Skip to product information
1 of 4

Other Websites

မင်းခိုက်စိုးစန် - စိတ်ကောက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွာစွာထိခိုက်စေနိုင်သည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း ( ၁ )

ကိုးပါးမြောက်လောကဓံဟာ ငါပါပဲ... ဟု ညီဆူးစိတ်ထဲမှာ တွေးလိုက်၏။

 

အဖေက သူ့ကို စစ်ကြေညာခဲ့သည်မှာ တကယ်တော့ အဖေ အလွန်မဟုတ်ပါ။ အဖေက မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခတစ် ယောက်ဖြစ်သူပီပီ ပညာတတ် ဂုဏ်သိက္ခာကို အလွန်တန်ဘိုးထားသည်။

ညီဆူးကတော့ တေတေပေပေ အညံ့စားသားတစ်ယောက်သာလျှင် ဖြစ်သည်။ (တကယ်တော့... အညံ့စားဆိုတာဟာလည်း ဝယ်ယူစားသုံးသူရဲ့ လိုချင်မှုနဲ့ကိုက်ညီရင် အကောင်းစားနဲ့ အတူပါပဲအဖေရယ်

ပြဿနာက ကျောင်းမှာ Viva Voce ဟုခေါ်သည့် နှုတ်မေး နှုတ်ဖြေစာမေးပွဲဖြေရသည်။

တက္ကသိုလ်အသီးသီးမှ မြန်မာစာပါမောက္ခတွေကိုယ်တိုင်လာစစ်၏။ ညီဆူး၏ဖခင်ကိုယ်တိုင် ပြင်ပစာစစ်သူ (External Examiner) အဖြစ် ပါလာသည်။

ညီဆူးစိတ်ထဲတွင် နည်းနည်းလန့်ချင်သလိုလိုရှိသော်လည်း ခပ်တည်တည်နှင့်ပင် စာမေးပွဲခန်းထဲဝင်လိုက်၏။

ရှေ့တည့်တည့်တွင်ထိုင်နေသော ထိပ်ပြောင်ပြောင်နှင့်ပါမောက္ခ ကြီးတစ်ဦးက စပြီး ... ။

“သား... မင်း ဆရာဇော်ဂျီရဲ့ ကဗျာတွေကို ဖတ်ဖူးလား” “ဟုတ်ကဲ့... ဖတ်ဖူးပါတယ်ခင်ဗျ” ညီဆူးက အားတက်သရောဖြေလိုက်သည်။ ဆရာဇော်ဂျီရဲ့ ကဗျာတွေထဲက ဘယ်ကဗျာအကြောင်းများ မေးချင်လို့လဲ။ ဗေဒါလမ်း၊ ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း၊ ရှေးဖျားပုဂံမှာ ဖြင့် ...

ညီဆူး၏အတွေးမဆုံးမီမှာပင် ပါမောက္ခ၏မေးခွန်းက မမျှော်လင့်သည့်ဘက်မှ လှည့်ပြီးမေးလာ၏။

“အဲဒီ ဆရာဇော်ဂျီရဲ့လူနာမည်... အဲ... နာမည်အရင်းကို သိရင် ပြောစမ်းကွာ”

“ဟိုက်..."

ဆရာဇော်ဂျီရဲ့ နာမည်အရင်း...တဲ့။ ညီဆူးမျက်လုံးတွေပြာ သွားသည်။ သူ... မသိ

ယောင်ယမ်းပြီး အဖေထိုင်နေသည့်ဘက်ကိုလှမ်းကြည့်လိုက်မိ မှ ပိုဆိုးတော့သည်။

အဖေ့မျက်နှာက နီရဲပြီးတင်းမာနေ၏။ မြန်မာစာပါမောက္ခ တစ်ယောက်လုံးရဲ့ သားဖြစ်ပြီးတော့ ဒါလေးတောင်မှ မသိရကောင်းလား ဟူသည့်ဒေါသက အဖေ့မျက်လုံးတွေထဲမှာ ပေါ်လွင်နေသည်။

ထိုစဉ် ... ။

စာစစ်အဖွဲ့ထဲမှ သဘောကောင်းပုံရသော ဆရာတစ်ယောက် က ဆရာဇော်ဂျီ၏နာမည်အရင်း “ဦးသိန်းဟန်”ကို ညီဆုံး သတိရလာအောင် ခေတ်ရုပ်ရှင်လူကြမ်းသရုပ်ဆောင် “သိန်းဟန်ကြီး နှင့် ဆက်စပ် ပြီး သဲလွန်စပေးသည်။ ဆရာက ...

“မင်းကလည်းကွာ သမ္မတလူကြမ်းအဖွဲ့ထဲက ရုပ်ရှင်သရုပ် ဆောင်တစ်ယောက်ရဲ့ နာမည်လေ”

“ဪ... သိပြီ... ကျွန်တော်သိပြီ”

“အေး... သိရင်ပြောစမ်းကွာ၊ ဘယ်သူတုန်းကွ၊ ဆရာဇော်ဂျီ ရဲ့ နာမည်အရင်းက ..."

“ချီးဗူး... ပါဆရာ” ၊

အဖေ့ဘက်က တကယ်မလွန်ပါ။

“လူရှေ့သူရှေ့မှာ ငါ့အရှက်ကိုခွဲတဲ့ကောင်၊ မင်းမျက်နှာကို ငါ မကြည့်ချင်ဘူး”

အဖေ အဲသည်လိုပြောတော့ ညီဆူးက အဖေ့ရှေ့မှဖြတ်သွားတိုင်း ပုဆိုးကြီးခေါင်းမြီးခြုံခြုံ သွား၏။

အဖေလည်း ထပ်ပြီးသည်းခံချင်ပုံမရတော့။ 

“ဟေ့ကောင်... မင်း ခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်းသွား” ညီဆူးက ခေါင်းကိုကုတ်လိုက်သည်။

အဖေကလည်း အစကတည်းက အဲဒီလို ရှင်းရှင်းပြောတာ မဟုတ်ဘူး၊ မျက်နှာကိုမမြင်ရအောင် ပုဆိုးကြီးကြုံရတာ ဘယ်လောက် အသက်ရှုကြပ်တယ်မှတ်သလဲပြီးတော့ .. ဖင်ပေါ်မှာလည်းစိုးရသေး တယ်။

ထိုအတွေးနှင့်အတူ အဝတ်အစားအိတ်၊ ပိုက်ဆံနှင့် မှတ်ပုံတင် ကိုယူပြီး ညီဆူး အိမ်ပေါ်မှဆင်းခဲ့လေသည်။

အိမ်ကဆင်းလာပြီးတော့ ဘယ်ကိုသွားရမည်နည်း။

သိပ်တော့ ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာမလို၊ မှတ်ကြီးဟု ခေါ်သော သူငယ်ချင်းတစ်ယောက်က ပေ ၂၀ x ပေ ၆ဝ လုံးချင်းအိမ် လေးတစ်အိမ်ကို သူတစ်ယောက်တည်းနေသည်။ 

ဒီကောင်က နယ်ကလာပြီး ကျောင်းတက်နေသူ။ ဆွေမရှိ မရှိ တစ်ကောင်ကြွက်၊ သူ့ အိမ်ပေါ်သွားတက်နေလိုက်ရုံပင်ဖြစ်သည်။

ညီဆူးက သူ့အတွေးနှင့်သူ ကျေနပ်စွာဖြင့် လက်ဖျောက်တစ် ချက်တီးလိုက်၏။

“အတောင်ပံသာလျှင် သယ်ဆောင်စရာဝန်ရှိသော ငှက်' ကဲ့သို့ ကျင့်ရမည်ဟု မြတ်စွာဘုရားက ဟောသည်မဟုတ်လား။

အခု သူ့လုပ်ပုံသည် ဘုရားဟောဒေသနာနှင့်ကိုက်ညီသည်ဟု သူ့ဖါသာသူ ဆုံးဖြတ်လိုက်၏။

သူသိထားသောလိပ်စာအတိုင်း ရောက်သွားသောအခါ “မှတ်ကြီး” ကို မတွေ့ရ။ အိမ်ရှင်ဖြစ်ဟန်တူသူက ...

“မောင်မှတ်ကြီး မရှိတော့ဘူးကွဲ"

“ဗျာ... ဪ... မှတ်ကြီး မှတ်ကြီး... ဆုံးသွားရှာပြီကိုး၊ ဖြစ်မှဖြစ်ရလေသူငယ်ချင်းရာ၊ မင်းဟာ မတောက်ပလိုက်ရတဲ့ ကြယ်စင် မငင်လိုက်ရတဲ့လေးကြိုး၊ မပျိုးလိုက်ရတဲ့ဥယျာဉ်၊ မင်းဟာ... မတင် ဆက်လိုက်ရတဲ့ ကဗျာတစ်ပုဒ်ပါ သူငယ်ချင်းရာ... ကျွတ်...ကျွတ်”

“နေ... နေပါဦးငါ့တူရယ်၊ မဟုတ်သေးပါဘူးကွာ”

“ဟာ... ဘာလို့ မဟုတ်ရမှာလဲဗျ။ ဟုတ်ကိုဟုတ်တယ်၊ ဒီမှာ ဦးလေး ကျွန်တော့်သူငယ်ချင်းဟာ ခေတ်ကြီးတစ်ခေတ်လုံးကို ရင်ဘတ် ထဲမှာထည့်ပြီး ဒဏ်ရာတွေနဲ့ ခရီးထွက်ခဲ့သူရယ်ပါ... ။

“ကျိုးပဲ့နေတဲ့အလင်းရောင်တွေကို ကောက်သိမ်း၊ ကံကြမ္မာ ယိမ်းကနေတဲ့ လူသားထုတစ်ရပ်လုံးကို ကယ်တင်ဖို့ သူ့ရင်ခွင်ကို စစ်မြေပြင်လုပ်၊ တစ်လက်မမှ နောက်မဆုတ်ခဲ့သူပါ.. ဦးလေးရယ် သူဟာ... သူဟာ...”

“အဲ... အဲ... တော်ပါတော့မောင်ရင်ရယ်၊ ဘေးအိမ်က လူတွေလည်း ငါ့ကို ဝိုင်းကြည့်ကုန်ကြပါပြီ"

အိမ်ရှင်ဖြစ်သူက လက်သီးလက်မောင်းတန်းကာ တရစပ် စွတ်ပြောနေသော ညီဆူးကို အတင်းတားပြီး ကမန်းကတန်းဖြင့်ပင်...

“မောင်ရင်တွေ့ချင်တဲ့မှတ်ကြီးက ဒီအိမ်မှာမနေတော့ဘူးကွဲ၊ ဟိုဖက်ရပ်ကွက်ကိုပြောင်းသွားပြီ--

မာန်ပါပါဖြင့် လက်သီးလက်မောင်းတန်းနေသော ညီဆူးက စန့်စန့်ကြီးရပ်ရင်း အိမ်ရှင်ဖြစ်သူကို မျက်လုံးစေ့ကြည့်သည်။

နောက်... တစ်ခွန်းတည်းပြောချလိုက်၏။ “ပေး... သူ့လိပ်စာ”

စကားစကတည်းက မှတ်ကြီးတစ်ယောက် အိမ်ပြောင်းသွားပြီ မှန်း ရိပ်မိသည်။ ရစ်ချင်လို့သာ တမင်သက်သက်ကို ရစ်ပြီး လျှောက် ပြောနေခြင်းဖြစ်၏။

အားလုံးသိကြသည့်အတိုင်းပင်...။ ညီဆူးသည် လူယဉ်ကျေးတစ်ယောက်မဟုတ်။

 

အခန်း ( ၂ )

 

မှတ်ကြီးတစ်ယောက် အိမ်ရှေ့ခန်းရှိ ပက်လက်ကုလားထိုင် တစ်လုံးပေါ်တွင် ငူငူငေါင်ငေါင်ထိုင်နေသည်ကို အခန့်သင့်ပင်တွေ့ရ ၏။

ညီဆူးက အခန်းထောင့်သို့ သူ့အဝတ်အစားအိတ်ကို'ဘုန်းခနဲ" မြည်အောင် ပစ်ချလိုက်ပြီး ...

“ဒီမှာ... မှတ်ကြီး၊ မင်း ဘာမှအားမငယ်နဲ့တော့၊ မင်းကို ကယ်တင်ဖို့ မင်းရဲ့ အမှားတွေကို တည့်မတ်ပြင်ဆင်ပေးဖို့ ငါကိုယ်တိုင် ဒီအိမ်ကိုရောက်လာပြီ သူငယ်ချင်း”

သူများအိမ်မှာကပ်နေဖို့ ရောက်လာသည်ကိုပင် အပြောကတော့ အထက်စီးမှမလျော့။

မှတ်ကြီးက ငေါင်တောင်တောင်ထိုင်နေရာမှ မျက်ခွံကလေး မဝံ့တဝံ့ပင့်လှန်ကြည့်ကာ ပေကလပ်ပေကလပ်ဖြင့် ... ။

“မင်းကို အိမ်ကနှင်ချလိုက်ပြီလို့ ရိုးရိုးတမ်းတမ်းပြောရင်လည်း ရပါတယ်ကွာ”

အကြောင်းသိပြီးသားလူချင်းမို့ ညီဆူးကို မှတ်ကြီးက ကွက် ကျော်မြင်ပြီးသား ညီဆူးကတော့ အဟီး... ဟု ရှက်ရယ်ရယ်သည်။ ပြီးမှ ..

“နေစမ်းပါဦး. . . မှတ်ကြီးရ၊ မင်း အရင်နေတဲ့အိမ်လေးက ကောင်းရဲ့ သားနဲ့ ဘာလို့ ဒီကိုပြောင်းလာရတာလဲ”

ညီဆူး၏မေးခွန်းကြောင့် မှတ်ကြီး တစ်ချက်တွေခနဲဖြစ်သွား ၏။ ချက်ချင်းပြန်မဖြေနိုင် ပြီးတော့မှ ... ။

“အဲ... ဟိုဒင်းကွာ... ဘာခေါ်မလဲ၊ တိုးတက်မှုကိုရှေးရှုတဲ့ ဖြစ်စဉ်တိုင်းမှာ အပြောင်းအလဲဆိုတာရှိတယ် သူငယ်ချင်း၊ ဒါ တော်လှန် သောအဘိဓမ္မာပေါ့ကွာ၊ ရုရှားနိုင်ငံရဲ့ မဟာအောက်တိုဘာတော်လှန်ရေး ကြီးမှာတောင်မှ ဒီလိုမျိုးအတွေးအခေါ်ကိုကိုင်စွဲပြီး ...”

“နေ... ပါဦး. . . နေပါဦး... ကြီးကြီးကျယ်ကျယ်တွေ သိပ် မပြောပါနဲ့... မှတ်ကြီးရာ၊ ဟိုဖက်ရပ်ကွက်ကနေ ဒီဖက်ရပ်ကွက် ပြောင်းလာတာ ဘာတွေများတိုးတက်သွားလို့လဲ”

မှတ်ကြီးက မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် ... “ဒီအိမ်မှာက တယ်လီဖုန်းရှိတယ်ကွ”

“ဟင်... မင်းမှာ တယ်လီဖုန်းနဲ့ အရေးတကြီးပြောစရာ ဆို စရာ ဘာအလုပ်အကိုင်မှ မယ်မယ်ရရမရှိတာ၊ ဘာထူးလို့လဲ”

မှတ်ကြီးက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး... “ငါလခွေး၊ ဟုတ်တော့ဟုတ်တာပေါ့ကွာ၊ ဒါပေမဲ့ မင်းက အဲဒီလို အဲ့ဒိုးကြီးပြောလိုက်တော့ ငါ ရှက်သွားတာပေါ့... ဟီး... ဟီး”

“ဟေ... မင်းက ရှက်လည်းရှက်တတ်သေးသကိုး”

ညီဆူးက အံ့ဩဆန်းကျယ်ဖြစ်ရပ်တစ်ခုကို မယုံနိုင်စဖွယ် ဘွား ဘွားကြီးတွေ့လိုက်ရသလိုမျိုး ရေရွတ်မိ၏၊ မှတ်ကြီးက ... ။

“တစ်ခုတော့ရှိတယ်ကွ၊ အရင် ဒီအိမ်မှာနေသွားတဲ့ အိမ်ရှင်က တယ်လီဖုန်းကို လမ်းသူလမ်းသားတွေ အချိန်မရွေးလာပြောနိုင်တယ် ဆိုပြီး ခွင့်ပေးထားတယ်ကွ၊ တစ်နေ့တစ်နေ့ ဖုန်းဆက်ခပေးပြီး လာ ဆက်တဲ့သူ သုံးလေးယောက်လောက်တော့ ရှိတတ်တယ်၊ နောက်ပြီး ဒီ ဖုန်းနံပါတ်ကနေတစ်ဆင့် သူတို့ကို ခေါ်ခိုင်းရင်ရတယ်ဆိုပြီး အပြင်က သူတို့မိတ်ဆွေတွေကိုပါပေးထားတော့ သူတို့ဆီဆက်တဲ့ဖုန်းတွေလာရင် အိမ်အထိလိုက်ခေါ်ပေးရသေးတယ်ကွ"

“အေးလေ... လုပ်ပေါ့ကွာ၊ ဖုန်းဆက်ခက မင်းပဲရတာမဟုတ် လား၊ လက်ဖက်ရည်ဖိုးအတွက် မပူရတော့ဘူးပေါ့၊ မှတ်ကြီးရ”

မှတ်ကြီးက ညီဆူး၏စကားကို စက်ဆုပ်ရွံရှာနားခါးဟန်ဖြင့် ဦးခေါင်းကိုဆတ်ခနဲ တစ်ဖက်သို့လှည့်ကာ မျက်နှာရှုံ့မဲ့ပစ်လိုက်ရင်း..

“ဟေ့ကောင်... ညီဆူး၊ မင်းက ငါ့ကို ပိုက်ဆံမျက်နှာတစ်ခု တည်း ကြည့်တဲ့ကောင်လို့ ထင်နေသလား၊ ငါ ဒီအလုပ်ကိုလုပ်တာဟာ ပြည်သူလူထုရဲ့ ဆက်သွယ်ရေး အဆင်ပြေချောမွေ့အောင် ကူညီနေတာ၊ ကိုယ်ကျိုးစွန့်နေတာကွ ငါဟာ နှယ်နှယ်ရရမှတ်ကြီးမဟုတ်တော့ဘူး သူငယ်ချင်း၊ ပြည်သူလူထုအတွက် ရှင်သန်နေတဲ့မှတ်ကြီး၊ ပြည်သူလူထု ရဲ့သားကောင်းရတနာ မှတ်ကြီး၊ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ မှတ်ကြီး၊ ပြည်သူ့မှတ်ကြီးဖြစ်သွားပြီကွ... နားလည်လား”

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)