Skip to product information
1 of 3

Other Websites

ဖေမြင့် - လူသုံးပစ္စည်းရောင်သူများ နှင့် အခြား၀ထ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဖေမြင့်-လူသုံးပစ္စည်းရောင်သူများ နှင့် အခြား၀ထ္ထုတိုများ

လူသုံးပစ္စည်း ရောင်းသူများ

အင်း မိန်းမအကြောင်းကပဲ စပြောရမယ် ထင်တာပဲ။

ကျွန်တော့်မိန်းမ ပြောတာပါ။ ။

မိန်းမက မိခင်စိတ် ဆိုတာကြောင့်ပဲလား၊ ဒါမှမဟုတ် သူတို့ရဲ့ ခန္ဓာကိုယ် သဘာဝအရ အဲသလိုပဲ ဖြစ်တတ်သလား မပြောတတ်ဘူး။ ဒီမိန်းမဟာ မကြာခဏ ကလေးတစ်ယောက် လိုချင်တယ်လို့ ပြောလေ့ ရှိတယ်။ ကလေးပေါက်စလေး ချီချင်တယ်၊ နို့တိုက်ချင်တယ်လို့ ပြော တယ်။

တကယ်တမ်းကျတော့ သူ့ ရှိပြီးသားဟာတွေတောင် သူနိုင်တာ မဟုတ်ဘူး။ စားရေးသောက်ရေး လုပ်ရတာနဲ့၊ စာဖတ်ဖို့ ပြောရတာနဲ့၊ စိတ်တိုင်းမကျလို့ ဆူရပူရတာတွေနဲ့ အားရတယ် မရှိဘူး။

ဒီကြားထဲကပဲ နည်းနည်းလေး အေးအေးလူလူ ရှိရင် ကလေး လိုချင်တဲ့ အကြောင်း ပြောတတ်တယ်။

ကလေးဆိုတာက သိတဲ့အတိုင်း မလိုချင်ရင်သာ ခက်တာ၊ လိုချင် ရင်တော့ အလွယ်ကလေးပဲ။ အဲ ရှားရှားပါးပါး တချို့ လူများက လွဲလို့ ပေါ့လေ။

အဲဒီတော့ 'ကဲ၊ မင်းဒီလောက် ကလေးလိုချင်လဲ မွေးပေါ့လကွာ” လို့ ပြောပြန်တော့လဲ မွေးရဲသလား ဆိုတော့ မမွေးရဲဘူး၊ ကြောက်ပြန် တယ်။

လူလားမြောက်အောင် ပြုစုပျိုးထောင်ရမှာတွေ၊ ဘာတွေကျတော့ တွေးကြည့်ပြီး မောတော့ မောတယ်၊ သို့သော် မကြောက်ဘူး၊ ကိုယ်ဝန် ဆောင်ရမှာကိုသာ ကြောက်တယ်လို့ ဆိုတယ်။

အင်း ဟုတ်ပါတယ်လေ၊ သူ့အနေနဲ့ ကြောက်မယ်ဆိုလဲ ကြောက်စရာပါပဲ။ ဒီမိန်းမက ကိုယ်ဝန်ဆောင်မိရင် သူများနဲ့ တူတာ မဟုတ်ဘူး၊ ကိုယ်ဝန်ရှိစအ ချိန်က စပြီး အန်လိုက်အော်လိုက်နဲ့ ဘာအစာမှ စားမရ မျိုမရ ဖြစ်လိုက်မှာ လူမမာကြီးလုံးလုံး ဖြစ်တဲ့အထိပဲ။ သူက အဲဒီ ဝေဒနာကြီးကို ကြောက်တယ်။ ပြီးတော့ သူ့မှာ အရင်ကလေးတုန်းက ဗိုက်ခွဲ မွေးရဖူးတဲ့ ရာဇဝင် ရှိတော့ အခု ကလေးမွေးရင် ဗိုက်ထပ်ခွဲမွေး ရဦးမှာ။ ဆေးထိုးရ၊ ဆေးသွင်းရ၊ ဘာညာတွေက မတော်တဆ အေအိုင် ဒီအက်စ် ရောဂါ ကူးမှာ စသဖြင့် အဲဒါတွေ ကြောက်တာလဲ ရှိတယ်။

အဲဒါကြောင့် ကျွန်တော်က မဂ္ဂဇင်းထဲမှာ တွေ့ရတဲ့ ဗိုက်အငှားနဲ့ ကလေးမွေးတဲ့ ကိစ္စကို တစ်စွန်းတစ်စ လှမ်းပြောလိုက်တဲ့အခါ သူငေါက် ခနဲ ထလာတယ်။ သေသေချာချာ ဖတ်ပြစမ်းပါဦး” တဲ့။

ကျွန်တော်လည်း မဂ္ဂဇင်းထဲပါတဲ့ သတင်းကို အစအဆုံး ဖတ်ပြ လိုက်ရတယ်။ ။

ရောဂါတစ်ခုကြောင့် သားအိမ်ထုတ်ထားရလို့ ကလေး မရနိုင် ဖြစ်နေတဲ့ အမျိုးသမီးနဲ့ သူ့ယောက်ျားက ခေတ်မီသားစပ်လုပ်ငန်း လုပ်တဲ့ ဆရာဝန်ဆီကိုသွား၊ ဆရာဝန်က အမျိုးသမီးဆီက အမမျိုးဥနဲ့ အမျိုးသား ဆီက အဖိုပိုးကို စပ်ပေး၊ ဖန်ပြွန်သန္ဓေသားလို့ ခေါ်ကြတဲ့ အဲဒီ သား

လောင်းကလေးကို တခြား မိန်းမတစ်ယောက်ရဲ့ သားအိမ်ထဲ ထည့်ပြီး အဲဒီ မိန်းမရဲ့ အသွေးအသားနဲ့ ကြီးထွားခိုင်း၊ နေ့စေ့ လစေ့လို့ မွေးပြီး တဲ့အခါကျတော့ ကလေးကို ဟိုအမျိုးသမီးနဲ့ အမျိုးသားက ယူကြ၊ အငှားကိုယ်ဝန်ဆောင်ပေးတဲ့ အမျိုးသမီးကိုတော့ အခကြေးငွေ ဘယ်ရွေ့ ဘယ်မျှပေး၊ အဲသလိုလုပ်ကြတဲ့ အကြောင်း ရေးထားတဲ့ သတင်းတစ်ပုဒ်ပါပဲ။

မိန်းမက အဲဒါ နားထောင်ပြီး သူ့အတွက် လမ်းစပေါ်သွားပြီ ဆိုတဲ့ ပုံစံမျိုးနဲ့ ဝမ်းသာအားရ ဖြစ်သွားတယ်။ မြန်မာပြည်မှာ အဲဒါမျိုး လုပ်လို့ရရင် သိပ်ကောင်းမယ်” တဲ့။ ပြောလိုက်သေးတယ်။

“သိပ် စိတ်ကူး ယဉ်မနေနဲ့၊ ဗိုက်တဲ့ မိန်းမကို ပေးရတာ ချည်းပဲ ဒေါ်လာတစ်သောင်း၊ ဆရာဝန်နဲ့ ဆေးခန်းကို ဘယ်လောက် ပေးရဦးမလဲ မသိဘူး၊ မြန်မာငွေနဲ့ ဆိုရင် ဘယ်လောက် ရှိမလဲ တွက် ကြည့်ဦး” လို့ ဆိုလဲ သူကတော့ ခပ်အေးအေးပဲ။

ဒီမှာဆို ဒါလောက် မကျနိုင်ပါဘူး”တဲ့။ ဒီလကစပြီး အပတ်စဉ် ထီမှန်မှန် ထိုးရမယ်” တဲ့။ “ထီပေါက်တဲ့ အချိန်နဲ့ မြန်မာပြည်မှာ အဲဒါ တွေ လုပ်လို့ ရတဲ့အချိန် တစ်ပြိုင်တည်းလောက်ကျရင် အိုကေပဲ” တဲ့။

အဲသလို ပြောပြီး သူ အိပ်ရာဝင်သွားတယ်။

ကျွန်တော် မဂ္ဂဇင်းတစ်အုပ်လုံး ဖတ်ပြီးတဲ့အချိန်မှာတော့ မိန်းမက အသံဗလံတွေ ထွက်ပြီး အိပ်ပျော်နေပြီ။ ဗိုက်အငှားနဲ့ ကလေးမွေးတဲ့ အိပ်မက်တောင် မက်နေပြီ ထင်ပါရဲ့။

သူ့အိပ်မက်က ဘယ်လိုနေသလဲတော့ မသိဘူး။ ကျွန်တော့် အိပ်မက် ကတော့ဗျာ၊

ဇာတ်လမ်းက ဘယ်နားက ဘယ်လို စသလဲတော့ မသိဘူး။ ကျွန်တော် သိတာက ကျွန်တော့်ကို လူတစ်ယောက်က ကားနဲ့ လိုက်ပို့တယ်။ လူတစ်ယောက်ဆိုတာ သူဌေးတစ်ယောက်ရဲ့ အခိုင်းအစေ သို့မဟုတ် ဒရိုင်ဘာ တစ်ယောက် ဖြစ်မယ်။ လမ်းမှာ မိုးထိတိုက်ကြီးတွေ၊ နှစ်ထပ်သုံးထပ် လမ်းမကြီးတွေ မြင်ရတယ်။ ခြံကြီးဝင်းကြီးနဲ့ သားနားတဲ့ သူဌေးရပ်ကွက်ကြီး ဖြတ်ရတယ်။ နောက်တော့ မြို့ပြင်ဘက် ရောက်လာ တယ်။ ကျဲကျဲတောက် နေပူအောက် လွင်တီးခေါင် တစ်ခုကို ဖြတ်ပြီး တဲ့အခါ ဧရာမ အမှိုက်ပုံကြီးတွေ တွေ့ရတယ်။ အဝေးက ကြည့်တဲ့အခါ တောင်ကုန်းကြီးတွေလို ထင်ရတယ်။

အမှိုက်သရိုက် တောင်တန်းကြီးရဲ့ နောက်ဘက်မှာ ရပ်ကွက်တစ်ခု။ တစ်မျှော် တစ်ခေါ်ကြီးပဲ။ မြို့တစ်မြို့စာလောက် ရှိတယ်။ ဒါပေမယ့် တိုက်အိမ်တော့ တစ်လုံးမှ မတွေ့ရဘူး။ ခြေတံရှည် သစ်သားအိမ်တောင် မရှိဘူး။ အားလုံး မြေစိုက်တဲ၊ ထရံကာတွေ၊ အတိုအစ အဟောင်းအမြင်း တွေနဲ့ ခနော်ခနဲ့ ဆောက်ထားတဲ့ တဲကလေးတွေ။

ရပ်ကွက်အစပ်မှာ ကားရပ်တယ်။ ဆင်းတော့၊ ခင်ဗျားတို့ ရပ် ကွက် ရောက်ပြီ”တဲ့။ ကားမောင်းသူက ပြောတယ်။

ကျွန်တော် တံခါးဖွင့်ပြီး ဆင်းတယ်။ သူ့ကား ပြန်လှည့်သွားတယ်။ကျွန်တော် ရှေ့နားက ရပ်ကွက်ကလေးကို ကြောင်တောင်တောင် ကြည့်ရင်း ကျန်ရစ်တယ်။

ဒါ ကျွန်တော်တို့ ရပ်ကွက် ဆိုပါလား။ ဟိုလူ့ စကား စဉ်းစား မိပြီး ကျွန်တော် ဒိတ်ခနဲ ဖြစ်သွားတယ်။ ငါ ဒီရပ်ကွက်ကတဲ့လား။ ဒါဖြင့် ငါ ဘာကောင်လဲ၊ ဒါ ဘယ်တိုင်းပြည်လဲ၊ ဘယ်အရပ်လဲ၊ ဒါ ငါနေတဲ့ နေရာ ဆိုတာ ဟုတ်ရဲ့လားကွာ။

ကျွန်တော် စိတ်မချမ်းမသာ ဇဝေဇဝါနဲ့ လျှောက်လာတယ်။

ကျွန်တော် သိသလိုလို ဖြစ်လာတယ်။ ဟုတ်တယ်ဗျာ၊ ဟိုရှေ့ ကဟာ ကျွန်တော့်အိမ်။

အိမ်ဆိုတာ ကားဂိုဒေါင်ဟောင်း တစ်ခုလို ပုံစံမျိုး။ သို့သော်အဲဒါ ကျွန်တော့်အိမ်ပဲလို့ အိပ်မက်ထဲမှာ ကျွန်တော် သေသေချာချာ သိလိုက်ရတယ်။

အိမ်ထဲဝင်လိုက်တော့ မိန်းမကို တွေ့ ရတယ်။

ကျွန်တော့် မိန်းမဆိုတဲ့ မိန်းမက အသားမည်းမည်၊ နှုတ်ခမ်း လန်လန်၊ ဆံပင်ကောက်ကောက်နဲ့ နီဂရိုးမ တစ်ယောက်ပဲ။ “ငါ ဒါကြီးနဲ့ ဘယ်တုန်းက ဘယ်လို ရသွားလိုက်ပါလိမ့်” လို့ ရုတ်တရက် တွေးလိုက် မိတယ်။ သို့သော် အိပ်မက်ဆိုတာ ကြာကြာ မစဉ်းစားဖြစ်ဘူး။

မိန်းမက ကွပ်ပျစ်ကလေး တစ်ခုပေါ်မှာ ငြိမ်ပြီးထိုင်နေတာ တွေ့ ရတယ်။ မျက်နှာတော့ မကောင်းဘူး။

သို့သော် ကျွန်တော့် မိန်းမ မျက်နှာမကောင်းတာ မဆန်းပါဘူး။ တစ်ခုပဲ ရှိတယ်။ ဒီနေ့ မျက်နှာမကောင်းပုံဟာ ခါတိုင်းနေ့တွေထက် နည်းနည်း ပိုတယ်လို့ ထင်မိတယ်။

သို့သော် ကျွန်တော် ဘာမှ မေးမြန်းမနေတော့ပါဘူး။ မေးလို့လဲ မိန်းမက ဖြေချင်မှ ဖြေမှာကိုး။ ရှင့်ကို ပြောလို့ကော ရှင်က ဘာတတ်နိုင် မှာလဲလို့ ဖြေပြန်ရင် လင်မယား ရန်ဖြစ်ရဦးမယ်။ အဲဒီတော့ သူပြောမှပဲ နားထောင်တော့မယ် ဆိုပြီး သားကလေး လှဲနေတဲ့ နေရာမှာ သွားထိုင် လိုက်တယ်။

သားလေးက နေမကောင်းဘူး။

မိန်းမက စိတ်မချမ်းသာတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို လှမ်းကြည့်ပြီး သူ့နေရာက ထလာတယ်။

မိန်းမက မပေါ့ပါးတော့ဘူး။ သူ့ဗိုက်က တနင့်တပိုးကြီးကို ဖြစ် နေပြီ။ အမှန်တော့ ကိုယ်ဝန်က ခုနစ်လကျော်ကျော်ပဲ ရှိသေးတယ်။ ဗိုက်က ပူတတ်တော့ ပုံမှန်ထက်ကို လေးလေးလံလံကြီး ဖြစ်နေတာ။

ဒီကိုယ်ဝန်ဟာ ကျွန်တော်နဲ့ ရထားတာ မဟုတ်ဘူး။

အမှန်ကတော့ ကျွန်တော့မိန်းမ ကိုယ်ဝန်ဆောင်တာ ဆယ့်ခုနစ် ကြိမ် ရှိသွားပြီ။ ဒီအထဲမှာ ကျွန်တော်နဲ့ ရတာ နှစ်ယောက်ပဲ ပါတယ်။ကျန်တာတွေက သူများ ဗိုက်တွေ။ သူများ သန္ဓေသားကို ဗိုက်အငှား ကိုယ်ဝန်ဆောင်ပေးရတာတွေ။

ဘယ်က ဘယ်လို ဒီဘဝထဲ ကျွန်တော်တို့ ရောက်ခဲ့ကြသလဲ မသိဘူး။ ကျွန်တော့် မိန်းမဟာ ကျွန်တော်နဲ့ ရကတည်းကပဲ သူများ သန္ဓေသားတွေကို အခကြေးငွေ ယူပြီး ကိုယ်ဝန်ဆောင်ပေးတဲ့ အလုပ် လုပ်လာခဲ့ရတာ ခုဆိုရင် နှစ်ပေါင်း နှစ်ဆယ်နီးပါး ရှိပါပြီ။ တစ်ဗိုက်ပြီး တစ်ဗိုက် ပြတ်တယ်ကို မရှိဘူး။

အစပိုင်းကတော့ ဒီအလုပ်ဟာ အတော်လေး ကိုက်ပါတယ်။ သန္ဓေသား ပိုင်ရှင်တွေက သူ့တို့ သွေးသားစလေးကို အလုံးအထည် အကောင်ဒြပ် ဖြစ်လာတဲ့အထိ သွေးသား ဖြည့်တင်းပေးမယ့် မိခင်အတု ဖြစ်သူ ကျွန်တော့် မိန်းမကို ကိုယ်ဝန်ဆောင်ခ ကိုးလခအပြင် အာဟာရ ပြည့်တင်းအောင် စားဖို့ အစားအစာတွေ၊ ဆေးဝါးတွေ၊ စိတ်လက်ကြည် လင်အောင် ဆိုပြီးလဲ မကြာခဏ လက်ဆောင်ပစ္စည်းတွေ ပေးကြကမ်းကြ တယ်။

အဲဒီတုန်းကတော့ ကုသိုလ်လဲရ ဝမ်းလဲဝပေါ့။ မိန်းမအတွက်ပေး တဲ့ စားကောင်းသောက်ဖွယ်တွေ၊ သစ်သီးဝလံတွေ ကျွန်တော်လဲ အ၀ အပြဲ စားခဲ့ရတာပဲ။

အဲဒီတုန်းက ကိုယ့်သန္ဓေသားကို သူများ ဗိုက်ငှားပြီး ကိုယ်ဝန် ဆောင်ခိုင်းကြသူတွေကလဲ များသောအားဖြင့် ကျန်းမာရေး အခြေအနေ အရ တကယ်ကိုယ်တိုင် ကိုယ်ဝန်မဆောင်နိုင်လို့ သူများကို အားကိုးကြ ရတဲ့ မိခင်စိတ် ပြည့်ဝတဲ့ မိခင်လောင်းစစ်စစ်တွေ။

နောက်ပိုင်းမှာတော့ ဒီကိစ္စ သိပ် ခေတ်စားလာတယ်။ ကလေး တော့ လိုချင်ပါရဲ့၊ ဗိုက်ကြောပြတ်မှာ ကြောက်တယ်။ ဗိုက်နာပြီး ကလေး မွေးရမှာ ကြောက်တယ်။ ဗိုက်ထဲမှာ ကလေးတစ်ယောက် လွယ်ပြီး ကိုးလ ဆယ်လ မနေချင်ဘူး ဆိုတဲ့ မိန်းမတွေ။ အဲ ပိုက်ဆံလဲ ချမ်းသာကြ တယ်ပေါ့။ အဲဒီ မိန်းမမျိုးတွေကလဲ အများကြီးပါ။ မြို့ကြီးထဲမှာ တိုက်တာအိမ်ရာကြီးတွေမှာ နေကြတဲ့ ဟာတွေပေါ့။

သူတို့က ကျွန်တော့် မိန်းမလို ကိုယ်ဝန်လက်ခံတဲ့ မိန်းမမျိုးတွေ ဆီမှာ သူတို့ ဗိုက်တွေ လာအပ်ကြတယ်။

ကျွန်တော့်မိန်းမလို ဗိုက်လက်ခံတဲ့ မိန်းမတွေလဲ များလာတယ်။ တဖြည်းဖြည်းနဲ့ မြို့ထဲက သူဌေးမယားတွေ အားလုံးကိုယ်စား ကျွန်တော် တို့ ရပ်ကွက်က ဆင်းရဲသား မယားတွေက အခစားနဲ့ ဗိုက်ကြီးပေးရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။

ဒီအခါမှာ ကြားက ဖြတ်စားလျှပ်စားလုပ်တဲ့ လူတွေ ပေါ်လာ တယ်။ ပွဲစားတွေ၊ ကိုယ်ဝန်အကျိုးဆောင်လုပ်ငန်းတွေ။

တိုတိုပြောရရင် ကျွန်တော်တို့ ရပ်ကွက်က ကျွန်တော့်မိန်းမ အပါ အဝင် ဗိုက်ငှားသမတွေဟာ အဲဒီ အကျိုးဆောင် လုပ်ငန်းတွေ လက်ထဲ ရောက်သွားတယ်။ စာချုပ် အနှောင်အဖွဲ့ အမျိုးမျိုး၊ စည်းကမ်းချက် အမျိုးမျိုး၊ ဒဏ်ကြေး အမျိုးမျိုးနဲ့။ ။

ကျွန်တော့် မိန်းမဟာ သူများ ကိုယ်ဝန် နှစ်ကြိမ် ပျက်ကျဘူး တယ်။ နှစ်ကြိမ်လုံးမှာ ကျွန်တော့် မိန်းမဟာ အကျိုးဆောင်လုပ်ငန်းရှင်

တွေ ဖွင့်လှစ်ထားတဲ့ ဆေးရုံ ဆေးခန်းတွေက ဆရာဝန်များရဲ့ ညွှန်ကြား ချက်တွေ အတိုင်း မလိုက်နာလို့ ဖြစ်ရတာ ဆိုပြီး တရားရုံးက ဆုံးဖြတ်တဲ့ အတွက် ဒဏ်ငွေ မချိမဆံ့ အရိုက်ခံရတယ်။ အဲဒီကြေးငွေကို ဆပ်ဖို့ အတွက် ကျွန်တော့် မိန်းမဟာ ကိုယ်ဝန်လေးကြိမ် ဆောင်ပေးခဲ့ရတယ်။ ဒီသံသရာထဲက ကျွန်တော်တို့ ဘယ်မှာ လွတ်နိုင်ပါတော့မလဲဗျာ။



 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)