Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ပျဥ်းမနားမောင်နီသင်း - စာစီစာကုံးအတွေးနှင့်အရေး

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

                                               နမူနာပြစာစီစာကုံးများ

                                                    ခါနွေဆန်း

           ဥသြငှက်ကလေး၏ ဥသြ ဥသြဟူသော တွန်ကျူးသံကို ကြားရ၍ ကျွန်ုပ်သည် အပြင်သို့ မျှော်ကြည့်မိပါသည်။ အပြင်ဘက်၌ ရွက်ခြောက်ရွက် ဝါများ တဖွဲဖွဲ ကြွေကျနေသည်ကို မြင်ရပါ၏။ မြပုရစ်ဖူးလေးများ စိမ်းလန်း နေသည်ကို တွေ့ရပါ၏။ အဝေး၌ မြူခိုးတို့ဝေလျက်ရှိသည်။ ခါနွေဆန်းပင် ရောက်ခဲ့ပြန်ပါပြီ။

ရွာလယ်လမ်းတွင် ထင်းသယ်သည့်လှည်း၊ ဝါးသယ်သည့်လှည်းနှင့် စပါးသယ်သည့် လှည်းတို့ အသံတကျည်ကျည်ဖြင့် မောင်းနှင်နေသံကို ကြားရ၏။ ရွာလယ်ပိုင်းက ရက်ကန်းရက်သံနှင့် စပါးကြိတ်ထိုးသံတို့ကို ကြားရ၏။ မလေး မသင်ဇာ စပါးကြိတ်ထိုးရင်း သီဆိုသော နွေဦးဘွဲ့ အလွမ်းတေးသံကို ကျွန်ုပ်တို့ ကြားရပါ၏။ မှန်ပါပေ၏။ ခါနွေဆန်းကား လွမ်းဖွယ်ကောင်းလေစွ။

တစ်ရွာလုံးရှိ အပင်တို့ကား ရွက်ဟောင်းခြွေချ၍ ရွက်သစ်ဝေစပြုပြီ။ ပင်ခြေ၌ ရွက်ဝါ ရွက်ဟောင်းတို့ တဝင်းဝင်း။ ပင်ပေါ်၌ ရွက်သစ်ရွက်နုတို့ တစိမ်းစိမ်း။ ဤသို့သော ရှုမောဖွယ်မြင်ကွင်းကိုကြည့်ရင်း ဆရာမင်းသုဝဏ် ၏ ခါနွေဆန်းတော့ လွမ်းမိတယ်” ကဗျာထဲမှ ဆန်းစခါနွေ သာတပေါင်းမို့

 

ညှာညောင်းကြွေ” ဟူသော စာသားကိုပင် ကျွန်ုပ်ရွတ်ဆိုမိပါ၏။ လယ်ကွင်း များထဲတွင် ရိုးပြတ်တို့ကို မြင်ရ၏။ တလင်းများထဲတွင် စပါးများ တောင်လို ပုံ၍ နေကြပြီ။ ကျွန်ုပ်တို့ ကျေးဇူးရှင် လယ်သမားကြီးများ တစ်မိုးတွင်းလုံး၊ တစ်ဆောင်းတွင်းလုံး ကျခဲ့သော ချွေးတို့သည် ယခုအခါ ရွှေသားရွှေစ ဝင်းဝင်းပခဲ့ကြပေပြီ။ ဝမ်းမြောက်ဖွယ်ကောင်းလေစွ။

ရွာဦးရှိ ကပ်ကျော် ကိုးတောင်ပြည့်ဘုရားတွင် ပွဲတော်ပြုလုပ်ရန် ရွာထဲက ရပ်မိရပ်ဖတို့ စီစဉ်ပြင်ဆင်လျက်ရှိ၏။ ဘုရားပွဲကျင်းပမည့် အချိန်

ကား ကျောင်းသားများ စာမေးပွဲပြီးသည့်အချိန်နှင့် တိုက်မည်ဟု သိရ၏။ ထို့ကြောင့် ကျောင်းသားလူငယ်တို့ ပျော်ရွှင်နေကြလေ၏။ ဘုရားပွဲတွင် ခိုင်ပန်းစုံ ရုပ်သေးပွဲကပြမည်ဟု သိရ၍ ပို၍ဝမ်းသာနေကြလေ၏။

ကျွန်ုပ်တို့ ရွာသူရွာသားများသည် ခါနွေဆန်းချိန်တွင်လည်း နားမနေ ကြ။ တလှုပ်လှုပ် တရွရွဖြင့် အလုပ်နှင့် လက်ပြတ်သည်ဟူ၍မရှိ။ ဝါးခုတ် သူခုတ်၊ ထင်းရှာသူရှာ၊ စပါးကျီပြင်သူပြင်၊ စပါးကြိတ်ထိုးသူထိုး၊ အိမ်ပြင်သူ ပြင်နှင့် အလုပ်များနေကြကုန်၏။ စာမေးပွဲဖြေဆိုပြီးသော သူငယ်များကား သင်္ကန်းဆီးရန် ရွာဦးဘုန်းတော်ကြီးကျောင်းသို့သွား၍ သင်္ကန်းတောင်းစာတို့ ကို ကျက်မှတ်နေရကုန်၏။

ကျွန်ုပ် အတန်းတင်စာမေးပွဲကို မကြာမီ ဖြေဆိုရပေတော့အံ့။ စာကြည့်စားပွဲ၌ ထိုင်ရင်း နွေဦးအလှကို သတိပြုနေမိခြင်းဖြစ်ပါ၏။ ထို အခိုက် အိမ်ခေါင်းရင်းမှ ဥဩကလေး၏ ဥဩဥဩဟူ၍ အော်မြည်သံကို တစ်ခါကြားလိုက်ရပြန်ပါ၏။ ။

ထို “ဥသြဥသြ” ဟူသော အသံက ကျွန်ုပ်၏နားထဲတွင် “အောင်ပွဲ” “အောင်ပွဲ”ဟု ကြားယောင်မိသဖြင့် အားတက်ရွှင်လန်းမိပါသည်။ ကျွန်ုပ် အား အားတက်ရွှင်လန်းစေသော ခါနွေဆန်း၏ တမန်တော် ဥဩငှက်လေး ကို ကျွန်ုပ်သည် ကျေးဇူးတင်ရင်း စာကြည့်စားပွဲ၌ ကျွန်ုပ်သည် ဆက်၍ စာပေများကို ဖတ်ရှုလေ့လာလျက် ရှိပါတော့၏။

အပြင်ဘက်၌ကား ရွက်ခြောက်တို့ တဝဲဝဲကြွေ၍ ဥသြငှက်လေးက လည်း တချွဲချွဲ တွန်ကျူးဆဲပင် ဖြစ်ပါသတည်း။

 

 

                                           တို့ပြည်ထောင်စု

ကမ္ဘာ့မြေပုံကြီးပေါ်၌ ကျွန်ုပ်တို့၏ သေးငယ်လှသော ပြည်ထောင်စု ကို မြင်ရသောအခါ ကျွန်ုပ်တို့၏ ရင်ထဲ၌ နွေးထွေးသွားရမြဲ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ပြည်ထောင်စုသည် ကျွန်ုပ်တို့ တိုင်းရင်းသားအပေါင်း၏ အသက်သဖွယ် မြတ်နိုးရသည့် အမိဖြစ်သော ကြောင့်ပင်တည်း။

ကျွန်ုပ်တို့၏ ပြည်ထောင်စုကား ကျွန်ုပ်တို့အားလုံး၏ မှီခိုလဲလျောင်း ရာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ပြည်ထောင်စု၌ အလှအပများဖြင့် ကြွယ်ဝနေပါ သည်။ ကျွန်ုပ်တို့ ပြည်ထောင်စု၌ အလှသုံးပါးဖြင့် တင့်တယ်နေသည်ဟု ဆိုနိုင်ပါ၏။

ပထမ အလှကား ပြည်ထောင်စု ရေမြေတောတောင် သဘာဝ၏ အလှပင် ဖြစ်ပါ၏။ ကြည့်ပါ။ မေခနှင့် မလိခ ပေါင်းဆုံဖြစ်ပေါ်လာသော ဧရာဝတီသည် ကျွန်ုပ်တို့နိုင်ငံ၏ နှလုံးသားပင် ဖြစ်ပါတော့သည်။ ရေကြည် တဖွေးဖွေးနှင့် တသွင်သွင် စီးဆင်းနေသော ဧရာဝတီ၏ တေးသံသည် ကျွန်ုပ်တို့ ပြည်ထောင်စုအတွက် မင်္ဂလာတေးသံပင် မဟုတ်ပါလော။ ထို့အတူ လယ်ကွင်းများ၊ တောင်ရိုးများနှင့် သစ်တောညိုညိုများကို ဖြတ်သန်း၍ ရစ်ခွေစီးဆင်းနေသော သံလွင်၊ စစ်တောင်း၊ ချင်းတွင်း၊ ဒုဋ္ဌဝတီစသည့် မြစ်ချောင်းများမှာလည်း ပြည်ထောင်စုကို အလှဆင်လျက် ရှိပါ၏။

ထို့အပြင် မြူနှင်းများဝေနေသော တောင်တန်းအသွယ်သွယ်သည် ပြည်ထောင်စုကြီးအား ကာကွယ်စောင့်ရှောက်သည့်ပမာ ရပ်တည်လျက် ရှိ၏။ ထင်းရှူးတော၊ ကျွန်းတော၊ ပိတောက်တော စသည့် အဖိုးတန် သစ်

တောတို့တွင်လည်း ကျေးငှက်တို့ ချိုအေး၍နေ၏။ ပြည်ထောင်စု၏ ကမ်းရိုးတန်းကို ပင်လယ်ပြာပြာ လှိုင်းပြာပြာသည် ရစ်သန်းလျက်ရှိ၏။ ပြည်ထောင်စု နေရာအနှံ့အပြားတွင် ပန်းတို့သည် ရာသီအလိုက် ပွင့်ဝေ ထုံသင်း၍ နေပါ၏။ သို့ဖြစ်၍ ပြည်ထောင်စု၏ ရေမြေတောတောင် သဘာဝ အလှတို့အတွက် ဝမ်းမြောက်ဂုဏ်ယူမဆုံးအောင် ဖြစ်ရပါတော့၏။

ပြည်ထောင်စု၏ ဒုတိယအလှမှာ ပြည်ထောင်စုတိုင်းရင်းသားများ၏ ယဉ်ကျေးမှုအလှဖြစ်ပါ၏။ ယဉ်ကျေးမှုတွင် ဝတ်စားဆင်ယင်ပုံ၊ ပြောဆို သုံးစွဲသည့် စကားနှင့် စာ၊ ဓလေ့စရိုက် ထုံးစံများ၊ ဂီတ၊ အကစသော အနု ပညာများ ပါဝင်သည်။ တိုင်းရင်းသားအသီးသီးတွင် မိမိတို့ အစဉ်အဆက် လက်ခံသုံးစွဲသော ဝတ်စားဆင်ယင်မှုရှိသည်။ စကားနှင့်စာရှိသည်။ ဓလေ့ စရိုက်ထုံးစံများရှိသည်။ ဂီတ၊ အကစသော အနုပညာများရှိသည်။ ရေမြေကို လိုက်၍ ကွဲပြားခြားနားတတ်သော်လည်း ကျွန်ုပ်တို့သည် တစ်ဦး၏ ယဉ်ကျေးမှုကို တစ်ဦးက လေးစားကြသည်။ နားလည်ကြသည်။ တန်ဖိုး ထားကြသည်။

ကချင်အမျိုးသားတို့၏ မနောအက၊ ကယားအမျိုးသားတို့၏ ဖားစည်အက၊ ကရင်အမျိုးသားတို့၏ ဒုံးယိမ်းအက၊ ချင်းအမျိုးသားတို့၏ စစ်ရေးပြအက၊ မြန်မာအမျိုးသားတို့၏ ဦးရွှေရိုးအက၊ မွန်အမျိုးသားတို့၏ နှစ်ပါးသွားအက၊ ရခိုင်အမျိုးသားတို့၏ ရထားပန်းယိုင်အက၊ ရှမ်းအမျိုး သားတို့၏ ကိန္နရာအက စသည်ဖြင့် တိုင်းရင်းသားအသီးသီး၏ ရိုးရာအက များမှာ လှပတင့်တယ်ပါ၏။ ဤသို့သော ပြည်ထောင်စုသားများ၏ ယဉ်

ကျေးမှုအမွေအနှစ်များကို တိုင်းရင်းသားအချင်းချင်း လေးစားကြရပါမည်။ မြတ်နိုးစွာ စောင့်ရှောက်ထိန်းသိမ်းရပါမည်။

 

ပြည်ထောင်စု၏ တတိယအလှမှာ ပြည်ထောင်စု စိတ်ဓာတ်အလှပင် ဖြစ်ပါ၏။ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ စိတ်ဓာတ်အလှပင် ဖြစ်ပါ၏။ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ ပြည်ထောင်စုသား အချင်းချင်း၏ ချစ်ခင် ရင်းနှီးစိတ်၊ တစ်ဦးပေါ်တစ်ဦး လေးစားစိတ်၊ အချင်းချင်း ကူညီစောင့်ရှောက် စိတ်၊ စည်းလုံးညီညွတ်စိတ်ပင် ဖြစ်ပါ၏။ ဤရေမြေ၊ ဤတောင်တို့၌ ကျွန်ုပ် တို့၏ တိုင်းရင်းသားအပေါင်းသည် သမိုင်းအစဉ်အဆက် အတူတူနေထိုင် ခဲ့ကြ၏။

ကမ္ဘာက အသိအမှတ်ပြု၍ လေးစားလောက်သော ယဉ်ကျေးမှုများ ကို အတူတူ ဖန်တီးနိုင်ခဲ့ကြ၏။ ပြည်ထောင်စုသားတို့သည် တစ်ဦးအားငယ် လျှင် အားလုံးစောင့်ရှောက်ကြ၏။ တစ်ဦးမှာ ဝမ်းသာစရာရှိလျှင် အားလုံးက ဝမ်းမြောက်ကြ၏။ ဆင်းရဲတော့ ကရုဏာ၊ ချမ်းသာတော့ ပီတိ”ဟူသော စိတ်ဓာတ်ဖြင့် အချင်းချင်း ချစ်ခင်ခဲ့ကြ၏။ တစ်မြေတည်းနေ တစ်ရေတည်း သောက်၍ အေးအတူ ပူအမျှ နေခဲ့ကြ၏။

[ ၁၈၈၅ ခုနှစ်တွင် တစ်နိုင်ငံလုံး လွတ်လပ်ရေးဆုံးရှုံးသည့်အခါမှစ၍ တိုင်းရင်းသားတို့သည် နယ်ချဲ့ကို စုပေါင်း၍ ခေါင်းခံတော်လှန်ခဲ့၏။ ဖက်ဆစ်ကိုလည်း စုပေါင်း၍ ခေါင်းခံတော်လှန်ခဲ့၏။ ယနေ့ ကျွန်ုပ်တို့ ဦးခေါင်းထက်၌ လွင့်ပျံ့နေသော နိုင်ငံတော်အလံသည် တိုင်းရင်းသား အပေါင်း၏ စုစည်းညီညွတ်မှုနှင့် သူရသတ္တိကို ဖော်ပြလျက်ရှိသည်။ တိုင်း ရင်းသားတို့၏ လက်တွဲမဖြုတ်စတမ်း နေထိုင်ကြသော စည်းလုံးညီညွတ်မှု သည် ပြည်ထောင်စု၏ အလှတစ်ပါးပင်တည်း။

ဤသို့လျှင် ရေမြေတောတောင် သဘာဝအလှ၊ ယဉ်ကျေးမှုအလှနှင့် ပြည်ထောင်စု စိတ်ဓာတ်အလှဟူသော အလှသုံးပါးဖြင့် ကျွန်ုပ်တို့၏ ပြည်ထောင်စုကြီးကား တင့်တယ်ပေစွ။ မင်္ဂလာကျက်သရေအပေါင်းဖြင့် ပြည့်စုံပေစွ။ ဤအလှ သုံးပါးဖြင့် တင့်တယ်သော ပြည်ထောင်စုကြီး၏ ဖွံ့ဖြိုးရေးအတွက် ကျွန်ုပ်တို့ ပြည်ထောင်စုသားများကပင် တာဝန်ယူရမည် မဟုတ်ပါလော။

ပြည်ထောင်စုကြီး၏ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ရန် ကျွန်ုပ်တို့၏ ပခုံး ထက်၌ တာဝန်ကျရောက်လျက်ရှိပေသည်။ ယနေ့ ပြည်ထောင်စုကြီး၏စီးပွားရေး စီမံကိန်းများ အောင်မြင်ရန် ကျွန်ုပ်တို့အားလုံး ဝိုင်းဝန်းလုပ်ဆောင် ကြရပေမည်။ ကျွန်ုပ်တို့၏ ပြည်ထောင်စုသည် ကျွန်ုပ်တို့၏ အမိလည်း ဖြစ်၏။ ကျွန်ုပ်တို့၏ ဘဝလည်းဖြစ်၏။ ကျွန်ုပ်တို့၏ မျှော်လင့်ချက်လည်း ဖြစ်၏။ ကျွန်ုပ်တို့၏ အနာဂတ်လည်း ဖြစ်၏။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ ပြည်ထောင်စု၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသစ်အင်သစ်ဖြင့် နိုးကြား တက်ကြွစွာ ပါဝင်ကြရန် နှိုးဆော်လိုက်ရပေသတည်း။