ဗိုလ်တာရာ(ရဲဘော်သုံးချိပ်) - ရဲမက်ပန်း၀ထ္ထုတိုများ
ရဲမက်ပန်း
ရက်ရက်စက်စက် ချမ်းလှပေသည်။ အနားမှ ဗမာရဲဘော်တစ်ဦးက အရိုးတွေ ကွဲကုန်တော့မယ်ဗျ” ဟု အမှန်ရောအသောရော ညှပ်ကာ ခပ်ကျယ်ကျယ် အော်လိုက်သည်။ ဟုတ်ပေသည်၊ ဂျပန်ပြည်၏။
ဟေမာန်သည် ဆိုးဝါးစွာဖြင့် အပူပိုင်းကလာကြသည့် ဗမာ့သားကောင်း ရဲဘော်သုံးကျိပ်တို့ တိုင်းပြည်နှင့်လူထုကို တကယ်ချစ်ကဲ့လား... လွတ်လပ်ရေးလမ်းခရီးတွင် အောင်မြင်မှုရယူလိုသည့်အတွက် ဒုက္ခ ဆုလာဘ်များကို ခံနိုင်ရဲ့လား... ဟူသော အနေမျိုးဖြင့် သဘာဝ၏ လွတ်လပ်ရေးစာမေးပွဲ စစ်ဆေးပွဲခံနေစေသည် ထင်ရအောင် အေးလှတော့၏။ ရဲဘော်တိုင်း၏သိုးမွေးစစ်အကျီ ဘောင်းဘီထူထူကြီးတွေကို ဂျပန်စိတ်ဓာတ်နှင့်တူသည့် လေအေးက မညှာမတာ ထိုးစစ်ဆင်နေ သောကြောင့် မျက်နှာနီနီ အသံတွေပြာနေတော့သည်။
ကျွန်တော်တို့တစ်တွေ ညည်းညူ တုန်လှုပ် အချမ်းဒဏ်ခံကာ ရုတ်ရုတ်သဲသဲ ဖြစ်နေသလောက် ကျွန်တော်တို့ ရှေ့တည့်တည့်မှဂျပန်ပြည်၏ အထွတ်ဘုရင်မင်းမြတ် နေနတ်မျိုးနွယ်တို့ပင် ဦးညွှတ်ခံ ယူရာ အာဇာနည်ဗိမာန်အဆောက်အအုံကြီးကား မတုန်မလှုပ် ကျောက် ရုပ်ကြီးကဲ့သို့ပင် အဖဂျပန်ပြည်ကြီး၏ လွတ်လပ်မှု၊ ကမ္ဘာတွင် ဂျပန် ရာဇဝင် ထွန်းပြောင်မှုအတွက် ဂျပန်ရာဇဝင်တစ်လျှောက် အစတေးခံ ခဲ့သော ဂျပန်ပြည်၏ သားကောင်းစင်စစ် စစ်သူရဲမက် ကျောင်းသား မျိုးချစ်ပုဂ္ဂိုလ်တို့၏ လွတ်လပ်ရေးကြိုးပမ်းမှု တည်မြဲစေမှုအတွက် ဆုလာဘ်အဖြစ်ဖြင့် နောက်ဆုံး အောင်ပွဲတည်းဟူသော စစ်မြေပြင်တွင် ကျဆုံးကာ လွတ်လပ်ရေး ယဇ်ပလ္လင်ဝယ် ဂျပန်မျိုးချစ် နေနတ်နွယ်တို့ ၏ တရစပ်ဆေးကြောသွားခဲ့ခြင်းတို့၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို ပြာချခဲ့စေပြီး နောင်လာနောက်သားတို့ ရာဇဝင်စာတင်ရစ်စေ၍ ကမ္ဘာ ကျေသော်လည်း ဥဒါန်းမကျေနိုင်စေသည့် ဤစစ်သားဗိမာန် အာဇာ နည်အောင်မြေသို့ စုဝေးရောက်ရှိစေပြီး တိုကျိုမြို့တော် မင်္ဂလာရှိရာ အရပ်၌ တည်ထားခဲ့ခြင်းဖြစ်ပေသည်။ ကျွန်တော်တို့ ဗမာ့လွတ်လပ် ရေး တပ်မတော်မှ ရဲဘော်သုံးကျိပ်ဝင်တို့ တိုကျိုမြို့၌ ခေတ္တနားနေစဉ် ဆရာလုပ်သူ ဂျပန်ဗိုလ်မှူးကြီးများက နေ့တစ်နေ့တွင် ချမ်းချမ်းစီးစီးနှင့် အာဇာနည်ဗိမာန်သို့ ခေါ်ဆောင်သွားခဲ့ရာမှ လမ်းစအဖြစ်အပျက် တစ်ရပ် ဖြစ်တော့၏။
ကျွန်တော်တို့၏ ပတ်ဝန်းကျင် ရှုမျှော်ခင်းသည် သာယာလှတော့ ၏။ လက်ဝဲဘက်က ဂျပန်ပြည်၏ စစ်ရေးပြတိုက်ကြီး၊ ရှေ့တည့် တည့်က စစ်သားဗိမာန်ကြီး၊ လက်ယာဘက်က ပြန့်ကျယ်လှသည့် ပန်းခြံများနှင့် အချိုးကျနလှသည့် ထင်းရှူးပင်များ အပြိုင်အဆိုင်လေယူတိုင်း စည်းချက်ကျကျ ယိမ်းယိုင်နဲ့ ပျောင်းကာ အနောက်နိုင်ငံ၏ (ဘဲလက်) ယိမ်းကနေသည့် လုံမပျိုများနှင့် တူစေတော့၏။ အာဇာနည် ဗိမာန်ကို ဂရုတစိုက်ကြည့်မိသည်။ ရိုးသားစွာဖြင့် အမျိုးသားပြု အရှေ့နိုင်ငံဆန်လှသည့် စိတ်ဓာတ်အတိုင်း ကျောက်တိုင်ကြီးများကို ထင်းရှူး သားများဖြင့် နေရာတကာ အသုံးပြုကာ ဗိမာန်ရင်ပြင်တစ်ဝိုက်လုံးတွင် သမံတလင်းမခင်းထားဘဲ ကျောက်စရစ်ခဲများ အပြည့်ခင်းကျင်း၍ စတုရန်းပုံသဏ္ဌာန် ထင်းရှူးသားတိုင်ကြီးများဖြင့် အကွက်ကျကျ ညီညာဖြောင့်တန်းစွာ ကာရံထားသည်။ သမံတလင်းကွက်လပ်ဝယ် သူရဲကောင်း ဂျပန်သားကောင်းတို့၏ ပြာမှုန့်များဖြင့် အထပ်ထပ်ပြည့် နေတော့၏။ ဗိမာန်ရင်ပြင်ကျယ်ဝယ် လူဆက်မပြတ်အောင် အာဇာနည် များကို ပူဇော်အလေးပြုသည့် ပရိသတ်တို့သည် ဗိမာန်ဝင်းအဝတွင် လှပရှုချင်ဖွယ်ရာ စီမံထားသည်။ တသွင်သွင် စီးဆင်းနေသော ပြွန်
ချောင်းမှ အုန်းမှုတ်ငယ်များနှင့် ရေကြည်တို့ကို ခံယူသောက်သုံးပြီး ပလုတ်ကျင်းခြင်း၊ ခြေလက်ဆေးကြောခြင်းတို့ဖြင့် ဂျပန်ပြည်၏ အာဇာ နည်သားကောင်းများကို မပူဇော်မီ ကိုယ်လက်သန့်စင်နေခြင်း အခမ်း အနားပြုလုပ်၍ ရှေ့သို့တစ်ဆင့် ချီတက်ခဲ့ကြသည်။ ရှေ့ကိုက်ငါးဆယ် ခန့်တွင် ဗိမာန်အဆောက်အဦနှင့် နီးနေပြီဖြစ်၍ မိမိတို့ဆွဲကိုင် ပါရှိ လာသည့် ထီးအထုပ်သေတ္တာများကို စည်းကမ်းတကျ တင်စရာများ ပေါ်၌ စိတ်ချလက်ချထားခဲ့ပြီး အာဇာနည်ဗိမာန်ရှေ့ အရိပ်တွင် ဖိနပ် အားလုံးကို နေရာတကျချွတ်ကာ ဇာတိသွေးတက်ခြင်း၊ အာဇာနည် များကို အမြတ်တနိုး လေးစားခြင်း၊ ဝမ်းနည်းကြေကွဲခြင်း မျက်နှာများ ဖြင့် ဦးညွှတ်ချီ၍ ဆုတောင်းပတ္ထနာ ပြုကြတော့သည်။ ပြတ်သားတင်း မာသည့်မျက်နှာနှင့် ကျောင်းသားလုလင်များကို တစ်ရောင်တည်း တစ်ပုံတည်း ချုပ်လုပ်ထားသည့် ကျောင်းသားယူနီဖောင်း ဝတ်စုံများနှင့် လည်းကောင်း ဒင်ပြည့်ကိုယ်ဟန်နှင့် အနောက်နိုင်ငံအဝတ်အစား၊ ဂျပန် ကီမိုနိုအမျိုးသားဝတ်စုံတို့ဖြင့် မျက်နှာယဉ်နု လှသွေးစုနေသည့် ဂျပန်လုံမပျိုများ၊ ကျောင်းသူများသည်လည်းကောင်း၊ ပိုးထည်ရောင်ရင့်ကီမိုနိုကြီးတဖားဖားနှင့် မျက်လွှာဝင့်ချကာ ခေါင်းဖြူစွယ်ကျိုး ဂျပန် သက်ကြားအို အဘိုးအဘွားတို့ ကိုတစ်ဖုံ ဂျပန်တစ်ပြည်လုံး၏ လွတ်လပ်ရေး အမျိုးသားစိတ်ဓာတ် အုပ်ချုပ်မှုတို့ကို ချုပ်ကိုင်ထား နိုင်သည့် ဤထင်းရှူးသားသက်သက်ဖြင့်သာ မပြောပလောက်အောင် နာမည်နှင့်မလိုက် သေးငယ်သည့် အာဇာနည်ဗိမာန်အဆောက်အအုံ ရှေ့၌ ရပ်တည်လျက် တွေ့ရ၏။ ထူးခြားချက်ကြီးတစ်ချက်မှာ ဤမျှလောက် လူများလျက်၊ စည်ကားလျက် တစ်ယောက်တစ်ခွန်း ဆူညံစွာ စကားပြောခြင်း၊ ဖိနပ်မှားစီးခြင်း၊ အလစ်တုံးခြင်း၊ တစ်ယောက်နှင့် တစ်ယောက် အငြင်းပွားခြင်း၊ အထုပ်၊ ဖိနပ် လစ်သွားခြင်း အလျှင်း မတွေ့ ရသည့် မှတ်သားဖွယ်အချက်ကြီးပင်တည်း။ ကျွန်တော်တို့ မြန်မာပြည်တွင် အမြတ်ဆုံးဟုဆိုအပ်သည့် လေးဆူဓာတ်ပုံ ရွှေတိဂုံ ဘုရားကြီးကို ဖူးမြော်ကန်တော့စဉ် နောက်က ထီးဖိနပ် အလစ်သမားကို စောင့်ကြည့်နေရသည့် ဘဝဆိုးကြီးကို ချက်ချင်း ပြေးသတိရမိတော့ သည်။ ကျွန်ဘဝနှင့် သခင်ဘဝ လူမျိုးတို့၏ ခြားနားမှု၊ လူမှုဆက်ဆံ ရေး ထူးခြားချက်တစ်ရပ်ပင်၊ လက်ဝဲဘက်ရှိ အဆင့်ဆင့်သော အထပ် များဖြင့် အနောက်နိုင်ငံဆန်သည့် စစ်ပြတိုက်ကြီးဆီသို့လည်း တစ်သုတ် ပြီးတစ်သုတ် ဝင်ချည်ထွက်ချည် သွားလာနေကြသည့် ဂျပန်လူထုကို ကြည့်၍ ကျွန်တော်တို့သည် လက်ယာဘက် လူရှင်းလောက်သည့် ပန်းခြံ (အပန်းဖြေရိပ်သာ) ဘက်သို့ ခြေဦးလှည့်လေသည်။ ကျွန်တော် တို့ရှေ့ဝယ် မြောက်မြားစွာသော အာဇာနည်ဗိမာန်သို့ အလေးပြုလာသူ ပရိသတ်မျိုးစုံ မြင်ရလွန်း၍ မျက်စိနောက်လာသလောက် ဦးခေါင်းက လည်း အားကျမခံ မူးဝေခဲ့သော ဝေဒနာသည် မကြာမီပင် ပန်းခြံတွင်းမှ လေညင်းဆောင်ယူရာသို့ ဝဲပျံကာ ပါလာကြသည့် စံပယ်နှင်းဆီ၊ ယူကလစ် ထင်းရှူးဝတ်မှုန်တွေကြောင့် တစ်ခဏချင်း လန်းဆန်းကာအားသစ် ဘဝသစ်သို့ ရောက်ခဲ့သည်။ ကျယ်ပြန့်လှသည့် ဥယျာဉ်ကြီး အတွင်းဝယ် လွတ်လပ်စွာ ကျွန်တော်တို့တစ်တွေ ကိုယ့်အတွေး ကိုယ့် သဘောနှင့် ကိုယ့်လူစုခွဲကာ အလျှိုအလျှို ဟိုဟိုဒီဒီ ထွက်ခွာခဲ့ကြ သည်။ အချက်ကျကျ နေရာထောင့်ချိုးများတွင် ခုံရှည်၊ ကုလားထိုင်၊ကျောက်တုံးငယ်များပေါ်တွင် ငြိမ်သက်စွာ စာဖတ်နေကြသည့် ဂျပန် လူငယ်များကို တွေ့ရ၍ ကျွန်တော်သည် ဖြည်းညင်းစွာ လေကောင်း လေသန့်ရှူရင်းနှင့် ဥယျာဉ်ကြီး၏ အနောက်မြောက်ထောင့် တစ်နေရာ သို့ အမှတ်တမဲ့ ဝင်ခဲ့မိပေသည်။ ။
နှင်းငွေရည် ပက်ဖျန်းသဖြင့် ရီဝေနေသော ဥယျာဉ်ကြီးထဲဝယ် ပွင့်ချပ်ပွင့်လွှာစီကာ နီတျာတျာ သရေဆောင်လျက် ဖူးပွင့်ငုံကင်းကာ ပင်ထက်မှာ နှင်းရည်သောက်နေသည့် ဆာကူရာပန်းခေါ် ချယ်ရီပန်းပင် ကြီး တစ်ပင်အောက်ဆီသို့ ဝင်ရောက်မိကြသည်။ ပြန့်ကျယ်ညီညာ၍ မြက်ခင်းပျိုများဖြင့် တန်ဆာဆင်အပ်သည့် မြေပြင်တွင် ရွှန်းရွှန်းနီမြန်း ၍ ဆာကူရာပန်းပွင့်တို့မှာ ပန်းမွေ့ရာခင်းသကဲ့သို့ ပြန့်ကျဲကာ ပင်ထက် မှ ခန္ဓာစဲနေဟန် တူလေသည်။ မြောက်လေညင်း၏ တစ်ချက်တစ်ချက် ကလူကျီစယ်လိုက်သည့်အခါတွင် နှင်းမှုန်နှင့် လေပြည်ရောသည့် လဟာပြင်ဝယ် အချိန်သင့်ကာ ကြွေရင့်တန်သော ဆာကူရာပန်းပွင့်တို့ မှာ ပွင့်ညှာမှစွန့်ခွာ၍ လေယာဉ်စီးနေဟန်ဖြင့် မြေပြင်သို့ ဖြည်းညင်းစွာ သက်ဆင်းနေကြသည့် အဖြစ် ကြုံခဲ့သည့် သဘာဝ၏ ရှုခင်းကို ကျွန်တော်သည် စိတ်ဝင်စားစွာ ကြည့်နေမိသည်။ တဖြုတ်ဖြုတ် ကြွေ ဆင်းနေသည့် ပန်းပွင့်များကို ဟိုမှဒီမှ လိုက်ကြည့်မိသည်။ ကျွန်တော် ၏မျက်စိမှာ တဖြည်းဖြည်းနှင့် ချယ်ရီပန်းပင်၏ ထောင့်စွန်းအရိပ်အောက်သို့ ရောက်သွားသည်တွင် ရုတ်တရက် မြင်ရလျှင် အရုပ်နှင့် တူစေသည့် ကျွန်တော်ကဲ့သို့ပင် ချယ်ရီပန်းပင်ကြီးကို စိတ်ဝင်စားစွာမျက်တောင်မခတ်တမ်း ကြည့်နေသည့် ဂျပန်တပ်မတော်မှ ကပ္ပတိန် အဆင့်အတန်း စစ်ဗိုလ်တစ်ဦးကို အရှေ့နိုင်ငံဆန်လှသည့် ကျောက်ခုံ ရှည်ပေါ်တွင် မြင်ရလေသည်။ ကျွန်တော်တို့နှစ်ဦးလည်း စိတ်ချင်း၊ မျက်စိချင်း ဆုံမိကြပြီးနောက် ၎င်းက အသာရပ်ကာ ဦးညွှတ်ပြီး နေရာ ထိုင်ခင်းအတွက် ဖိတ်ခေါ်လေသည်။ ယဉ်ကျေးမှုကို နားလည်စွာဖြင့် ကျွန်တော်က မငြင်းဆန်တော့ဘဲ ကျောက်ခုံ ရှည်တစ်နေရာသို့ ဝင်ရောက်ထိုင်မိသည်။ ၎င်းက ဘေးတွင်လွယ်ထားသည့် စစ်ရေဘူးမှ အဖုံးကိုဖွင့်၍ အငွေ့ တထောင်းထောင်းနှင့် လက်ဖက်ရည်ကြမ်း တစ်ခွက်ကို ငဲ့ပြီးလျှင် ရိုသေစွာ ကျွန်တော့်သို့ ကမ်းလိုက်ပြီးနောက် ကျွန်တော့်ကို အကဲခတ် တစ်ချက်ကြည့်လိုက်ပြီး
“အရှေ့နိုင်ငံ အာရှတိုက်သားပဲ ထင်ပါရဲ့”
ကျွန်တော်က ဟုတ်မှန်ကြောင်း ဝန်ခံလိုက်သည်။
၎င်းက ဝမ်းသာသည့်မျက်နှာဖြင့် “ခုလို ကျွန်တော်တို့ အာရှ တိုက်သားချင်း ဒီလိုအလွန်သာယာ မင်္ဂလာရှိတဲ့နေရာနှင့် နံနက်ခင်းမှာ တွေ့ဆုံကြရတာ ကျွန်တော့်စိတ်မှာ မေ့နိုင်မှာမဟုတ်ပါဘူး။ ဒါနဲ့ စိတ်လည်းမရှိပါနဲ့ အလည်အပတ်လာကြသလား.. ဒီပြင် ကိစ္စ..”
“ဪ... ဪ... ကျွန်တော် မေ့နေလို့”
ကျွန်တော် ရုတ်တရက် သတိရ၍ အရေးရှိက အသုံးပြုရန် ပေးထားသည့် ဗမာ့လွတ်လပ်ရေး တပ်မတော်ဦးစီးဌာနချုပ်မှ ထုတ်ပေး သည့် လက်မှတ်ကို အသာပြလိုက်သည်။ ထိုအချိန်က ကျွန်တော်တို့ သည် အရပ်ဝတ်အရပ်စားဖြင့် ခရီးထွက်ခဲ့ခြင်းဖြစ်သည်။
ဝမ်းသာလွန်း၍ ထခုန်ကမန်း ဂျပန်စစ်ဗိုလ်သည် ကျွန်တော်၏ လက်ကို အားရပါးရ ဆုပ်နယ်ရင်းနှင့် အထပ်ထပ် ဦးညွှတ်အလေးပြု ပြီးနောက် “ကျွန်တော်နဲ့ ဗြိတိသျှတွေကို ပခုံးချင်းယှဉ်တိုက်ခိုက်မယ့်