ဖြိုးသာရ - သားငယ်သမီးငယ်စကာကြွယ်စေဖို့
“တီတီတာတာ ပြောရမယ်”
ကလေးငယ်တို့ရဲ့ ချစ်စဖွယ် စကားပြောကြပုံကို တီတီတာတာ ပြောတယ်လို့ ဆိုလေ့ရှိတယ် ကလေးတို့ရေ “တာ” တယ်ဆိုတာ ချွဲနွဲ့ခြင်းရဲ့ အဓိပ္ပါယ်ဖြစ်တယ်။ အဲဒါကို တွတ်တီးတွတ်တာ ပြောတယ်လို့လည်း ဆိုတတ်ကြတယ်။
မိဘတွေကတော့ သားသမီးရဲ့ တီတီတာတာ စကားလေးတွေ အပေါ်မှာ သာယာပီတိ ဖြစ်တတ်ကြတာပေါ့နော်။ အဲဒီလို တီတီတာတာ ပြောတတ်တဲ့ ကလေးမျိုးကို ဘယ်သူမဆို ချစ်တတ်ကြတယ်လေ။
တချို့ကလေးတွေဆိုရင် စကားကိုတောင် ပီသအောင် မပြော နိုင်သေးတဲ့ လူမမယ်အရွယ်ကလေး ဖြစ်ပေမယ့် ချွဲနွဲ့ တီတာပြောပြီး လူကြီးမိဘတွေဆီက ချစ်ခင်ယုယမှုကို ရယူတတ်ကြတယ်။ မသင်ကြားရဘဲ သဘာဝအလျောက် တတ် မြောက်လာကြတဲ့ ပညာနော်။ ဘယ်လောက် အံ့သြစရာ ကောင်းသလဲ။
တချို့ ကလေးတွေကျတော့ လိုချင်တာကို ငိုယိုပြီး တောင်းဆို တတ်ကြတယ်။ ငိုရင်ရမှာပဲဆိုတဲ့ အသိကို လက်ကိုင်ထားတတ်ကြတယ်။ တချို့များ မြေပေါ်မှာ ခြေဆင်းပြီးတောင် ကောက်ပြတတ်ကြလေရဲ့၊ ကလေးတို့ စဉ်းစားကြည့်နော်။ တီတီတာတာ ချွဲနွဲ့ပြီးပူဆာခြင်းနဲ့ ငိုယိုစိတ်ကောက်ပြီး တောင်းခံ ခြင်းမှာ ဘယ်အပြုအမူက ပိုပြီးတင့်တယ်သလဲ။
ငိုသံဆိုတာ ကျက်သရေမင်္ဂလာ မရှိပါဘူးကွယ်။ ကြေကွဲဝမ်းနည်းလို့ ငိုကြွေးတယ်ဆိုတာကမှ သဘာဝကျပါတယ်။ ငိုပြီးတောင်းဆိုတယ်ဆိုတာကောင်းမွန်တဲ့ အကျင့်စရိုက် မဟုတ် ပါဘူး၊ ငိုယိုပြီးမှ ရနိုင်လာတဲ့ ပိုင်ဆိုင်မှုဆိုတာလည်း ဘယ်တန်ဖိုးရှိပါ့မလဲ၊ ကလေးတို့ မငိုကြနဲ့နော်။
မိမိလိုချင်တဲ့ဆန္ဒကို ပေးနိုင်သူက ချစ်လာအောင် စကားအရာ လိမ္မာစွာနဲ့ တီတီတာတာ တောင်းခံကြရမယ်။ အဲဒီ ပညာကို ကလေးအရွယ် ငယ်ငယ်ကတည်းက တတ်မြောက် ကျွမ်းကျင်တတ်ဖို့လိုတယ်။
လေ့ကျင့်ထားကြနော်။