Skip to product information
1 of 2

Other Websites

ဖေမြင့် - လူနာဆောင်အမှတ်ခြောက်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နတ်နွယ်၏အမှာ

          စာပေလောကတွင် အစုအဝန်းကလေးတွေ ရှိဖို့လို အပ်သည်။ စာပေအစုအဝန်းဆိုသည်မှာဂိုဏ်းမဟုတ်ပါ။ ဂိုဏ်းဂဏဝါဒများ မွေးဖွားရန် မဟုတ်ပါ။

          အထုံဝါသနာတူညီသူများ၊ အခြေခံ အတွေးအခေါ် အယူအဆ တူညီသူများ စုဝန်းပြီး စာအကြောင်း ပေ အကြောင်း ဆွေးနွေးကြဖို့ လိုပါသည်။ မိမိတို့ မြန်မာစာ ပေ အခြေအနေနှင့် နိုင်ငံတကာစာပေအခြေအနေများကို မှန်မှန်ကန်ကန် ညှိနှိုင်း သုံးသပ်ပြီး လက်ရှိကာလတွင် မည်သည့်စာအုပ်တွေ ဖတ်သင့်သည်ကို လည်းကောင်း၊ မည်သည့်စာပေမျိုး မည်သည့်အကြောင်းအရာမျိုးကို ရေးသားသင့်သည်ကိုလည်းကောင်း၊ မည်သို့သောစာအုပ် များကို ထုတ်သင့်သည်ကိုလည်းကောင်း ဆွေးနွေးတိုင် ပင်ကြဖို့ လိုအပ်ပါသည်။

          ရန်ကုန်မြို့၏ စာပေလမ်းဟုဆိုအပ်သော ၃၃လမ်း တွင် စာအုပ်တိုက်များ၊ ပုံနှိပ်တိုက်များ၊ စာရေးဆရာများ၊ ထုတ်ဝေသူများ၊ စာပေဝါသနာရှင်များ စုရုံးလျက်ရှိသည်။ ကိုယ့်အစုအဝန်းနှင့် ကိုယ်လည်း ရှိကြသည်။

          ထိုအထဲတွင် လူငယ်တစ်စုလည်း ပါဝင်သည်။ တက္ကသိုလ်မှ ပညာတတ်လူငယ်များ ဖြစ်ကြသည်။ ဆေး တက္ကသိုလ်မှ ဘွဲ့ရပြီးသူများလည်း ပါရှိသည်။ သူတို့ သည် ကျဉ်းမြောင်းသော ပုံနှိပ်စက်အခန်းငယ်အတွင်း ၌ လည်းကောင်း၊ နံစော်သော ရေမြောင်းစကြံပေါ်တွင် လည်းကောင်း၊ ဆူညံသောလက်ဖက်ရည်ဆိုင်တွင်လည်းကောင်း စုဝန်းလျက် ထွေထွေရာရာ ပြောဆိုကြသည်။ ထိုအထဲတွင် စာအကြောင်းပေအကြောင်းများလည်းပါ ရှိသည်။ ယင်းသို့ဖြင့် သူတို့သည် စာပေလောက စာတည်း အဖွဲ့ဟု၍ ဖြစ်လာသည်။ ကမ္ဘာ့ဂန္ထဝင်စာပေများထုတ် ဝေရန် အားထုတ်ကြသည်။သူတို့ကိုယ်တိုင်လည်း သင့်တင့်ရာရာ ရေးသားပြုစုရန် လုံ့လပြုကြသည်။ ထိုအထဲ တွင် ဖေမြင့်တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။

          သူက ဆရာဝန် ဖြစ်သည်။ သူ၏ ပထမစာအုပ်က အာသာဟေလီ၏ စာအုပ်ကို ဘာသာပြန်သော ဆေးရုံ၊ ဒုတိယစာအုပ်က ချက်ကော့၏ လူနာဆောင် အမှတ်ခြောက်။

          သို့သော် သူသည် ဆရာဝန်ဖြစ်သဖြင့် စာရေးဦးမှ ဆိုပြီးဆေးပညာပေးစာအုပ်များကိုရေးသားခြင်း မဟုတ်။ စာပေဝါသနာပါပြီး စာရေးဆရာလုပ်လိုသဖြင့် သူနှင့် သင့်တင့်သောစာအုပ်များကို ရွေးချယ်ပြန်ဆိုခြင်း။

          ပထမစာအုပ် ဆေးရုံ သည် အောင်မြင်သော စာအုပ် တစ်အုပ် ဖြစ်သည်။ မူရင်း စာရေးဆရာမှာလည်း ကမ္ဘာကျော်တစ်ဦး။ မူရင်း စာအုပ်မှာလည်း အရောင်းရ တွင်ကျယ်သော စာအုပ်တစ်အုပ်။ ဖေမြင့်၏ မြန်မာဘာ သာပြန်ကိုလည်း အတော်များများ လက်ခံကြသည်။ ဆေးပညာ လောက၊ ဆေးရုံလောကနှင့် စပ်လျဉ်းသော အကြောင်းအရာ ဖြစ်သဖြင့် ဆရာဝန်တစ်ဦးက ပြန်ဆို သဖြင့် ကိုက်ညီသင့်လျော်သည်။ သို့တိုင် ဆေးပညာ ဝေါဟာရများ များပြားသဖြင့် ပြန်ဆိုသုအတွက်လည်း အတော်ပင် အခက်အခဲ ဖြစ်ဟန်ရှိသည်။ စာဖတ်သူများ လည်း အထူး အားထုတ်ပြီး ဖတ်ကြရသည်။ ဆေးပညာ ဝေါဟာရများက နှောင့်ယှက်နေသဖြင့် သူ၏ ဘာသာပြန်သည် အနည်းငယ်အဖုအထစ်များ ရှိနေသည်လား အောက်မေ့ရသည်။

          ယခု ဒုတိယစာအုပ်ကလည်း ဆေးရုံအကြောင်း ပင်။ သို့သော် ဆေးပညာဝေါဟာရများ မပါသလောက် ပင်။အဆောင်ခြောက်သည် ရုရှားပြည် မြို့ကလေး တစ်မြို့ရှိ ဆေးရုံတင်ရုံ၏ စိတ္တဇဝေဒနာသည်များ ထားရာ အဆောင် တစ်ဆောင် ဖြစ်ငြားလည်း ချက်ကော့သည်ဆေးပညာအကြောင်း၊ ဆေးရုံအကြောင်း ရေးလိုရင်း မဟုတ်ချေ။

          ထိုခေတ်က ဖြစ်ပေါ်နေသော ရုရှားနိုင်ငံ၏ လူမှု အဖွဲ့အစည်းအကြောင်း ဖော်ပြလိုရင်းသာ ဖြစ်သည်။

          လူနာဆောင် အမှတ်ခြောက် မှာ လူနာ ၅၊ ဆရာဝန် ၁၊ သူ့ဝတ္ထုက ဒါပဲ ဖြစ်သည်။ အခြား ဆေးရုံ အမှု ထမ်းများနှင့် မြို့နယ်ကောင်စီ လူကြီးများက အသိုင်း အရန်မျှသာ။ သို့သော် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး အကြောင်းကို ခြယ်မှုန်းထားသည်ဟုလည်းပြောနိုင် သည်။

          ထပ်၍ ပြောရလျှင် ချက်ကော့သည် ဆေးရုံသို့ စိတ္တဇ ဝေဒနာသည်တစ်ဦး အဖြစ် ရောက်ရှိနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် သစ္စာတရားကို ရင် ဝယ် ပိုက်သော ဆရာဝန်တစ်ဦးမှတစ်ဆင့် လူ့အဖွဲ့ အ စည်းကြီး၏ ဖောက်ပြန်မှုများ တိုးတက်ဖြစ်ထွန်းမှုများ ကို ပီပြင်ပေါ်လွင်အောင် ပြထားသည်။

           လူနာဆောင် အမှတ်ခြောက်တွင် ခက်ခဲသောဆေး ပညာဝေါဟာရများ မပါရုံသာမက ချက်ကော့၏အရေး အဖွဲ့သည် ပြေပြစ်ချောမောပြီး သွက်လက်ဆွဲဆောင်လှသဖြင့် ဘာသာပြန်သူအဖို့ရော စာဖတ်သူများအဖို့ပါ အံဝင်ခွင်ကျဖွယ်ရာ ရှိပါသည်။ ချက်ကော့သည် ခိုင်ခံလေးနက်သော ဇာတ်လမ်းတစ်ပုဒ်ကို သွက်လက် ပေါ့ ပါးစွာ ရေးသားတင်ပြနိုင်သူ ဖြစ်သည်။

          စာရေးဆရာ ကိုယ်တိုင်က သူ့ဝတ္ထုတွင် အမျိုး သမီးဇာတ်ဆောင် မပါရှိသဖြင့် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလှသည်ဟုဆိုသော်လည်းတကယ်တွင်မူလူနာဆောင်အမှတ်ခြောက်သည်ဆွဲဆောင်လှပေသည်။ စာဖတ်သူကို အစမှ အဆုံးတိုင် မနားတမ်း ခေါ်သွားနိုင်ပေသည်။

          ယင်းကြောင့်လည်း သည်ပတ္ထုကို လီနင်ကအထူး ပင် နှစ်ခြိုက်ချီးမွမ်းခဲ့ခြင်းပင် ဖြစ်သည်။ သည်ဝတ္ထုကို ဖတ်နေရင်း မိမိကိုယ်တိုင် အဆောင် ခြောက်တွင် ချုပ်နှောင်ခြင်း ခံနေရသလို ခံစားရသည်ဟု လီနင်က ဆိုပါသည်။

          ချက်ကော့၏ စာပေမိတ်ဆွေများနှင့် ဝေဖန်ရေး ဆရာအများအပြားကလည်း သည်ဝတ္ထုကို နှစ်ခြိုက် ချီး မွမ်းကြသည်။ သို့သော် အချို့ကလည်း ဇာတ်လမ်း၏ ဦးတည်ချက် မပီပြင် မရှင်းလင်းဟု ဝေဖန်ကြသည်။

          မည်သို့ဆိုစေ ယခုအခါတွင် ဖေမြင့်ပြန်သဖြင့် ချက်ကော့၏ လူနာဆောင် အမှတ်ခြောက်ကို မြန်မာစာဖတ်သူများကိုယ်တိုင် ဖတ်ရှုခံစား ဝေဖန်ကြရတော့ မည်ဖြစ်သည်။

နတ်နွယ်

၄၊၅၊ ၁၉၇၇

 

(၁)

          ဆေးရုံဝင်းအတွင်း၌ အဆောင်ငယ်တစ်ခု တည် ရှိ၏။ ထိုအဆောင် ပတ်ပတ်လည်၌ ချုံနွယ်ပင်၊ ဖက် ယားပင်တို့ တောရိုင်းကြီးထ၍နေလေသည်။ အဆောင် ခေါင်မိုးမှာ ဆွေးမြည့်ပျက်စီးလျက် ရှိပြီး မီးခိုး ခေါင်း တိုင်က ထက်ပိုင်းကျိုးကျနေ၏။ အုတ်လှေကားမှာ မြက်ပင်တို့ ဖုံးကာ နံရံများမှာလည်း တစ်ချိန်က အင်္ဂတေ သုတ်ခဲ့ဖူးသည့်အရိပ်အယောင်မျှလောက်သာကျန်တော့၏။ အဆောင်ရှေ့ မျက်နှာစာ၌ ဆေးရုံ ပင်မအဆောက် အအုံကြီး တည်ရှိပြီး နောက်ဘက်၌မူ လယ်ကွင်းပြင် ကြီးတစ်ခု ရှိ၏။ လယ်ကွင်းပြင်နှင့် အဆောင်ငယ် ကြားတွင် သံချွန်များ စိုက်ထားသည့် ညိုမှောင် အုတ်တံတိုင်းက ခြား၍ထားလေသည်။ မိုးသို့ မျှော်နေသော သံချွန်များ၊ညိုမှောင်သော အုဟ်တံတိုင်းနှင့် အဆောင်ငယ် ကိုယ်တိုင်သည်ကျွန်တော်တို့ ဆေးရုံများ၊ အကျဉ်း ထောင်များ၏ ကံဆိုးမိုးမှောင်ကျခြင်း၊ အချည်းနှီး ပျက်သုဉ်းကြေပြုန်းရခြင်းသရုပ်ကို ဆောင်လျက်ရှိတော့၏။

            အကယ်၍သာဖက်ယားပင်များ၏ စူးရှခြင်းကိုဂရု မစိုက်ဘူးဆိုပါမူအဆောင်ငယ်ဆီသို့သွားရာခြေကြောင်း လမ်းကလေးအတိုင်း လိုက်ကာ အဆောင်ငယ်အတွင်း မှာ ဘာတွေဖြစ်ပျက်နေသည်ကို ဝင်ရောက်ကြည့်ရှုပါ လေ။ အပြင်ဘက် တံခါးကြီးကို တွန်းဖွင့်ကာခန်းမထဲ သို့ ဝင်လိုက်ပါ။ အခန်းနံရံနှင့် မီးဖိုကြီးပတ်ပတ်လည် တွင် ဆေးရုံသုံးပစ္စည်း အဟောင်းအမြင်းများ တောင်လို ပုံ၍ နေသည်။ အိပ်ရာအပေါက်အပြဲများ၊ ၀တ်စုံ အစုတ် အပြတ်များ၊ အတွင်းခံ ဘောင်းဘီများ၊ အပြာစင်း ရှပ် အင်္ကျီများ၊ ဖိနပ်စုတ်များ စသည်ဖြင့် ဗြုတ်စဗျင်းတောင်း များအားလုံး ရောထွေးယှက်လိမ်ကာ ကာလတောင် တာ စုပုံ၍ ထားသဖြင့် ဆိုးရွားသော အနံ့အသက်များ ထွက်ပေါ်လျက်ရှိ၏။

          ထိုအမှိုက်ပုံ၏ အပေါ်၌ ဆေးတံ တစ်လက်ကို မချွတ်တမ်း ခဲကာ လှဲအိပ်နေသူကား အဆောင်စောင့် နီကီတာ ဖြစ်၏။ နီကီတာမှာ တပ်မှ အငြိမ်းစားယူလာ သည့် စစ်သားဟောင်းကြီးတစ်ယောက်ဖြစ်၍ တံဆိပ် တွေ ပျက်နေသောစစ်ဝတ်စုံအဟောင်းကြီးကို ဝတ်ထားဆဲ ဖြစ်၏။ မျက်ချောင်ပါးချောင်ကျကာ ပါးရေ နားရေ တွန့်နေသော်လည်း သူ့မျက်နှာထားက တင်းမာခက် ထန်၏။ ရှည်လျားထူထဲသော မျက်ခုံးမွေးများကြောင့် သိုးကျောင်းခွေးနှင့် တူ၍နေ၏။ သူ့နှာခေါင်းကမူ ရဲရဲ နီလေသည်။လူကောင် မကြီးသော်လည်း နီကီတာသည် အဟန့်ကောင်းသူတစ်ယောက် ဖြစ်၏။ သေးသလောက် မာသည့် သံချောင်းလိုအစားထဲက ဖြစ်၏။သူ့လက်သီး များကလည်း ကြောက်ခမန်းလိလိ အားကြီးလှ၏။ သူကား တစ်ခုဆိုတစ်ခုပဲ စွဲစွဲမြဲမြဲ မှတ်သားတတ်သောသူမျိုး၊ ဒါစည်းဒါကမ်း ဆိုသည်က လွဲ၍ ဘာကိုမှ ထည့်မစဉ်းစားတတ်သော အလွန် ခေါင်းမာသည့်လူမျိုး ဖြစ် ၏။ ထို့ကြောင့်လည်း “ဒီလူတွေက နာနာရိုက်ပေးနိုင်မှ”ဟု သူသဘောထားလေသည်။ ကျောထိထိရင်ဘတ်ထိထိ မျက်နှာပဲ ထိထိ ထိုးဖို့တစ်ခုပဲ သူသိသည်။ ဒီလို နည်းနှင့်မှပဲ ဤနေရာတွင် စည်းကမ်းကလနားကို ထိန်း သိမ်းနိုင်မည်ဟု သူက နားလည်ထားလေသည်။ ထိုမှ ဆက်၍ ဝင်သွားလျှင် ခန်းမကျယ်ကြီးတစ်ခုထဲသို့ ရောက် ၏။ ထိုအခန်းကြီးကားအဝင်ခန်းမကို ဖယ်၍အဆောင်ငယ်၏ ကျန်နေရာအားလုံးကို ယူထားပေသည်။ ခန်းမ နံရံတွင်သုတ်ထားသောဆေးရောင်မှာ မွဲညစ်ညစ်အပြာနု ရောင် ဖြစ်သည်။ မျက်နှာကြက်မှာ မီးခိုးခေါင်းတိုင်မရှိသော ရှေးခေတ်တဲခေါင်မိုးများကဲ့သို့ ကျပ်ခိုးစွဲ၍နေရာ ဆောင်းအခါများ၌ တစ်ခန်းလုံးမီးခိုးတွေဝေ၍နေ မည်ဖြစ်ကြောင်း သိသာလှ၏။ ပြတင်းပေါက်တို့မှာသံ တိုင်များ စိုက်ထားသဖြင့် အကျည်းတန်၍ နေ၏။ ကြမ်း ပြင်ကလည်း ညစ်ပေကာအကွဲအစတွေ ထွက်၍နေလေ ပြီ။ ထို့ပြင် တစ်ခန်းလုံးမှာ ဂေါ်ဖီချဉ်ဖတ်နံ့၊ မီးအိမ်မှ ဆီညှော်နံ့၊ ကြမ်းပိုးနံ့၊ အမိုးနီးယားနံ့တို့ ရောပြွမ်းဖုံးလွှမ်း လျက်ရှိရာ တိရစ္ဆာန်လှောင်အိမ်ထဲ ဝင်နေရဘိသကဲ့သို့ အော်ဂလီဆန်ချင်စရာ ကောင်းလှတော့၏။

          အခန်းထဲ၌ ခုတင်များကို ကြမ်းပြင်တွင် မူလီစွဲ၍ ထား၏။ အပြာရောင် ဝတ်စုံများ၊ ရှေးဆန်ဆန် ခေါင်း စွပ်များကို ဝတ်ဆင်ထားသည့် လူများမှာ ခုတင်ပေါ်တွင် လှဲ၍တချို့၊ ထိုင်၍တချို့နေကြသည်။ သူတို့ကား စိတ်ရောဂါသည်များ ဖြစ်သတည်း။



Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)