မင်းယုဝေ - ရိုးရိုးကြီးဇေယျ၏ဘဝခရီး
ဇေယျာပူရ ခေါ် စစ်ကိုင်း
စစ်ကိုင်းမြို့သည် သမိုင်းဝင်မြို့ ဖြစ်သည်။ သာယာဝိုင်း စစ်ကိုင်း တည်”ဟူသော သင်္ကေတအတိုင်း မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ်တွင် တည်ခဲ့ သည်။ တည်သူကား အသင်္ခရာစောယွန်း ဖြစ်သည်။ ဇေယျာပူရ (အောင်မြို့) အမည်ဖြင့် စတင်တည်ထောင်ခဲ့သည်။ မင်းအဆက်ဆက် စိုးစံခဲ့သည်။ နောင်သောအခါ ဇေယျာပူရမှ စစ်ကိုင်းအမည်သို့ ပြောင်းလဲလာခဲ့သည်။ ခေတ်အဆက်ဆက်လည်း ထွန်းကားသောမြို့ ဖြစ်သည်။
စစ်ကိုင်းမြို့သည် သမိုင်းဝင်မြို့ ဖြစ်သည်။ သာယာဝိုင်း စစ်ကိုင်း တည်”ဟူသော သင်္ကေတအတိုင်း ဧရာဝတီဖြစ်သည် စစ်ကိုင်းကို ဖြတ်သန်းစီးဆင်းသည်။ ရှေးအခါက စစ်ကိုင်းမြို့ အောက်ပိုင်းသည် ရေလွှမ်းမိုးခြင်း ခံခဲ့ရသည်။၁၈၈၉ ခုနှစ်တွင်မူ ရေကာတာကြီး ဆောက်လုပ်လိုက်သဖြင့် ရေလွှမ်းမိုးခြင်းဘေးရန်မှ ကင်းဝေး ခဲ့သည်။ စစ်ကိုင်းတွင် နုန်းတင်မြေနုလွင်ပြင်များမှစ၍ ကျောက်တောင်များ အထိ ရှိသည်။ မြေမျက်နှာပြင် အသွင်အမျိုးမျိုး ဖြစ်သည်။ စစ်ကိုင်း တောင်တန်းမှာ ပေ ၇၀၀ ကျော်မှ ၁၃၇၃ ပေအထိ မြင့်သည်။ ။
စစ်ကိုင်းတောင်ရိုးမှာ အလွန်သာယာသည်။ ရှေးဘုရင်များနှင့် ခေတ်အဆက်ဆက် ပြည်သူပြည်သားများသည် စစ်ကိုင်းတောင်ရိုးတွင် ရဟန်းများ၊ သူတော်စင်များ တရားကျင့်သုံးရာ ဂူ၊ ကျောင်း၊ ချောင်များ တည်ထားကြသည်။ သီလရှင်များအတွက်လည်း နေထိုင်ရန်ရှောင်များတည်ထားကြသည်။ တောင်ထွတ် ထောင်ထိပ်တိုင်းတွင်ကား စေတီပုထိုးများ တည်ထားကြသည်။ အလွန်သာယာကြည်နူးဖွယ်ကောင်းလှပေသည်။ ထိုစေတီ၊ ထိုချောင်များတစ်ဝိုက်တွင် သစ်ပင်မျိုးစုံလည်း ရှိသည်။ ပန်းမျိုးစုံ လည်း ရှိသည်။ ဆေးပင်မျိုးစုံလည်း ရှိသည်။ ကျေးငှက်မျိုးစုံလည်း ရှိသည်။ အလွန်ငြိမ်းအေးသာယာလှပေသည်။
ညောင်တုန်းချောင်
စစ်ကိုင်းတောင်ရိုးတွင် အေးငြိမ်းသာယာသော ချောင်များစွာရှိသည့် အနက် ညောင်တုန်းချောင်မှာ တစ်မျိုးတစ်ဘာသာ အေးငြိမ်းသာယာသည်။ ယင်းချောင်သည် ကျောက်တောင်ဘေးတွင် တည်ရှိသည်။ ဧရာဝတီမြစ်ဘေး တွင်လည်း တည်ရှိသည်။ ညောင်တုန်းချောင်ကို မော်တော်ကားဖြင့် သွား၍ လည်း ရသည်။ ခြေကျင်သွား၍လည်း ရသည်။ ငှက်သမ္ဗန်ဖြင့် သွား၍လည်း ရသည်။
ငှက်သမ္ဗန်ဖြင့်သွားပါက ရှေးဦးစွာ စစ်ကိုင်းမြို့ပေါ်မှ မြင်းလှည်းစီး၍ သရက်ပင်ဆိပ်သို့ သွားရသည်။ ထိုမှ ငှက်သမ္ဗန်စီး၍ ရှင်ဖြူရှင်လှဆိပ်သို့ သွားရသည်။ ရှင်ဖြူရှင်လှဆိပ်သို့မရောက်မီ နာရီဝက်ခန့်စီးမိလျှင် အသောကာ ရုံဆိပ်သို့ ရောက်သည်။ ထိုဆိပ်တွင် ဆင်း၍ ၁၀ မိနစ်ခန့် ခြေကျင်သွားလျှင် ညောင်တုန်းချောင်သို့ ဆိုက်ရောက်လေတော့သည်။
ညောင်တုန်းချောင်မှာ ရှေးယခင်က သီလရှင်ဆရာကြီး ဦးစီးတည် ထောင် သီတင်းသုံးသော သီလရှင်ချောင် ဖြစ်သည်။ နောက်ပိုင်းတွင် သီလရှင် ဆရာကြီး ကွယ်လွန်အနိစ္စရောက်သွားသဖြင့် သီလရှင်ချောင် မဟုတ်တော့ ပေ။ သီလရှင်ဆရာကြီးသည် မကွယ်လွန်မီ မြေးဖြစ်သူ အရှင်တေဇောဘာသ အား လွှဲအပ်လှူဒါန်း၍ သီလရှင်ချောင်အဖြစ်မှ သံဃာတော်များ သီတင်း သုံးရာချောင်အဖြစ်သို့ ပြောင်းလဲခဲ့ပေသည်။ ။
ယခုအခါ ဆရာ အရှင်တေဇောဘာသ ကျောင်းထိုင်သော ညောင်တုန်း ကျောင်းတိုက်မှာ သိမ်၊ ကျောင်း၊ ဇရပ်များနှင့် ဝေဝေဆာဆာရှိနေပြီ။ အထူး သဖြင့် ဤချောင်တွင် ကမ္မဋ္ဌာန်းတရားအားထုတ်ရာ ကျောက်ဂူကြီးနှင့် စင်္ကြံလျှောက်ရာ စကြံကျောင်းကြီးမှာ တစ်မူထူးခြားစွာ တည်ရှိနေသည်။
ထူးခြားသော ရဟန်းကြီး
ထိုညောင်တုန်းကျောင်းတိုက်တွင် ဝါဆိုသံဃာ ၁၀ ပါး ရှိသည်။ ယင်းတို့အနက် ထူးခြားသော ရဟန်းကြီးတစ်ပါးကို ဖူးတွေ့နိုင်သည်။ ထိုရဟန်းကြီးသည် ကြည်ညိုဖွယ်အဆင်း ရှိသည်။ ရုပ်ရည်တင့်တယ်သည်။ အရပ်မြင့်မားသည်။ အလွန်တည်ငြိမ်၍ အေးချမ်းသောအသွင်ကို ဆောင်နေ သည်။
ထိုရဟန်းကြီးသည် နေ့စဉ်ပင် ကျောက်ဂူကြီးထဲတွင် တရားထိုင် ပြီးနောက် စင်္ကြံကျောင်းပေါ်သို့ တက်၍ တရားအမှတ်ဖြင့် စင်္ကြံလျှောက်လေ့ရှိသည်။ အရှင်သည် စင်္ကြံလျှောက်၍နားရာမှ ဧရာဝတီမြစ်ကို လှမ်းမျှော် ၍ ကြည့်တတ်သည်။ ဧရာဝတီမြစ်ထဲတွင် လှေသင်္ဘောများ စုန်ဆန်သွား လျက်ရှိသည်ကို မကြာခဏ တွေ့ရသည်။ ထိုအခါ လူ့ဘဝကို ဆင်ခြင်သုံးသပ် မိသည်။ “လူသားများသည် ဝမ်းရေးအတွက် အမျိုးမျိုး ရုန်းကန် လှုပ်ရှား လုပ်ကိုင်နေရပေသည်တကား။ ယင်းသို့ ရုန်းကန်လှုပ်ရှား လုပ်ကိုင်ကြရာတွင် လှေသင်္ဘောများ စုန်ချည် ဆန်ချည် ပြုနေရသကဲ့သို့ပင် ဘဝမှာလည်း နိမ့်ချည် မြင့်ချည် ရှိနေသည်တကား။ ဤမျက်မှောက်ဘဝသာမက သံသရာ ခရီးတွင်လည်း လူသားများသည် ဘဝအမျိုးမျိုး၌ နိမ့်ချည်မြင့်ချည် ဖြစ်နေ ရပေသည်တကား” စသည်ဖြင့် တွေးတောဆင်ခြင်မိသည်။ တရားသံဝေဂ ယူမိသည်။
ထိုရဟန်းကြီးကား အခြားသူမဟုတ်၊ တစ်ခေတ်က တစ်နိုင်ငံလုံးတွင် ထင်ရှားကျော်ကြားခဲ့သော၊ ပြည်သူချစ်သော အနုပညာရှင်မင်းသားကြီး ဇေယျတစ်ဖြစ်လဲ အရှင်ဝဇီရာနန္ဒပင်တည်း။
မောင်လှမောင်
မင်းသားကြီးဇေယျ၏ အမည်ရင်းမှာ မောင်လှမောင်ဖြစ်သည်။ အဖမှာ ဦးဖောင်၊ အမိမှာ ဒေါ်ဆင်ဖြစ်သည်။ စစ်ကိုင်းမြို့အနီး ညောင်ကုန်း ရွာတွင် နေထိုင်ကြသည်။ ထိုရွာမှာပင် မောင်လှမောင်ကို မွေးဖွားသည်။ ဗြိတိသျှခေတ် ၁၂၇၈ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့ ၁၂၊ ၆၊ ၁၉၁၆ ခုနှစ်တွင် မွေးဖွားသည်။ မွေးချင်း ၁၁ ယောက်ရှိသည်။ မောင်လှမောင်မှာ ဆဋ္ဌမမြောက်သားဖြစ်သည်။ မိဘနှစ်ပါးသည် ခြံထွက်သီးနှံများကိုလည်း ရောင်းချသည်။ ရွှေလှောင်စက္ကူလုပ်ငန်းကိုလည်း လုပ်သည်။
ရွှေလှောင်စက္ကူ
ရွှေလှောင်စက္ကူဆိုသည်မှာ ဘုရားတွင် ရွှေချထားသော ရွှေဆိုင်းရွှေ များကို ကပ်သောစက္ကူဖြစ်သည်။ ထိုစက္ကူကို မောင်လှမောင်တို့ခေတ်က ဝါးဖြင့် လုပ်ကြသည်။ အခက်၊ အရွက် မထွက်သေးသော ခြောက်တောင်၊ ခုနစ်တောင်ခန့် ဝါးများကို ခုတ်ပြီးလျှင် စိတ်ဖြာ၊ ထုံးရေစိမ်၊ ပေါင်းတင်၊ နှပ်၊ နယ်၊ ရေစိမ်၊ ထောင်း၊ နေလှန်း၊ ဖြန့်၊ ခွာ စသည်ဖြင့် အဆင့်ဆင့် ခက်ခဲပင်ပန်းစွာလုပ်ကိုင်ရသည်။ တစ်အိမ်သားလုံး လူကုန်ဝိုင်းဝန်းလုပ်ဆောင် ကြရသည်။ တစ်လလျှင် စက္ကူ၊ အချပ်နှစ်ထောင်ခန့်ရသည်။
စက္ကူ အချပ် ၁၀၀ လျှင် တစ်ကျပ်မှ တစ်ကျပ်ခွဲနှုန်းဖြင့် မန္တလေး မျက်ပါးရပ်သို့ သွားရောက် ရောင်းချကြရသည်။ မျက်ပါးရပ်ကမှထိုရွှေလှောင် စက္ကူပေါ်တွင် ရွှေပြားကပ်ကာ ရွှေဆိုင်းအဖြစ် ရောင်းချခြင်းဖြစ်ပေသည်။
ဦးဖောင် ဒေါ်ဆင်မိသားစုတို့သည် ထိုရွှေလှောင်စက္ကူလုပ်ငန်းကို လုပ်ရင်း တစ်ဖက်ကလည်း မရန်းသီး၊ ပိန္နဲသီး၊ သရက်သီး စသည့် ခြံထွက် ပစ္စည်းများကို နှစ်မိုင်ခန့်ဝေးသော စစ်ကိုင်းဈေးထဲသို့ ခြေကျင်ထမ်းပိုး သယ်ဆောင်၍ သွားရောက် ရောင်းချကြရသည်။ တောင်သူလည်း လုပ်သည်။
ညောင်ကုန်းရွာမှာ အိမ်ခြေ ၁၀၀၀ ခန့် ရှိသည်။ အလယ်တွင် ချောင်းခြားလျက် ရှိသည်။ တစ်ဖက်ကမ်းတွင် အိမ်ခြေ ၅၀၀ ခန့်ရှိသည်။ အများစုမှာ ခြံစိုက်ခြင်း၊ ခြံထွက်သီးနှံများ ရောင်းချခြင်း၊ တောင်ယာလုပ်ခြင်း တို့ကို ပြုလုပ်ကြသည်။
ဦးဖောင်တို့ ဆွေမျိုးတစ်သိုက်သည်သာ ရွှေလှောင်စက္ကူလုပ်ငန်းကို လုပ်ကြခြင်းဖြစ်သည်။ ယခုခေတ်တိုင် ဆွေမျိုးများသည် ရွှေလှောင်စက္ကူ လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြဆဲ ဖြစ်သည်။ သို့ရာတွင် ရှေးခေတ်နှင့် မတူတော့။ ရွှေလှောင်စက္ကူကို ဝါးနုဖြင့် မလုပ်တော့၊ ကောက်ရိုးဖြင့်သာ လုပ်ကြတော့သည်။ ဝါးဖြင့်လုပ်သကဲ့သို့ အဆင့်မများ၊ မပင်ပန်း၊ ပို၍ မြန်ဆန်သည်။ သို့ရာတွင် ဝါးဖြင့်လုပ်သော စက္ကူလောက်မူ မကောင်းပေ။
ဖခင်ကို လုပ်ကျွေးသူကလေး
မောင်လှမောင်ကလေးသည် ထိုရွာရှိ ဘုန်းတော်ကြီးကျောင်း၌ စတင် ပညာသင်ယူသည်။ ထို့နောက် မူလတန်းကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူသည်။ မောင်လှမောင်ကလေးမှာ မိခင်နှင့် ကြာရှည်မနေလိုက်ရရှာ။ ခုနစ်နှစ်သား၊ ရှစ်နှစ်သားလောက်တွင် မိခင် ဆုံးပါးသွားရှာပါသည်။ ထိုအခါ မိသားစုမှာလည်း တကွဲတပြား ဖြစ်သွားကြသည်။ အချို့က အိမ်ထောင်ပြု သွားကြသည်။ အချို့က နီးစပ်ရာဆွေမျိုးများထံတွင် သွားရောက်နေထိုင် ကြရရှာသည်။ မောင်လှမောင်ကလေး တစ်ယောက်တည်းသာ ဖခင်နှင့်အတူ ကျန်ရစ်သည်။ ဖခင်ကလည်း နောက်ထပ် အိမ်ထောင်မပြု။ သားကလေး ကိုပင် အဖော်ပြုနေထိုင်သည်။ မောင်လှမောင်ခမျာ ဝမ်းရေးအတွက် အတန်း ဆုံးအောင် မနေနိုင်ရှာ၊ သုံးလေးတန်းအရောက်မှာပင် ကျောင်းထွက်လိုက်ရ သည်။ ခြံထွက်သီးနှံများကို ထမ်းလျက် နှစ်မိုင်ကျော်ဝေးသော စစ်ကိုင်းဈေး သို့သွားရောင်းရသည်။ ထိုစဉ်က မရန်းသီး ဆယ်ပိဿာလျှင် ငါးမူးမှ သုံးမတ် အထိသာ ရသည်။ သို့ရာတွင် ထမင်းတစ်နပ်လျှင် တစ်ပဲမှ ဆယ်ပြားအထိသာ ကုန်ကျသည်။ ရွှေဈေးမှာ ရွှေဒင်္ဂါးတစ်ပြားလျှင် ဆယ့်နှစ်ကျပ်၊ ဆယ့်သုံး ကျပ်သာတန်ဖိုးရှိသည်။ မောင်လှမောင်ကလေးသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဖခင်ကို လုပ်ကျွေးခဲ့သည်။
မောင်လှမောင်တို့ မွေးစက အင်းဝတံတားကြီးခေါ် စစ်ကိုင်းတံတား ကြီး မရှိသေးပေ။ စစ်ကိုင်းတံတားကြီးကို၁၉၂၇ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့သည်။ ၁၉၃၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုတံတားကြီး စတင်တည်ဆောက်ချိန် ၁၉၂၇ ခုနှစ်တွင် မောင်လှမောင် ကလေးသည် အသက် ၁၁ နှစ်အရွယ်သာ ရှိသေးသည်။ ထိုအရွယ်မှာပင် သူသည် တံတားဆောက်ရာတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။ တံတားကြီးကိုဆောက်ရာ၌ မြစ်လယ်တွင် အုတ်တိုင်ကြီးများ မစိုက်သေးမီ မြစ်၏ အရှေ့ ဘက်ကမ်းထိပ်တွင် မီးရထားလမ်းခင်းရန် ဖို့ထားသောမြေများ ပြိုမကျအောင် အုတ်နံရံကြီး ကာသည်။ ထိုအုတ်နံရံကာရန်အတွက် အုတ်စီရာ၌ အုတ်ပြားများကို ရေစိမ်ပြီးမှ စီသည်။ ထို့ကြောင့် ရှေးဦးစွာ အုတ်များကို အကျယ် ၁ဝ ပေ၊ အမြင့် ၅ ပေခန့်ရှိ သံရေကန်ကြီးထဲသို့ ထည့်၍ ရေစိမ်သည်။ ထိုရေစိမ်ပြီး အုတ်များကို ဆယ်ယူပြီးမှ စီကြသည်။ မောင်လှမောင် ကလေးသည် အသက်ငယ်ရွယ်သဖြင့် သံရေကန်ထဲရှိ ရေစိမ်ထားသော အုတ်များကို အပေါ်သို့ ဆယ်ယူတင်ပေးရသော အလုပ်ကို လုပ်ရသည်။
“ဒီအလုပ်ဟာ အမြင်အားဖြင့်တော့ မပင်ပန်းလှဘူးပေါ့၊ ဒါပေမဲ့ ရေထဲကအုတ်ကို လက်တစ်ဖက်တစ်ချပ်စီ ယူ ယူတင်ရတော့ လက်က ရေနဲ့ ထိတွေ့ပြီး နူးနေတယ်၊ အုတ်ချပ်မှာလည်း သဲပွင့်ကလေးတွေ ပါတယ် မဟုတ်လား၊ ကိုင်ပါများတော့ လက်ထိပ်ကလေးတွေစားပြီး သွေးတွေစို့စို့ ထွက်လို့ ထမင်းတောင် လက်နဲ့ မစားနိုင်အောင် ဖြစ်ရပါတယ်။ လုပ်ခက တစ်နေ့ ခြောက်မူးရတယ်။ ဒီလုပ်ခနဲ့ ဖခင်ကြီးကို ကျွေးမွေးခွင့်ရခဲ့ပါတယ်” ဟူ၍ မောင်လှမောင်က သူ့မိတ်ဆွေများကို ပြောပြခဲ့သည်။
ကိုရင်ဝတ်ခြင်း
ထိုသို့ လုပ်ကိုင်နေရာမှ လေးငါးလအကြာတွင် မန္တလေး၌ နေထိုင် သော ကြီးတော်ဝမ်းကွဲ ဒေါ်အေးမြက မောင်လှမောင်ကို ရှင်ပြုပေးသည်။ စစ်ကိုင်းတောင်ရိုးရှိ ရှင်ပင်နံကိုင်းချောင် ဆရာတော်ထံတွင် ကိုရင်ဘဝဖြင့် စာပေသင်ကြားသည်။ ဆရာတော်ကြီးမှာ အိန္ဒိယပြန်ဖြစ်၍ အင်္ဂလိပ်စာ အထူးတတ်ကျွမ်းသည်။ မောင်လှမောင်နှင့် ကိုရင်ဝတ်ဖက် ကိုမောင်လေး (မန္တလေးရုပ်ရှင် ကင်မရာမင်းဖြစ်လာသူ၊ ယခုကွယ်လွန်) စသူတို့ကို အင်္ဂလိပ်စာ သင်ပေးသည်။ မောင်လှမောင်ကလည်း အင်္ဂလိပ်စာသင်ချင် သည်။ သို့သော်ဆရာတော်က “မင်း အသက်ငယ်သေးတယ်၊ ပါဠိသဒ္ဒါကို အရင်သင်ပေးမယ်၊ ပြီးမှ အင်္ဂလိပ်စာသင်ပေးမယ်” ဟု ပြောကာ သဒ္ဒါကို စတင်သင်ကြားပေးသည်။
ကိုရင်ကလေး မောင်လှမောင်သည် ကိုရင်ဘဝဖြင့် နေသည်မှာ တစ်နှစ်ခန့် ရှိသွားပြီ။ ဆက်လက်၍ ကိုရင်ဝတ်ကာ ရဟန်းပြုရန် ရည်ရွယ် မိသည်။
ထိုစဉ် ကြီးတော် ဒေါ်အေးမြ ရောက်လာသည်။
“ကိုရင်... တစ်သက်လုံး သင်္ကန်းဝတ်နိုင်ရင် ကောင်းတယ်၊ တစ်သက် လုံးမဝတ်နိုင်ဘဲ လူထွက်လာရင် တောင်မရောက်မြောက်မရောက်နဲ့ လောကီဘဝခရီး ဘဝမှာ အခက်အခဲတွေ့လိမ့်မယ်။ ကိုရင်ဘဝမှ လူထွက်ရင်လည်း စောစော စီးစီး လူထွက်တာကောင်းတယ်” ဟု ပြောဆိုလာသည်။
ကိုရင် မောင်လှမောင်သည် ကြီးတော်၏ စကားကို နက်နက်နဲနဲ ဆင်ခြင်မိသည်။ တစ်သက်လုံး သင်္ကန်းဝတ်ဖြင့်နေရန် မဖြစ်နိုင်ဟု သုံးသပ် မိသည်။ သို့ဖြင့် ကိုရင်ဘဝမှ ထွက်လိုက်သည်။ အင်္ဂလိပ်စာလည်း မသင် ဖြစ်တော့။ ကြီးတော်ခေါ်ရာ မန္တလေးအိမ်သို့ လိုက်ပါ၍ အတူနေထိုင်သည်။ ကြီးတော် မိသားစုသည် မန္တလေး၊ ဗန်းမော်သွား သင်္ဘောကြီးပေါ်တွင် ဈေးရောင်းသူများ ဖြစ်ကြသည်။ ဆယ့်သုံးနှစ်အရွယ်ရှိနေပြီဖြစ်သော မောင်လှမောင်သည် ကြီးတော်မိသားစု၏ လုပ်ငန်းကို အစွမ်းကုန် ကူညီလုပ် ကိုင်ပေးသည်။ သူသည် ပွဲရုံများသို့သွား၍ ကုန်ဈေးနှုန်းကို လိုက်လံစုံစမ်း ရသည်။ မည်သည့်ကုန်မျိုးသည် မည်သည့်ဈေးနှုန်းရှိသည်ကို ကြီးတော် တို့အား ပြောပြရသည်။ ကြီးတော်တို့က သင့်ရာကုန်ကို သင့်ရာဈေးနှုန်းဖြင့် သင်္ဘောသို့ တင်ကြသည်။ ရောင်းချကြသည်။ သူတို့သည် သင်္ဘောဖြင့် ရက်ရှည်လိုက်ပါသွားကြသည်။ သင်္ဘောတစ်ပတ်ပြန်လာလျှင် မန္တလေးအိမ်၌ နှစ်ညလောက်ပင် အိပ်နေခွင့်ရခဲ့ကြသည်။ ထို့ကြောင့် မောင်လှမောင်က အစစအရာရာ ကူညီလုပ်ကိုင်ပေးရသည်။ ကုန်ဈေးနှုန်းများ သွားရောက် စုံစမ်းပေးရုံမျှမက ထမင်းချက်၊ ဟင်းချက်၊ ပန်းကန်၊ အိုးတိုက်၊ ထမင်းပွဲပြင်၊ ထမင်းပွဲသိမ်း၊ အိပ်ရာခင်း၊ အိပ်ရာသိမ်း စသည်ဖြင့် အောက်ခြေသိမ်းအလုပ် များကိုလည်း လုပ်ကိုင်ပေးသည်။ ။
ကြီးတော်မိသားစုသာမက သူနှင့်ဆက်ဆံသူများကပါ သူ့ကို ချစ်ကြ သည်။ ခင်ကြသည်။
“မောင်လှမောင်တစ်ယောက် အလွန်သဘောကောင်းတယ်၊ စိတ် ကောင်းရှိတယ်၊ ရိုးသားတယ်၊ မပျင်းရိဘူး၊ ဘာအလုပ်မဆို မညည်းမညူ လုပ်တာပဲ”
ဟူ၍ ရှေ့တွင်ရော ကွယ်ရာတွင်ပါ ပြောကြသည်။
ကြီးတော်၏ သမီးတစ်ယောက်သည် ဆေးလိပ်ခုံထောင်ပြီး ဗန်းမော် ကို တင်ရောင်းသည်။ နေ့စဉ်ပင် ဆေးလိပ်သမ ဆယ်ယောက်က ဆေးလိပ် များ လိပ်ပေးသည်။ ထိုဆေးလိပ်အားလုံးကို ညဘက်တွင် အကုန်ပြီးအောင် မောင်လှမောင် တံဆိပ်ကပ်ပေးသည်။ အံ့ဖွယ်အလုပ် လုပ်နိုင်သူဖြစ်သည်။