ဗဂျီအောင်စိုး - စာမဲ့ကဗျာ
ဘသန်း (ဓမ္မိက) ၏ နိဒါန်း
နှစ်ဆန်းရတု အချိန်အခါ တစ်နေ့မှာ ဗဂျီအောင်စိုး ဟာ ကျွန်တော့်ဆီကို သူရေးဆွဲ စုဆောင်းထားတဲ့ မင်ရေးပန်းချီ လက်ရာများကို ယူဆောင်လာပြီး၊ စာအုပ်အဖြစ် ရိုက်နှိပ်ထုတ် ဝေဘို့ နိဒါန်းရေးပေးပါလို့ဆိုတယ်။ ထုတ်ဝေမယ့် စာအုပ် နာမည်က “စာမဲ့ကဗျာ”တဲ့။
ကျွန်တော်လည်း သူ လာပေးတဲ့ အလုပ်တာဝန်ကို လက်ခံလိုက်ပြီးနောက်၊ တနင်္ဂနွေနေ့ တစ်နေ့ နံနက် အိပ်ရာက ထ၊ ရေမိုးချိုးပြီး သူ့ ပန်းချီလက်ရာတွေကို တစ်ချပ်ခြင်း လှန် လှောကြည့်နေတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ချစ်ဇနီးလည်း ကျွန်တော့်ဘေးမှာ ထိုင်နေတယ်။ ကျွန်တော်ကြည့်ပြီးလို့ ဘေးမှာ ချထားလိုက်တဲ့ ကားချပ်တွေကို၊ ကျွန်တော့်ဇနီးကလည်း ကောက်ကြည့်နေတယ်။
နှစ်ဦးစလုံးဟာ တစ်ဦးကိုတစ်ဦး ဘာမှ မပြောကြဘဲ ကိုယ့်အာရုံနဲ့ ကိုယ်ဖြစ်နေကြတယ်။ ဇနီးဘက်ကို တစ်ချက် တစ်ချက် မျက်စိစွေကြည့်လိုက်တိုင်း၊ ဇနီးဟာ ပါးစပ် မဟ အသံ မထွက်ဘဲ ရီနေတာကို ကျွန်တော် သတိထားမိတယ်။ ပန်းချီကားတွေကို ကြည့်လို့ကုန်ခါမှ ကျွန်တော့်ဇနီးက စကားစပြောတယ်။
ဇနီး ။ ။ ကိုအောင်စိုးကတော့ မဟုတ်တာတွေကိုရှောက်လုပ် နေပြန်ပြီ။ ကဗျာလို့လဲဆိုသေး၊ စာလဲ မပါဘူးတဲ့။ ဒါဟာ လူတွေရဲ့ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်အောင် ကလက် လိုက်တာ သက်သက်ပဲ။ ဒါမှမဟုတ်ရင် ကျွန်မမြေးကလေး သုံးနေကျစကားနဲ့ ဆိုရရင် ကိုအောင်စိုး တစ်ယောက်တော့ “ပေါက်” သွားပြီလို့ ထင်မိတယ်။
ကျွန်တော် ။ ။ မဟုတ်ပါဘူးကွာ၊ မင်းကလဲ စာမဲ့ကဗျာဆို တာ တိမ်သယောင်နဲ့ အင်မတန် နက်တယ်ကွ။
ဇနီး ။ ။ လာပြီ ကိုကိုကတော့ ကိုကိုချစ်တဲ့ ခင်တဲ့ လူတွေဆိုရင် သူတို့လုပ်တာတွေဟာ ဘာဘဲဖြစ်ဖြစ် ကောင်း တာချည်းဘဲ။
ကျွန်တော် ။ ။ မင်း တက်တက်စင်အောင် လွဲနေပြီ။ ငါကကောင်းတာတွေ လုပ်တဲ့လူတွေကိုချည်း ရွေးပြီး ချစ်တတ်တာပါ ကွယ်။
ဇနီး ။ ။ ကဲ ဒါဖြင့် ဒီပုံတွေရဲ့ ကောင်းမွန်ချက်တွေကို ရှင်းပြအုံးရှင့်။ ကျွန်မတော့ ဒီကားတွေ တစ်ဝက်လောက်ဟာ ဘာ တွေဆွဲထားမှန်းကို မသိဘူး။ ကိုကိုကတော့ဖြင့် ကြည့်ကြည့်ပြီး ကြည်နူးနေလိုက်တာ။ ပထမဦးဆုံး စာမဲ့ကဗျာဆိုတာကိုဘဲ ရှင်းပြ စမ်းပါအုံး။ ဒါတွေဟာ ပန်းချီဘဲ။ ကဗျာမှ မဟုတ်တာ။
ကျွန်တော် ။ ။ ခက်တာက ဒို့တိုင်းပြည်မှာ မင်းတို့ လို လူစားတွေ များနေလို့ မကြီးပွားနိုင်တာ။ ဒို့တိုင်းပြည်မှာ လူတွေ ဟာ ဘယ်အတတ်ပညာဗေဒမျိုးကို လိုက်စားလိုက်စား၊ အပေါ်ယံ ကြောဖြစ်တဲ့ အတတ်ပိုင်း Technique ကိုသာ မဲပြီး လိုက်စား လေ့ရှိတယ်။ ပညာပိုင်းကိုပါ လေ့လာတဲ့သူ မျိုးဟာ ရှာမှ ရှားနေ တယ်။ သုခုမဗေဒဆိုတဲ့ အနုပညာမှာလဲ အနုပညာရဲ့ အတတ် ပိုင်းကိုသာ ခုထိတိုင်အောင် မဲပြီး လိုက်စားနေကြတယ်။
ဒါကြောင့်မို့ ကဗျာဆိုတဲ့အသံကို ကြားလိုက်တိုင်း ကြားလိုက်တိုင်း၊ တေးထပ်၊ သဖြန်၊ ဘောလယ်၊ သီချင်းကြီး၊ သီချင်းခံ၊ ရတု (ယုတ်စွအဆုံး ခုမဂ္ဂဇင်းတွေမှာ ပါပါနေတဲ့ “ကဗျာ” ဆိုတဲ့ ကာရန်စပ် အများစု) တွေကိုသာ စိတ်ထဲ ပြေးမြင်လိုက်၊ ကြားလိုက်တာချည်းဘဲ။
သုခမအရာထိုက်တဲ့ အနုပညာလက်ရာတိုင်းမှာ ပန်းချီ ကားဘဲဖြစ်ဖြစ်၊ တေးတစ်ပုဒ်ဘဲဖြစ်ဖြစ်၊ အဆောက်အဦတစ်ခုဘဲ ဖြစ်ဖြစ်၊ ဝတ္ထုတစ်အုပ်ဘဲဖြစ်ဖြစ်၊ ပန်းပုရုပ်တစ်ရုပ်ဘဲဖြစ်ဖြစ်၊မိန်းမလုံချည် ဒီဇိုင်းတစ်ခုဘဲဖြစ်ဖြစ် ကဗျာဆိုတဲ့သဘောတရား ဟာ ပါရှိနေတာချည်းဘဲ။ ဒီကဗျာဆိုတဲ့ (ကမ္ဘာသုံးစကားနဲ့ဆိုရ ရင် Poetry ပါဠိလိုဆိုရရင် သောဘဏသာရဆိုတဲ့) အလှအနှစ် သားဟာ အနုပညာ လက်ရာမွန် လက်ရာကောင်းတိုင်းမှာ တစ်လျှောက်လုံး သဘောအရာမှာ မပြောင်းလဲဘဲ လိုက်လံပါရှိ နေတာချည်းဘဲ။ အဲဒီပရမတ်သဘောကို သိမြင်တဲ့ လူဦးရေဟာ အင်မတန်မှန်နေသေးတယ်။ အနုပညာရှင် အများစုလဲ ဒီသဘော ကို မရိပ်စားမိကြဘူး။
ဇနီး ။ ။ သုခုမအရာထိုက်တဲ့ အနုပညာလက်ရာတိုင်း မှာ အဲဒီပရမတ် အလှသဘောပါတာချည်းဘဲဆိုတာ ထပ်ရှင်းပြ စမ်းပါအုံး။
ကျွန်တော် ။ ။ ဥပမာ တစ်ခု ဆောင်ပြမယ်ကွာ။ မြေအိုး၊ မြေခွက်၊ မြေခရား၊ မြေပန်းကန်ဆိုပါတော့။ မြေအိုးနဲ့ မြေခွက် ဟာ မတူဘူး၊ မခြားတာက မြေ။ မြေခွက်နဲ့ မြေခရားဟာ မတူ ဘူး။ မခြားတာက မြေ၊ မြေခရားနဲ့ မြေပန်းကန်ဟာ မတူဘူး။ မခြားတာက မြေမဟုတ်လား။ မြေပန်းကန်အစိမ်းနဲ့ မြေပန်းကန် အနီဟာ မတူကြဘူး။ မခြားတာကတော့ မြေ ဘဲ မဟုတ်လား။ သဏ္ဍာန်တွေ၊ အဆင်းတွေက ဘယ်လိုဘဲ ပြောင်းသွား ပေမယ့်လို့ အနှစ်သားမြေကတော့ဖြင့် မဖောက်မပြန် တသမတ် တည်း လိုက်ပါနေတာချည်းဘဲ။ မြေဟာ အိုးခွက်၊ ခရား၊ ပန်းကန်နောက်တစ်နည်း ပြောအုံးမယ်ကွာ။ အနောက်တိုင်းက ကမ္ဘာကျော် Artistic အလှပညာ ဝေဘန်ရေး စာရေးဆရာကြီး ဆရာ John Ruskin (၁၈၁၉-၁၉ဝဝ) ကလဲ ခုလို ပြောဖူးတယ်။
“ကဗျာ” ဆိုတာဟာ သဒ္ဒါရေ၊ ပုဒ်ရေ၊ ကာရန်တို့နဲ့ ရေး သားစီကုံးထားတဲ့ စာပေဖြစ်တယ်ဆိုတဲ့ အပြောဟာ အင်မတန်မှ တိမ်လှတယ်၊ တုံးလှတယ်။ စာလုံးများနဲ့ ရေးသားစီကုံးတဲ့ ကဗျာစာဟာ ကဗျာရွတ်ဆိုမှုသာ ဖြစ်တယ်။ ပန်းပုရုပ်၊ ကျောက် ဆစ်၊ ကြေးသွန်း၊ ပန်းတမော့ရုပ်၊ ပန်းချီကား၊ ဂီတအစစ်စသည် တို့ဟာလဲ ကဗျာထုတ်လုပ်မှုများ ဖြစ်တယ်။ ဆောက်ကိုကိုင်တဲ့ ဖီးဒီးယပ်စ်၊ စုတ်ကိုကိုင်တဲ့ ရပ်ဖဲလ်၊ စန္ဒရားတီးတဲ့ ဗီထိုဗင် တို့ဟာ စာဆိုကျော် မင်လတန်၊ စာဆိုကျော် ဂါယာတို့နဲ့ အတူအမျှ ကဗျာ ကဝိတွေဖြစ်သတဲ့။
ဆရာရပ်စကင်ရဲ့ ဒီအဆိုဟာ ကဗျာကို စာပေကောင်းတို့ မှာသာ တွေ့ ရတာမဟုတ်၊ ပန်းပုကောင်း (ဖိုင်းကြုတ် သာမက ပိုစတာ၊ ကာတွန်း၊ ကြော်ငြာဒီဇိုင်း စာသရုပ်ဖော်စတဲ့ ကွန်မာရှယ် အော့တ် အပါအဝင်) ပန်းချီကောင်း၊ ပန်းတမော့ကောင်း၊ ဂီတကောင်း၊ ဇာတ်ကောင်း၊ အကကောင်း၊ ဗိသု ကာကောင်းတို့မှာလဲ တွေ့ရတာချည်းပဲလို့ ဆိုလိုတာဖြစ်တယ်။
ဆိုတဲ့ ပညတ်တွေအားလုံးရဲ့ ပရမတ်ပေါ့ကွယ်။ ပညတ်ဆိုတာ သမုတ်ရှိ၊ ပရမတ်ဆိုတာ အဟုတ်ရှိ ဖြစ်တယ်။
ကဗျာဟာ ဘုတ်ဆိုတဲ့ သုခုမဗေဒ(အလှပညာ)ရဲ့ အဌာ (အထာ)ဖြစ်လို့ စစ်မှန်တဲ့အလှပညာ လက်ရာမွန် လက်ရာကောင်း အားလုံးတို့မှာ မပျက်မကွက် အစဉ်တစိုက် လိုက်လံ တည်ရှိတဲ့ သောဘဏသာရ အလှအနှစ်သား၊ တစ်နည်းဆိုရရင် အတွင်းဓမ္မသား၊ အတွင်းတရားသား ဖြစ်တယ်လို့ဆိုတာ အဲဒီလို ပဲ စာကဗျာ၊ ပန်းပုကဗျာ၊ ပန်းချီကဗျာ၊ ပန်းတမော့ကဗျာ၊ ဂီတ ကဗျာ၊ အကကဗျာ၊ ဗိသုကာကဗျာစသဖြင့် ကဗျာတရားဟာ အလှပညာ အားလုံးထဲမှာ မဖောက်မပြန်တဲ့ ပရမတ်ဓာတ် သဘောနဲ့လိုက်လံပါဝင်တည်ရှိတယ်။ ။
ဗဂျီအောင်စိုးက “စာမဲ့ကဗျာ”လို့ သူ့ လက်ရာတွေကို ခေါ် ထားတာဟာ ခု ငါရှင်းပြခဲ့တဲ့ ကဗျာဆိုတဲ့ ပရမတ်အလှသဘော ကို စာနဲ့မဟုတ်ဘဲ ပန်းချီနဲ့ ဖော်ထုတ်ထားတာလို့ဆိုတာ။ ပန်းချီ ဒီဇိုင်းနဲ့ ဖော်လှစ်ထားတဲ့ ကဗျာအလှ အနှစ်သားလို့ ဆိုတာ။
လောကနတ် ပန်းချီပန်းပုဆိုင်ခန်းကို အလည်အပတ် လာနေကျဖြစ်တဲ့ ရင်းနှီးတဲ့ လူငယ်ပန်းချီဆရာကလေးတွေကို ငါ ခဏခဏ တဖွတဖွရွတ်ဆို ရှင်းလင်းပြလေ့ရှိတဲ့ သုခမဗေဒ၏ ပရမတ်အင်္ဂါ-ခြောက်ပါးကို မင်းသာ ပြန်စဉ်းစားရင် စာမဲ့ကဗျာ ရဲ့ အနက်အဓိပ္ပာယ်ကို ရိပ်စားမိနိုင်ပါတယ်။
ဇနီး ။ ။ ပရမတ် အင်္ဂါခြောက်ပါး၊ ဘယ်လိုပါလိမ့်။
ကျွန်တော် ။ ။ မင်းနှယ်ကွာ၊ The Six Ultimate Principlesof Art လေ၊ မေ့သွားပလား။
ဇနီး ။ ။ အော်၊ ကျမကို အလွတ်ကျက်ခိုင်းထားတဲ့ ကိုကို့စာလား၊ ကိုကို ကိုယ်တိုင်ဆင်ခြင် သုံးသပ်ပြီး ထိုးထွင်းသိရှိ ရေးစပ်ထားတဲ့ ကိုကို့ရဲ့ အဦးအစမဟာတွေ့ရှိချက်ကြီးလား။ “ပရ မတ်သစ္စာခြောက်ချက်”ပါ။
ကျွန်တော် ။ ။ အို ... အတူတူပေါ့ ကွာ။ ရွတ်ပြစမ်းပါအုံး။ မေ့များသွားပလား။
ဇနီး ။ ။ သုခုမ အလှပညာ ဟူသည်...
(၁) အလှတရား ဓာတ်ခံပါရမီ အထူးရှိသော (စိတ္တာဓိက) ပုဂ္ဂိုလ်တို့၌ ကဗျာဉာဏ်အလှ၊ ဂယက်ထခြင်းလျှင် အစရှိ၏။
(၂) တင့်တယ် မြင့်မြတ်သော အလိုရှိခြင်း (ဓမ္မစ္ဆန္ဒ) လျှင် နီးစွာသောအကြောင်း (ပဒဌာန်) ရှိ၏။
(၃) အတွင်းနာမ်တရားအလှ (သောဘဏစိတ်) များကို အပြင်ရုပ်တရားအလှ၊ အဆင်းအသံ (ဗဟိဒ္ဓရူပါရုံ၊ သဒ္ဓါရုံ) များ အဖြစ်သို့ ပြောင်းလဲဖန်ဆင်းခြင်း (နိမ္မာနရသ) အမှုကိစ္စရှိ၏။
(၄) လှပတင့်တယ်ခြင်း (သောဘဏလက္ခဏာ) သဘာဝ အမှတ်အသားရှိ၏။
(၅) ကြည်နူးသာယာခြင်း (ပီတိသောမနဿ) အစရှိသည့် ချမ်းသာအလှများလျှင် ဉာဏ်၌ထင်သော အခြင်းအရာ (ပစ္စု ပဌာန်)ရှိ၏။ (လောကဟိတတ္ထာယ) လောက၏ နာမ်ပိုင်းအလှရုပ်ပိုင်းအလှ တိုးပွားခြင်းလျှင် အကျိုးဖလ ရှိ၏။
(၆) စုလစ်မွန်းချွန်တပ်သော သုခုမ ပြဿာဒ်၌ ရသစာပေ၊ ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ ဂီတ၊ သဘင် စသည့် ရှိရှိသမျှသောအောက်ခံအထည်ဝတ္ထုအစုစုသည် အတုလွတ် အလှအနှစ်သား၊ ကဗျာသဘောတရား (သောဘသာရ) ဟူသော အထက်ထုပိကာ ထီးတွင် ကိုင်းရှိုင်းစုဝေးကြ၏။
ကျွန်တော် ။ ။ အေး ...... အဲဒီခြောက်ချက်စလုံးကို ငုံမိ ခြုံမိအောင် စာမဲ့ကဗျာဆိုတဲ့ စကားကလေး (၄) လုံးက နိဒ္ဒေသ ပြုထားတယ်။ ကဲ .... နောက်ဆက်တွဲ အဖွင့်ကလေးကိုလဲ ရွတ်ပြ ပါအုံးကွယ်။ ။
ဇနီး ။ ။ အနုပညာလက်ရာအစစ်တစ်ခုကို စင်စစ် အားဖြင့် ဘယ်သူဘယ်ပုဂ္ဂိုလ်မှ ဖန်ဆင်းတာ မဟုတ်ဘူး။ မဟာ ပလာ၊ သုညတာဆိုတဲ့ အလှဓာတ်ပြင်ကြီးထဲက မေတ္တာအစရှိတဲ့ စေတသိက်ဓာတ်စင် အလှလှိုင်းဂယက်တွေ ထပွက်ပြီး ထိုလှိုင်း ဂယက်များကို အပြင်သို့ ဖော်ထုတ်ချင်သော စိတ်ဆန္ဒသည် သေ လုမတတ် ပြင်းထန်လှသဖြင့် အတွင်းအဇ္ဈတ္တလှုပ်ရှားမှု ရုပ်ဓာတ် စင်အလှများဟူသော ကာယဝိညတ်၊ ဝစီဝိညတ် ရုပ်တရားတွေ ဖြစ်လာစေတယ်။ ထိုအတွင်းရုပ်ဓာတ်စင် အလှတွေက အပြင် ဗဟိဒ္ဓကြည့်စရာ ရုပ်ဓာတ်အလှတွေနဲ့ ကြားစရာရုပ်ဓာတ်အလှ တွေကို ဖန်ဆင်းတယ်။ အပြင်အလှဓာတ်တွေကို အတွင်းအလှဓာတ်တွေက ဖန်ဆင်းတယ်။ အတွင်းအလှတရားတွေက အပြင် အလှတရားတွေကို ဖန်ဆင်းတယ်။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်သတ္တဝါ၊ ဘယ်သူဘယ်ဝါ၊ ဘယ်ငါဘယ်သူ၊ ဘယ်မင်းမှ အဲဒီထဲမပါ။ အလှတရားဓာတ်ခံပါရမီအထူးရှိတဲ့ (စိတ္တဓိက) ပုဂ္ဂိုလ်ဆိုတာဟာ
ကျွန်တော် ။ ။ တော်ပါတော့ကွယ်၊ ဒါတွေဆက်ရွတ်နေရင် ထမင်းစား နောက်ကျနေပါအုံးမယ်။
ဇနီး ။ ။ ဒါဖြင့်ရင် ဒီအချို့ပုံတွေထဲမှာ ဘယ်မလဲ အလှ။ ကျွန်မဖြင့် ကြည့်လို့မတွေ့ပါဘူး။
ကျွန်တော် ။ ။ ဘယ်တွေ့မလဲ၊ နင်မှ မကြည့်တတ်ဘဲ။
ဇနီး ။ ။ (ဟက်ဟက်ပက်ပက်ရယ်မောလျက်) ကြည့် တတ်အောင် ရှင်းပြစမ်းပါအုံးရှင်။ ။
ကျွန်တော် ။ ။ ကဗျာစာတစ်ပုဒ်ကို ဖတ်တဲ့အခါ၊ တေး တစ်ပုဒ်၊ ဂီတတစ်ကွက်ကို နားထောင်တဲ့အခါ၊ ဝါကျတိုင်း၊ အပိုဒ်တိုင်း၊ ကုန်ဆုံးအောင်သာမဟုတ်၊ တစ်ပုဒ်လုံး၊ တစ်ကွက် လုံး၊ ကုန်အောင် ဆက်ပြီးဖတ်ရတယ်။ နားထောင်ရတယ်။ ဖတ်ရှု နားထောင်သူမှာလဲ သက်ဆိုင်ရာ ဓာတ်ခံ ပညာခံ အထိုက် အလျောက်ရှိရတယ်။ ။
ပန်းချီအရသာပေါ်အောင် ကြည့်ရှုရာမှာလဲ ဖျတ်ကနဲ ကြည့်ရုံနဲ့ မရဘူး။ ကဗျာစာ၊ တေးဂီတမှာလိုဘဲ အစမှအဆုံး တိုင်အောင် ကြည့်ဘို့လဲလိုတယ်။ ပန်းချီဆိုတာဟာ သဏ္ဌာန် နိမိတ်၊ ဝေဒနာနိမိတ်၊ သင်္ကေတနိမိတ် ဆိုတဲ့ နိမိတ်သုံးပါး အရာဖြစ်တယ်။ ကဗျာပါတဲ့ ပန်းချီဆိုရင် ကြည့်ရုံနဲ့လဲ မမြင်ဘူး။ မြင်ရုံနဲ့လဲ မသိဘူး။ သိရုံနဲ့ကလဲ မထိဘူး။ ထိမှသာ ပန်းချီထဲပါ တဲ့ ကဗျာကို မိနိုင်တာ။ ကြည့်မှုမှ မြင်မှု၊ မြင်မှုမှ သိမှု၊ သိမှုမှ ထိမှု ပေါ်ပြီး တွေးမှု ကြံမှုပေါ်တယ်။ တဖန် ထိုမှ ထိမှုမိမှု ပေါ်ပြန်တယ်။ အဲဒီလိုသာ ပန်းချီအလှရဲ့ အရသာခံစားမှုကို အပြည့်အဝ ရယူနိုင်တယ်။
ဇနီး ။ ။ အမယ်လေး ကိုကို ရှင်းလိုက်မှ ပိုရှုပ်သွားပြီ။
ကျွန်တော် ။ ။ နေပါအုံး၊ ဆက်နားထောင်စမ်းပါအုံးဟ။
ပန်းချီဆိုတာ မျက်စိနဲ့ မြင်မှတ်စရာအဖြစ် မြင်ရုံသက် သက်အတွက် မဟုတ်ဘူး။ စိတ်နဲ့ ခံစားစရာအဖြစ် ခံစားရတဲ့ အရာလဲ ဖြစ်တယ်။ ဉာဏ်နဲ့ ကွန်မြူးစရာအဖြစ် ကျက်စား ကွန့်မြူးရတဲ့ အရာလဲ ဖြစ်တယ်။
သုခုမပန်းချီလက်ရာဟူသရွေ့ မှာ လက်ရာရှင်ဟာ ခုနက ပြောခဲ့တဲ့ မျက်စိအမြင် (ကြည့်မြင်မှု)၊ စိတ်အမြင် (ခံစားမှု)၊ ဉာဏ်အမြင် (ကွန့်မြူးမှု) ဆိုတဲ့အမြင်သုံးမျိုးစလုံးကိုအသုံးပြုပြီး အဲဒီအမြင်သုံးမျိုးထဲက မိမိရဲ့ ဝါသနာစရိုက်နဲ့ အခိုက်အတန့် စိတ်ထားအလိုက် တစ်မျိုးမျိုးကိုသာ လိုရင်း ပဓာနပြုပြီး ကျန်နှစ် မျိုးကို သာမညထားလေ့ရှိတယ်။
ရှင်းပြအုံးမယ်။ သေသေချာချာနားထောင်။ သဏ္ဌာန်