Skip to product information
1 of 4

Other Websites

ဖေမြင့် - နှလုံးသားအဟာရ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အမှာစကား

          အချို့လူများမှာ ငွေကြေးဥစ္စာ မည်မျှကြွယ်ဝသော်လည်း ဥစ္စာနှင့် ထပ်တူ သောကတွေ ထူပြောကာ ချမ်းသာသုခ ကင်းမဲ့ နေကြရသည်။

          ရာထူးရာခံ ကြီးမားသည့် အချို့ ပုဂ္ဂိုလ်များမှာလည်း အများအမြင်အရ အဆင့်အတန်း မည်မှု မြင့်မားနေသော်လည်း သူတစ်ပါးအပေါ် မေတ္တာ ကရုဏာ မထားနိုင်၊ သူတစ်ပါး၏ အဆင်ပြေမှု အောင်မြင်မှုများအပေါ် မုဒိတာမပွားနိုင်သဖြင့် ဝန်တိုမစ္ဆေရစိတ်တို့၏ နှိပ်စက်မှုကို ခံနေကြရသည်။

          အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ် အများအပြားသည် လည်း ထိုထိုသော အကြောင်းများကြောင့်ပင် စိတ္တသုခပြည့်၀မူမရှိကြ။

စင်စစ် ..

          ဓနဥစ္စာ၊ ရာထူးရာခံနှင့် အောင်မြင်ကျော်ကြားခြင်းတို့ မည်သည် လူအား စိတ်ချမ်းသာမှု ကျေနပ်အားရမှုများ ပေးစွမ်း နိုင်သည့် အရာများသာ ဖြစ်ပါသည်။သို့သော် သူတို့ချည်းသက်သက်ဖြင့် မပြည့်စုံ။

          ချမ်းသာသုခ ပြည့်ဝရန်အတွက် လူ၌ ကျန်းမာသန့်ရှင်း သောအခြေခံ စိတ်အဆောက်အအုံတစ်ခုလည်း ရှိထားဖို့ လိုသေးသည်။

          သည်အဆောက်အအုံကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ စိတ် များဖြင့် အခြေတည်ရသည်။ မလိုအပ်သည့် နေရာတွင် ခံစားမှုမပွား ဥပေက္ခာပြုထားလိုက်တတ်သည့်စိတ်မျိုးလည်း ရှိရသည်။

           ကောင်းလွန်းသော အနေအထားများအတွက် ဣန္ဒြေမပျက်၊ ဆိုးလွန်းသော အနေအထားများအတွက်လည်း ယောက်ယက်မခတ် သည့် ကြံ့ခိုင်တည်ကြည်သော စိတ်မျိုးလည်း ဖြည့်တင်းပေးရ ဦးမည်။

          နှလုံးသား အာဟာရ ရသစာများ ဟု အမည်ပေးထားသည့် ဤစာအုပ်တွင် စာဖတ်သူ၌ ကျန်းမာသန့်ရှင်းသော စိတ် အဆောက်အအုံတစ်ခု တည်ဆောင်နိုင်ရေးအတွက် လိုအပ် သမျှ စိတ်ဓာတ်ခွန်အားများ ဖြည့်တင်းပေးနိုင်မည့် ရသစာကောင်းများကို စုစည်းဖော်ပြပေးထားပါသည်။

          အာဟာရ တစ်ထုပ်စီ၊ ဗီတာမင်အားဆေးတောင့် တစ်တောင့်စီသဖွယ် သပ်ရပ်စွာ ထုပ်ပိုးပြင်ဆင်ထားသည့်ဤ “စာ” များကို ဖတ်ရှုခြင်းဖြင့် စာဖတ်သူအဖို့ ညချမ်းအချိန်၌ ရင်ထဲ နှလုံးသားထဲတွင် ကုသိုလ်စိတ် ပြည့်နွေးထွေးစွာ အိပ်စက် အနားယူနိုင်ခြင်း၊ နံနက်မိုးသောက်ချိန်၌ ကြည်လင်သော နှလုံးသား၊ ရွှင်ပျသော စိတ်ထားတို့ဖြင့် လောကကို နှုတ်ခွန်းဆက်သ နိုင်ခြင်း စသောအကျိုးထူးများ ခံစားရလိမ့်မည်ဟု မျှော်လင့် မိပါသည်။ စာဖတ်သူအား ထာဝစဉ်လေးစားလျက်

ဖေမြင့်

 

ကောင်လေးနဲ့ ခွေးလေး

          စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ် အသစ်တစ်ခု ထပ်ချိတ်သည်။

          “ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်”တဲ့။

          သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ်ဝင် စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက် သို့ ရောက်လာသည်။

          “ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲ ခင်ဗျ” သူက မေးသည်။

          “ဒေါ်လာ ၃၀က၅၀ အထိ ဈေးအစားစားရှိတယ်” ဆိုင်ရှင်က ဖြေသည်။

          ကောင်လေးက သူ့အိတ်ထဲမှာရှိသည့် ပိုက်ဆံ အကြွေတွေ နှိုက်ထုတ်သည်။ “ကျွန်တော့်မှာ ၂ ဒေါ်လာနဲ့ ၃၇ ဆင့် ရှိပါတယ်ခွေးလေးတွေ ကျွန်တော် ကြည့် လို့ ရမလားခင်ဗျ”

          ဆိုင်ရှင်က ပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာ ရှိ နေသည့်ခွေးမကြီးကို လေချွန်ပြီး ခေါ်လိုက်သည်။ ခွေးမ ကြီး ဆိုင်ခန်းထဲ ပြေးဝင်လာတော့ သူ့နောက်က ခွေး ပေါက်ကလေး ငါးကောင် တန်းစီ၍ လိုက်ပါလာသည်။ ပိစိကွေးလေးတွေ၊ အမွေးက သိပ်ရှည်တော့ တစ်ကိုယ် လုံး အမွေးတွေ ဖုံးကာ လုံးနေသည်။ အဲသည်အထဲမှတစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။ သူက တော့ တီး တုန့်နှင့် လမ်းမလျှောက်တတ်သလို။

           ကောင်လေးက သည်ဟာလေး မြင်တော့ ချက်ချင်း စိတ်ဝင်စားသွားသည်။

          “ဒီခွေးလေးက ဘာဖြစ်တာလဲဟင်”

          ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံ အရိုးခွက် ပါမလာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်က ပြောဆိုသည့်အကြောင်း ဆိုင်ရှင်က ရှင်းပြသည်။ .

          ကောင်လေး ပို၍ စိတ်ဝင်စားသွားသည်။ “ဒီခွေးလေး ကျွန်တော် ဝယ်ချင်တယ်ဗျာ” သူက ဆိုသည်။

          “ဟာ.. မဝယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင် ငါ ပေးပါ့မယ်”

          သည်စကားကြားတော့ ကောင်လေး မျက်နှာပျက် သွားသည်။ သူက မကျေနပ်သည့် အမူအရာမျိုးနှင့် ဆိုင် ရှင်ကြီးကို မော့ကြည့်ပြီး ပြန်ပြောသည်။

          “အလကားပေးတာ ကျွန်တော် မလိုချင်ဘူး ခင်ဗျ။ ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့ တန်းတူ တန်ဖိုးရှိတာ ပဲ၊ တစ်ပြားသားမှ မလျော့ပါဘူး၊ ကျွန်တော် တန်ဖိုး အပြည့်ပဲပေးမယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ လောလော ဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲ ပါတယ်၊ အခု အဲဒါယူ ထားပါ၊ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော် ဆက်ပေးပါ့မယ်"သို့သော် စတိုင်းဆိုင်ရှင်က အလျှော့မပေး။

          “မဝယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်း စိတ် ပျက်သွားလိမ့်မယ်၊ ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့ ခုန်ပေါက်ကစားနိုင်မှာ မဟုတ်ဘူး”

          သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီး ကို မော့ကြည့်ကာ သူ့ဘောင်းဘီ အောက်နားစကို လှန် ၍ ပြရင်း လေသံတိုးတိုးနှင့် ပြောသည်။

          “ကျွန်တော်လဲ ကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမျာမှာ သူ့ကို ကိုယ်ချင်းစာမယ့် လူတစ် ယောက်တော့ ရှိဖို့ လိုမှာပေါ့” တဲ့။

          ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော် ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ လမ်းလျှောက် နိုင်ရန်အတွက်သတ္တုချုပ်တံများဖြင့် အားဖြည့် ပေးထားရလေသည်။

(မူရင်း။    ။ Dan Clark ၏ Puppies for Sale)

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)