Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မင်းခိုက်စိုးစန် - ချစ်သူရဲ့ပါးတစ်ဖက်ကိုခိုး၀ှက်သွားတဲ့တစ္ဆေ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

         

နိဒါန်း

သူမသည် ကြောက်စရာကောင်းလောက်အောင် မိုက်မှောင် နက်ရှိုင်းသည့် လျှို့ဝှက်ချက်တစ်ခုကို ရင်ထဲတွင် သိမ်းဆည်းထားသော မိန်းမတစ်ယောက်ဖြစ်သည်ဟု ကျွန်တော်ထင်၏။

တစ်ခါ တစ်ခါ ဘာမှအရေးမကြီးသော ကိစ္စ အသေးအဖွဲလေး များနှင့် ပတ်သက်ပြီး ကျွန်တော်နှင့် သူမကြားတွင် ပြဿနာဖြစ်ရတိုင်း ကျွန်တော့်သံသယသည် ပိုပြီး ခိုင်မာလာ၏။

မင်းစိတ်ကို ဘယ်လိုအိပ်မက်ဆိုးတွေက ဖုံးလွှမ်းအုပ်မိုးထား သလဲ ...၊ ကျေးဇူးပြုပြီး ငါ့ကို ပြောပြစမ်းပါ ကောင်မလေးရယ် ...

မေ့ကျန်ရစ်ခဲ့သော ဝါကျတစ်ကြောင်းကို ရွတ်ပြရဦးမည်။ သူမသည် အနက်ရောင်မျက်နှာဖုံးတစ်ခုလည်း ဖြစ်ပါသည်။

*

ဘွဲ့နှင်းသဘင်လမ်းမနှင့် စီးပွားရေးတက္ကသိုလ်ထဲသို့ အဝင်လမ်း တို့ဆုံရာနေရာ အရောက်တွင် သူမနှင့် ကျွန်တော် ပြဿနာတစ်ခုခုတော့ ဖြစ်ရဦးတော့မည် ဟူသည့် အတွေးက အလိုလို ပေါ်လာ၏။ (ဘာကြောင့် အဲသည်လိုခံစားရမှန်းတော့ ကျွန်တော့်ဘာသာ ကျွန်တော်လည်း မသိပါ။

“ရေး (Ray). . . ဘယ်ကိုသွားမှာလဲ၊ အဓိပတိလမ်းဘက်က ထွက်မလား၊ ဒီဘက်ကပဲထွက်ပြီး လှည်းတန်းကို ကားပြန်စီးမှာလား”

သူမက ကျွန်တော့်ဘက် ဆတ်ခနဲလှည့်ကြည့်၏။ ဘုရားရေ.. မင်းဆီက ဘယ်လို ကိုးရိုးကားယား တုံ့ပြန်စကားမျိုး ကြားရဦးမှာလဲကွယ်။ (လမ်းဆုံလမ်းခွတစ်ခုကို ရောက်တိုင်း ကျွန်တော် ရွေးချယ်သည့်လမ်းနှင့် ဆန့်ကျင်ဘက်ကို သူမက တမင် ရွေးချယ်တတ်သည်။ ဘယ်တုန်းကမှ လည်း သူမကို နိုင်အောင် ကျွန်တော် မငြင်းခုံနိုင်ခဲ့ပါ။ ထို့ကြောင့် နောက်ပိုင်း တွင် သူမ အဆုံးအဖြတ်ကိုသာ နားထောင်တတ်ရန် ကျွန်တော် ကျင့်သား ရလာခဲ့၏။)

ကျွန်တော်၏ ချစ်လှစွာသော ကောင်စုတ်မလေးသည် တခြားသူ တစ်ယောက်၏အဆုံးအဖြတ်ကိုခံယူဖို့ ဘယ်တုန်းကမှ နှစ်လိုခဲ့သူ မဟုတ် ပါ။ အဲသည် ကောင်စုတ်မလေးသည် ကိုးလိုးကန့်လန့်နိုင်လှသော နတ် ဒေဝတာတစ်ပါး ဖြစ်ပါသည်။

သူမက ကျွန်တော့်ကို ဆတ်ခနဲ လှည့်ကြည့်ပြီး တစ်စုံတစ်ခု ပြော ရန် ဟန်ပြင်သည်။ နောက်မှ ...ခေါင်းကို ခါယမ်းလိုက်ပြီး

“ကိုငြိမ်းတေဇ မလိုက်ခဲ့နဲ့တော့၊ ကျွန်မ ဒီညနေ လှည်းတန်းဘက် ထွက်ဖြစ်မှာမဟုတ်ဘူး၊ တခြားသွားစရာတစ်ခုရှိလို့”

ကျွန်တော် အံ့သြသွားသည်။ ဘာဖြစ်လို့ ရုတ်တရက်ကြီး စိတ် ပြောင်းသွားရတာပါလိမ့်။

“ရေး (Ray)ဘယ်သွားမလို့လဲ၊ ကျွန်တော် လိုက်ပို့ပေးမယ်လေ”

သေလိုက်စမ်းကွာ ...ငါဆိုတဲ့ကောင်ကလည်း ဟောဒီလို မိန်းမ တစ်ယောက်ကိုမှ ဘာကြောင့်များ သည်လောက်တောင် ကျိုးနွံနေမိပါလိမ့်။

ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အနည်းငယ် ဒေါသဖြစ်သွား၏။ “ကိုငြိမ်းတေဇက ... ကျွန်မ သွားချင်တဲ့ဆီ တကယ်လိုက်ပို့ပေးမှာလား”

“အင်း ...တကယ်ပြောတာ၊ လိုက်ပို့မှာပေါ့”

ဟော ...ကြည့်စမ်း၊ ငါ ပျော့ညံ့သွားမိပြန်ပြီ။

နောင်တကင်းမဲ့စွာဖြင့် ကျွန်တော်က ထပ်ပြောလိုက်မိ၏။

“ပြောလေ ... ရေး (Ray) ဘယ်သွားချင်လို့လဲ” “ငရဲပြည်ကို သွားချင်တယ် ... လိုက်ပို့”

*

ကြည့်စမ်း၊ အဲသည် ကောင်မလေးကို ဘောလုံးကန်သလို မြေကြီး ပေါ်လှိမ့်လှိမ့်ပြီး ကန်ပစ်လိုက်ချင်စိတ် ပေါ်လာ၏။

“ငရဲပြည်ကိုတော့ ငါ လိုက်မပို့နိုင်ဘူး၊ နင့်ဘာသာ နင်ပဲသွား”

“ဟင်း ...တွေ့လား၊ တကယ်လည်း လိုက်မပို့နိုင်ဘဲနဲ့”

ကျွန်တော် ဘာပြန်ပြောရမှန်းမသိ၊ စိတ်တင်းကျပ်စွာဖြင့် ခဏမျှ ငိုင်နေမိ၏။ သူမက ... ။

“ကဲ ...ကိုငြိမ်းတေဇ ... နေခဲ့တော့နော်၊ ကျွန်မ သွားမယ်။ မနက်ဖြန်ကျမှ ပြန်ဆုံကြတာပေါ့”

“နေဦး ...ဘယ်နေရာကိုသွားမှာလဲဆိုတာ ကိုယ့်ကို အရင်

“ဪ ...ခက်နေပါပြီ၊ ရှင့်ကို တမင်မသိစေချင်လို့ ထားရစ်ခဲ့ တာပေါ့၊ ဒါလောက်လေးတောင်မှ သဘောမပေါက်ဘူးလား”

သူမ၏ အကြည့်နှင့်လေသံက နတ်ဆိုးတစ်ပါး၏အစွယ်တွေလို မာကျောချွန်မြည့်နေမှန်း ကျွန်တော် သတိပြုလိုက်မိသည်။

မင်း ... ဘယ်ကိုသွားမှာလဲ၊ ဘာဖြစ်လို့ ငါ့ကို မသိစေချင်ရတာ လဲ၊ ဘာဖြစ်လို့ လျှို့ဝှက်ချက်တွေ များလွန်းနေရတာလဲ ကောင်မလေး ရယ် ...။

ရှည်သွယ်ချွန်မြသော ဝါးရွက်စိမ်းစိမ်းတွေ၊ အဝါရောင်ပန်းပွင့် တွေ ကြွေကျနေသည့် ဘွဲ့နှင်းသဘင်လမ်းကလေးအတိုင်း သူမ ကျောခိုင်း ထွက်ခွာသွားသည်။

နာကျင်နေသော ပဟေဠိပုစ္ဆာများနှင့်အတူ ကျွန်တော်တစ်ယောက် တည်းသာ ရပ်တန့်ကျန်ရစ်ခဲ့၏။

ရွှေရောင်ညနေခင်းတစ်ခု ပြိုလဲကျလာခဲ့သည်။

သူမ၏နောက်ကျောကို ကျွန်တော် ကြည့်နေဖြစ်ဆဲ ...

 ဆည်းဆာထဲတွင် သူမ၏အရိပ်က ရှည်လျားလှသည်။

  • • • • • • •

သော် ...

နေရောင်ကို မျက်နှာမူလိုက်ရင် အရိပ်ဆိုတာ နောက်မှာ ကျန်နေ ရစ်ခဲ့ရတာပဲ မဟုတ်လား ...။

ကောင်မလေးရေ ... မင်းရဲ့ အရိပ်တွေနဲ့ အတူ ကိုယ့်ကို မင်း နောက်မှာ ထားရစ်ခဲ့ပေါ့။

သူမနှင့် ကျွန်တော် စတင်ဆုံဆည်းသည့် ညနေကလည်း ဟော သည်လမ်းကလေးပေါ်က ညနေဖြစ်သည်။ အရိပ်တွေကလည်း ယခုလိုပင် အသုဘအလောင်းကောင်တွေဆန်ဆန် ရှည်လျားအေးစက်စွာ လဲလျောင်း နေကြပြီး ဝါးရွက်စိမ်းစိမ်းတွေ၊ အဝါရောင်ပန်းပွင့်တွေကလည်း အခုလိုပင် ကြွေကျနေခဲ့ကြသည့် ညနေခင်းဖြစ်ခဲ့လေသည်။