Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - ဗမာ့သမိုင်းပုံပြင်များ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

စာပေနှင့် စာကြည့်တိုက်ဌာနခွဲမှ ၁၉၃၄ တွင်

 ပထမအကြိမ်ထုတ်ဝေရာတွင် ဖော်ပြခဲ့သော နိဒါန်း

          ငါတို့၏ ဘိုးဘေးဘီဘင်များသည် ဗမာနိုင်ငံ၏ အကျိုးငှာ မိမိတို့၏ အသက် စည်းစိမ်ကို ဇွဲသတ္တိကြီးစွာဖြင့် စွန့်ခဲ့ကြလေသည်။ မှန်ကန်သောတရားကို နှစ်သက် ကြလေသည်။ ကောင်းမြတ်သောစိတ်ထားကို မွေး၍ ကောင်းမြတ်သောအကျင့် ကို ကျင့်ခဲ့ကြလေသည်။ ကောင်းမြတ်သော ပညာ၊ ကောင်းမြတ်သော ယဉ်ကျေး မှုတို့ကို ဆောင်ယူ၍ မိမိတို့၏ဉာဏ်အားကို ဖြည့်တင်းခဲ့ကြလေသည်။

          ထို့ကြောင့်ပင်လျှင် ဗမာနိုင်ငံသည် ယခုထက်တိုင် ဗမာဟူသော နာမည် တစ်လုံးနှင့် ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်စာပေ၊ ကိုယ့်စီးပွားနှင့် ခိုင်မြဲလျက် ရှိသည်။ ယင်းသို့ရှိနေခြင်းသည် ငါတို့၏ ဘိုးဘေးဘီဘင်များက ငါတို့အား အပ်နှင်းခဲ့သော အမွေအနှစ်ဖြစ်လေရာ ထိုအမွေအနှစ်ကို ကြီးပွားစည်ကားအောင် ဆက်လက် ဆောင်ရွက်ရန်မှာ ငါတို့ခေတ်သစ် ဗမာများ၏ တာဝန် ဖြစ်သည်။

          ဤစာအုပ်၌ ပါသောပုံပြင်များသည် ဘိုးဘေးဘီဘင်များ၏ ဇွဲသတ္တိ စိတ် နေစိတ်ထား အပြုအမူတို့ကို ကြေးမုံသဖွယ် ဖော်ပြထားသော ပုံပြင်များဖြစ်သည်။ ထိုပုံပြင်များကို ရာဇဝင်အစောင်စောင်မှ လည်းကောင်း၊ ရှေးဟောင်းစာတမ်းများ မှလည်းကောင်း ရွေးချယ်ကောက်နုတ်၍ ရေးသားသည်။ ရေးရာတွင် အခြေခံ အကြံဉာဏ်ပေးခဲ့သော ဤဌာနခွဲ၏ နိုင်ငံသမိုင်း အတိုင်ပင်ခံ အဖွဲ့ ဝင် သခင် ကိုယ်တော်မှိုင်း၊ ဆရာအတတ်သင်ကျောင်းအုပ်ကြီး ဦးဘ၊ အရှေ့အာရှတိုက်လူငယ်များအစည်းအရုံး၏ ဉာဏဗလတာဝန်ခံ ဦးဘရှင်တို့ကို ကျေးဇူးတင်ပါ သည်။

           ပုံပြင်ဟောင်း ၄၉ ပုဒ်အနက် ဥဿာပဲခူးကို ဂျွမ်းစစ်သည်တို့ တိုက်စဉ်က၊ ဗမာ့ စပါးကျီ၊ ကျန်စစ်သား ထီးနန်းရပုံ၊ အလောင်းစည်သူမင်းကြီး၊ အမတ်ကြီးရာဇသင်္ကြံ၊ အင်းဝတည်ခန်း၊ ရမည်းသင်းစား သီလဝ၊ ဝန်စင်းဖိုးရာဇာ၊ သူရဲကောင်း သမိန်ပရမ်း၊ ဗညားနွဲ့ နှင့် ဗျည်းနွဲ့ ၊ ဆင်လိမ္မာ ဗကမတ်၊ ဒလတိုက်ပွဲ၊ သာလွန်မင်းတရား၊ အလောင်းမင်း တရား၊ တရုတ်-ဗမာစစ်ပွဲ၊ ယောအတွင်းဝန် ဦးဖိုးလှိုင်တို့ကို ဦးဘသောင်း ရေး သည်။

          ပျူမင်းထီး၊ ဗိုလ်မင်း သမိန်ဖြတ်စ၊ ဒုတိယရာဇသင်္ကြံ၊ စစ်ကိုင်းစည်သူ ကျော်ထင်၊ ဘုရင်မရှင်စောပု၊ ဓမ္မစေတီမင်း၊ ဘုရင့်နောင်နှင့် နောင်ရိုးစစ်ပွဲ၊ ဘုရင့်နောင် နှင့် ပြည်ရေကြောင်းစစ်ပွဲ၊ ဘုရင့်နောင်နှင့် ရှမ်းပြည်၊ အနောက်ဘက်လွန်မင်း ငဇင်ကာကို ဆုံးမပုံ၊ မဟာဗန္ဓုလတို့ကို ဦးအုန်းဖေ (တက်တိုး) ရေးသည်။

          ဗမာနှင့်ချင်းဆွေမျိုးရင်း၊ မောင်ဒီ၊ ထို့မဲပါခေါ် မောင်သန်လျင်၊ ကျွဲများ ရှင်၊ မောတို့သမိုင်း၊ ဓညဝတီ မျိုးသာကီ၊ ပုဂံရွှေစည်းခုံစေတီတော်၊ စာပေအစ၊ ကျန်စစ်သားနှင့် ရာဇကုမာရ်၊ မျိုးတူနွယ်တူ ဝိုင်းဝန်းကူ၊ သူရဲကောင်း ဓမ္မဇေယ၊ ပုဂံအာဇာနည် ရဟန်းတော် ရှင်ဒိသာပါမောက်၊ မဟာပညာကျော်တို့ကို ဦးဝန် ရေးသည်။

          ဗမာသက္ကရာဇ်၊ ဗမာနိုင်ငံနှင့် ဗုဒ္ဓသာသနာ၊ လွှတ်တော် ဖြစ်ပေါ်လာပုံ။ မင်းညီနောင်သုံးပါး၊ မင်းကြီးရန်နောင်၊ တပင်ရွှေထီး၊ ဟံသာဝတီ၌ ရာဇဘိသိက် ခံခြင်း၊ အသစ်တိုးလာသော စာပေ၊ မက္ခရာမင်းသားကြီး၊ မင်းတုန်းမင်းတရားကြီး တို့ကို ဦးသိန်းဟန် ရေးသည်။

အပြင် စာပေနှင့် စာကြည့်တိုက်ရေးမှူး

ဗမာ နှင့် ဆွေမျိုးရင်း

ဦးဝန်

          ရှေးရှေး ကမ္ဘာတည်ဦးစအခါက ကမ္ဘာပေါ်တွင် တောတောင် မြစ်ချောင်းများ ရှိ သည်။ ကွင်းပြင် စိမ့်စမ်းများရှိသည်။ ဆင် မြင်း ကျွဲ၊ နွားများလည်း ရှိသည်။ သို့သော်လည်း လူများမရှိသေးချေ။ ထို့ကြောင့် ကမ္ဘာစောင့်နတ်ကြီးသည် လူဖန် ဆင်းရန်အလို့ငှာ ဗမာဥတစ်လုံးနှင့် ချင်းဥတစ်လုံးကို ဥလေသည်။

          ဗမာဥကို ကမ္ဘာစောင့်နတ်ကြီးသည် ဝါခင်းထဲက ဝါဂွမ်းပုံပေါ်တွင် အသာ အယာတင်ထားသည်။ ဝါဂွမ်းသည် နူးညံ့၍ ပူနွေးသောကြောင့် ဗမာဥသည် တစ်နေ့တခြား ရင့်မာလာပြီးလျှင် အချိန်စေ့ရောက်သောအခါ ဗမာကလေး ပေါက် လာလေသည်။

          ချင်းဥကို ကမ္ဘာစောင့်နတ်ကြီးသည် အလွန်လုံခြုံသော ကြေးနီဘူးတွင် ထည့်ထားလေသည်။ သို့ သော်လည်း ကြေးနီမှာ ဝါဂွမ်းကဲ့သို့ မနူးညံ့ချေ၊ မပူ နွေးချေ။ ထို့ကြောင့် ချင်းဥမှာ ရက်ပေါင်းများစွာကြာသော်လည်း မပေါက်ဘဲ ရှိ လေသည်။ ထိုအခါ ကမ္ဘာစောင့်နတ်ကြီးသည် ချင်းဥကို ကြေးနီဘူးမှ ထုတ်ယူ၍ မြစ်ရေတွင် မျှောချလိုက်လေသည်။

          ထိုမြစ်၏ ကမ်းနဖူး သာယာသောနေရာတစ်ခု၌ ငှက်တော်တစ်ကောင် သည် မြစ်ဘက်ကို မျက်နှာပြု၍ နားနေလေသည်။ ထိုခဏ၌ ပေါလာပေါလောနှင့် မျောလာသော ချင်းဥဖြူဖြူကြီးကိုမြင်၍ ဆယ်ယူပြီးလျှင် ဝါးရုံထဲရှိ မိမိ အသိုက်တွင် အသာအယာထည့်ထားလေသည်။ ထို့ပြင် ချင်းကို မိမိ၏ ဥရင်းပမာ နေ့စဉ်ညစဉ် စောင့်ရှောက်၍ ဥပေါ်တွင် ဝပ်လေသည်။ ဤသို့ဖြင့် ချင်းဥမှာ တစ်နေ့တခြား ရင့်မာလာ၍ အချိန်စေ့ရောက်သောအခါ ချင်းကလေးကို ပေါက် ဖွားလေသည်။

          ထိုအခါ ဖခင် ကမ္ဘာစောင့်နတ်ကြီးသည် ဗမာနှင့်ချင်း ညီအစ်ကို နှစ် ယောက်အား လုပ်ကိုင်စားသောက်ဖို့ရန် ကျွဲ နွား ဆင် မြင်းတို့ကို ပေးလေသည်။ ဗမာသည် ကျွဲနှင့်နွားကိုရ၍ ချင်းသည် ဆင်နှင့်မြင်းကို ရလေသည်။ သို့သော် လည်း ညီဖြစ်သော ချင်းငယ်သည် မြစ်ဝှမ်းမြေပြင်၌ မပျော်။ တောထဲ တောင်ပေါ် ၌သာ ကျေးငှက်သာရကာတို့နှင့်အတူ ပျော်ပျော်ပါးပါးနေလိုသည်ဟု ဆိုကာ ဆင် နှင့်မြင်းကို အစ်ကို ဗမာအားပေးခဲ့၍ တောထဲ တောင်ပေါ်သို့ တက်သွားလေသည်။ ဗမာမှာကား ဆင် မြင်း ကျွဲ နွားတို့ ကိုကျောင်း၍ မြစ်ဝှမ်းမြေပြင်တွင် ကျန်ရစ်ခဲ့ လေသည်။ တွင် ထိုအခါမှစ၍ “ချင်းနှင့်ဗမာ ဆွေရင်းချာ။ ဗမာနှင့်ချင်း ဆွေမျိုးရင်း” ဟူ သောစကား ပေါ်လာလေသတည်း။