Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဗန်းမော်တင်အောင် - မိအေး

Regular price 9,000 MMK
Regular price Sale price 9,000 MMK
Sale Sold out
နှင်းဆီမြိုင်၌ ညတစ်ည
( ၁ )

နှင်းဖွဲဖွဲကျ၏။ ညလည်း ချမ်းမြမြနှင့်၊ နွေကတော့ သစ်လေပြီ။

( ၂ )

          ကောင်းကင်သည် သန့်စင်၏။ လလည်း တထိန်ထိန်သာ၏။ နှင်းဆွတ်သဖြင့် ရွှန်းစိုသော လရောင်အောက်တွင် ရွက်ဟောင်း များ ကြွေလဲလွင့်စဉ်လျက်ရှိသော တောအုပ်အုပ်သည် ရွက်သစ်များ မြန်းဆင်ရန် အားသစ်လျက်ရှိ၏။ သို့ရာတွင် ရွက်အိုများ ကုန်စင်ခြင်း မရှိတတ်သေးသဖြင့် ရွက်နုများ ထွက်ပြူမလာကြသေးပေ။ တုံ့ဆိုင်း လျက်ရှိ၏။ နောက်ကျလျက်ရှိ၏။ ထို့ကြောင့် တောအုပ်အုပ်သည် အရိုးများပြိုင်းပြိုင်းထကာ အကျည်းတန်၍နေ၏။

          တောအုပ်၏ခြေရင်းတွင် ရေကန်ရှိ၏။ အတန်ငယ် ကျယ်ဝန်း ၏။ အမှိုက်သရိုက်များ ကင်းစင်သဖြင့် ရေပြင်သည် ပြာလဲ့ကြည်လင် လျက်ရှိ၏။ လှိုင်းဂယက် မထသဖြင့် ငြိမ်သက်၏။

ညမူကား အိုမင်းလျက် ရှိ၏။ လေသည်လည်း ငြိမ်ဝပ်၏။

          ထို့ကြောင့် တောအုပ်အုပ်နှင့် ရေကန်သာ၏ ဝန်းကျင်တွင် ဆိတ်ငြိမ်ခြင်း သည် ကြီးစိုးလျက်ရှိ၏။

          မလှမ်းမကမ်းတွင် နှင်းဆီမြိုင်ရှိ၏။ ခြံဝင်းသည် ကျယ်ဝန်း၏။ အိမ်ကြီးမူကား အိုမင်းလျက်ရှိလေပြီ။

          နှင်းသောက်ရသဖြင့် နှင်းဆီတစ်မြိုင်လုံး လန်းဆန်းဝေဆာလျက် ရှိ၏။ ပျံ့မွှေးသင်းထုံ၍ နေ၏။ မြိုင်အတွင်းရှိ အိမ်အိုကြီးကတော့မူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက် ရှိ၏။

(၃)

          အိမ်ကြီးတစ်အိမ်လုံး မှောင်ချထားသော်လည်း စာကြည့်ခန်း အတွင်းဝယ် မီးလင်းလျက်ရှိ၏။

          ညဝတ်အင်္ကျီကို ကပိုကရိုဝတ်ဆင်ထားသော သက်လတ်ပိုင်း အရွယ်အိမ်ရှင်သည် ည၏အိုမင်းချိန်တွင် နိုးကြားလျက်ရှိ၏။ စာကြည့် စားပွဲတွင် တစ်ယောက်တည်းထိုင်ကာ စာအုပ်တစ်အုပ်ကို စိတ်မပါ့တပါ နှင့် ဟိုလှန် သည်လှန်ကြည့်ရှုနေ၏။ စာကြည့်စားပွဲပေါ်တွင်လည်း စာအုပ်လေးငါးအုပ်မျှ ပြန့်ကျဲလျက် ရှိ၏။ ပျံ့လွင့်သောစိတ်ကို ထိုသူ သည် စာအုပ်ဖြင့် ကြိုးစားပမ်းစားထိန်းချုပ်နေရဟန်ရှိ၏။ ယင်းသို့ ထိန်းချုပ်လျက်ရှိသည့်အကြားမှပင် စိတ်သည် မကြာမကြာ ထွက်၍ ထွက်၍ ပြေး၏။

          စိတ်ဆိုသည်မှာ ရုပ်ကြည်၊ ရုပ်နုမျှသာ ဖြစ်၏။ ကြည်ရာနုရာ၌ မြူ၏ အခြေခံအမှုန်ထက် အဆအရာအထောင်မက သိမ်မွေ့နုကြည် ၏။ ထိုမျှသိမ်မွေ့သောဝတ္ထုပစ္စည်းကို လူတို့သည် အဘယ်သို့ ဖမ်းဆီး ချုပ်ကိုင်ကြမည်နည်း။ စိတ်ထက် အဆရာထောင်မက ရုန့်ရင်းကြမ်းတမ်း သော အခြေခံအမှုန်မျှကိုပင် ထူးခတ်၍ ရပါပြီလော။

          ထိုသူသည် လက်ဝယ်ရှိစာအုပ်ကို စိတ်ပျက်လက်ပျက်ဘေးသို့ တွန်းဖယ်ရင်း သက်ပြင်းချလိုက်၏။ ဦးခေါင်းကိုလည်း ခါယမ်း၏။ ထို့နောက် အတန်ကြာမျှ တွေ၍နေ၏။

          စာကြည့်စားပွဲဘေးတွင် စာအုပ်စင်ရှိ၏။ စာအုပ်စင်တွင် နောက် ဆုံးထုတ်စာအုပ် အများအပြားရှိ၏။ အမျိုးပေါင်းလည်း စုံ၏။ ရသ စာပေနှင့် ဘာသာရေးဆိုင်ရာ စာအုပ်များမှ သဘာဝသိပ္ပံဆိုင်ရာ စာအုပ် များပါရှိ၏။

          အတန်ကြာ ငိုင်နေပြီးမှ သတိပြန်လည်လာပြီးလျှင် ထိုသူသည် စာအုပ်စင်မှ နောက်ထပ်စာအုပ်တစ်အုပ်ကိုလှမ်း၍ ဆွဲယူလိုက်၏။ တပြေးတည်း ထွက်၍ ပြေးနေသောစိတ်ကို ဖမ်းယူရန်အတွက် စာအုပ် အသစ်ကိုဖွင့်လိုက်၏။ စိတ်လက်မပါ့တပါနှင့်ပင် ဟိုလှန်သည်လှန် လုပ်နေပြန်၏။ ပျံ့လွင့်လျက်ရှိသော စိတ်ကိုမူကား ဖမ်းဆီး၍မရ၊ ထွက်ပြေးမြဲပြေးလျက်သာရှိ၏။

          ထိုသူသည် လက်ဝယ်ရှိစာအုပ်သစ်ကို ဘေးသို့တွန်းထုတ်လိုက် ပြန်၏။ သက်ပြင်းကို ပင်ပင်ပန်းပန်းချရင်း ဦးခေါင်းကို ခါယမ်း၏။ ထို့နောက် အတန်ကြောမျှငိုင်နေပြန်၏။

          အများတကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်တွင် ထိုသူ သည် အိပ်စက်ခြင်း ပြုနိုင်ပုံမရ၊ တစ်စုံတစ်ရာ၏ဖမ်းစားမှုကြောင့် ည၏ ဝင်္ကပါခရီးတွင် ဝဲလည်နေရဟန်ရှိ၏။ အလူးအလဲခံစားနေရပုံပေါ်၏။ အိပ်ရာထက်တွင် ပင်ပန်းခြင်းမက ပင်ပန်းလာသောအခါ ထိုသူသည် စာကြည့်ခန်းအတွင်းသို့ ပြေးထွက်လာခြင်းဖြစ်၏။ ခိုဝင်လာခြင်း ဖြစ်၏။

          စာကြည့်ခန်းအတွင်း၌မီးဖွင့်ကာ ငြိမ်သက်ခြင်းကို ဖွေရှာ၏။ တွေ့ကား မတွေ့၊ ငြိမ်သက်ခြင်းကို အဘယ်မှာရှာရမည်နည်း။ အဘယ် သို့ အဘယ်ပုံ ရှာရမည်နည်း။

          နှင်းဆီမြိုင်၏ ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်လျက်ရှိ၏။ သို့ရာ တွင် ပတ်ဝန်းကျင်မှ ဆိတ်ငြိမ်ခြင်းသည် ထိုသူ့ထံသို့ ကူးစက်၍မလာ၊ ဥပေက္ခာနိုင်လှ၏။

          ထိုသူသည် သည်းညည်းမခံနိုင်သကဲ့သို့ ဖြစ်လာသဖြင့် ထိုင်၍ နေရာမှ ဖြုန်းခနဲထလိုက်၏။ စားပွဲတင်မီးတိုင်၏ မီးခလုတ်ကို နှိပ်လိုက် ၏။ စာကြည့်ခန်းအတွင်း မှောင်ကျ၍သွား၏။ ထိုသူသည် မှောင်ထဲ တွင် အတန်ကြာမျှ တွေတွေကြီးရပ်နေ၏။

          နှင်းဆွတ်သဖြင့် ရွှန်းစိုသော လရောင်သည် မှန်ပြတင်းတံခါးမှ စာကြည့်ခန်းအတွင်းသို့ စိမ့်ဖြာ၍ ဝင်လာ၏ ။ စာကြည့်ခန်းအတွင်း ရှိ အမှောင်ထုကို ချေဖျက်ရန် အားထုတ်၏။ အမှောင်ထုကလည်း ခုခံ၏။ အလင်းနှင့်အမှောင်သည် ပဋိပက္ခဖြစ်ပွားလျက်ရှိ၏။ ပဋိပက္ခ သည် ပြင်းထန်၏။

          ယင်းပဋိပက္ခကြောင့် ထိုသူသည် တွေတွေကြီးရပ်နေရာမှ ပြန် လည်အသက်ဝင်လာဟန်ရှိ၏။ ထိုသူသည် မှန်ပြတင်းတံခါးပေါက်သို့ သွား၍ရပ်ကာ ပြင်ပကမ္ဘာသို့ လှမ်း၍ကြည့်လိုက်၏။

          အိမ်အိုကြီး၏ အပြင်ဘက်တွင် နှင်းဆီပန်းများ ဝေ၍နေကြ၏။

(၄)

          ဝပ်လျှိုး၍နေရာမှ လေသည် ရုတ်တရက် ထကြွလှုပ်ရှားလာ၏။ မြောက်လေမဟုတ်၊ မည်သည့် အရပ်ကမှန်းလည်း မသိရ၊ လေသည် ငြိမ်သက်နေသော ကန်ရေပြင်ကို ဖြတ်၍ ပြေး၏။ ပြေးသည် ဆိုရာ၌ ရိုးရိုးတန်းတန်းမဟုတ်၊ ကဆုန်ပေါက်၍ ဒုန်းပြေးသွားခြင်းဖြစ်၏။

          ကန်ရေပြင်တွင် လေ၏ ခြေရာ၊ လက်ရာများသည် လှိုင်းဂယက် များအဖြစ်ဖြင့် ထင်ကျန်ရစ်၏။ လှိုင်းထသဖြင့် ကန်ရေပြင်သည် အသံထွက်လာ၏။ ကျယ်ကျယ်လောင်လောင်မဟုတ်၊ တိုးတိုးအုပ်အုပ်မျှသာ ဖြစ်၏။ အနက်မထင်သော ကဗျာတစ်ပုဒ်ကို ခပ်အုပ်အုပ် ရွတ်ဆိုနေ သကဲ့သို့ သာ ကြားရ၏။

          ကန်ရေပြင်တွင် ခြေဆန့်ပြီးစီးသောအခါ လေသည် တောအုပ် အုပ်အတွင်းသို့ ကမူးရှူးထိုးပြေးဝင်၏။ သစ်ပင်နှင့် သစ်ကိုင်း၊ သစ်ခက် များအကြားတွင် ဟိုတိုးသည်ဝှေ့နှင့် မြူးထူးခုန်ပေါက်၏။ ရွက်အိုရွက် ကျန်များကို ပုတ်ခတ်ဆော့ကစား၏။ လေရူး၏ ကျီစယ်မှုဒဏ်ကို ခံနိုင်ရည်မရှိကြတော့သဖြင့် ရွက်ဟောင်း ရွက်ကြွင်းများသည် ပင်စည်မှ တဖြုတ်ဖြုတ်နှင့် ပြုတ်ထွက်လျက်ရှိ၏။ တွယ်ရာမဲ့လေပြီဖြစ်ရကား ရွက်ကြွင်း ရွက်ကျန်များသည် မြေပြင်သို့ သက်ဆင်းကြရ၏။

          လေဝှေ့သဖြင့် ရွက်အို ရွက်ဟောင်းများ တဖြုတ်ဖြုတ်ကြွေလဲ လွင့်စဉ်လျက်ရှိစဉ် တစ်ယောက်သော မိန်းမပျိုသည် တောအုပ်အတွင်းမှကြောက်လန့်တကြား ပြေးထွက်လာ၏။ မိန်းမပျိုသည် အသက် အစိတ် ခန့်ပတ်ဝန်းကျင်အရွယ်ဖြစ်၏။ ပျိုမျစ်လျက် ကျန်းမာခြင်းနှင့် ပြည့်စုံ ၏။ ငေးမောကြည့်ရှုခြင်းပြုရလောက်အောင်ဆွဲဆောင်နိုင်အားကောင်း ၏။ ညှို့အားလည်းကောင်း၏။ သူမသည် ပြာသောထဘီနှင့် ဖြူဖွေးသော အကျီတို့ကို ဝတ်ဆင်ထား၏။ သို့ရာတွင် ဆံပင်မူကား ဖားလျားနှင့် ဖိနပ်လည်း မပါ။