမ်းလျ နေကြသည်။ ဆာနေကြသည်။ မွတ်နေကြသည်။ အလိုလိုစိတ်တိုလျက် ရှိကြသည်။ သူ့တက် သူကိုင်၊ ကိုယ့်ဘက်ကိုယ့်ကိုင်နှင့်။ ဆိုင်ရာလှေကန့် တို့တွင် ကျောက်တုံးကို ပစ်ချလိုက်သကဲ့သို့ လေးလံသော ကိုယ်ခန္ဓာများကို ပစ်ချကာ ထိုင်လိုက်ကြသည်။ လူစုံပြီလားဟေ့။ တက်စုံပြီလားဟေ့။ ကဲ . . .ခွာကြစို့။ ဦးကြိုးဖြတ်။ ပွဲကြိုးဖြတ်။ အမာ... လေတယ်ပြင်းပါကလား။
လှေဦးလန်သွားပြီ။ ကဲ... ယောက်ျားဘသားပဲ့လိုက်မယ်။ ဖြောင့်ရော့ လဟယ်။ ကဲ ... တက်စုံချီ။ သွား။ လေးလံသော လက်များသည် လေးလံသောတက်များကို လေးလံစွာ မြှောက်၍ လှော်ကြသည်။ ထိုခဏ၌ တုန်ခိုက်သော နှုတ်ခမ်းများအကြားမှာ ယီးလေးလေးဆိုသော ကြွေးကြော်သံ သည် တိုးတိုးကလေး ထွက်ပေါ်လာသည်။
ကျွန်တော်တို့ ခရီးကား အစမျှရှိသေးသည်။ နေလုံးပျောက်လျှင် တဲကို ပြန်ရောက်ပါ့မလား။ တဲသို့ရောက်သောအခါ ဘာလုပ်ကြမလဲ။ ဤအဝတ် စိုများကို အဝတ်ခြောက်နှင့်လဲကြမည်။ ဤတွန့်နေသော ခြေလက်များ ကို နွားမီးတွင်ကင်ကြမည်။ အရန်သင့်ရှိပါက လက်ဖက်ရည်ကြမ်းကလေး တစ်ခွက်လောက်စီသောက်ကြမည်။ ထို့နောက် ထမင်းဖြူဖြူကို ဟင်းပူပူ နှင့် စားကြမည်။ ဟော လယ်တောထဲက ခူးလာတဲ့ ဟင်းရွက်တွေကို ပြုတ် ပြီး ငါးပိရည်နှင့်မြှုပ်တို့လိုက်ရလျှင် မည်မျှကောင်းမလဲ။ မောင်ရင်တုတ် က သူ့ဝါသနာအလျောက် ခုတ်လာတဲ့ ငါးရစ်ငါးတွေ တသီကြီးပဲ။ လှေ ဝမ်းထဲမှာ ဖွေးလို့။ တို့တစ်တွေစောင့်နိုင်လျှင် ငါးဟင်းတောင် စားရဦးမယ်။ မောင်ရင်ချိုကကော ဘာပါခဲ့သလဲ။ ငါးရှဉ့်တွေပါလာတယ်။ အေး ... တို့တစ်တွေကလည်း ဟင်းသီးဟင်းရွက်တွေ ခူးခဲ့သား ။ ဟောသည် ကန်စွန်းရွက်တွေကိုတော့ နက်ဖြန်မနက် ချဉ်ရည်ချက်တာပေါ့ကွာ။ လယ် ပတူတွေကိုကော အောင်မာ .. .တယ်သန်ပါကလား။ ဘယ်ဘက်က နုတ်ခဲ့တာလဲ။ ဦးကြီးဖိုး ကန်ပေါင်နားကပေါ့ကွာ။ ကံသီလို့ဟေ့ ...။ မြွေပွေးကြီးတစ်ကောင် ထမ်းပိုးကျည်းလောက်ရှိတယ်။ မြက်တောထဲ သွားတွေ့လို့။ ငါ နင်းတော့မယ်။ သီသီကလေး။ အရှင်ကြီး မပေလို့ပေါ့ ကွယ်။ သူ့ကို သွားမြင်မိတယ်။ စန့်ရှာပါလေရော။ အေး ...လယ်ပတူ တွေကို ချဉ်ဖတ်ထည့်ခိုင်းမှပဲ။ ဤသို့ စားခန်း သောက်ခန်းကိုလည်း တွေး မိကြ၊ ဆွေးနွေးမိကြသည်။
ထမင်းစားပြီးသောအခါတွင်ကား အညာစောင်ကလေးနှင့်ကွေးမည့် သူလည်းရှိမည်။ ရေနံဆီမီးခွက်ကြီးနားတွင် ကတ်ဆွဲမည့်သူလည်း ရှိသည်။ စစ်ဘုရင် ထိုးမည့်သူလည်း ရှိသည်။ ဇာတ်စာအုပ် ဖတ်မည့်သူလည်း ရှိသည်။ ဇာတ်စာအုပ်ကို နားထောင်ရင်း ရွာကိုလွမ်းမည့်သူလည်း ရှိသည်။ သီချင်းကျက်မည့်သူလည်း ရှိသည်။ ဟိုတစ်နေ့က တက်ထားတဲ့ ဝေဇယန္တာ ကို သည်နေ့ ပြန်တက်ရဦးမယ်။ ပတ္တလားဆရာ ကိုသာမြတ်သည် ည လာပါဦးမလား။ သူ့ဖို့ မောင်ဖူးညိုမုန့်နဲ့ ကပ်စေးနှဲကျန်ပါလိမ့်ဦးမယ် ထင်ပါရဲ့။ ပလွေဝါသနာပါသူ မောင်ရွှေကျော်ကလည်း ကပ်ပြီး သီချင်းတက် လိမ့်ဦးမယ်။ မောင်ရင်တုတ်ကတော့ ခါတိုင်းလိုပေါ့ လေ။ ပိုင်တို့ ပြုံးတို့ ရက်မှာပါပဲ။ သူရှိပေလို့ပေါ့။ နို့မဟုတ်ရင် ငါးစိမ်း ငါးစို စားရဖို့ အခက် သား။ မောင်ရင်ချိုကကော။ ထုံးစံအတိုင်းပေါ့။ ကဲပြန်ရောက်ရင် အဖျား တက်မယ်။ သူ့ဗိုက်ကြီးလည်း ပူလို့။ သူ့အတွက်က ခက်သေးတယ်။ တို့ တစ်တွေစုပြီး ဆေးဖော်ပေးဦးမှပဲ။ ကိုရွှေဝကကော။ သူကတော့ စကားအိုးပဲ။ ကစားဝိုင်းတွေမှာ သူလိုက်ရှုပ်မယ်။ တီးဝိုင်းမှာ သူလိုက်ဆိုမယ်။ သူတကာ အိပ်တော့ မှ ကျယ်လောင်ကျယ်လောင်နဲ့ သူဘုရားရှိခိုးမှာ။ ဒါပေမဲ့ သူ ပရိတ်ရွတ်လို့ တို့တဲမှာ သရဲမခြောက်တာပေါ့။ မောင်မင်းကြီးသား အတော်ကျောင်းနေခဲ့ဖူးဟန် တူတယ်။ တစ်နေ့ညက ဝေဿန္တရာဟောစာကို သူလျှောက်ရွတ်လိုက်တာ မောင်ဟဝါတို့များ မျက်ရည်တွေ ကျလို့။ ပဋာစာရီဇာတ်လည်း အင်မတန်အဟောကောင်းတယ်။ အမယ် စုံနံ့သာမြိုင် ကိုလည်း သူရတယ်ကွ။ သူ့အဘိုးက စာတတ်ကြီးကိုး။ တစ်နေ့တစ်နေ့ ဒါတွေပဲ သင်ပေးနေတာ။ ငါမှတ်မိပါသေးတယ်။ သူ့ အဘိုးကြီး တောင်ဝှေးကလေးနဲ့ ဘုရားကိုသွားသွားနေတာ။ ခေါင်းပေါင်းဖြူ၊ ဖော့လုံးကလေးနဲ့။ ဆံပင်တွေ က ဖြူလို့။ ပုဆိုးဖြူကလေး စည်းထားတယ်။ အို ...ကွာ ဟိုကုဿိန္နာရုံက အဘိုးကြီးရုပ်နဲ့ အင်မတန်တူတာပေါ့ ။ အဲ ...သူ့အဘိုးကြီး သင်ပေးထား တာတွေကို ကိုရွှေဝအကုန်ရလိုက်တာပေါ့ကွ။ ရာဇဝင်လည်း အပြောကောင်း သဟေ့။ ကုလားကြီး တက်တဲ့အကြောင်း တစ်ခါလောက် ပြောခိုင်းကြည့်ပါလား။ စစ်ပါရီတွေ၊ ဂေါ်ရာ တွေလည်း ပါသကွ။ ဤသို့ဖြင့် ကျွန်တော်တို့ တစ်တွေ တွေးရင်း ရင်း ဆွေးနွေးရင်းအခိုက်တွင် ယီးလေးလေးသံသည် ကျွန်တော်တို့ကို ငေါက်ခနဲနေအောင် ဆွဲဆောင်လိုက်ပါသည်။
ကျွန်တော်တို့လက်မောင်းထဲတွင် အားသစ်ဝင်လာသည်။ ကျွန်တော် တို့ကျောရိုးထဲတွင် အားသစ်တိုးလာသည်။ လက်တွေကိုချီ၍ တက်တွေ ညီလာကြပြီ။ လှော်ကြဟေ့။ ခရီးဝေးသေးသနော်။ ဟောဗျ. . .အနောက် ထဲက လေဆင်လာပြန်ပြီ။ ဟော ...ဟော ...ကမ့်ပလာပင်တွေ ယိမ်း နေကြပြီ။ ဓနိပင်တွေ ယိုင်နေကြပြီ။ မုန်တိုင်းဟေ့။ လမုကိုင်းတွေကျိုးပြီး လွင့်လာကြတယ်။ ယီးလေးလေး ...လှော်လိုက်ကြကွ။
ချောင်းထဲမှာလည်း ရေတွေလျှံလို့ ၊ ကမ်းတောင် မမြင်ရဘူး။ ရေစီး ကလည်း ကြမ်းပါဘိသနဲ့။ ဝါးလုံးထိုး စီးနေတာပဲဟေ့။ ရေဆန်ကွနော်။ လေကလည်းဆန်သေး။ သည်တစ်ခါ လှေဦးလန်ရင်တော့ အတော်လုပ် ရလိမ့်မယ်။ ယီးလေးလေး။ “ ဟောဟို ချောင်းနှစ်ခုဆုံတဲ့နေရာက ဝဲကတော့ ကြီးကလည်း အော်နေ တယ်ဟေ့။ သည်နှစ် သူမစားရသေးဘူးကွနော်။ သတိထားကြ။ သည်ဝဲ ထဲရောက်ရင်တော့ ပြန်မလာရဘူးသာ မှတ်ပေတော့ ကိုရင်တို့။ ဖိုးရွှေအောင် ရဲ့ ခတ်လှေကြီးတောင် တလောက သည်အထဲ ရောက်သွားလို့ အတော်လုပ် ယူရတယ်။ တို့လို သခွာခွံတော့လားကွာ။ ဘာပြောစရာရှိမလဲ။
တောအလွန် ဟောဟိုရေကျော်မှာဖြင့် လှိုင်းတွေကို ဖွေးနေပြီပေါ့။ တယ်ကြီးပါကလားကွ။ ခေါင်းဖြူကြီးတွေ ခေါင်းဖြူကြီးတွေ။ လှိုင်းနှစ်ခုအကြားများကျလိုက်ရင်တော့လားကွာ။ ပတ္တာစိတ် ပိတ္တာစပဲဟေ့။ ကဲ ... ယီးလေးလေးလိုက်ကြပေါ့။
မုန်တိုင်းကထန် ချောင်းကလျှံ
ဝဲသံက လှိုင်းကဖွေး
ယီးလေလေ့ ယီးလေလေ့. . .။
မိုးပေါက်မှန်တာကလည်း အနာသားဟေ့။ သည်မိုးပေါက်တွေဟာ ဆီးကင်းလောက်တော့ ရှိမှာပဲ။ မျက်လုံးများ ထိလိုက်ရင် အောင့်အောင့် သွားတာပဲ။ လေက ပြင်းတော့ မိုးပေါက်ကလည်း ကြမ်းလာတာပေါ့။ တော်ပါသေးရဲ့။ တို့လက်တွေက အေးပြီးထုံနေလို့။ တစ်ချက် တစ်ချက် ကျလိုက်တဲ့ မိုးပေါက်ဟာ လက်ခေါက်ပစ်တော့ ဂေါ်လီလုံးပြန်ပြန်သွား တာနဲ့တယ်တူတယ်။ အို ယီးလေးလေးပေါ့ကွာ။ မှုရမှာလား။
လေသည်လောက် တိုက်လျက်နဲ့တောင် သူကောင်းသား ဖြုတ်တွေက လိုက်သေးတယ်ကွာ။ အမယ် ငါ့ခေါင်းနားဝဲနေလိုက်တာ ငါးရာလောက် ရှိမယ်ထင်ပါရဲ့။ လက်မအားလို့ နေဦးပေါ့ကွာ။ ငါ့ မှာ ကျွဲလိုခတ်စရာ အမြီးကလည်း မရှိဘဲကိုး။
ခရီးကလည်း ဝေးသေးတယ်ဟေ့။ ဟောဟို ကညင်ငူကို ရောက်မှ ခရီးတစ်ဝက်လောက်ရှိသေးတယ်။ ချောင်းဝရောက်တော့ မြစ်ကြီးကို ကူး ရဦးမယ်နော်။ ဘုရားသိကြားမလို့၊ မြစ်ထဲရောက်ရင် လေရပ်ပါစေ။ သည် မိုး သည်လေနဲ့သာဆိုရင် တို့တစ်တွေမြစ်ထဲမှာ ခန္ဓာစ်သွားမှာ စိုးရတယ်။
နေလုံးပျောက်တော့မယ်ပေါ့။ မိုးချုပ်ခါနီးမှ လေကလည်း ပိုအေးလာ ပါကလား။ မေးတွေကလည်း တခိုက်ခိုက်နဲ့။ တဲပြန်ရောက်ရင် သွားတွေ အကုန်ကျွတ်ကုန်တော့မယ် ထင်ပါရဲ့ ။ ကဲကွာ ယီးလေးလေး လိုက်ကြဦး
မိုးပေါက်ကနာ ဖြုတ်ကလာ
လမ်းတာကဝေး လေကအေး
ယီးလေလေ့ ယီးလေလေး။
အမယ် .. ဆာလိုက်တာ လွန်ပါရောလားပေါ့။ ငါ့ နှာခေါင်းထဲဖြင့် ငါးပိရည်ကျိုတဲ့ အနံ့ကလေး တသင်းသင်း မွှေးနေပြီကွ။ အေး ... ငါ့မျက်စိထဲမှာလည်း ထမင်းပွဲ ဖြူဖြူဖွေးဖွေးကြီးကွာ။ အငွေ့ တထောင်း ထောင်းနဲ့ ။ မနေ့က ငါ ထုံးအခွေခံခဲ့ရတယ်။ သည်နေ့တော့ ငါက ခွေရ အောင်လုပ်မှပဲ။ ပလွေမှာကပ်ဖို့ ပင့်ကူမြှေးကလေးရှိပါဦးမလား။ သူပါမှ ကျူ လို့ ကောင်းတယ်ကွာ။ ကိုရွှေဝပြောတဲ့ မြင်းလိုက် ဆင်လိုက် စစ်ကဲလိုက် တာတွေဟာ အတော်ခက်သကိုး။ သည်ညလည်း သင်ပေးပါဦးဗျာ။ “ဆူး လေနတ်ဘဂဝါ၊ ပုဆိုးနှစ်ထည်ကန်တော့ပါမယ်။ ပဲခူးမယ်ကြော့ရအောင်လို့ စောင်မတော်မူပါ” ပေါ့ ဗျာ။ ဟုတ်လား။ သထုံသူ မအိုဇာ ဇာတ် ဒုတိယပိုင်းကို ... ဘယ်ကများ ငှားရပါ့မလဲ။ မောင်ဘတို့ထဲမှာ ရှိတယ်တော့ကြားရတယ်။ အေး မင်းသွားရင် ဘာဂျာသိပ္ပဝိစိတြစာအုပ်လည်း ငှားခဲ့စမ်းပါကွာ။ ငါ့ ဖို့လည်း ဦးပေါ်ဦးလျှောက်ထုံး ဆွဲခဲ့စမ်းပါဟေ့။
မောင်ရင်တို့။ မောင်ရင်တို့။ သည်လို တောင့်တနေကြရုံနဲ့ မပြီးသေး ဘူးနော်။ ယီးလေးလေးကြမှဖြစ်မယ်။ မောင်ရင်ချို မင့်အဖျားကို ခဏထား ဦးဟေ့။ တဲရောက် ထမင်းစားပြီးတော့ တက်ပေါ့ကွာ။ တဲခေါင်ရောက်အောင် တက်တက်။ အခုတော့ မောင်မင်းကြီးသားကို ဆိုင်းထားပါဦး။ မင့်တက်တစ်ခု လျော့သွားရင် အားတစ်မျိုးနည်းသွားမယ်။ ကဲ ... ရောက်ခါနီးပြီပေါ့နော်။ ဟောဟိုတစ်ကွေ့ဆိုရင် တဲရှေ့က နွားတင်းကုပ်ကို မြင်ရတော့မယ်။
ဖော်ချင်းတို့ရေ တို့တစ်တွေ
လှော်လေအပြေး ယက်ဖွေးဖွေး
ယီးလေလေ့ ယီးလေလေး။
(၁၉၄၈)