မင်းသုဝဏ် - ဓမ္မပဒ
၁
နာမ်တရားကို စိတ် ဆောင်သွား ၊
ယင်းတရားကို စိတ် ဦးစီး၊
ယင်းတရားသည် စိတ်ဖြင့်ပြီး၊
ဖျက်ဆီးလိုသည့် စိတ်နှင့်များ
ပြောမှား ပြုမှား လုပ်မိငြား
နွားခြေရာကို ဘီးလိုက်သို့
ဒုက္ခလိုက်မည် ထိုသူတို့။
၂
နာမ်တရားကို စိတ် ဆောင်သွား၊
ယင်းတရားကို စိတ် ဦးစီး၊
ယင်းတရားသည် စိတ်ဖြင့်ပြီး၊
ညီညီကြည်လင် စိတ်နှင့်သာ
ပြော၍ ပြု၍ နေလေပါ။
ကိုယ်ရိပ်ပမာ တူတကွ
သုခလိုက်မည် မှန်မုချ။
၃
ငါ့ကို ဆဲသူ - ဤသူပင်တည့်။
ငါ့ကို ညှဉ်းသူ - ဤသူပင်တည့်။
ငါ့ကို နိုင်သူ - ဤသူပင်တည့်။
ငါ့ဟာ ခိုးသူ - ဤသူပင်တည့်။
သို့လျှင်ပြောကြား၊ အငြိုးထားက
ငြိုးထားသူမှာ၊ ရန်ဘယာသည်
ဘယ်ခါ ငြိမ်းအေးပါလေမည်။
၄
ငါ့ကို ဆဲသူ - ဤသူပင်တည့်။
ငါ့ကို ညှဉ်းသူ - ဤသူပင်တည့်။
ငါ့ကို နိုင်သူ - ဤသူပင်တည့်။
ငါ့ဟာ ခိုးသူ - ဤသူပင်တည့်။
သို့လျှင် ပြောကြား၊ ငြိုးမထားက
မထားသူမှာ၊ ရန်ဘယာသည် ။
မှန်စွာ ငြိမ်းအေးပါလေမည်။
၅
ရန်တုံ့ပြန်၍ ရန်မငြိမ်း။
မတုံ့ပြန်မှ ရန်ပြေငြိမ်း။
ပြေငြိမ်းခြင်းက ဓမ္မတာ။
ရှေးထုံးစဉ်လာ ဖြစ်လေပါ။
၆
သေခြင်းတရား မသိငြား၊
ငြင်းခုံကြသည် သူမိုက်များ
တရားသိသူ ပညာရှိ
ငြင်းခုံမှုကို ငြိမ်းသတ်၏။
၇
လှပတင့်တယ် ရှုစရာ
ဖန်တလဲလဲ ရှုကြည့်ကာ
အာရုံတွေကို မနှိမ်နင်း
အစားကြူးကာ အလွန်ပျင်း။
လုံ့လ ဝီရိယ နည်းဘိခြင်း။
လေပြင်းတိုက်၍ သစ်ပင်ငယ်
ကျွမ်းထိုးမှောက်ခုံ ဖြစ်သည့်နှယ်
ကိလေသာမာရ်“ တိုက်ခါဝယ်
ဤလိုလူမျိုး လောကလယ်
အမှန်တကယ် ချွတ်မလွဲ
ပျက်စီးလိမ့်မည် သစ်ပင်နဲ။
“မာရ် = မာရ်နတ်ကို ကိလေသာနှင့် ခိုင်းနှိုင်းထားသည်။
၈
မလှမပ မတင့်ပါဟု
ဖန်တလဲလဲ ရှုကြည့်“ကာလျှင်
အာရုံတွေကို လွန်နှိမ်ထား
အစားအစာ ချင့်ချိန်စား
သဒ္ဓါတရား ထက်သန်ပို
လုံ့လဝီရိယ ကြီးသူကို
လဲပြိုသွားအောင် ကျောက်တောင်အား
လေပြင်း မတိုက် နိုင်သည့်လား
ကိလေသာ မာရ်ယုတ်တရား
မနှိပ်စက်နိုင်ပါတကား။
“ရှုကြည့် = ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှိုး၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင် ငယ်ဆိုသော သုံးဆယ့်နှစ်ကောဋ္ဌာသ စသည်တို့ကိုရှုကြည့်ခြင်း။
၉
ဣန္ဒြေကို မထိန်းချုပ်။
ဟုတ်စကားကို မမြွက်ဟ။
ကာမညစ်ကြေး မကင်းပြတ်။
မြတ်သင်္ကန်းနှင့် ထိုက်တန်ဖို့
ကင်းဝေးပါဘိ ထိုသူတို့။