Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မင်းခိုက်စိုးစန် - ကောင်းကင်နဲ့မလွတ်တဲ့တောင်ပံတစ်စုံ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

ပင်လယ်ပြင် ငြိမ်သက်ခြင်း သို့မဟုတ်

....................................= သစ္စာနီ

(A) သူသည် မော်ဒန်နှင့် ပို့စ်မော်ဒန်ဆိုင်ရာ သဘောတရားများကို လေးလေး နက်နက် နှိုက်နှိုက်ချွတ်ချွတ် ရေးသားနေသူ ဖြစ်သည်။ ဆေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးလည်း ဖြစ်သည်။ သို့သော် သူ့ပုံပန်း သဏ္ဌာန်က အထက်ပါ သူ့စရိုက်များနှင့် ဆက်စပ်မရ၊ အညာမှ ကျေးလက် မူလတန်း ကျောင်းဆရာလေးတစ်ဦး အသွင်သာ ပေါက်နေသူ။ သူ ဆိုသည် မှာ မင်းခိုက်စိုးစန် ဖြစ်ပါသည်။

၁၉၉ဝ နောက်ပိုင်းတွင် စာပေလောက၌ လူတွေ အာရုံစိုက်ခြင်းခံရ သည့် လူငယ်နှစ်ဦး ပေါ်ပေါက်ခဲ့သည်ဟုဆိုလျှင် ထို လူငယ်နှစ်ဦးမှာ တာရာမင်းဝေနှင့် မင်းခိုက်စိုးစန်သာ ဖြစ်ပေလိမ့်မည်။ နှစ်ဦးစလုံးမှာ ကဗျာ ရော ဝတ္ထုပါ ရေးလေ့ရှိသူများ၊ ပြီးတော့ လက်လှမ်းမီရာ နိုင်ငံတကာစာပေ များ၊ စာပေသဘောတရားများကို ဖတ်ရှုလေ့လာခြင်း၌ ဝါသနာတူသူများ၊ ခေတ်တစ်ခေတ်ကို တစ်လမ်းတည်း လျှောက်ခဲ့ကြဖူးသူများ ဖြစ်သည်။ ကျွန်တော်တို့ မြန်မာစာပေလောက၏ အားနည်းချက်မှာ စာပေ၊ ဝတ္ထု၊ ကဗျာရေးသားနေကြသူများက စာပေသဘောတရားကို လေ့လာလိုက်စား ခြင်းမရှိသောကိစ္စပင် ဖြစ်သည်။ ထို့ကြောင့်ပင် အဆင့်မီတိုးတက်ဖို့ နှောင့် နှေးခဲ့ရသည်။

ယခုခေတ် စာပေရေးသားသူ လူငယ်တချို့က ထိုအားနည်းချက်တို့ကို ပယ်ဖျက်ဖို့ ကြိုးပမ်းနေကြသည်။ ကိုယ်တိုင် ဖတ်ရှုလေ့လာရုံမက၊ အယူ အဆရေးရာဆောင်းပါးများ ရေးသားတင်ပြနိုင်သည်အထိ ခရီးပေါက်နေကြ သည်။ ထိုထဲတွင် မင်းခိုက်စိုးစန်သည် ထိပ်ဆုံးကပါသူဖြစ်သည်။ သူ့ အမည်ရင်းမှာ ကျော်စိုး ဖြစ်သည်။ အသားညိုညိုဖြင့် ပြုံးချိုသောမျက်နှာ ရှိသည်။ အဝတ်အစားသာမက အနေအထိုင်ပါရိုးစင်းသည့် သူ့ကို အမြဲ လိုလို တွေ့ရတတ်သည်က တက်ထရွန်အကျီအဖြူနှင့်သာ ဖြစ်၏။ မျက်မှန် ထူထူအောက်တွင် အကင်းပါးသော မျက်လုံးတစ်စုံ ရှိသည်။ ပင်လယ်ပြင်၏ ပြန့်ပြူးငြိမ်သက်ခြင်းကို ကြည့်၍ ပင်လယ်ပြင်၏ နက်ရှိုင်းခြင်းကို အကဲခတ်ရ ခက်သလိုပင် သူ့ကို သာမန်ကြည့်လျှင် အထင်ကြီးစရာကို အလွယ်တကူ တွေ့နိုင်သောသူမဟုတ်။ သို့သော် သူ့ကလောင်အမည်ကပင် အသိရခက်သော သဘောဆောင်နေတာ သတိထားမိကြမည်ထင်ပါသည်။

သူသည် စာအုပ်များကိုတော့ ထူးထူးခြားခြားပင် တပ်မက်စွဲငြိသူ ဖြစ် ကြောင်း ကျွန်တော် စောစီးစွာကပင် ဂရုပြုမိခဲ့သည်။ ကျွန်တော့်အိမ်သို့ ဘယ်သူနှင့်ပါလာလာ၊ သူသည် စကားဝိုင်းတွင် ဖင်နွေးအောင်ပင် ထိုင်လေ့ မရှိဘဲ ကျွန်တော့်စာအုပ်စင်များသို့သွားကာ ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်ချ ရင်း သူနှစ်သက်ရာစာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဆွဲယူကြည့်၍ ခေါင်း မဖော်ဘဲ မြည်းနေတတ်သူ ဖြစ်သည်။ လက်ဖက်ရည်ဆိုင်သွားရန် အားလုံး ထကြသောအခါကျမှ သူ့ကို စာအုပ်စင်ရှေ့က မနည်းခေါ်ယူရလေ့ ရှိသည်။

သူ့ကို ထူးထူးခြားခြား ဂါရဝတရားရှိသူ၊ ကျေးဇူးသိသူအဖြစ်လည်း မဟေသီမဂ္ဂဇင်းအင်တာဗျူးတွင် တွေ့ရပြန်ပါသည်။ သူ စာပေလောက ဝင်ခွင့်ရဖို့အတွက် ရှေးဦးစွာ လမ်းခင်းပေးခဲ့သောသူများ၏ ကျေးဇူးကို မထိမ် မချန် မမေ့မလျော့၊ ထုတ်ဖော်ပြောတာ ဖတ်လိုက်ရသည်။ ဒါကြောင့်ပင် တခြားသူများအပေါ် စေတနာထားတာ အင်မတန်တွေ့ရခဲသော ကျွန်တော့် သူငယ်ချင်း မြတ်သစ်ကြီးကပင်လျှင် သူ့အပေါ် ဂရုတစိုက် စေတနာထားတာ တွေ့ရတော့ ကျွန်တော် မအံ့ဩလှတော့ပေ။ (သူ့အင်တာဗျူးတွင် ဦးလေးစိန်သန်းဟု ဂုဏ်ဖော်ပြောခဲ့ပါသည်။) နောက် ... သူက အဘ ဟု ညွှန်းဆိုသော ဆရာဇော်ဇော်အောင်၊ နောက် သရဖူက ကိုငြိမ်းအေး၊ သူ့ကိုဝိုင်းဝန်းသူတွေက သူ့အပေါ် စေတနာထား စောင့်ရှောက်ရုံသာ တတ်နိုင် ပါသည်။ တကယ့် မင်းခိုက်စိုးစန်ဖြစ်အောင် ထူထောင်ခဲ့သည်ကတော့ သူ ကိုယ်တိုင်ပင် ဖြစ်သည်။

(B)

ခေတ်တစ်ခေတ်ကစ၍ ရန်ကုန်တက္ကသိုလ်သည် ကျောင်းသားစာပေ သမားများ၏ စုစည်းလှုပ်ရှားရာ မှတ်တိုင်များ ဖြစ်ခဲ့သည်။ (၇ဝ) ခုနှစ် တစ်ဝိုက်တွင် လှုပ်ရှားခဲ့ကြသော ကိုငြိမ်းကျော်၊ အညာတမာ၊ ပိတောက် (ကလော)၊ မောင်ညီလတ်(သံလျက်စွန်း)၊ မောင်နံ့သာ၊ အောင်သာ စသူ တို့မှာ ယခု မရှိကြတော့။ ကွယ်လွန်ခဲ့ကြပြီ။ ဇော်ဇော်အောင်၊ မောင်ပန်း မွှေး(ထိုစဉ်က ဆရာများ)နှင့် မြတ်သစ်၊ မောင်သာနိုး၊ အောင်ပြည့်၊ မောင်မင်းယာဆိုသူတွေ ရှိသေးသော်လည်း တချို့က စာပေလောကနှင့် ကင်းကွာနေကြပြီ။ နောက်တော့ နေဦးတို့၊ ကိုသက်တို့အုပ်စု(စာရေးဆရာ များဖြစ်သော မောင်နေဝင်းနှင့် ခင်မောင်ထွေး(ပျဉ်းမနား)တို့၏ သားများ ဖြစ်သည်။ သူတို့ထဲမှာ ကိုကိုထူးမှာ နောက်ပိုင်း ဒဂုန်မဂ္ဂဇင်းကို တာဝန်ခံ ထုတ်ဝေသူ ဖြစ်လာခဲ့၏။ တစ်ချိန်တည်းမှာပင် မောင်ပြည့်မင်း၊ ရာမ(ဘူမိ)၊ ရွှေမင်းသိမ်း၊ ကျော်ဝင်းမောင်တို့အုပ်စု၊ နောက်တော့ ဆယ်စုနှစ်တစ်ခုကျော် ကျော်လောက် စာပေလှုပ်ရှားမှုတွေ ရပ်တန့်ငြိမ်သက်ခဲ့၏။ ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာတော့ အင်နှင့်အားနှင့် ပြန်လည်ပေါ်ထွန်းလာကြပြန်သည်။ မီးပုံထဲမှ ရှင်ပြန်ထမြောက်လာသော ဖီးနစ်ငှက်တစ်ကောင်လိုပင်၊ သူတို့ ထုတ်ဝေလိုက်သော ကဗျာစာအုပ်ငယ်များမှာ တက္ကသိုလ်ပရိဝုဏ်များကိုကျော်ကာ ပြင်ပကမ္ဘာထိ ရိုက်ခတ်ခဲ့သည်။ အုပ်စုများစွာရှိသည့်အထဲတွင် ရာစုသစ်မြစ်ကျဉ်းသည် ခြေလှမ်းအသွက်ဆုံး၊ စုစည်းမှုအကောင်းဆုံးဟု ဆိုနိုင်သည်။ သူတို့ထုတ်ဝေသော စာအုပ်ထဲတွင် မြန်မာပြည်အရပ်ရပ်ရှိ တက္ကသိုလ်ပေါင်းစုံမှ စာရေးသူတွေ တော်တော်စုံလင်စွာ ပါလေ့ရှိ၏။ ထို့ကြောင့် သူသည် မဂ္ဂဇင်းများတွင် ထင်ပေါ်မလာခင်ကတည်းက ခိုင်မာသော ခြေလှမ်းများချကာ သူလျှောက်ရမည့်လမ်းကို ရဲဝံ့စွာ ရွေးချယ်ပြီးခဲ့သူဟု ကျွန်တော် မြင်ပါသည်။

“ဒီကောင်လေးကို မြန်မာကောလင်းဝီလ်ဆင် ဖြစ်သွားမှာ စိုးတယ်” ဟု မကြာသေးမီက ကိုမြတ်သစ် ပြောခဲ့ပါသည်။ Outsider စာအုပ်ကို - ရေးသည့် ကောလင်းဝီလ်ဆင် ကမ္ဘာကျော်သွားစဉ်က ယခု မင်းခိုက်စိုးစန် တို့လို အသက်(၂၅)နှစ်သားခန့်တွင် ဖြစ်ပါသည်။ ကိုမြတ်သစ်၏ စေတနာ မှာ စာပေသီအိုရီတွေ ကြားထဲမှာသာ နစ်မြုပ်သွားပြီး ကိုယ်ပိုင်ဖန်တီးသော အနုပညာဘက်မှာ အားလျော့သွားမှာစိုးသည့် သဘောသာ ဖြစ်ပါသည်။ (ကောလင်းဝီလ်ဆင်သည် အယူအဆရေးရာစာအုပ်များတွင် အောင်မြင် သလောက် ကိုယ်ပိုင်ဝတ္ထုများ၌ မစုံသူဖြစ်လေသည်။) ကျွန်တော်တို့က ကျွန်တော်တို့နှင့်ခင်သော လူငယ်များကို ရွှေသာ ဖြစ်ကြစေချင်ပါသည်။ မှတ်ကျောက် မဖြစ်ကြစေချင်ပါ။

သို့သော် ကိုယ်ထိုက်တို့အဖွဲ့ က သူ့ဝတ္ထုတိုများကို ပေါင်းချုပ်ထုတ် ဝေမည်ဟု စုစည်းလိုက်သောအခါ အတော်အတန် အရေအတွက်ရှိသော ဝတ္ထုများ ထွက်ပေါ်လာသဖြင့် အနုပညာဖန်တီးမှုဘက်၌လည်း သူ အား မလျော့ကြောင်း တွေ့ကာ ဖြေသိမ့်မိပါသည်။

ထိုဝတ္ထုတိုများတွင် သူကိုယ်တိုင်ရေးစဉ်က ကြိုက်သော်လည်း ယခု အခါ ကျေနပ်မှုမရှိသော ဝတ္ထုတိုများလည်း ပါကောင်းပါနိုင်ပေမည်။ (ကျွန်တော်တို့ကိုယ်တိုင်ပင် ကိုယ်ရေးသော ဝတ္ထု၊ ကဗျာများကို စုစည်း ထုတ်ဝေရန် စီစဉ်သောအခါ ထို ဘဝင်မကျမှုမျိုးဖြင့် ကြုံလေ့ရှိ၏။) နှစ်ခြိုက်မြဲ၊ တန်ဖိုးထားမပျက်သော ဝတ္ထုတိုများလည်း ပါကောင်းပါနိုင် ပေမည်။ ကျွန်တော့်အကြိုက် မကြိုက်ကို မပြောမီ သူ့ဝတ္ထုတိုများနှင့် ပတ်သက်၍ ကျိန်းသေ ပြောနိုင်တာတစ်ခု ရှိပါသည်။ ယင်းမှာ သူ့ ဝတ္ထုတိုများသည် အစဉ်အလာဝတ္ထုတိုများနှင့် ခပ်ရဲရဲ လမ်းခွဲထွက်ကာ ဆန်းသစ်သောအတွေးများဖြင့် ပွင့်လက်လျက်ရှိသည်ဆိုသော အချက်ပင် ဖြစ်၏။

(C)

သမိုင်းဆိုသော ဝေါဟာရကို လတ်တလောအသုံးပြုရန် အတန်ငယ် ကြီးကျယ်နေပါလိမ့်မည်။ သို့သော် ခေတ်ဆိုသော စကားလုံးများ၊ ဆက်စပ်ထူထဲမှု ရှည်လျားသည်ဟု မထင်ရသေးမီ ကာလမှာပင် လူမှုဆက်ဆံရေး အသစ်များ၊ စီးပွားရေး၊ နိုင်ငံရေးအသစ်များ၊ ယဉ်ကျေးမှုအသစ်များ၊ အတွေးအခေါ်နှင့် အနုပညာအသစ်များ၊ မျက်ဝါးထင်ထင် ဆင့်ကဲဖြစ်ပေါ် နေသည်ကို ငြင်းမရ။ (သို့သော် မျက်စိမှိတ် ငြင်းပယ်နေသူများလည်း ရှိနေပါသည်။)

ယခုအခါ မော်ဒန်နှင့် ပို့စ်မော်ဒန်စာပေကို တာဝန်ကိုယ်စီဖြင့် အကြောက် အကန်ပြု စတင်ပုတ်ခတ်မှုတွေရှိနေရာ မင်းခိုက်စိုးစန်သည် ပစ်မှတ်ကောင်း တစ်ခုဖြစ်နေသည်ကို ဂုဏ်ယူစွာ တွေ့နေရလေသည်။

ကျွန်တော်သည် အဟောင်းနှင့် အသစ်၏ ပဋိပက္ခကို မယုံကြည် ပါ။ ကျွန်တော့်တွင် ကျွန်တော်ယုံကြည်ရာ(အသစ်)ကို တည်ဆောက်ရန် ကိစ္စသာရှိ၍ အဟောင်းနှင့်လည်း ရန်ဖြစ်ရန်ရှိသည်ဟု ဘယ်တုန်းကမှ မယူဆခဲ့ပါ။ ငြိမ်းခါနီး ကောက်ရိုးမီးတောက်ဖြင့် သံရည်ကျိုရန် ကြိုးစား နေသူများကို တရားပြရန်လည်း စိတ်မဝင်စားပါ။ တဏှာ၊ မာန၊ ဒိဋ္ဌိ၊ အဝိဇ္ဇာ ကိုယ့်လမ်းကိုယ် သွားကြရပါမည်။

ညီငယ် မင်းခိုက်စိုးစန်သည် ကိုယ့်လမ်းကိုယ်ရွေးကာ ပြတ်သားရဲဝံ့စွာ လျှောက်ခဲ့ပြီဟု တစ်ထစ်ချ ယူဆပါသည်။ အချိန်တိုတိုအတွင်း ခရီးတွင် သင့်သလောက် တွင်ခဲ့သည်ဟုလည်း ထင်မြင်ပါသည်။ ရှေ့ဆက်ရမည့် သူ့စာပေမရီးကား ခက်ခဲကောင်း ခက်ခဲ၊ ကြမ်းတမ်းကောင်း ကြမ်းတမ်းနိုင် ပါသည်။ သို့သော် ထိုခရီးကို ကောင်းစွာ ကျော်လွှားနိုင်သော ဇွဲ၊ လုံ့လ၊ ဉာဏ်ရည်တွေ သူ့တွင် အပြည့်ရှိနေသည်ဟု သံသယမရှိ။ ကျွန်တော် ယုံကြည်နေသဖြင့် သူ့အတွက် စိုးစဉ်းမျှ ပူပန်မှုမရှိကြောင်း နောက်ဆုံး ပြောကြားလိုပါသည်။ ။

ချစ်ခင်လေးစားလျက်

သစ္စာနီ

(ဇန်နဝါရီ၊ ၁၉၉၈)