Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဝထ္ထုပဒေသာအမှတ်(၂)

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

                                                          မော်တော်ကားတောဝါ

မောင်ငွေခိုင်သည် ဆူးလေဘုရားလမ်း၌ ညနေငါးနာရီခန့်အချိန်တွင် ရှုပ်ယှက်ခတ်၍နေသော မော်တော်ကားတွေကို ကြည့်ကာ စဉ်းစား၍ နေလေ၏။

တောရွာများ၌ တစ်ခါတစ်ရံ ကျားထသည်ဟူသော သတင်းများ ဖြစ်ပွားသည့်အခါ ရွာနီးခြောက်စပ် အရပ်ရပ်အနယ်နယ်တို့မှာ ကြီးစွာ ထိတ်လန့်ခြင်းဖြစ်ကြသည်ကို သတိရလေ၏။ ကျားခြေရာတစ်ခု ရွာ အနီးအနား၌တွေ့ရလျှင် တစ်ရွာလုံး သိမ့်သိမ့်တုန်အောင် လှုပ်ရှားခြင်း ဖြစ်ကြသည်ကို စဉ်းစားမိ၏။

သို့သော်လည်း ထိတ်လန့်ကြောက်ရွံ့ခြင်းများသည် ရန်ကုန်မြို့၌ ယခုအခါ ကားထ,သလောက်၊ ကြောက်မက်ဖွယ်ရာမကောင်းသည်ကို တွေးမိ၏။ တောရွာများ၌ ကျားထခြင်းသည် ရန်ကုန်မြို့၌ ကားထခြင်း နှင့်စာသော် မော်တော်ကားမှာ မျက်လုံးပြူးပြူးနှင့် ဘီလူး၊ ကျားမှာ မှင်စာမျှကဲ့သို့ ခြားနားသည်ကို ဆင်ခြင်မိလေ၏။

အကြောင်းမူကား သတင်းစာများအရ ကားတိုက်သဖြင့် သေကြေ ပျက်စီးသူအရေအတွက်သည် အဆရာထောင် ပိုမို၍များနေလေ၏။

ခြေကျင်၊ လန်ချားနှင့် သွားနေရသူ လူအများတို့မှာ ဘေး အန္တရာယ်သည် လွန်စွာမှ ကြီးလှပေသည်တကား။ ကားတိုက်လို့သေ၊ ခိုက်လို့သေ၊ စီးနင်းလိုက်ပါရင်းပင် ကျိုးပဲ့၍ သေကြေကြရပေသည် တကား။ ကြောက်မက်ဖွယ်ကောင်းလှသော ခေတ်ကြီးပေတကား။ မြတ်စွာဘုရားလက်ထက်တော်အခါ၌ ဤကားတွေ ယခုလိုရှိကြချေက မော်တော်ကားတောဝါဟု ဟောကာ မော်တော်ကားကို အကြီးဆုံးသော ရန်သူတစ်ပါးဟု စာရင်းသွင်းတော်မူမည် မလွဲပေတကား။ ငါ့မှာ သွား လာရှာကြံရသော အလုပ်ကို လုပ်ရသူဖြစ်သည့်အတွက် ဒီရန်ကုန်မြို့မှာ ကြာလျှင် တစ်နည်းနည်းနှင့် မော်တော်ကားဘေးသင့်မှာပဲ စသဖြင့် တွေးတောဆင်ခြင်ကာ များစွာ တုန်လှုပ်ချောက်ချားခြင်း ဖြစ်လေ၏။ အကြောင်းမူကား မောင်ငွေခိုင်သည် သေမှာကို လွန်စွာကြောက်ရွံ့သူ တစ်ယောက် ဖြစ်သဖြင့် အသက်အာမခံကိုယ်စားလှယ်များ အိမ်ကို ဝင်လျှင် အိမ်ကို လင်းတနားသည်ထက် ပိုမိုကြောက်ရွံ့လေ၏။

သို့ဖြစ်လေရာ ထိုမော်တော်ကားဘေးမှ လွတ်ရအောင် အဘယ်ပုံ လုပ်ရမည်နည်းဟူသောအကြောင်းကို တစ်နေ့မပြတ် ကြံစည်လေ၏။ ဆရာသမားဟူသမျှနှင့် တွေ့ရလျှင် မော်တော်ကားအတွက် အကာ၊ စပယ်ရှယ်လက်ဖွဲ့ ၊ အင်းအိုင်မန္တာန်၊ ဆေးဝါးရှိသလားဟု တောင်းပန် လေ့ရှိ၏။ သို့သော်လည်း အဘယ်မှာမျှ ထိုနည်းလမ်းကို ရှာကြံ၍မရ၊ သတိနှင့် ခြေလှမ်းပေါ်မှာ လျှောက်ခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိ ဖြစ်လေ၏။

သို့ သော်လည်း အလုပ်ကိစ္စ များသူတို့မှာ အဘယ်မျှပင် သတိ ထားစေကာမူ တစ်ချက်ချက်တော့ သတိလစ်မှာပဲဟူသောအကြောင်း ကို တွေးမိလေရာ မိမိမှာလည်း အမြဲ ကိစ္စများသူဖြစ်သည့်အလျောက် တစ်နေ့သ၌ ဧကန်ဒိဋ္ဌ သတိလစ်ပြီး မော်တော်ကားဘေးနှင့် တွေ့မှာပဲဟု များစွာ ကြောက်ရွံ့လေ၏။ သို့ စိုးရိမ်ခြင်းကြောင့် မော်တော်ကား တိုက်၍ သေရသည်ဟု တစ်ခါ နှစ်ခါ အိပ်မက်မက်လေ၏။ ထိုအိပ်မက် ကြောင့် သာလွန်၍ ကြောက်ရွံ့ ပြန်လေ၏။

သို့နေရာ တစ်နေ့တခြား အိပ်မက်ကြောင့် ပိုမို၍အကြောက်များ ပြီးလျှင် ပိန်ချုံး၍လာလေ၏။ တစ်နေ့သ၌ လမ်း၌ မော်တော်ကားများရှောင်ရင်း အကြံတစ်ခု ရလေ၏။ ထိုအကြံမှာ အိမ်၌ မြင်သာသော နေရာဟူသမျှ၌ မော်တော်ကားဟူသောစကား၊ အိမ်ထဲကအထွက် မော် တောကားဟူသော စာလုံးများကို ကပ်၍ထားပြီး အိမ်မှထွက်သည်နှင့် တစ်ပြိုင်တည်း “မော်တော်ကားတောဝါ၊ မော်တော်ကားတောဝါဟူ သော ကမ္မဋ္ဌာန်းကို အမြဲမပြတ် သုံးသပ်ဆင်ခြင်ရန် ဖြစ်လေ၏။

သို့အကြံရ၍ စာများကိုကပ်ပြီးနောက် စိတ်ထဲ၌ အတော်ကလေး ပေါ့ပါးလျက် သက်သာရာရ၍သွားလေ၏။ ဤနည်းအတိုင်းသာ နေ့ စဉ် သတိထားချေက သတိလစ်နိုင်ဖို့ မရှိ။ ဤဘေးမှချမ်းသာ၍ ငါ၏ ကျန်းမာပုံ၊ ငါ၏ အသက်မွေးနေထိုင်စားသောက်ပုံ၊ ငါ၏ ကိုယ်ကျင့် တရားကောင်းပုံ၊ အစစအရာရာ၌ မလွန်မကျူးပုံကိုထောက်လျှင် အသက်ရှည်မှာ အမှန်ပင်။ အသက်ကို ဉာဏ်စောင့်သည်။ သေနေ့ဟူ ၍ သတ်မှတ်လျက်မရှိ။ အဘယ်ဂြိုဟ်တာရာနက္ခတ်မှ ငါ့ကို အန္တရာယ် မပြုနိုင်။ ဉာဏ်သတိကို ပိုင်ပိုင်ထား၊ အစစအရာရာမှာ မမှားစေနှင့် ဟူသော အယူကို မယိမ်းမယိုင် စွဲကိုင်သူဖြစ်လေ၏။

ထိုနေ့ကစ၍ အိမ်မှာ အားလျှင် မော်တော်ကားကို ဆင်ခြင်ထင် မြင်၏။ အိမ်ကထွက်တိုင်း “မော်တော်ကားတောဝါဟူသော စာတန်း ရှေ့၌ ခြေစုံရပ်ကာ အသက်ကိုအောင့်ရင်း သုံးမိနစ်တိတိ လက်ပတ် နာရီကိုကြည့်၍ ဆင်ခြင်၏။ သို့မှစ၍ ဆက်ကာ ပထမလှမ်းသာ ခြေလှမ်းမှစပြီး မော်တော်ကားတောဝါဟု ရွတ်ဆိုကာ ထွက်၍သွား၏။ လမ်း၌လည်း စိတ်ကို အခြားသို့မလွင့်ရအောင်

 “မော်တော်ကားတောဝါ၊

 

မော်တော်ကားတောဝါဟူ၍သာ စူးစိုက်သောစိတ်နှင့် ရွတ်၍သာ သွား လေ၏။ ။

သို့ရွတ်၍သွားရာ အခါများစွာ ထိုအာရုံ၌သာ စိတ်ဝင်စားလျက် အခြား မည်သည့်အရာကိုမျှ သတိမရဘဲ နေလေ၏။ ။

တစ်နေ့သ၌ ထိုသို့စူးစိုက်သောစိတ်နှင့် မော်တော်ကားတောဝါ ကို ဆင်ခြင်၍သွားရာ၊ စိတ်သည် ထိုနည်းအတိုင်း အာရုံဝင်ကာနေခိုက် တွင် ဦးခေါင်းအတွင်းသို့ မိုးကြိုးလျှပ်စစ် ဝင်ရောက်၍ ပြက်သည့်အ လား ဝင်းခနဲလက်ခနဲ ဖြစ်သွားပြီး ပြန်၍ သတိရသလိုဖြစ်သောအခါ မော်တော်ကားတောဝါဟု လေသံကလေးမျှဆိုပြီး အဆုံးတိုင်သက်၍ သွားရှာလေသတည်း။

၎င်းသည် ထိုအာရုံ၌ စူးစိုက်အားကြီးသဖြင့် လမ်းကူးသို့ရောက် ကြောင်း သတိမထားမိ၊ ကွေ့ဝင်လာသော ကားကိုလည်း မမြင်၊ ဟွန်း ပေးသည်ကိုလည်း မကြား၊ စူးစိုက်သော သမာဓိအစွမ်းကြောင့်၊ တောဝါ နှင့် တွေ့ရခြင်းဖြစ်လေသတည်း။