Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဗိုလ်တာရာ(ရဲဘော်သုံးချိပ်) - ခေါင်းဖြတ်တောင်ခရီး

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အပြန်လမ်းဝယ် အလုပ်က အသင့်ကြိုနေခြင်း

          ကားသည် တစ်နာရီသုံးဆယ်နှုန်းဖြင့် ပျဉ်းမနား-တောင်ညို ကတ္တရာ စေး လမ်းပေါ်ဝယ် ပြေးနေတော့သည်။

          ကျွန်တော်၏ အတွေးအာရုံများက မြို့သို့ အင်မတန် စိတ်စောနေမိ သည်။ စိတ်စောစေရန် အကြောင်းတွေကလည်း ရှိခဲ့ပေသည်။ ပျဉ်းမနားမြို့ သို့ပြန်ရောက်ရန် ရက်ပိုင်းထက် နှစ်ရက်ပိုလွန်ခဲ့သောကြောင့် ကျွန်တော်၏ ဇနီး သက်လယ်ဧကရီနှင့် သမီးငယ်နှစ်ဦးတို့က စိုးရိမ်ကြီးစွာဖြင့် မျှော်နေကြ မည့်အရေးကလည်း တစ်ကြောင်းပါခဲ့သည်။ စာပေရေးရာဆိုင်ရာအလုပ်တွေ ကလည်း တထွေးကြီးတသီကြီး စောင့်ကြိုနေကြပေလိမ့်မည်။ ထို့ပြင် ပျဉ်းမနားမြို့ဒေသတစ်ဝိုက်၌ ကျွန်တော်၏ တော်လှန်ရေးနှစ်ကြိမ်တိုင် ဦးဆောင်ခဲ့ခြင်းကိုအကြောင်းပြု၍ ကျွန်တော့်အား ယုံကြည်လေးစားနေကြ သည့် တောသူတောင်သားလယ်သမားကြီးတွေ သခင်ဟောင်းကြီးတွေက လည်း သူတို့၏ ပြဿနာများကို တင်ပြဆွေးနွေး အကူအညီဦးဆောင်မှုတောင်းရန်အတွက် ကျွန်တော်၏နေအိမ်မှ အဆင်သင့် စောင့်ကြိုနေကြပေ လိမ့်မည်။

          ကျွန်တော့်အဖို့ အလုပ်သမား၊ လယ်သမားပြဿနာများကို ခါတိုင်း အချိန်အခါနှင့် အစိုးရခေတ်ကလို ပူပန်စရာ အပိုဒုက္ခရောက်စရာ အချိန်ကုန် စရာမလိုတော့ပြီ။ အလုပ်သမား၊ လယ်သမားများ၏ ပြဿနာအရပ်ရပ်ကို ထိပ်ဆုံးတန်းတင်ကာ ကိုယ်ဖိရင်ဖိ ဦးဆောင်ပေးနေသည့် မြို့နယ်ပါတီရုံး သည်လည်းကောင်း၊ မြို့နယ်လအကသည်လည်းကောင်း၊ နောင်တိုင်တန်းပေးဖို့ ကားလမ်းပွင့်နေတော့၏။ လယ်သမား၊ ယာသမား၊ အလုပ်သမားတွေ ပြဿနာကား စဉ်းစားရင်း ကျွန်တော်၏ ဦးနှောက်ထဲမှ အခန်းတစ်ခန်း ရှင်းလင်းပေါ့ပါးသွားပြန်တော့သည်။

          ဦးဘိုးဟန်ကြီးသည်လည်းကောင်း၊ သစ်တောရုံးစာရေး ဦးထွန်းဝင်း ခေါ် ဦးအောင်သည်လည်းကောင်း၊ သေနတ်တစ်လက်စီ ပခုံးတွင်ဆောင်ရင်း ဆေးပေါ့လိပ်ကြီးများ တထောင်းထောင်းဖာလျက် ပစ်ခတ်ခဲ့ရသည့် အရေး အခင်းတို့ကို ပြန်လှန်၍ စားမြုံ့ပြန်နေကြသလို ရဲဘော်သန်းညွန့်၊ ကံလှတို့ နှစ်ယောက်ကလည်း ကားလမ်းဘေးတစ်လျှောက် လယ်ကွင်းများ၌ထွက်၍ စားသောက်သည့် တောကြက်အုပ်ကို အိမ်အပြန်တွင် ဟင်းစားရရန် ပစ်ခတ် ရေးအတွက် ကျီးကန်းမျက်စိတွေလို လမ်းဟိုဘက်ဒီဘက် မျက်လုံးကစား အလုပ်များနေခိုက်ပင် ...။

          “ဗိုလ်မှူးရဲ့ အိမ်အပြန်တော့လှပါတယ်ဗျ၊ ဝက်ကနှစ်ကောင်၊ ဆတ် ကတစ်ကောင်ဆိုတော့ အသားခြောက်ရိက္ခာ တစ်လတင်းတင်း ဖူလုံနေပြီပေါ့”

          ဦးအောင်သည် ဦးဘိုဟန်နှင့် စကားပြောရင်း ကျွန်တော့်ဆီသို့ စကား လှမ်း၍ ပြောလိုက်သည်တွင် ...။

          “ကျုပ်ပစ်ချင်တဲ့အကောင်တွေ မပစ်ခဲ့ရတာ၊ မတွေ့ရတာ သိပ်နာ တယ်ဗျာ၊ ခါတိုင်း ဒီတောဒီတောင်တွေမှာ တွေ့နေကျမို့” ။

          ကျွန်တော်က ပြောကြားလိုက်ရာ ဦးဘိုးဟန်ကြီးသည် ပါးစပ်မှ ဆေး ပေါ့လိပ်ကို ချွတ်လိုက်ရင်း .....။

          “တောကောင်နဲ့ ဝက်တွေက အနေအထိုင် သိပ်ကျစ်လျစ်တယ်ဗျာ၊ ဒီတောတွေမှာ တောကောင်ကြီးတွေခြေရာ တွေ့ရမယ်လို့ထင်တာ၊ တကယ် ရှာတဲ့အခါမှာ ထွက်လာဖို့ သိပ်ကောင်းတာပဲဗျာ”

ဦးဘိုးဟန်သည် မကျေမနပ်အသံဖြင့် ပြောလိုက်ပါသည်။

          ကားသည် ဘူးကွဲရွာကိုဖြတ်ကျော်ကာ လွင်သာသို့ ကြက်ပြေးတစ် လျှောက်သို့ဆင်းလာခဲ့ပေပြီ။ ကျယ်ပြန့်သောလယ်ကွင်းများမှ လေအေးသည် တရှဲရှဲကားဆီသို့ တိုက်ခတ်စပြုလာပါပြီ။ အိမ်သို့ရောက်ရန် မိနစ်ပိုင်းမျှသာ လိုတော့သည့်အတွက် သန်းညွန့်နှင့် ကံလှတို့သည် ပိုမို၍ စကားကျယ် လောင်စွာ ပြောဆိုနေကြပါသည်။

          ကျွန်တော်သည် ပင်ပင်ပန်းပန်းနှင့် တောလည်ကအပြန်တွင် ညောင်းနေအောင်ထိုင်၍ နောက်လအတွက် ဝတ္ထုတစ်ပုဒ်နှင့် မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ စုံထောက်စသည့် မဂ္ဂဇင်းများသို့ ဝတ္ထုတိုများ ရေးရပေဦးမည်ကို ထင်မြင် လာပြန်တော့သည်။

          မကြာမီ ကားသည် ပြန်ကပြေးနှင့် တောင်ညိုလမ်းဆုံသို့ ပြေးဝင် ခဲ့သည်။ မြို့သို့ လှမ်း၍ မျှော်နိုင်ပေပြီတကား။

          “ဒီတစ်ခါတော့ သန်းညွန့်မိန်းမအိမ်လာပြီး သန်းညွန့် ဘယ်သွား သတုံးလို့ မေးများနေဦးမှာလား”

ကျွန်တော်က သတိရကာ သန်းညွန့်ဆီသို့ လှည့်၍ မေးလိုက်ရာ ကျွန်တော်တို့ မုဆိုးအဖွဲ့ဝင်များသည် ဝါးခနဲပွဲကျကာ ရယ်မောသွားတော့၏။

          ကျွန်တော်၏သူငယ်ချင်း သန်းညွန့်သည် အင်မတန် အမဲလိုက် ဝါသနာကြီးသူဖြစ်၍ အမဲပစ်လိုက်ရန်ခွင့်ကြုံလျှင် အလုပ်လုပ်ရာ ပန်းထိမ် ဆိုင်ကဖြစ်ဖြစ် အိမ်သို့ တစ်စုံတစ်ရာ အကြောင်းမကြားတမ်း ထ၍လိုက် တတ်သူဖြစ်သည်။ တစ်ည၊ နှစ်ည အိမ်ပြန်မလာလျှင် သူ၏ဇနီးက အင် မတန်ရင်းနှီးသော ကျွန်တော့်နေအိမ်သို့တန်းလာပြီး လင်ပျောက်ရှာလေ့ ရှိတတ်၏။ သန်းညွန့်ကား အင်မတန် တောလိုက်ဝါသနာကြီးသလို သားကောင်အဖျက်တွင် အရေခွာရာ၌ အင်မတန် ကျွမ်းဝင်သလောက် ချက်ရေး ပြုတ်ရေးတွင် စိတ်ရှည်သူဖြစ်ပေသည်။ အအိပ်ပျက်ခံရမည့်လုပ်ငန်းတွင် သူသည် ရှေ့ဆုံးမှထွက်ကာ လမ်းစီးခြင်း၊ ကျားချောင်းခြင်းလုပ်ငန်းတွင် စိတ်ချရသောမုဆိုး၏ “အတွဲ” လူလည်း ဖြစ်ပေ၏။

          “မင်းကတော့ နောက်စရာ ရွတ်စရာမရှိရင် ကြံဖန်ပြီး နောက်တော့ မယ်။ ငါပြောထားခဲ့ပါပြီကွ သူငယ်ချင်းရ ...၊ ဒီတစ်ခါ ငါ့မိန်းမ ငါ့ကို လိုက်မရှာတော့ပါဘူး။ ဇလောင်းဘက်သွားပြီး အမဲပစ်မယ်လို့ ငါသေသေ ချာချာ ပြောထားခဲ့ပါပြီ .....”

          သွားများကျိုးပြီဖြစ်သော်လည်း အမဲပစ်ဝါသနာကြီးလှသည့် သူငယ် ချင်းသန်းညွန့်က ကျွန်တော်၏ ပြက်လုံးကို ဖြေရှင်းလိုက်ရှာပါသည်။

          အမှန်မှာ ဇလောင်း မင်းကန် ပေါင်းလောင်းဘက်သို့ အမဲပစ်ထွက်ခဲ့တိုင်း ကျွန်တော်တို့လူစုသည် မြိုင်ဆိုင်လှပေသည်။ ဇလောင်းနယ်က အလွန် တောခေါင် သစ်ပင်မျိုးစုံပေါက်ရောက်ရုံမျှမက သစ်ကြီးဝါးကြီး များစွာ ပေါက်ရောက်နေသည့် တောစို့ ၊ တောခေါ်မြိုင်ဆိုင်လှသော တောမျိုးဖြစ်၍ ယနေ့တိုင်အောင် ဆတ်၊ တောဝက်များနှင့် တစ်ခါတစ်ရံ နယ်လှည့်ဆင်းလာ သည့် စိုင်ထီးခေါင်ကြီးများပင် ပစ်ခတ်နိုင်သည်။ အခြေခံကောင်းသော တောတစ်တောသာဖြစ်ပေသည်။ ဂျပန်ခေတ်အခါကဆိုလျှင် ဇင်းနှင့် ပေါင်းလောင်းတစ်ကြောဝယ် တောဆင်များကိုပင် တွေ့ရှိနိုင်အောင် တော ကောင်းသော ဖောင်းတော၊ ကိုင်းတော ထူထပ်သောဒေသပင် ဖြစ်ပါသည်။

          ကားသည် ပျဉ်းမနားမြို့ ရှမ်းကန်အနောက်ဘက်မှလှည့်ကာ မကြီး တောဘက်သို့ ဖြတ်ဝင်ခဲ့သည်။ ကျွန်တော်၏ အိမ်ရှေ့သို့ ကားထိုးရပ်လိုက် သည်နှင့်တစ်ပြိုင်နက် ချစ်သမီးနှစ်ဦး၊ နီနီဦး၊ နိုင်နိုင်ဦးတို့သည် ခုန်ပေါက် ကာ ..

          “ဖေဖေပြန်လာပြီ ...၊ ဖေဖေပြန်လာပြီ ...”

          မပီကလာ ပီကလာအသံများဖြင့် အော်ဟစ်ကာ နှုတ်ဆက်လိုက် တော့သည်။

          ကျွန်တော်၏သက်ထားစောဧကရီကလည်း ကျွန်တော့်အတွက် အမောပြေဆေးတစ်ခွက်ပမာ အပြုံးစိုက်ကာ ကားပေါ်မှပစ္စည်းများ သေနတ် များကို ယူငင်ကူညီလိုက်ရှာပါသည်။ ကျွန်တော်၏ အိမ်မှာ အိမ်စောင့်ထား ခဲ့သည့် တပည့်ကျော်ဦးစိုးရင်နှင့် ကျွန်တော့်နှမနှစ်ဦးတို့ကလည်း ရဲဘော် ကံလှတို့နှင့်အတူ ကားပေါ်မှပစ္စည်းများ၊ အိပ်ရာလိပ်များ၊ အသားခြောက်၊ အသားစို ထည့်လာကြသည့်ခြင်းများကို သယ်ယူလိုက်ပါသည်။

          “စိတ်ကြိုက်မပစ်ရလို့ မောင်နှစ်ရက်တိတိတောင်ကြာအောင် ဖိလိုက် နေတယ်ထင်တယ်။ မောင့်သမီးနှစ်ယောက်ကတော့ လည်ပင်းတရှည်ရှည်နဲ့၊ ဖေဖေပြန်မလာသေးဘူးလားလို့ တမေးတည်းမေး၊ ကားသံကြား အိမ်ရှေ့က ထွက်မျှော်နေကြရှာတယ် ...”

          စောဧကရီသည် ကျွန်တော့်၏ရင်ခွင်မှ ပိုက်ထွေးထားသည့် အသက် လေးနှစ်နှင့် နှစ်နှစ်သမီးငယ်နှစ်ဦးကိုကြည့်ကာ သမီးများ သူတို့၏ဖေဖေကို လွမ်းတနေပုံများကို ပြောပြရှာပါသည်။

          ကျွန်တော်လည်း ခေါင်းညိတ်လိုက်ပြီး ... ။ “ဟုတ်လား ...၊ ဖေဖေသမီးတွေ ဖေဖေ့ကို သိပ်လွမ်းနေသလားကွယ် ..”

          ချော့မြူကာမေးလိုက်ရာ သမီးနှစ်ယောက်ကလည်း ပြုံးရယ်ကာ ကျွန်တော်၏ရင်ဘတ်ကိုမှီလျက် ခေါင်းညိတ်လိုက်ကြပါသည်။ ။

          “ဘယ်သူတွေလာကြသေးသလဲ၊ ဘယ်ကစာတွေ ရောက်သေးသလဲ” စသည်ဖြင့် ကျွန်တော်သည် ကျွန်တော် အမဲပစ်ထွက်ခိုက်တွင် အိမ်သို့ ရောက်ရှိတတ်သည့် မိတ်ဆွေများအကြောင်းကို မေးလိုက်မိသည်။

          “စုံလို့ပဲ မောင်ရေ ..၊ ဧည့်သည်တွေထွက်ပြီး ဧည့်ခံနေရတာထက် စောဖြင့် ထမင်းစားဖို့ အချိန်တောင် မနည်းလုစားရတယ်။ စာတွေလည်း တစ်ထပ်ကြီးပါပဲ။ မောင့်စာရေးစားပွဲပေါ် အဆင်သင့်တင်ထားပါတယ်”

          စောဧကရီသည် ကျွန်တော့်အတွက် ကော်ဖီပူပူတစ်ပန်းကန် တရို တသေပေးရင်း စဉ်းစားနေရာမှ ရုတ်တရက် မျက်ခုံးတစ်ဖက်ကိုပင့်ကာ...

          “ဪ ... ဒါထက်၊ မောင့်မိတ်ဆွေသူငယ်ချင်းဖြစ်တဲ့ ဗိုလ်အောင် ယိုတာ ကားနဲ့ မနေ့က ဝေလီဝေလင်းရောက်လာပြီး မောင့်ကို အရေးတကြီး တွေ့ချင်လို့ မေးရှာပါတယ်။ မောင့်ကို မတွေ့ရလို့ တဖျစ်တောက်တောက် ဖြစ်ပြီး သူ့သားရေအိတ်ကြီးထဲက စာအိတ်တစ်အိတ်နဲ့ စာတစ်စောင်ရယ်။ ပြီးတော့ သမီးနှစ်ယောက်အတွက် အမှတ်တရလက်ဆောင်ဆိုပြီး စက္ကူနဲ့ထုပ် ထားတဲ့ အထုပ်သေးသေးတစ်ထုပ်ပေးသွားတယ်။ မောင် မနက်ဖြန် သန် ဘက်ခါဆို ပြန်လာပါလိမ့်မယ်၊ ခဏစောင့်နေပါဆိုပြီး တားတာတောင် မရဘူး။ မန္တလေးမှာ သူ့ကို တမင်သက်သက်စောင့်နေတဲ့ မိတ်ဆွေတွေရှိနေ တယ်လို့ဆိုပြီး တောင်းပန်ပြီး ထွက်သွားတာပဲ။ သူ့ကားပေါ်မှာ မောင့်လိုပဲ အမဲပစ်သေနတ်သုံးလေးလက်နဲ့ လူနှစ်ယောက်လည်း တွေ့လိုက်မိတယ်.....”

          “ဟုတ်လား ... ဗိုလ်ဖေအောင် ..” ဟူ၍ ကျွန်တော် ဝမ်းသာစွာဖြင့် ကျွန်တော်၏ဇနီးကို ပြန်၍မေးလိုက်မိပါသည်။ ကျွန်တော့်အနေနှင့် သူငယ် ချင်း ရဲဘော်ဗိုလ်ဖေအောင်အကြောင်းကို ကြားလိုက်ရသဖြင့် ထိတ်ခနဲ ဝမ်းသာသွားမိကာ ဤကဲ့သို့ အရေးတကြီး အလောတကြီးမေးလိုက်မိ ခြင်းသာဖြစ်ပေ၏။

          ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်) ဗိုလ်ကြီးအောင် သို့မဟုတ် ကိုဖေအောင် ဘီအက်စီ(ဘူမိဗေဒ) သို့မဟုတ် လေလွင့်ချင်ရာလေလွင့်ပြီး ကျွန်တော်ကဲ့သို့ပင် တောကောင်း ကောင်း တောင်ထူရာဒေသတို့တွင် သတ္တုရှာရင်း၊ အမဲပစ်ရင်း သူ့ဘာသာ လောကနိဗ္ဗာန်ထူထောင်နေသည့် လူလွတ်ဘဝလွတ်နေခဲ့သော လူပျိုကြီး ဖေအောင်၏သတင်းကို ကြားလိုက်ရသည့်အတွက် အင်မတန်သိချင် ကြား ချင်သည့်ဆန္ဒများအလျဉ်ဖြင့် သမီးနှစ်ယောက်ကို ပွေ့ချီထားရင်း ချစ်သက် လယ်စောသို့ ပြန်လည်မေးခွန်းထုတ်ခဲ့ခြင်းသာ ဖြစ်ပါသည်။

          “ဟုတ်တယ်မောင်၊ ရုတ်တရက် သူ့ကိုတွေ့လိုက်ရတော့ ရှမ်းလိုလို၊ ကချင်လိုလို၊ ဖြူဖြူ ခန့်ခန့်၊ ဗလကောင်းကောင်းနဲ့မို့ ဗမာတစ်ယောက်တောင် စောမထင်မိခဲ့ဘူး။ ပြီးမှ ဗိုလ်ဖေအောင်က သူ ဗမာစစ်စစ်တစ်ယောက်ဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တစ်လျှောက်မှာ အနေအထိုင်များခဲ့ကြောင်းပြောမှ စော သူ့ အခြေအနေမှန်ကို သိရတယ်။ ကချင်စကား၊ ရှမ်းစကား၊ တရုတ်စကားတွေလည်း မွှတ်နေအောင်ပြောတတ်တယ် မောင်။ လေယူ လေသိမ်းကစပြီး တောင်ပေါ်သားတွေ အသံအတိုင်းပဲ။ သူလေ မောင့်ကို သိပ်တွေ့ချင်ပုံပဲ။ မတွေ့တာတောင်ကြာပြီ၊ တွေ့လိုက်ရရင် အင်မတန်ချစ်ကြ တဲ့ တော်လှန်ရေးရဲဘော်သူငယ်ချင်းတွေပီပီ အားရပါးရပွေ့ညှစ်ပြီး နှုတ် ဆက်လိုက်ချင်တယ်ဗျာလို့တောင် ပြောသွားရှာတယ် ....”

          သူမ သိရှိသရွေ့ကို ပြန်လည်၍ ကျွန်တော့်ဇနီးက ပြောပြရှာပါသည်။

          ဗိုလ်ဖေအောင်သည် သစ်တောဝန်ထောက်တစ်ဦး၏ သားအကြီးဆုံး ဖြစ်ခဲ့ပြီး အင်္ဂလိပ်ခေတ်တစ်ချိန်က ပျဉ်းမနားနယ်သို့ ရွှေ့ပြောင်းလာပြီး ပျဉ်းမနားမြို့၏ကျက်သရေဆောင် ဗုဒ္ဓဘာသာအထက်တန်းကျောင်းတွင် ကျွန်တော်နှင့် ၇ တန်းမှ ၉ တန်းအထိ ပညာသင်ကြားခဲ့ရင်း ချစ်ကျွမ်းတဝင် ဖြစ်ရုံမကဘဲ ကျွန်တော်တို့ယုံကြည်ခဲ့သည့် ဗြိတိသျှလက်အောက်မှ မြန်မာ ပြည်လွတ်မြောက်ရေးလမ်းစဉ်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံဆန္ဒပြင်းပြခဲ့သူ ဖြစ်သည်။

          သူ ၉ တန်းအောင်သောနှစ်ဝယ် သူ၏ဖခင်မှာ မြစ်ကြီးနားသို့ ရာထူး တိုးကာ ပြောင်းရွှေ့ခဲ့ရပြီး လူချင်းကွဲခဲ့ကြသည်။ သို့ရာတွင် မကြာမီ သူ့ဆီမှ ကျွန်တော်တို့ လွတ်လပ်ရေးလုပ်ငန်းစဉ်ကို ဆက်လုပ်နေကြောင်း အကြောင်းကြားစာရရှိပြီး သူနှင့်ကျွန်တော် ဆယ်တန်းစာမေးပွဲကို ဖြေဆိုခဲ့ကြပြီး ကျွန်တော်က ပညာပိုင်းကိုကျောပေးကာ နိုင်ငံရေးနယ်ပယ်ထဲသို့ ခြေစုံပစ် ဝင်ခဲ့သည်။ ဖေအောင့်အနေနှင့် တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ခဲ့ရင်း နောက် ၃ နှစ်ခန့်အကြာတွင် ဒုတိယကမ္ဘာစစ်ကြီး အကြောင်း ပြု၍ ခေတ်ပျက်ကာ ကျွန်တော်လည်း ဗမာ့လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဦးဆောင်တိုက်ခိုက်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်တစ်ဦး အဖြစ်တာဝန်ယူ၍ ဗမာပြည်အလယ်ပိုင်းတွင် တာဝန်ကျေပွန်စွာဖြင့် ဆောင် ရွက်ခဲ့သလို အောင်တစ်ယောက်လည်း မန္တလေးတိုင်းတွင် ဗိုလ်ကြီးအဆင့် အတန်းဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်အမှုထမ်းခဲ့ကြောင်း တွေ့ရှိရသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ဗမာ့ကာကွယ်ရေးတပ်မတော် ခေတ်တွင် ဖေအောင်သည် ပျဉ်းမနားတွင် ဖွင့်လှစ်ခဲ့သည့် စစ်ဌာနချုပ်တွင် ဒုဗိုလ်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သောကြောင့် သူနှင့်ကျွန်တော် ကျောင်း နေစဉ်ကဲ့သို့ ခင်မင်ရင်းနှီးမှုရှိခဲ့ကြသည်။ တနင်္ဂနွေတိုင်း၊ အားလပ်ခွင့်ရတိုင်း ပျဉ်းမနား အနောက်နယ်တစ်ကြော အိုင်ကျယ်မုံနှင့် ဘိုးစောင့်တောင်စသည့် အမဲကြီးပေါရာဒေသတို့တွင် အမဲပစ်ထွက်လေ့ရှိကြသည်။

          အင်္ဂလိပ်အစိုးရ ပြန်လည်ရောက်ရှိသည့်အခါတွင်မူ သူသည် အသစ် ပြန်လည်ဖွဲ့စည်းသည့် ဘားမားရိုင်ဖယ်တပ်တွင် အမှုဆက်လက်၍ မထမ်းတော့ဘဲ သူ၏လက်ငုတ်ပညာရင်းဖြစ်သည့် ရန်ကုန်တက္ကသိုလ်၌ ပြန်လည် ၍ သိပ္ပံပညာကို ဆက်လက်သင်ကြားခဲ့ရင်း ဘူမိဗေဒပညာဘက်တွင် စိတ်ပါ ဝင်စား သင်ကြားခဲ့ရင်း ဘူမိဗေဒပညာဘက်တွင် စိတ်ပါဝင်စားသူပီပီ သိပ္ပံ ဘွဲ့ထူးကို အောင်မြင်စွာ ဆွတ်ခူးရရှိသွားကြောင်း သတင်းကြားရ၏။

          ထို့နောက် ဖေအောင်သည် သူ့ဝါသနာအတိုင်း ရှမ်းပြည်နယ်၊ ကချင် ပြည်နယ်နှင့် တရုတ်နယ်စပ်တစ်လျှောက်တွင် သူ့ဝါသနာအရ အမဲပစ်ရင်း ဘူမိဗေဒလုပ်ငန်းကိုပါတွဲဖက်၍ သတ္တုရှာဖွေခြင်းများကို ပြုလုပ်နေကြောင်း ကို အထက်ဗမာပြည်မှ ရဲဘော်ဟောင်းများဆီက သတင်းသဲ့သဲ့ကြားရသည်။

          သို့ရာတွင် များမကြာမီက သူနှင့်အဖွဲ့ဝင်များကို တရုတ်တောပုန်း ဂိုဏ်းတစ်ဂိုဏ်းက တောတွင်း၌ ချောင်းမြောင်းသတ်ဖြတ်လိုက်သည့် သတင်း ဆိုးကြောင့် ကျွန်တော့်အနေနှင့် ရဲဘော်ရဲဘက်သံယောဇဉ် မကင်းနိုင်သူပီပီ