မင်းဆွေနှစ် - ရန်ကုန်ကဗျာ
မသစ်ဆန်းသောစကား
( ၁ )
ရန်ကုန်ပေါ့လေ။ ရန်ကုန်မြို့ပေါ့လေ။
( ၂ )
ကျွန်တော်က ရန်ကုန်မြို့နေ ပြည်သူတယောက်ပေါ့လေ။ စာပေ ကဗျာ ရေးပါတယ်ပေါ့လေ။ ကဗျာဆရာပေါ့လေ။
( ၃ )
ယခု မိတ်ဆွေ ကိုင်တွယ်ဖတ်ရှုနေတာဟာဖြင့်..
(၄)
သစ္စာနီတို့၊ မောင်ပြည့်မင်းတို့၊ မောင်သိန်းဇော်တို့၊ ကျွန်တော်တို့ ပါဝင်တဲ့ ကဗျာစာအုပ်ပေါ့လေ။
( ၅ )
ဝိသေသပုဒ်က ဒီအတိုင်း၊ နက်စ်ကဖီးရယ်၊ ရှယ်နယ်နံပါတ်ငါးရယ်၊ ဒေါ်ခင်ဝင်းရဲ့ ဦးနှောက်၊ လက်ဖက်ရည်ခွက်ထဲက ဘဝတဝက်၊ ခင်ဗျား လွှတ်လိုက်တဲ့လူ ရောက်လာတယ်။ ဆန်စေ့ဖြူဖြူလေးတွေကို မီးနဲ့ရေက၊ နှင်းပွတ်ကိုယ်၊ စို၊ ဒီနေရာရောက်လာမှ၊ လှေကလေးနှင့် ရွက်ဖွင့်ထွက်မည်၊ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး။
( ၆ )
စာအုပ်အတော်ထူ၊ စာအုပ်အတော်ကြီးမယ်(ထင်ရ) ကဗျာစာအုပ်။ စုစည်းစီစဉ်သူက မင်းဆွေနှစ်။
( ၇ )
ဆိုကြပါစို့။
(၈)
ကဗျာစာအုပ်များ။ ရေးတဲ့ ကဗျာဆရာများ၊ ခေတ်များ။
( ၉ )
ဘာကြောင့်လဲပေါ့လေ။
(၁၀)
မသစ်ဆန်းသော စကားကိုပဲ ကျွန်တော် ပြောပြချင်ပါတယ်။
ပြည်သူလူထုထံ ရောက်ပါစေ။
(၁၁)
ဒီထက်ကောင်းအောင် ကျွန်တော် ဘယ်လိုလုပ်ပြောနိုင်မှာလဲ။
ကဗျာဆိုတာကလည်း
စကားအက္ခရာ ၂ လုံးထဲသာ
မဟုတ်ဘူးလား။
လေးစားစွာဖြင့်
လေးစားလျက်
၉၊ ၇၊ ၂၀၁၉။
ခင်ခင်ပျိုရေ
ဝိသေသနပုဒ်က ဒီအတိုင်း
စာသားက ဒီအတိုင်း
တရားက တရားအတိုင်း
အမှားက အမှားအတိုင်း
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
မိုးတစ်ပေါက်တင်ပြီး
စိန်လိုလက်နေတဲ့ ဇီဇဝါပန်းများ မွှေးခဲ့လို့
ငါ့စိတ် ထိန်းနိုင်ခဲ့
မိုးတဖြောက်ဖြောက် နေ့တွေ ကုန်လွန်နိုင်ခဲ့။
ခင်ခင်ပျိုရေ ငါ စောင့်ခဲ့တယ်။
မဖြောင့်ဖြူးခြင်းအချစ်စစ်ကို
အနှစ်တစ်ရာ သစ္စာဖွဲ့
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ၊ စောင့်ခဲ့တယ်။ ။
အောင်ချိမ့်
ကတ္တရာကျဉ်းကျဉ်းလေး
ကျဉ်းကျဉ်းလေးကမ္ဘာ
ငါတို့ တရွတ်ဆွဲခဲ့ရာ စွတ်ကြောင်းအနီး
မီးမထွန်းရ
လမ်းမထွင်ရ
ညကောင်းကောင်း အိပ်၊ အိပ်မက် မမက်ရ။
“ငါ့မှာက လူကွယ့် မာရီယာရဲ့”
ကြာခဲ့ပါပြီလေ နှစ်ပေါင်းများများ
ပင်ပင်ပန်းပန်းလျှော့ဈေး ဖြစ်ခဲ့ရ
ရစရာ မရှိအောင် ရှော်ခဲ့ရ
ပွဲများများ
ဇာတ်လမ်းများများ ဇာတ်ရှိန် များများ
တစ်ယောက်နဲ့ တစ်ယောက် မေးခွန်းအတွက် မေးခွန်းပဲ အဖြေ
ငါတို့ ချစ်ခဲ့ကြ။
ရယ်အားထက် ငိုအားသန်ခဲ့ရ
ငိုအားထက် ရယ်အားသန်ခဲ့ရ။
သူ့ခမျာ
ငါ့ကို သူ့လက်ထဲ ဝှက်ထားခဲ့ရ။ ။
အောင်ချိမ့်
ပေါင်မုန့်စားသူများအကြောင်း
နက်စ်ကဖီးရယ်
ရှယ်နယ်လ်နံပါတ် ငါးရယ်
စတော်ဘယ်ရီပင်ရယ်
သင်တို့ကို ကျွန်ုပ် လေးစားပါတယ်။
သင်တို့ရဲ့ အရှင်သခင် “လူ” တွေကတော့
“ဘယ်ရီကရင်းလိမ်းရတယ်”
“ဆံပင်တိုတို ညှပ်ရတယ်”
“ကောလိပ်ပညာတတ်ရတယ်”
“ဘုရားရှိခိုးရတယ်”
“ရွန်နယ်လ်ကားစီးရတယ်”
“ဗက် ၆၉ သောက်ရတယ်”
ဒီစာတမ်းတွေ ရှေ့မှာပြပြီး
ဒေါသဖြစ်ကြ၊ အတင်းပြောကြ
မနာလိုကြ၊ စိတ်ထားညစ်ကြ
ဒီလိုနဲ့ “စစ်” ဆိုတာ ဖြစ်လာရတယ်။
သိဒ္ဓတ္ထလှိုင်
ငရုတ်သီးဟာ သကြားလုံးမဟုတ်ပါ
ရွှေဆံတော်ဘုရားမှာ
ခြင်္သေ့ရုပ်ဟာ ထိုင်နေတယ်
သင်ဟာ ကမ္ဘာထဲမှာ
မာမာအေးတေးသံ၊ ဂျပန်ချယ်ရီ
နှင်းဆီရောင်မာဇဒါ၊ ဧရာဝတီည
ဆစ်ဒနီဂျုံခင်း၊ စပရင်းရာသီ
အီတလီအပျိုမနဲ့
အလှအပပစ္စည်းတွေချည်း
ရှိစေချင်ရင် သင် ငါပြောသလိုလုပ်ပါ။
ရွှေဆံတော်ဘုရားက ခြင်္သေ့ရုပ်ကို
မြေမှာ လဲကျအောင်
သင့်ရဲ့လက်သီးနဲ့ထိုးပါ
ခြင်္သေ့ရုပ်ဟာ လဲကျသွားရင်
သင်ဖြစ်ချင်တာတွေ
ဖြစ်လိမ့်မယ်လေ။
သိဒ္ဓတ္ထလှိုင်
မြန်မာပြည်အရေပြားပေါ်က
ဖျတ်မရတဲ့ တက်တူး
ဒေါ်ခင်ဝင်းရဲ့ ဦးနှောက်ကို
သွေးနဲ့ မြည်းခဲ့ပြီးတဲ့နောက်
အဲဒီ... ကျည်ဆန်ဟာ
ဘန်ကောက်မှာ ဆေးသွားကုတယ်
အိုဘားမားနဲ့ စကားစမြည်ပြောတယ်
အသားစားခြင်္သေ့ မွေးမြူရေးလုပ်တယ်
(တစ်ခါတလေ တရားထိုင်တယ်လို့
လော်ဘီတွေက ပြောကြသေးတယ်)
အဲဒီကျည်ဆန်ဟာ
ဗိုလ်နေဝင်းဥယျာဉ်ကပွင့်တာတဲ့
သူက မက္ကရာဗယ်လီရဲ့
“နိုင်ငံဦးသျှောင်” ကျမ်းကို အလွတ်ကျက်တယ်
စတာလင်နဲ့ ဆွေရိပ်မကင်း မျိုးရိပ်မကင်း၊
အဲဒီကျည်ဆန်ဟာ...
သစ်တောရေနံ သဘာဝသယံဇာတ
စုပ်ယူမဝတဲ့ ဘလက်ဟိုးဖြစ်တယ်
ဘဏ်တွေနဲ့လည်း...
လက်မထပ်ဘဲအတူနေလိုက်သေးတယ်။
အဲဒီကျည်ဆန်ဟာ
ပျင်းရင် မြို့သစ်တည်တမ်းကစားတယ်
ပေါက်စီနဲ့အရေးတော်ပုံတွေကို ကြိုက်တယ်။
လူ့အခွင့်အရေးရုပ်ရှင်မှာ ဗီလိန်လုပ်တယ်။
အဲဒီကျည်ဆန်ဟာ
မကျက်တကျက်ဖုတ်စားတဲ့
မေရီအင်တွိုင်းနက်ပေါင်မုန့်ဖြစ်တယ်
ဆဲဗင်းဂျူလိုင် ဦးသန့်
မှိုင်းရာပြည့် ရှစ်ဆယ့်ရှစ်
တော်လှန်ရေးများရဲ့ ကားစင်ဖြစ်တယ်
အဲဒီကျည်ဆန်ဟာ
မြန်မာပြည်အရေပြားပေါ်က
ဖျက်မရတဲ့ တက်တူးတစ်ခုဖြစ်တယ်။ ။
သစ္စာနီ
Icon,
အောက်တိုဘာ၊ ၂၀၀၈။
စည်သွတ်ဘူးတစ်ခုရဲ့ အပေါ်က
ရက်လွန်နေတဲ့ နေ့ စွဲရဲ့ အရောင်းအဝယ်
လက်ဖက်ရည်ခွက်ထဲက ဘဝတစ်ဝက်
ချေထွေဗားရား ယောင်ယောင်
ချာလီချက်ပလင် ယောင်ယောင်
မိုးရောက်တော့...
မိုးဟာ စိတ်ပျက်စရာကောင်းနေပုံ
ထီးတွေ ဒီဇိုင်းအရောင်အသွေးဆန်းကြယ်ပုံ
ပြက်လုံးဆန်တဲ့ သံဝေဂများ။
ရလိုက်သလား
မရလိုက်ဘူးလား ။
ကွန်ပစ်ခဲ့တယ်၊ ထီထိုးခဲ့တယ်
ရုပ်ရှင်ကား မပြီးဆုံးသေးတဲ့
အားလပ်ချိန်လို။ ။
သစ္စာနီ
လမ်း (၁)၊
စက်တင်ဘာ၊ ၂၀၁၅။