Skip to product information
1 of 3

Other Websites

မင်းခိုက်စိုးစန် - ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ညတိုင်း ညတိုင်း ... သည် ပြတင်းမှန်တရုတ်ကတ်များ အကြားမှ သူ ချောင်းကြည့်နေဖြစ်သည်။ သူ့နေရာမှ လှမ်း ကြည့်လိုက်လျှင် ဟိုး ခပ်လှမ်းလှမ်းမှ အဖြူရောင်တစ်ထပ် တိုက် ပုပုကလေး၏ အုတ်ကြွပ်မိုးပေါ် လရောင်တွေ ရေခဲမှုန် သီးသလို ဖုံးအုပ်နေသည်ကို မြင်ရ၏။ လေတိုက်သည့် အခါ ဇီဇဝါပန်းရုံမှ အခက်အလက်တွေ ညင်ညင်သာသာ ယိမ်းသွားတတ်သည်ကိုလည်း မြင်ရ၏။ နူးညံ့ဖြူဆွတ်သော အလင်းပါးပါးထဲတွင် ညမွှေးပန်းပွင့်တို့ နှင်းရည်ဆွတ်သလို လက်ပစွာ ပွင့်နေကြသည်ကိုလည်း မြင်ရ၏။ သစ်ပင်ချုံရိပ် ရှိသည့် နေရာတချို့မှလွဲ၍ လရောင်ဖွေးဖွေး ပြန့်တင်းကာ လင်းနေသည့် မြေကွက်လပ်ကျယ်ကျယ်ကလေးကိုလည်း

မြင်ရသည်။ အမှောင် ပြောက်တိပြောက်ကျားနှင့် နှင်းလိုလို မြူလိုလို ဝေးဝါးနေသော အခိုးအငွေ့များကြားတွင် အမည် မသိသူ တစ်စုံတစ်ယောက်၏ ကိုယ်သင်းရနံ့ကိုလည်း ရှူလိုက် ရှိုက်လိုက်ရသလို ဝိုးတဝါးမြင်လိုက်ရသလို သူ ထင် သည်။

နောက်ပြီး ...

ထိုတိုက်ပုကလေး၏ အစွန်ဘက်ဆုံးအခန်း မှန် ပြတင်းတွင် ... အခန်းထဲမှ ထွန်းထားသော မီးရောင်ကြောင့် ပြတင်းမှန်ပေါ် အရိပ်လာထင်နေသော မိန်းမပျိုတစ်ယောက် ၏ အသွင်သဏ္ဌာန်ခပ်ဝါးဝါးကိုလည်း သူမြင်ရလေသည်။

ပိုးကောင်မွှားကောင်ကလေးများ၏ အော်မြည်သံစူးစူး ကို ကြားနေရသည်။ ညသည် အေးစက်တောင့်တင်းကာစ ပြုနေပြီဟု သူ သတိထားလိုက်မိ၏။ အခန်းထဲတွင် လေ မတိုးမတိုက်ပါဘဲနှင့် ရုတ်တရက် ချမ်းစိမ့်စိမ့်ဖြစ်သွားသလို ခံစားလိုက်ရသည်။ စိတ်ကထင်လို့လား။ ဖြစ်နိုင်သည်။ သူ ဖတ်လက်စစာအုပ်ကို အာရုံဝင်စား၍ မရတော့။

ရှစ်နာရီထိုးကာနီးပြီပဲ။ အခုလောက်ဆို “သူမ”ဘာလုပ် နေမှာပါလိမ့်။ ထုံးစံအတိုင်း စာကြည့်စားပွဲမှာထိုင်ပြီး တစ် ခုခု ရေးနေလေမလား။ ဒါမှမဟုတ် ကြက်မွေးတံမြက်စည်း

တစ်ချောင်းနဲ့ အခန်းထဲမှာ ဟိုဟိုဒီဒီ ဖုန်လိုက်သုတ်နေ မလား။ ဒါမှမဟုတ် အားကစားလေ့ကျင့်ခန်း ပေါ့ ပေါ့ပါး ပါးတစ်ခု လုပ်နေလေမလား။

သူ ပြတင်းပေါက်ဆီ ထသွားပြီး ဟိုဘက် တိုက်ပု ကလေးကို ချောင်းကြည့်လိုက်ချင်စိတ် ပေါ်လာ၏။ ဟင့်အင်း၊ မကောင်းဘူး။ မိန်းမတစ်ယောက်ကို ချောင်းကြည့် တယ်ဆိုတာ အင်မတန် အောက်တန်းကျတဲ့ကိစ္စပဲ။ တော်ပြီ၊ ငါ မနေ့ညက ဆုံးဖြတ်ထားတဲ့ အတိုင်းပဲ။ ဘယ်တော့မှ အဲဒီအခန်းကို မကြည့်တော့ဘူး။

သူ ခုတင်ပေါ်တွင် လှဲမြဲအတိုင်း လဲလျောင်းနေရင်း စာအုပ်ကိုသာ အားစိုက်ဆက်ဖတ်နေလိုက်သည်။ အိုကေ ... ကြည့်စမ်း ဘယ်လောက် စိတ်ဝင်စားစရာကောင်းလိုက်သလဲ လို့ ...။ ချာနိုဘိုင်းလ်စက်ရုံ ပေါက်ကွဲရာဒေသနှင့် မိုင် ၆၀ ဝန်းကျင်အတွင်းရှိ လူများမှာ နောင်အနှစ် ၃၀ အတွင်း

သွေးကင်ဆာ၊ အခြားကင်ဆာများဖြင့် သေဆုံးမှုများပြားနိုင် သည်။ ကဲ ... ဒါဟာ စိတ်ဝင်စားစရာကိစ္စတစ်ခု မဟုတ်ဘူး လားလို့။ နျူကလီးယားစက်ရုံ တစ်ခု ပေါက်ကွဲတာဟာ လူသတ်မှုပါပဲဟု သူ တွေးနေမိသည်။ ထိုကိစ္စသည် ပါဏာတိပါတကံထိုက်စေသည်ဆိုပါလျှင် ယမမင်းရှေ့တွင်မည် သူ့ကို စွဲချက်တင်ရမည်လဲ။ ဇာတ်ပွဲများတွင် တွေ့ရတတ်သော ခပ်ကြောင်ကြောင်ပြကွက်မျိုးနှင့်သာဆိုလျှင် အချွန်အတက်ပါသော ပြောင်ပြောင်လက်လက် အဝတ်အစားများ ဝတ်ဆင်ထားသည့်(ရံဖန်ရံခါတွင် နှုတ်ခမ်းမွေးကားကား ကြီးဖြစ်အောင် အညံ့စားဆေးဖြင့် ဖြစ်ကတတ်ဆန်း ခြယ်ထားသည့်) ယမမင်းကြီး၏ ရှေ့တွင် နျူကလီးယားဓာတ် ပေါင်းဖိုကြီးကို ချထားရပေလိမ့်မည်။ယမမင်းကတော့ ပလ္လင်ပေါ်တွင် ငုတ်တုတ်ကလေး ထိုင်ပစေပေါ့..။

ဟင့်အင်း ...၊ ဓာတ်ငွေ့များ ယိုစိမ့်ထွက်နေသည့် နျူ ကလီးယားဓာတ်ပေါင်းဖိုတစ်ခု၏ ရှေ့တွင် ထိုင်ဖို့ဆိုလျှင် ယမမင်းကို အချွန်အတက်များ၊ ဘယက်ဒွါဒရာများ ဝတ် ဆင်ပေးထားသည်ထက် ဓာတ်ငွေ့ကာဝတ်စုံ တစ်ထည်လောက် ပေးထားသည်က ပိုသင့်တော်လိမ့်မည်ဟု သူ တွေး မိ၏။ ဆန္ဒရှိလျှင် ယမမင်းကြီး ထိုဝတ်စုံ ဝတ်ပြီး အမှတ် တရဓာတ်ပုံတစ်ပုံလောက် ရိုက်ချင်ရိုက်ထားပါစေလေ။ စင်စစ် လူသတ်မှုဆိုသည်မှာ စွဲချက်တင်မည့်သူကို စောင့်

မျှော်နေရရှာသောအူကြောင်ကြောင် သတို့သမီးတစ်ယောက်သာ ဖြစ်ကြောင်း သိသွားဖို့ လိုအပ်ပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျော့ရှဇ်က “မတော် တဆဖြစ်ပွားမှုတစ်ခုဟာ အိမ်နီးချင်းနိုင်ငံတွေကိုပါ ထိခိုက် မှုတွေ ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတဲ့အခါ အပြည်ပြည်

ဆိုင်ရာ ဥပဒေအရ ...” အင်း ... အိမ်နီးချင်းနိုင်ငံတွေတဲ့လား။ ငါ့ ပြတင်းပေါက်က လှမ်းကြည့်လိုက်ရင် မြင်နေရ မယ့် အဲဒီကောင်မလေးနဲ့ ငါနဲ့ဟာ အိမ်နီးချင်းနိုင်ငံတွေ ပေါ့...။

သူ ချောင်းချောင်းကြည့်နေခြင်းသည် သူမ၏ နိုင်ငံကို ထိခိုက်မှု ဖြစ်စေနိုင်ပါသလား။ ဟင့်အင်း ... သူမအဲဒီအခန်းမှာ ရှိနေတာကိုက ငါ့ရဲ့ အတွင်းစိတ်ကို လာထိခိုက် နေတာပါ။ ကောင်းမလေးရေ ...၊ မင်းနဲ့ငါနဲ့ကြားမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေတစ်ခု ပြဋ္ဌာန်းဖို့ လိုအပ်နေပေါ့ ...။

သူ ဖျတ်ခနဲ သတိရသွား၏။ ဘုရားရေ...။ ငါ့စိတ်တွေ | ဘယ်လွင့်သွားတာပါလိမ့်။ သူ ခေါင်းကို ဆတ်ခနဲ ခါရမ်း ပြီးအသိစိတ်ကို နိုးကြားလာအောင် ဆွလိုက်သည်။ ငါ စာဖတ်နေတယ် ... ငါ စာဖတ်နေတယ် ...။ ဆိုဗီယက်တွေ က ချာနိုဘိုင်းလ်စက်ရုံကို ...၊ အဲဒီပြတင်းပေါက်က ကောင် မလေးရဲ့ ဆံပင်ရှည်ရှည်လျားလျားတွေနဲ့ . . . . ဥရောပနိုင်ငံ

တွေမှာ ရေဒီယိုသတ္တိကြွမှုတွေကို... မင်းရဲ့ မျက်နှာကလေးကို တစ်ခါလောက် မြင်ခွင့်ရချင်တယ်၊ ကောင်မလေးရေ ...

လသာတဲ့ညတွေမှာ ခြံထဲဆင်းပြီး ပန်းတွေခူးဖို့ ဒါမှမဟုတ် (ရရ၊ မရရ) သီချင်းတစ်ပုဒ်လောက်ဆိုဖို့ ကောင်းတဲ့အကြောင်း ခပ်ညံ့ညံ့ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာ မင်းမတွေ့ဖူးဘူးလား။ ဆိုဗီယက် အရပ်ဘက်ဆိုင်ရာ နျူကလီးယား အစီအစဉ်တစ်ခုလုံးကို ... သူမအခန်းနဲ့တည့်တည့်မှာ နေထိုင်တဲ့ လူတစ်ယောက်ရဲ့ အကြောင်းကို သူမ သတိထားမိ ဖို့ ဘာတွေများ လိုအပ်နေမှာပါလိမ့်။ အချက်ပြ မီးကျည် တစ်စုံလား၊ အက်စ်အိုအက်စ် ကြိုးမဲ့ကြေးနန်း သတင်းပို့ ချက်လား၊ ကမ္ဘာလုံးထဲမှာ ဆိုင်ကယ်စီးပြဖို့လား၊ တကယ် တမ်းကျတော့ ငါကိုယ်တိုင်တောင် အဲဒီအိမ်ကို “သူမ”ဘယ် အချိန်က စရောက်လာတယ်ဆိုတာ သတိမထားမိခဲ့တာ ...။ ငါ ပထမဦးဆုံး အဲဒီပြတင်းပေါက်ကို အမှတ်တမဲ့ လှမ်း ကြည့်မိတဲ့အခါ ...

ဘုရား...ဘုရား...၊ ငါ စိတ်တွေ လွင့်နေပြန်ပကော။ ဟင့်အင်း . .မတွေးနဲ့...မတွေးနဲ့ ၊ ငါ စာဖတ်နေတယ်... ငါ စာဖတ်နေတယ်...။ ငါ...စာဖတ်နေတယ်... ငါ... စာဖတ်နေတယ်...၊ တောက်!!!

မရတော့ပါ။ အင်းလေ...ငါ့စိတ်ကို ထိန်းဖို့ အတတ် နိုင်ဆုံး ကြိုးစားခဲ့ပြီးပြီပဲ၊ ရမှ မရတာ၊ ငါ့တာဝန်ကုန်ပြီ... ဟု သူ့ကိုယ်သူ(သိပ်မလှပသော၊ မကြာခဏ သုံးရလွန်း သောကြောင့် ရိုးလည်း ရိုးစင်းနေပြီဖြစ်သော) ဆင်ခြေတစ်ခု ပေးလိုက်၏။ ထို့နောက် စာအုပ်ကို ခုတင်ပေါ်တွင် ပစ်ချ ထားခဲ့ပြီး သူ ခုန်ဆင်းလိုက်သည်။ ထိုင်ခုံအပုကလေးကိုဆွဲယူသည်။ ပြတင်းပေါက်အနီးတွင် ထိုင်ခုံကို ချလိုက်သည်။ သူ့လှုပ်ရှားမှုတွေ အနည်းငယ် မြန်ဆန်နေမှန်း သူ့ဘာသာသူ သိသော်လည်း မသိသလိုပင် အောက်မေ့လိုက် ၏။

နောက် ... မှန်တရုတ်ကတ်တံခါးကို ဖြည်းညင်းစွာ သူ ဖွင့်လိုက်သည်။

“သူမ”ကို လှမ်းမြင်ရလေသည်။

ပြတင်းမှန်ပေါ်တွင် မိန်းမတစ်ယောက်၏ ဘေးတိုက်ပုံ အရိပ်ကို မြင်နေရသည်။ စာပွဲတစ်လုံး၏ ရှေ့တွင် ထိုင်နေ ပုံမျိုး ရှေ့ဘက် ခပ်ငိုက်ငိုက်အနေအထား ဖြစ်၏။ တစ်စုံတစ်ရာကို ရေးခြစ်နေခြင်း သို့မဟုတ် စာအုပ်တစ်အုပ်ကိုဖတ်နေခြင်း ဖြစ်ပေလိမ့်မည်။

မှန်တံခါးပေါင် သစ်သားပေါ် ဖြတ်သန်းသွားသည့် နေရာတချို့မှအပ ကျန်သည့် အရိပ်အနားသတ်မျဉ်းသည်တိတိကျကျပင် ပေါ်လွင်နေသည်။ (သူ့ စိတ်က ဝင်၍ဆုံး ဖြတ်နေတာလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါသည်) နှာတံဖြောင့်ဖြောင့်သည်လည်းကောင်း၊ နှုတ်ခမ်းလုံးလုံးကလေးသည် လည်းကောင်း၊ မေးစေ့အောက်ဖက်မှ လည်တိုင်ဆီသို့ သွယ် ဆင်းသွားသည့် ထောင့်ကျဉ်းမျဉ်းကွေးသည် လည်းကောင်းအနက်ရောင်အရိပ်နယ်ပယ်၏ အဆုံးသတ်၊ ပြေပြစ်သော တစ်ဆက်တည်းမျဉ်း ဖြစ်၏။

တစ်ခုပဲ ဆိုးသည်။ သူမ၏မျက်လုံးများ မည်သို့မည် မသိ။ နောက်. . .သူမ၏အသား ဖြူသလား၊ ညိုသလား။ ထားလိုက်တော့ ...ကိစ္စမရှိပါကြေးနီရောင်ဒိုင်းတစ်ခုဆန်ဆန် ခန့်ညားကျက်သရေရှိစွာ ညိုချင်လည်း ညိုပေလိမ့်မည်။ တိမ်တိုက်တို့ဖြင့် ထုဆစ်ထားသော အလင်းနတ်သမီး၏ ရုပ်တုတစ်ခုလို နူးညံ့နွေးထွေးစွာ ဖြူဆွတ်ချင်လည်း ဖြူဆွတ် နေပေလိမ့်မည်။ အသားအရောင်ကိစ္စတွေကို ထားခဲ့တော့...။

ဟောသည်မှာ “သူမ”သည် “သူမသာလျှင် ဖြစ်သည်။ (ယခု အချိန်တွင် အမေရိက လူဖြူလူမည်းခွဲခြားပြဿနာလို ပေါ် ပေါက်လာလျှင် သူကတော့ မည့်သည့်ဘက်ကိုမှ ထောက်ခံ လိမ့်မည်မဟုတ်ပါ)

ရွှေရောင်လက်သော ဝတ်ဆံမှုန်တို့ဖြင့် သူမကို သိမ်း ပိုက်ထုပ်ပိုးချင်သည်။ သလင်းကျောက်ဖြူ သား ရင်ပြင်ထက် တွင် ငါ့ရင်ခွင်မှထွက်သော အချစ်၏ ရနံ့တို့ဖြင့် နန်းတော် တစ်ဆောင် ဆောက်လုပ်ပေးပါမည်။ ရယ်သံ တစ်ဝက် တစ်ပျက်ကို ဖမ်းယူလျက် သူမ အလှကြည့်ရန် ငှက်တစ်

ကောင်အဖြစ် လှောင်ချိုင့်ထဲတွင် မွေးထားပေးပါဦးမည်။ မနက်ခင်းတိုင်းကို ခရမ်းရောင်ပန်းတစ်ပွင့်အဖြစ် ညင်ညင်သာသာ ပွင့်စေပါမည်။ သူမကို ခြောက်လှန့် မနိုးထစေရက် ပါ။ တစ်သက်လုံးဆိုသည်မှာ ဘယ်လောက်ကြာကြာကို ဆိုလိုပါသလဲ။ သူမကို တစ်သက်လုံး၏ နောက်တစ်နေ့တွင် အချစ်အကြောင်းပြောရင်း စပျစ်သီးကလေးများ ခွံ့ကျွေး မည်။ ကံ့ကော်ပွင့်ဖတ်ကလေးများဖြင့် စီထားသည့် အနမ်း ကို ပဝါတစ်ထည် ရက်ကာ သူမ နံနက်အိပ်ရာထတိုင်း မျက်နှာကို ဖွဖွသုတ်ပေးမည်။ ကျေးဇူးပြု၍ မရယ်ကြပါနှင့်။ အချစ်ကို ဟာသတစ်ခုဟု အောက်မေ့သူသည် အရိုင်းအစိုင်း ဖြစ်သည်။ ထိုသူ့ ကို တိရစ္ဆာန်ရုံကို ပို့လိုက်ကြပါ။ အပြာ ရောင်စွတ်စိုသော ကောင်းကင်၏ အိပ်ရာတွင် လိပ်ပြာတစ် ကောင်၏ နှလုံးသားသည် လမင်းယောင်ဆောင်နေပြီ။

ညတိုင်းညတိုင်း၊ ပြတင်းမှန်တရုတ်ကတ်များအကြားမှ သူ ချောင်းကြည့်နေဖြစ်သည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)