Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဝထ္ထုပဒေသာအမှတ်(၃)

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

                                                          စိန်လက်စွပ်  

                  ဆရာမ မစိန်သည် စာအုပ်ထည့်သောလက်ဆွဲခြင်းကလေးကို ကိုင်လျက် မြင်းရထားပေါ်မှ ဆင်း၍လာပြီး သုံးထပ်တိုက်အပေါ်ဆုံး ထပ် မိမိ၏အခန်းကလေးကို စိတ်အားထက်သန်စွာ မော်၍ကြည့်ပြီး မိမိကိုစိုက်ကာ ကြည့်၍နေဟန်ရှိသော ပွင့်လျက်ရှိသော ပြတင်းပေါက် ၏ မည်းမှောင်သောမျက်လုံးကို မြင်ရသောအခါ လှပသောမျက်နှာ ကလေးမှာ ညှိုးငယ်၍သွားပြီး အားလျော့သောခြေလှမ်းနှင့် လှေကား ရှိရာသို့ ကပ်သွားလေ၏။

လှေကားခြေရင်း၌ရပ်ကာ နောက်မှလိုက်လာသော မြင်းရထား ကုလားအား ပိုက်ဆံသုံးမှုကို ထုတ်၍ပေးပြီး လှေကားပေါ်သို့ အေး ဆေးသောခြေလှမ်းများနှင့် အားယူကာ တက်သွားလေ၏။

မစိန်မှာ ဘောင်းဘီဝတ်၊ ဂါဝန်ဝတ်ကလေးများ၏ ကျောင်း၌ လေးတန်းမှ ဆယ်တန်းသို့တိုင်အောင် မြန်မာစာကို သင်ပေးရသော

ကျောင်းဆရာမကလေး တစ်ယောက်ဖြစ်ရာ အသက် ၁၈ နှစ်အရွယ် နုနယ်သူကလေးမှာ အလုပ်နှင့်မမျှသဖြင့် အမှန်ပင်ပန်း၍ လာလေ၏။

လှေကားကိုတက်ရင်း ကိုလှသိန်း မလာပါဘူးထင်ပါရဲ့၊

" ဘာလာမလဲလေ ငါ့ဆီကို ဂုဏ်ပျက်ခံပြီးလာမှာ မဟုတ်ပါဘူး၊ ငါ့မှာ အညတရကျောင်းဆရာမကလေး၊ သူ့ မှာတော့ သူဌေးသား ငါ့ဆီကိုလာရင် လူသူလေးပါးမြင်ပြီး မဲ့ကြ၊ ရွဲ့ကြ၊ ကဲ့ရဲ့ကြမှာကို စိုးမှာပါပဲ။ ပြီးတော့လည်း သူ့ဦးလေးက သူ့ကို သဘောမကျရင် ပစ္စည်းတွေကို တစ်ပြားမှ မပေးဘဲနေမှာပဲ၊ ဒါတွေကို ငဲ့ပြီး မလာဘဲနေတာ ထင်ပါရဲ့ ၊ သို့သော်လည်း ကိုလှသိန်းဟာ အင်မတန်မှကတိတည်တာမို့ တစ်နည်း နည်းနဲ့တော့ ကြံပြီးလာဖို့ ရှိတာပဲ”   စသည်ဖြင့် တွေးလေ၏။

လှသိန်းမှာ ဖခင် ကွယ်လွန်အနိစ္စရောက်ခဲ့ရာ အသက်အရွယ် ငယ်ရွယ်သူမို့ ပစ္စည်းဟူသမျှကို ဦးလေးဖြစ်သူ ဦးဘသိန်းက ကွယ် လွန်သူ၏အလိုအတိုင်း အကုန်အစင်ထိန်းအုပ်၍နေရလေ၏။ အရွယ် မရောက်သေးသော သားယောက်ျားကလေးများအတွက် သုံးစားမကုန် နိုင်၊ များပြားသောပစ္စည်းဥစ္စာ အစုအပုံကြီးကို ထားခဲ့ခြင်းသည် သား သမီးကို ရန်သူ၏လက်တွင်းသို့ ချခဲ့သည်နှင့် တူပေသည်ဟု ကွယ်လွန် သူ သူဌေးမင်း ဦးဘညိန်း၏ စိတ်၌ သဘောရရှိခဲ့သဖြင့် ညီဖြစ်သူ ဦးဘသိန်းအား လွှဲအပ်ခဲ့ခြင်း ဖြစ်လေ၏။ ဦးဘသိန်းမှာ ဦးဘညိန်း၏ လက်ရုံးဖြစ်ခဲ့လေရာ ဦးဘသိန်း၏ အလုပ်များ၌ များစွာ ကူဖော်လောင်ဖက်ရခဲ့သည်ဟု အများက အယူရှိကြလေ၏။ ဦးဘညိန်း ကိုယ်တိုင်ကလည်း ထိုကဲ့သို့အယူရှိလေ၏။ သို့သော်လည်း ဦးဘသိန်း မှာ ကူဖော်ထက် လောင်ဖော်ရခြင်းက ပိုမိုခဲ့သည်ကို မည်သူမျှ မသိ ကြ။ ဦးဘသိန်းကိုယ်တိုင် အနည်းငယ်မျှကလေးသော်မှ ၎င်းအပေါ်၌ မယုံမကြည် မသင်္ကာ မဖြစ်ခဲ့ပေ။ စင်စစ်မှာ ဦးဘညိန်း၏ ပစ္စည်း များမှာ ဦးဘသိန်း အလိမ္မာဉာဏ်သုံး၍ တိတ်တဆိတ် ဖြုန်းတီးခဲ့သော် လည်း အရာမယွင်းနိုင်အောင် ကြီးမားသောအရှိန်နှင့် တိုးတက်ခဲ့လေ ၏။ နောက်ဆုံး၌ ဦးဘညိန်း ကွယ်လွန်အနိစ္စရောက်သောအခါယုံကြည်လက်စရှိသော အစ်ကိုသည် သားကလေးနှင့်တကွသော ပစ္စည်းအစုအပုံကြီးအတွက် သစ္စာရှိသောအထိန်းအစောင့်တစ်ယောက် ရှေးကုသိုလ်ကံကြောင့် ငါ့မှာရရှိခဲ့တာပဲဟု စိတ်ချကာ လွှဲခဲ့ခြင်း ဖြစ်လေ၏။

လှသိန်းသည် ဦးလေးကို ဖခင်လို သဘောထားကာ ကာလ သား လူပျို လူရွယ်ကလေးပင်ဖြစ်၍လာသော်လည်း ဦးလေးထံမှ လက်ဖြန့်ကာ တောင်း၍ သုံးရလေ၏။

တစ်ကြောင်းမှာလည်း ဖခင်၏အလုပ်အကိုင်များအကြောင်းကို ဦးလေးဖြစ်သူသာ အကုန်အစင်သိကာ လှသိန်းမှာ ဦးလေးက ပုံ၍လွှဲပါလျှင် ဘာကိုလုပ်ရမည်ကိုမျှ မသိနိုင်အောင်ဖြစ်၍နေသဖြင့် အလုပ်များကို နားလည်တတ်မြောက်ဖို့ရန် ဦးလေး၏အခိုင်း အစီအမံ ကိုသာ ခံ၍နေရလေ၏။

ဆရာမ မစိန်မှာ ကောလိပ်ကျောင်း၌ လှသိန်းနှင့်အတူတူ နေခဲ့ ရသည့်အခါမှစ၍ ချစ်ခင်ခဲ့ကြရာ ယခုအခါ၌ကား အချိန်အရွယ်က သင်ပြလာသဖြင့် ရိုးရိုးသူငယ်ချင်းလို ချစ်ရာမှ အငွေ့ အသက် တစ်မျိုး

ပြောင်းကာ အချစ်၏အဖူးအငုံကလေးများ ပွင့်အာသလို နှစ်ယောက် စလုံးမှာ ပွင့်အာစပြုလေ၏။

မစိန်မှာ ကောလိပ်ကျောင်း၌ နေရသော်လည်း ကြာကြာမနေ ရ။ မိဘကွယ်လွန် အနိစ္စရောက်သဖြင့် ပညာကို ဆက်လက်၍ မသင် နိုင်ဘဲ ကျောင်းမှထွက်ကာ ကိုယ်တိုင်အစွမ်းအစကလေးနှင့် အသက် ကိုမွေးရင်း ကြီးပွားတိုးတက်ခြင်း၏လမ်းကို ခက်ခဲစွာ ထွင်းဖောက်၍ နေရသူကလေးတစ်ယောက် ဖြစ်လေ၏။ ။

လှသိန်းသည် မိမိ၏သူငယ်ချင်းမကလေးအား များစွာ ကူညီ ထောက်ပံ့ချင်သော်လည်း ငွေကြေးအစုအပုံကို အစိုးမရသောကြောင့်မတတ်နိုင်ဘဲနေခဲ့လေ၏။ ယခုမှာ အချစ်၏ မှည့် ဝင်းခြင်းကိုသိ၍ လာသောအခါ တစ်သီးတခြားထောက်ပံ့ရန်မလို၊ အမြဲတစ်သက်ပန် လုံး ထောက်ပံ့ဖို့သာ ရှိလေတော့သတည်း။

မစိန်သည် တံခါးကို မရဲတရဲတွန်း၍ ကြည့်လိုက်သောအခါ ဝမ်းသာလုံးဆို့လျက် မွှန်၍ သွားလေ၏။

ထို့နောက် အမယ်လေး ကိုလှသိန်းရယ်၊ ဓာတ်မီးကလေးများမှ ဖွင့်ဖော်မရဘူး၊ တစ္ဆေလို ငုတ်တုတ်ကြီး”ဟု ပြောရင်း အပြေးကလေး သွားလေရာ မှောင်ထဲတွင် ကုလားထိုင်တစ်လုံးပေါ်၌ ငုတ်တုတ်နေ သောသူ၏သန်မာသောရင်ခွင်ထဲသို့ ရောက်၍သွားလေသတည်း။

အတန်ငယ်ကလေးကြာမှ လေသံကလေးနှင့်

မလာတော့ဘူးလားလို့၊ ကျွန်မအခန်းကိုကြည့်တော့ မှောင်နေ တာမြင်တာနဲ့ မောသွားတာပဲ”ဟု ဓာတ်မီးကို ဖွင့်ရင်း ပြောလေ၏။

ဓာတ်မီးရောင်သည် အခန်းမှာ ပြည့်လျှံသွားလေရာ စိတ်ကူး လွန်စွာယဉ်သော အိမ်ရှင်၏ အထိမ်းအမှတ် လက်ရာတို့ ကို မောင်လှသိန်းသည် အံ့သြချီးမွမ်းသော မျက်နှာထားနှင့်ကြည့်လျက် လှပကျက်သရေရှိသောအခန်း၏ ဆင်ယင်ထားပုံနှင့် ဆင်ယင်တတ် သူကလေး၏ မျက်နှာကို နှိုင်းယှဉ်၍နေလေ၏။

“လာမယ်လို့ ကတိထားပြီးမှ မလာဘဲ နေပါ့မလား ဆရာမရဲ့”

“အမယ်လေး လုပ်နေပြန်ပါပြီ၊ ဆရာမလေး ဘာလေးနဲ့”

" နို့ ဆရာမလို့ မခေါ်ရရင် ဘယ်လိုခေါ်ရမှာလဲ”

နာမည်ကို ခေါ်ပါလား'ဟု ချစ်ဖွယ်သော နှုတ်ခမ်းကလေး များကို စူကာ မျက်စောင်းထိုး၍ ပြောလေ၏။

လှသိန်းသည် ပြေပြစ်လှပနူးညံ့သိမ်မွေ့လှသော လက်ကလေး ကိုဆွဲကာ မိမိ၏ ပေါင်ပေါ်၌ ထိုင်စေမည်ပြုရာတွင် ဆရာမလေးက

“နေပါဦး၊ မောမောပန်းပန်းနဲ့ ရေကလေးဘာကလေးချိုး လိုက်ပါရစေဦး”

ဟု ပြောရင်း နောက်ဖေးသို့ထ၍ ပြေးသွားလေ၏။

အတန်ငယ်ကြာသောအခါ လေမီးဖိုကလေးမှာ တစ်ရှဲရှဲမြည် လျက် ရေချိုးခန်းမှ ရေသံများသည် ရေနွေးဆူသံနှင့် ရောစပ်၍နေ လေ၏။

ထို့နောက် နှစ်ယောက်သား စားပွဲငယ်ကလေးတစ်ခုမှာ ယှဉ် လျက်ထိုင်ကာ လက်ဖက်ရည်သောက်၍ နေကြလေသတည်း။

“ဘာပြုလို့ မလာဘူးထင်တာလဲ”

 “လူသူလေးပါးမြင်ရင် ပြောကြဆိုကြမို့ ပြောတာပါ”

“ဘာပြောစရာရှိသလဲ စိန်ရယ်၊ စိန် အခုတစ်ယောက်တည်း ဆင်းရဲလို့ ကျောင်းဆရာမကလေးလုပ်ရပေမယ့် မျိုးရိုးဇာတိရှိပါသေး တယ်၊ မျိုးရိုးဇာတိမှာ ကိုကို့ထက် သာပါသေးတယ်၊ ကိုကိုက မိဘရဲ့ ဂုဏ်နဲ့ မမြဲတတ်တဲ့ပစ္စည်းဥစ္စာကလေး သာတာပါ။ ဒါလည်း စိန် သိရင် စိတ်ပျက်စရာကြီးပဲ”

ဟု သာယာသောမျက်နှာမှာ မှေးမှိန်လျက် ပြောပြီး လက်ဖက်ရည်ပန်းကန်ကို ကိုင်လျက် မစိန်၏မျက်နှာကို စိုက်ကာကြည့်ရင်း စဉ်းစား၍နေလေ၏။

“ဘာလဲ ကိုကို”

“ကိုကိုမှာ ဘာမှ မရှိဘူး၊ အခုလူလုံးချည်းပဲ”

“ဘာဖြစ်လို့လဲ”စိန်သည် မယုံမကြည်ဖြစ်၍ နေလေ၏။

ငနဲကြီးက ဂွလုပ်နေတယ်၊ စကားပြောမတည့်ဘူး၊ အခု ငွေလည်း တောင်းလို့မရဘူး။ ဘာမှမဆိုင်ဘူးတဲ့။ ဖေ့ဖေ့ပစ္စည်း တွေဟာ သူ့ကြောင့်ဖြစ်တာ။ သူသာဆိုင်တယ်လို့ ပြောနေတယ်”

“ဟင်၊ ဘယ့်နှယ်ဖြစ်တာလဲ”