မင်းယု၀ေ - အောင်ခြင်းရှစ်ပါး
၁။ မာရ်နတ်မင်းကို အောင်ခြင်း
ဂေါတမဘုရား အလောင်းတော်သည် ဘုရားဖြစ်ရန် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီတော် ၁၀-ပါးကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့သည်။ ထို့နောက် အလွန် ကျင့်နိုင်ခဲသော ဒုက္ကရစရိယာ အကျင့်ကို ကျင့်ပြီးနောက် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။
ဘုရားအလောင်းတော်သည် ဘုရားအဖြစ်သို့ ရောက်တော်မူအံ့ ဆဲဆဲတွင် မာရ်နတ်မင်း၏ နှောင့်ယှက် ရန်ပြုခြင်းကို ခံခဲ့ရသည်။ တစ်ဖန် ဘုရားဖြစ်ပြီးနောက်တွင်လည်း အခြားရန်တို့၏ နှောင့်ယှက် ရန်ပြုခြင်းကို ခံခဲ့ရပြန်သည်။ မည်သို့ပင်ဖြစ်စေ မာရ်နတ်မင်းနှင့်တကွ ထိုထိုရန်အားလုံးကို တန်ခိုးတော်၊ ဉာဏ်တော်၊ ပါရမီတော် အစွမ်း တို့ဖြင့် အောင်မြင်သည်ချည်းသာ ဖြစ်သည်။
ထိုရန်တို့မှာ ရှစ်ဦး ဖြစ်သည်။ ယင်းတို့မှာ ပကတိမျက်စိဖြင့် မြင်နိုင်စွမ်းသော ပြင်ပမှ ပုဂ္ဂိုလ် သတ္တဝါများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုရန်တို့အား ဘုရားရှင်အောင်မြင်ခြင်းကို အပြင်အောင်ခြင်း ရှစ်ပါးဟု ခေါ်သည်။
ယင်းတို့မှာ (၁) မာရ်နတ်မင်းကို အောင်ခြင်း၊ (၂) အာဠဝက ဘီလူးကို အောင်ခြင်း၊ (၃) နာဠာဂိရိဆင်မင်းကို အောင်ခြင်း၊ (၄) အင်္ဂုလိမာလ ခိုးသူကြီးကို အောင်ခြင်း၊ (၅) စိဉ္စမာဏ မိန်းမယုတ်ကိုအောင်ခြင်း၊ (၆) သစ္စကပရိဗိုဇ်ကို အောင်ခြင်း၊ (၇) နန္ဒောပနန္ဒ နဂါး မင်းကို အောင်ခြင်း၊ (၈) ဗကဗြဟ္မာမင်းကို အောင်ခြင်းတို့ ဖြစ်သည်။
(၁) မာရ်နတ်မင်းကိုအောင်ခြင်း
ဂေါတမ ဘုရားအလောင်းတော်သည် ကဆုန်လပြည့်နေ့ ညနေ ချမ်းအချိန်တွင် မဟာဗောဓိပင်ရင်း၌ သောတ္ထိယ မြက်ထမ်းသမား လှူလိုက်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သည်။
ထိုမြက်ရှစ်ဆုပ်တို့သည် မြက်၏အသွင် ကွယ်ပျောက်၍ (၁၄) တောင် ပမာဏရှိသော လွန်စွာ ဆန်းကြယ်သည့် ရတနာပလ္လင်ကြီး ဖြစ်သွားသည်။ အံ့ဖွယ် ပုံပန်းသဏ္ဌာန်ဖြင့် တည်ရှိသည်။
ဘုရားအလောင်းတော်သည် မဟာဗောဓိပင်ကို နောက်ထောက် ကျောခံထား၍ အရှေ့အရပ်သို့ မျက်နှာပြုကာ တင်ပလ္လင်ဖွဲ့ခွေ၍ ရတနာ ပလ္လင်တော်ပေါ်၌ ထိုင်တော်မူသည်။
ထိုပလ္လင်ထက်၌ပင် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းလျက် (၁) အရေမျှ ကျန်လိုလျှင် ကျန်စေ၊ (၂) အကြောမျှ ကျန်လိုလျှင် ကျန်စေ၊ (၃) အရိုးမျှ ကျန်လိုလျှင် ကျန်စေ၊ (၄) ငါ၏တစ်ကိုယ်လုံး အသွေး အသား အားလုံးတို့ ခန်းခြောက်၍သွားလျှင် သွားစေ၊ ငါသည် ဘုရား မဖြစ်သမျှ ဤယခု ဖွဲ့ ခွေထားသော တင်ပလ္လင်ကို အဘယ်နည်းနှင့်မျှ မဖျက် ဟူ၍ စွဲမြဲစွာ ဓိဋ္ဌာန်လျက် ထိုင်တော်မူခြင်း ဖြစ်သည်။
ထိုအခါ ဗြဟ္မာ၊ သကြား၊ နတ် အများလည်း ဘုရားအလောင်း တော် ထံပါးသို့ လာရောက်ကြသည်။ ပူဇော် ရပ်တည်နေကြသည်။
ထိုစဉ် မာရ်နတ်မင်းသည် နှောင့်ယှက် ဖျက်ဆီးရန် ရောက်လာ သည်။ မာရ်နတ်ကား အနှောင့်အယှက် အဖျက်အဆီးသမားတည်း။ သူသည် ကာမ (၁၁) ဘုံကို လွှမ်းမိုး အုပ်စိုးနိုင်သော အစွမ်းတန်ခိုး ရှိသူ ဖြစ်သည်။ မာရ်နတ်၏ အလိုကား သတ္တဝါများကို အာရုံဖြင့် မှိုင်းတိုက်ကာ ကာမဘုံ၌ ကျင်လည်နေစေလိုသည်။ သူ့နယ်ပယ်ဖြစ်သော ကာမ (၁၁) ဘုံမှ မည်သူ့ကိုမျှ ထွက်မြောက် မသွားစေ လိုပေ။
ဘုရားအလောင်း ဗုဒ္ဓဘုရားအဖြစ် ရောက်၍ တရားဟောပါက သတ္တဝါအမြောက်အမြား ကျွတ်ကြမည်။ သံသရာမှ လွတ်မြောက်ကြ မည်။ ဤသို့ ဖြစ်မည်ကို သူ မနှစ်သက်ချေ။
ထို့ကြောင့်ပင် ဘုရားအလောင်း တောထွက်လာစဉ်က တားမြစ် ခဲ့သေးသည်။ ယခုအခါ၌ကား ဘုရားအဖြစ်သို့ ရောက်တော့မည့်ဆဲဆဲ ဖြစ်သောကြောင့် မာရ်နတ်သည် သောက လှိုက်ဖို ဗျာပါ ပိုလျက် ရှိသည်။ မရေမတွက်နိုင်အောင် များပြားလှသော သူ၏ စစ်သည် တပ်သားများကို ခေါ်ဆောင်၍ ဘုရားလောင်းကို နှောင့်ယှက် ဖျက်ဆီး ရန် ချီတက်လာလေသည်။
မာရ်နတ်မင်းသည် ဂိရိမေခလာ အမည်ရှိသော ဆင်ကြီးကို စီးသည်။ လက်ရုံးတစ်ထောင်ကို ဖန်ဆင်းသည်။ ထိုလက်ရုံး တစ်ထောင် ၌ လက်နက် အမျိုးမျိုးကိုလည်း ကိုင်ဆောင်ထားသည်။
သူသည် မိမိနေထိုင်ရာ ဝသဝတ္တီ နတ်ပြည်မှ ဘုရားအလောင်း ရှိရာ ဗောဓိမဏ္ဍိုင်သို့ မာရ်နတ် စစ်သည်တို့ကို ဦးဆောင်၍ ချီတက် လာသည်။ ထိုအခါ ဘုရားလောင်းထံပါး၌ ပူဇော်နေကြကုန်သော နတ်၊ သကြား၊ ဗြဟ္မာတို့သည် အဝေးသို့ ထွက်ပြေးကြကုန်သည်။
“ဘုရားလောင်း ရှင်သိဒ္ဓတ်သည် မသေပါစေသတည်း” ဟူ၍ သာ မေတ္တာပို့၍ နေကြလေသည်။
ဘုရားအလောင်းမူကား လုံးဝ တုန်လှုပ်ခြင်းမရှိ။ မာရ် စစ်သည် အပေါင်း၏ရှေ့၌ ရဲရင့်စွာ၊ တင့်တယ်စွာ တစ်ပါးတည်းသာလျှင် နေတော်မူ၏။
မာရ်နတ်မင်းနှင့်တကွ မာရ် စစ်သည်တို့သည် ဘုရားအလောင်း ထံပါးသို့ ရောက်ရှိလာကြသော်လည်း အနီးသို့ မချဉ်းကပ်ဝံ့ကြ။ အဝေးမှသာ နေကြရသည်။ ရဲရဲပြောင်ပြောင် တောက်လောင်သောသံတွေခဲကို ယင်ကောင်အပေါင်းတို့ မချဉ်းကပ်ဝံ့သကဲ့သို့ ဖြစ်နေ လေသည်။
မာရ်နတ်မင်းနှင့် မာရ်စစ်သည်တို့သည် ဘုရားအလောင်း အပါးသို့ကပ်၍ လက်ရုံးအားကိုးဖြင့် စစ်မပြုဝံ့သဖြင့် ဘုရားအလောင်း ပြေးစေအံ့ဟု စကားဖြင့် ကြုံးဝါး ခြိမ်းခြောက်သည်။
“သိဒ္ဓတ္ထမင်းသားကို ဖမ်းကြကုန်လော့၊ နှောင်ဖွဲ့ကြကုန်လော့၊ လက်ကို ဖြတ်ကုန်လော့၊ ခြေကို ဖြတ်ကုန်လော့” စသည်ဖြင့် အော်ဟစ် ကြုံးဝါးကြသည်။
ဘုရားအလောင်းကား လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့် ဆည်း ဆည်းပူးခဲ့သော ပါရမီ ၁၀-ပါးကို ဆင်ခြင်၍ မကြောက်မရွံ့ ထိုင်မြဲ ထိုင်နေတော်မူသည်။
ဘုရားအလောင်းတော် တင်ပလ္လင်ခွေ၍ ထိုင်နေခြင်းကို (ထိုင် နေသော တင်ပလ္လင်ခွေကို) ပါဠိဘာသာဖြင့် ပလ္လင်္ကဟု ခေါ်သည်။ ထို ထိုင်နေခြင်းကိုသာ မဟုတ်၊ ထိုင်နေရာကိုလည်း တင်ပလ္လင်ခွေ၍ ထိုင်နေရာ ဖြစ်သောကြောင့် ပလ္လင်္က (ပလ္လင်) ဟူ၍ပင် ခေါ်ကြသည်။ ယခု အလောင်းတော်မြတ် ထိုင်နေခြင်းကို ပျက်အောင်၊ ထိုနေရာမှ ထသွားအောင် မည်သူမျှ တိုက်ခိုက်၍ မရနိုင်ချေ။ မအောင်နိုင်ချေ။ ယင်းသို့ မည်သူမျှ မအောင်နိုင်သည့် ထိုင်နေခြင်း၊ မည်သူမျှ မအောင်နိုင် သည့် ထိုင်နေရာ ဖြစ်သောကြောင့် အပရာဇိတ ပလ္လင်ဟု ခေါ်သည်။ အပရာဇိတ ဆိုသည်မှာ မအောင်နိုင်ခြင်း ဟူ၍ အနက်ရသည်။
ဘုရားအလောင်းတော်သည် ပါရမီဖြည့်စဉ် ဘဝပေါင်းများစွာ၌ တစ်စုံတစ်ယောက်သော သူကိုမျှ သူနှင့် ထိုက်တန်သည့် ရာထူး ဂုဏ်သိန် စည်းစိမ်ချမ်းသာ နေရာအရပ်က ရွေ့ လျောအောင် မည်သည့် အခါကမျှ မလုပ်ခဲ့ဖူးချေ။ မည်သူ့ကိုမဆို ထိုက်တန်သော နေရာ၌ ရောက်ရှိနေသည်ကို ကျေနပ်ဝမ်းသာသူ ဖြစ်သည်။ ယင်း စိတ်ကောင်း စေတနာကြောင့်လည်း ယခုအခါ ဘုရားလောင်းကို ဤနေရာက ရွေ့လျောအောင် မည်သူမျှ ပြုလုပ်နိုင်မည် မဟုတ်ပေ။ မာရ်နတ် တစ်ဦး တည်းသာ မဟုတ်။ မာရ်နတ်ပေါင်း အရာ အထောင် ဖြစ်သော်လည်း အလောင်းတော်မြတ်ကို ဤနေရာမှ ထအောင် ပြုလုပ်နိုင်မည် မဟုတ် ချေ။
မာရ်နတ်မင်းကား ဤအကြောင်းကို မသိ။ မိမိ ရန်ပြုလျှင် အောင်မြင်မည်ဟုသာ ထင်မှတ်နေသည်။ ထို့ကြောင့် ရှေးဦးစွာ ဘုရား အလောင်းကို လေဖြင့် ပြေးစေအံ့ဟု ကြံကာ ဝေရန္တလေတို့ကို ထစေ သည်။ ဝေရန္တလေတို့သည် ကြီးမားသော တောင်ထွတ်တို့ကို ထက်ခြမ်း ကွဲစေ၏။ ရွာကြီး၊ ရွာငယ်တို့ကို မှုန့်မှုန့်ညက်ညက် ကြေအောင် တိုက်ခိုက်နိုင်စွမ်းရှိ၏။ သို့သော်လည်း ဘုရားအလောင်းထံပါးသို့ ရောက်သောအခါ သင်္ကန်းတော်စွန်းကိုမျှ လှုပ်အောင် မတတ်နိုင်။ ထိုအခါ မာရ်နတ်မင်းသည် ဘုရားလောင်းကို မိုးရေဖြင့် နစ်၍ သေစေအံ့ ဟု ကြံပြန်သည်။ မိုးကြီးရွာစေသည်။
သို့ရာတွင် မိုးရေသည် ဘုရားလောင်း၏ သင်္ကန်းတော်ကို ဆီးနှင်းပေါက်မျှလောက်ပင် မစွတ်စိုနိုင်။ ဤတွင် မာရ်နတ်မင်းသည်ကျောက်ခဲမိုး၊ လက်နက်မိုး၊ သဲမိုး၊ ညွန်ပြောင်းမိုး၊ မီးကျီးစုမိုး၊ အမိုက် တိုက်မိုး၊ စက်လက်နက်မိုး စသည်တို့ဖြင့် တိုက်၏။
ဘုရာလောင်းသည် ဤကြောက်ဖွယ်ရန်တို့ကို မေတ္တာတော် အဟုန်ဖြင့် ငြိမ်းစေ၏။ ထိုအခါ မာရ်နတ်မင်းသည် ဂိရိမေခလာဆင် ဖြင့် တိုက်ေ တွန်းချရန် ဘုရားလောင်း အပါးသို့ ကပ်လာသည်။ သို့ရာတွင် ဘုရားအလောင်း၏ မေတ္တာ ပါရမီတော်၏ အာနုဘော်ကြောင့် ဂိရိမေခလာဆင်သည် ရန်မပြုနိုင်။ အနီးသို့ ရောက်သောအခါ မြေတွင် ပုဆစ်တုပ်ဝပ် ဦးချလျက်နေသည်။ ဦးခေါင်းကို မြေ၌ စိုက် ထားသည်။
ထိုအခါ မာရ်နတ်မင်းသည် ဆင်၏ ဦးခေါင်းမှ လျှောကျကာ မြေပေါ်သို့ ရောက်သွားသည်။ မာရ်နတ်မင်းသည် အရှက်ရသွားသည်။