Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မင်းဆွေ - သွေး

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
အခန်း (၁)

          “ယမုံနာ. သီတာ သောင်ခြေဦးမှာလလေ၊ သနား ဖွယ် လူ့နှယ်ခေါ်သံထူးလို့လေး၊ ကြည်နူးဖွယ် .. မယ့် တစ်ကိုယ် ... ရွှေဟင်္သာမောင်နှံ ငှက်ကယ်တို့၊ ကြင်ဖော် ကြင်ဖော်ဘက်ကဲ့သို့ တူပျော်ပျော်လေ .. ဘယ်ခါမှ စက် ရပါ့၊ လည်ယှက်ခါ သူတို့လို။ မ ဖိုခေါ်သံ၊ လူ့နှယ် သူ့ဟန်၊ ဖော်ကွာသူ ဆွေး .. စေ .. ဖို့ ဖန်၊ သဲတဲ့ သဲ ငွေလျှံ၊ ဝဲတဲ့ ဝဲကာပျံ၊ အို ... ငါးကြင်းတွေ .. ဆန်၊ ငါးတန်တွေ သောင်ရေစီးမှာလှ။ ကိုတံငါ လှေယဉ်ဆီး ပါလို့ ၊ ပိုက်ကြီးကို ရေချ... လာ။ ဒေါင် .. ဒင်ငယ်.. သံသာသာနှင့်၊ တံငါလှေလောင်းဆင်း။ အို ... နဒီတွင်း မှာလ နှင်းငွေဆော်။ ချမ်းလို့ တုန် မလုံကွေးတယ်။ ကိုယ်ရေးကြုံတွေ့ နော် ..။ တပေါင်းတန်ခူး၊ မိုးသားကြူး လေရူးလေဆော်လာပုံ၊ နဒီတွင်းမှာလှ၊ ရွှေငါးကြင်း ငယ်တို့ ပိုက်တွင်းမှာ သူတို့ခုန်၊ လွမ်းလေပူပုံ ပူပုံပွား ပါလို့ ၊ အားကကုန်၊ လွမ်းလေပူပုံ ပူပုံပွားပါလို့ အားကကုန်။ သောင်ယံမှာ မောင်နှံငှက်ကယ်တို့၊ လည်ချင်း ယှက်ပါလို့ နွှဲကာပျော် ဆွေးစေဖို့ဖန်၊ ကြင်ဖော်မဲ့သူတို့ ဝဲကာပျံတယ်။ သည်သောင်ယံ မခွာရက်တယ် ကြံခက် လို့ပန်း ...”

          စန္ဒရားကြီးကို ပိုင်နိုင်စွာတီးရင်း စည်းဝါးကျကျ သီဆိုလိုက်သော သာယာချိုအေးသည့်သီချင်းသံကလေး သည် ရန်ကုန်မြို့ ကန်တော်ကြီးနံဘေးတစ်လျှောက်ကို ကွေ့ကောက်ဝန်းရံနေသည်။ ဂုဏ်အသရေရှိ အထက် တန်းစားများနေထိုင်ရာ ပတ်(က)လမ်းကလေးအား မူလ ရှိရင်း သာယာကြည်နူးဖွယ်ကောင်းခြင်းကို ကူညီဖြည့် စွက်နေသကဲ့သို့ ရှိ၏ ။

          ထိုနေရာတစ်ဝိုက်၌ အိမ်ခြေများစွာမရှိ။ ကန်တော် ကြီး၏ သာယာစိုပြည်ခြင်းကိုလည်းကောင်း၊ ရေပြင်ပေါ် ဝဲပျံတိုက်ခတ်လာသော လေကောင်းလေသန့်များကို လည်းကောင်း စိုက်ရှူရှိုက်နေသည်နှင့်မခြား ခန့် ညားထင်ပေါ်သည့် တိုက်ဖြူကြီးနှစ်လုံးမှာ သူ့ခြံနှင့်သူ့ ဝင်း သန့်ရှင်းစင်ကြယ်စွာ မားမားကြီးရပ်နေကြ၏။

          သို့သော် သည်ခြံစည်းရိုးနှစ်ခုမှာ တစ်ခုနှင့်တစ်ခု မနီးလှ၊ ဝါးတစ်ပြန်လောက် ကျယ်ဝန်းသည့် တောင် ပူစာကုန်းမြင့်ကလေးတစ်ခုသည် နယ်ခြားသဖွယ် သတ် မှတ်ထားလျက်ရှိ၏။

          လက်ယာဘက်တိုက်၌ တစ်စုံတစ်ရာ အမှတ်အသား မရှိ၊ လက်ဝဲဘက်တိုက်၏ ခြံဝ၌မူ (ဦးရွှေလှ I.So, K.S. M အငြိမ်းစား စမော်တော် တရားသူကြီး) ဟူသော ဆိုင်းဘုတ်ကလေးတစ်ခုရှိ၏။ ထိုဆိုင်းဘုတ်ကလေး၏ ပိုင်ရှင်များပြောင်းရွှေ့လာသည်မှာ မကြာသေးသောကြောင့် လက်ယာဘက်တိုက်အကြောင်းကို မသိရသကဲ့သို့ လက် ယာဘက်တိုက်မှလည်း လက်ဝဲဘက်တိုက်၏ အကြောင်း ကို တစ်စုံတစ်ရာ မသိခဲ့ရချေ။ သို့သော် ... မူလနေထိုင် သူ လက်ယာဘက်တိုက်ကြီးတွင် သားနားလှပ အသက် ၂၉-၃ဝ မျှရှိမည့် ယောက်ျားပျိုတစ်ယောက် ခြံတွင်း၌ မကြာ ခဏလမ်းလျှောက်နေသည်ကို မြင်ရသကဲ့သို့ပင် လူသစ်များဖြစ်သော လက်ဝဲဘက်တိုက်၌လည်း သန့် သန့်ပြန့်ပြန့် ဖြူဖြူတင်းတင်း အသက် ၂၀ အတွင်းရှိမည် ထင်ရသော မိန်းမပျိုကလေးတစ်ယောက်ကို သတိနှင့် ကြည့်လျှင် တွေ့မြင်နိုင်၏။ 

          သီတာသောင်ခြေပတ်ပျိုးကလေးကို စန္ဒရားနှင့် ရောထွေးသီဆိုနေသော အသံမှာလည်း လက်ဝဲဘက် တိုက်ကြီးပေါ်မှပင်ဖြစ်ရာ တပေါင်း တန်ခူး... မိုးသား ကြူး ... ဟူသော အပိုဒ်ကလေးနှင့်ဆီလျော်စွာ ထိုအချိန် သည် တပေါင်းကူးစ တန်ခူးလဖြစ်သောကြောင့် ကောင်း ကင်တပြင်လုံး မိုးသားတိမ်လိပ်တွေဖုံးပြီး တစ်ခါတစ်ရံ ထစ်ချုန်းစပြုသောအခါ ဖြစ်လေ၏။

          ထိုအခိုက် တစ်ပတ်ရစ် ကိုယ်ပိုင်ကားကလေးတစ် စီးသည် ခြံပေါက်တွင်းသို့ တောက်လျှောက်ပြေးဝင်လာ ပြီး ကားပေါ်မှ မိန်းမပျိုတစ်ယောက် ဆင်းလိုက်လျက် “ခင်မြမြ .. ခင်မြမြ” ဟု အပေါ်သို့ မော့ကြည့် အော်ခေါ် ကာ အပေါ်ထပ်သို့ အပြေးကလေး တက်၍သွားလေ၏။

          “ခင်မြမြ တော်တော်လက်တိုးနေပါကလား”

          ဟု ပြောပြောဆိုဆို စန္ဒရားတွင် စိတ်ဝင်စားနေပုံရသော မိန်းမပျိုအား နောက်မှ သိမ်းဖက်လိုက်ရာ ခင်မြမြဆိုသူ မိန်းမပျိုသည် လန့်ဖြန့်သွားသကဲ့သို့ ရုတ်တရက်လှည့် ကြည့်ပြီး

          “အမယ် ... မထားမူ၊ ခုမှပဲ လာတော့တယ်နော်။ မြဖြင့် မျှော်လိုက်ရတာ” ဟု ဝမ်းသာအားရ ပြန်ဖက် လိုက်သည်နှင့်

          “ခင်မြမြ တော်တော် လက်တိုးနေတယ်၊ သိပ် နား ထောင်ကောင်းတာပဲ။ ပြီးတော့ အဆိုကလေးကလည်း ပိုင်ပိုင်နိုင်နိုင်ရှိလိုက်တာ ...”

           ဟု ရယ်ရယ်ပြုံးပြုံးပြော ကာ စန္ဒရားနား ထိုင်လိုက်သဖြင့်။

          “ဒါတော့ မထားမူ အရမ်းမြှောက်တာပဲ။ ခုမှ ကား နဲ့ ကမန်းကတန်းရောက်လာတာ မဟုတ်လား။ ဘယ်က များ ကြားပါလိမ့်မလဲ”

          “ကြားပြီလား မြရဲ့။ ထား ... ဟိုဘက်တိုက်ကြီးပေါ် ရောက်နေတာ တစ်နာရီကျော်ကျော်လောက်ရှိပြီ။ ထား က အစအဆုံး နားထောင်နေတာ။ စင်စစ် လာရင်းစွဲက ခင်မြမြတို့ ကန်တော်ကြီးဟောင်း ပြောင်းသွားတာ အလည် အပတ်သွားဦးမှဆိုပြီး လေညှင်းခံရင်း ထွက်လာတာ ပေါ့။ ဒါပေမဲ့ ကိုယ့်အမျိုးအိမ်နားဖြစ်နေတော့ ဟိုကိုအရင်မဝင်ရင် မတော်ဘူးဆိုပြီး ဝင်နေရတော့တာပဲ။ အို မြတို့ ချာချီလမ်းက ပြောင်းသွားကတည်းက ကျွန်မစိတ် ထဲ ပျင်းရဲ့ ဘွဲ့ကြီးဖြစ်နေတာပေါ့”

          “နေစမ်းပါဦး .. ဟိုဘက်တိုက်ကြီးဟာ မထားမူရဲ့ ဆွေတော်မျိုးတော်တဲ့လား။ အခု ဟိုကလာတာနော်။ ဒီလိုဆိုရင် ဒီနေရာ တစ်စုတစ်ရုံးလာနေကြရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲလို့။ မြတော့ သိပ် ဝမ်းသာမှာ ...”

          “ကဲပါ ... တစ်ပုဒ်လောက် တီးလည်းတီး၊ ဆိုလည်း ဆိုစမ်းပါဦး။ အမယ် ... စန္ဒရားကြီးက အသစ်ထင်ပါ ရဲ့။ အရင်ဟာကော ...”

          ထားမူသည် စန္ဒရားကြီးကို လက်ညှိုးကလေးဖြင့် စမ်းသပ်ကြည့်ရှုနေသောကြောင့် ခင်မြမြက စန္ဒရားဘက် လှည့်လိုက်ရင်း

          “အရင်ဟာ ၃၅ဝိ နဲ့ ရောင်းလိုက်ပြီ။ ဒီဟာ ကိုကို တင် အင်္ဂလန်က ဝယ်ပို့လိုက်တာ။ ဒီကိုလည်းပြောင်းရော ဒီဟာကြီးလည်း ရောက်လာတာပဲ။ ဒါကြောင့် အဟောင်းကို ပေါပေါနဲ့ ရောင်းပစ်လိုက်တာပေါ့ ။ သူ့ စာထဲတော့ ဒီဟာ ၁ဝဝဝ လောက်တန်တယ် ပြောတာပဲ”

          “ဪ .. မြရဲ့ ကိုကိုတင်က သိပ်အလိုလိုက်တာ ပဲနော်။ ဟိုမှာ ပညာမှ ကောင်းကောင်းသင်ပါလေစ။ ဒါထက် သူ မကြာဘူး ပြန်လာတော့မယ်ထင်ပါရဲ့” “ဟုတ်တယ် ... အလွန် ၃လ ဆိုပါတော့။ ကဲလေ ဘာသီချင်းနားထောင်မလဲ၊ မြ တီးပြပါ့မယ်” ဟုပြောကာ ခင်မြမြသည် စန္ဒရားနား တိုးကပ်ပြီး ဖြူဖွေးသေးသွယ် သော လက်ချောင်းကလေးများဖြင့် တို့စမ်းလိုက်လျှင်

          “နေဦး မြရဲ့ .... လွမ်းပိုအောင်တို့၊ ပူပုံပန်းတို့တော့ မဆိုပါနဲ့။ ဟို ရေနံ့သာဦးဆိုတာကလည်း မယ့်ကို သေ စေညွှန်းရော့သလားဆိုတာတွေ ပါနေတယ်” 

          “ဒါတွေပါ ဘာပြုသလဲ မထားမူ။ စပ်တဲ့လူက စပ် ထား မင့်ဟာ ဒါတွေဟာ ဂီတမှာ အရသာအရှိဆုံးပေါ့”

          “ဟုတ်ပါတယ် ... ဒါပေမဲ့ ဟိုဘက်တိုက်က ကိုကို မြင့်က မကြိုက်ချင်ဘူး။ မြ စန္ဒရားတီးသံကြားတော့သော် .... ဟိုဘက်တိုက်ကြီးပေါ် စန္ဒရားရှိသကိုးတဲ့။ ခုနက မြဆိုနေတဲ့ပတ်ပျိုးမှာ “ဖော်ကွာသူ ဆွေးစေဖို့ဖန်” နဲ့၊ လွမ်းလေပူပုံ အားကကုန်” ဆိုတာတွေ ပါနေတယ် မဟုတ်လား။ အဲဒါကို သူက အပြစ်တင်တယ်။ ဗမာတွေ ဒီလိုမင်္ဂလာမရှိတာ သိပ်ကြိုက်တာပဲတဲ့၊ တီးစရာ ဆို စရာ ရှားလို့လားတဲ့။ ဆွေးတာတွေ ပူတာတွေ ပန်းတာတွေ ဆိုကြလွန်းလို့ ဗမာလူမျိုးတွေ အခုအခါ ဆွေးနေ ပူနေ ပမ်းနေကြတာပဲတဲ့။ ဒါပေမဲ့ မြကို မရှုတ်ချဘူး။ ဗမာတွေ ကြိုက်တတ်တဲ့ဝါသနာကိုပြောတယ်။ အသံနဲ့ တီးပုံ မြကို အတော်ချီးမွမ်းတယ်။ အေးလေ .. အခု ကျွန်မ ခိုင်းတာလည်း ဟိုဘက်တိုက်က ကျွန်မအစ်ကို တော် ကိုမြင့်ပါ စိတ်ပါပါ နားထောင်စေချင်လို့ ပေါ့ ”ခင်မြမြသည် လက်ကလေးများ ရုတ်သိမ်းလျက် ထားမူ၏မျက်နှာကို စေ့ကြည့်ကာ နားထောင်နေရာ

          “သူက ဘာတုန်း .. ဘယ်လိုသီချင်းမှ နားထောင် ချင်သတဲ့လဲ”

          “ဘာရယ်လို့မဟုတ်ပါဘူး ... သူက ထီးဘွဲ့၊ နန်း ဘွဲ့၊ ဘုန်းတော်ဘွဲ့ တွေဆိုရင် ကြိုက်တာပဲ”

          “အမယ် ... ဒါဖြင့် အထက်တန်းကျကျသီချင်းတွေ မှ မထားမူအစ်ကိုက နားသောတဆင်ခြင်တဲ့ ဝါသနာရှိ တယ်ဆိုပါတော့”

          “ဝါသနာရှိရုံဘယ်ကမလဲ၊ သူက တူရိယာနဲ့ပတ် သက်ရင် ရှေးသီချင်းတွေ အရည်ကျိုသောက်ထားတဲ့ လူတစ်ယောက်ပဲ။ သူ့ဆီ စန္ဒရားလည်း ရှိတာပဲ”

          “ဪ ... သူ့ဆီလည်း ရှိသလား။ ဘာပြုလို့ မတီး ပါလိမ့်မလဲ။ ဒါဖြင့် သူ ကောင်းကောင်းတတ်မပေါ့နော်”

          “တစ်ခါတလေ ကြားရပါလိမ့်မယ်။ သူ့စန္ဒရားကြီး အခုလို ဒီပြတင်းပေါက်နဲ့တည့်တည့် ဒီဘက် မျက်နှာ ချင်းဆိုင် လှည့်ထားတာပဲ။ စောင်းကောက်ကြီးကတော့ အပေါ်တည့်တည့် စင်ရိုက်ပြီး ကတ္တီပါအဝတ် ဖုံးတင် ထားတယ်” ခင်မြမြမှာ စင်စစ်အားဖြင့် ရှေးသီချင်းကြီး ၁၄-၅ ပုဒ်ကို ဆိုနိုင်တီးနိုင်ရုံမှတစ်ပါး များစွာ မကျွမ်းကျင်လှ