Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဝထ္ထုပဒေသာအမှတ်(၁၀)

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

                                             အဖေ့ရန်သူ

             မြို့ပိုင်အရာရှိလေး မောင်အောင်လှသည် ရွာကိုခရီးမိုင်ဝက်ခန့် ဝေးသောနေရာမှမြင်ရလေရာ တက်ကြွသော မာန်ဖီသောစိတ်နှင့် ကိုယ်ခန္ဓာ မှာ မတ်မတ်မားမား တင်းတင်းကြီးထောင်၍ သွားပြီး မြင်းကို ဖနောင့်နှင့် တုတ်ခါ ကြိမ်သွင်း၍ပေးလိုက်လေ၏။

              သူကြီးရွှေလုံးတော့ မသေသေးဘူးတဲ့။ သင်းသေရင်လည်း သင်း သား အောင်သာဆက်မှာပဲ။ ငါမြို့ပိုင်မင်း၏ ခြေရင်းကို ဦးခေါင်းနဲ့ဆင်းလာရ စေ့မယ်။ ငါ့အဖေကို သင်းတို့ သားအဖ စော်ကားနှိပ်စက်လို့ မတရားလုပ်လို့ အရှက်လည်းကွဲ၊ စီးပွားလည်းပျက်၊ အသက်တောင်သေခဲ့ရသည်။ ငါ့မျက်စိ အောက်မှာ ငါ့ဖခင် သူတော်ကောင်းကြီးတစ်ယောက်ကို မတရားသဖြင့်အမှုဆင်ပြီး ထိပ်ထဲကိုချသည်။ သင်းတို့အိမ်သားတစ်စုလုံးအပေါ်မှာ ငါဒီ ကမ္ဘာကုန်တောင် မကြေဘူး။ အထူးအာဏာကို ဖြုတ်မယ်။ ငါ့ကို သင်းတို့ သားအဖ ရှိခိုးတောင်းပန်ရစေ့မယ် စသည်ဖြင့် စဉ်းစားကာ ကျေနပ်လျက် တစ်ကိုယ်တည်းပြုံးလေ၏။

           အောင်လှသည် သရက်ကုန်းရွာသားဖြစ်ဖူး၏။ ဖခင်မှာ ရိုးသား ဖြောင့်မတ်လျက် မိမိ၏ပန်းပဲအလုပ်၌ ဝီရိယဉာဏ်အသုံးမှန်သဖြင့် သိမ်ငယ် သောပန်းပဲအလုပ်ကိုပင် ဂုဏ်ကျက်သရေတိုးစေလျက်ကြီးကျယ်သောအလုပ် အဖြစ်သို့ မြှင့်တင်ခဲ့လေရာ ထိုရပ်နယ်တစ်ခွင် တစ်ပြင်မှာ ၎င်း၏ဓား ၎င်း၏ တံစဉ်ကိုသုံးကြသဖြင့် ဂုဏ်အသရေရှိ လူချမ်းသာတစ်ယောက်ဖြစ်ခဲ့လေ၏။

သို့ပင်ချမ်းသာသော်လည်း ကိုယ်တိုင် တပည့်မလွှဲဘဲ အလုပ်ကို ဆက်လက်၍ လုပ်လေ၏။ ထိုအခါ အောင်လှမှာ ကလေးသူငယ် လူမမယ်မျှ ဖြစ်ခဲ့လေ၏။ သို့သော်လည်း မိမိ၏ဖခင် သူကြီးရွှေလုံး၏အိမ်၌ အဘယ်ပုံ ခံခဲ့ရသည်များကိုလည်းကောင်း၊ သူကြီးရွှေလုံး မကောင်းကြံသဖြင့် ဆင်းရဲ ဒုက္ခရောက်ခဲ့ခြင်းများကိုလည်းကောင်း လတ်ဆတ်ထင်ရှားစွာ မြင်ရလေရာ ကလဲ့စားချေရန် အကောင်းဆုံးသောနည်းကို တွေးကြံရင်း တစ်ကိုယ်တည်း ကျေနပ်၍ နေလေ၏။

ဖြစ်ပျက်ပုံမှာ ထိုရွာသို့ မြို့အုပ်တစ်ယောက်လာရောက်ရာ ၎င်းရွာမှ အခြားရွာသို့ ညဉ့်အချိန်တွင် လှည်းနှင့်လိုက်၍ပို့ရမည်ဟူသောအမိန့်ကို သူကြီးထံမှ ရရှိလေ၏။ ထိုအခါ ပန်းပဲဆရာကြီးက နဂိုရှိရင်းမာနနှင့် ငြင်း ပယ်ကာ မိမိ၏အလုပ်ကိုသာ လုပ်၍နေလေ၏။

ထိုအခါ သူကြီးက ၎င်းအား အိမ်သို့လာရန် ခေါ်လေ၏။ သို့ခေါ် သောအခါ၌လည်း ပန်းပဲဆရာကြီးက ငါ့မှာ အဘယ်အပြစ်မှမရှိ။ မင်းရမ်း ကား၊ မင်းတုစိုးမြှောင်တို့၏ စော်ကားမော်ကားလုပ်ခြင်းမှ လွတ်ရလေအောင် မင်းပြစ်မင်းဒဏ်မကင်းသည့် အရာဟူသမျှကို ရှောင်ခဲ့၏။ ငါအဘယ် အတွက် သွားရမှာတုံးဟု တွေးကာ မသွားဘဲ နေလေ၏။ .

သို့ဖြစ်လေရာ နောက်လပေါင်းများမကြာမီ ပန်းပဲဆရာကြီးအပေါ်၌ ဒင်္ဂါးပုံလုပ်သည်ဟု စွပ်စွဲကာ သူကြီးသည် သူတော်ကောင်းကြီးတစ်ယောက် ထိပ်ထဲသို့ ချရုံမက ပရိသတ်အလယ်၌ လက်ထိပ်ခတ်ကာ မြို့သို့ရိုက်နှက် ကန်ကျောက်၍ ပို့လေ၏။ ထိုအမှုနှင့်ပတ်သက်၍ ပန်းပဲဆရာကြီးမှာ ငွေ ကြေးကုန်ကျ လူမွဲတစ်ယောက်အဖြစ်သို့ ရောက်ပြီးမှ ကံကောင်းထောက်မ သဖြင့် အပြစ်မခံရဘဲ ရုံးမှလွတ်ခဲ့လေ၏။

ထိုအခါ သားအဖနှစ်ယောက် ဆိုးဝါးသောရပ်ကွက်ကို စိတ်နာ လျက် စွန့်ခွာ၍ ထွက်ခဲ့ကြရာ ရန်ကုန်မြို့သို့ ရောက်ခဲ့ကြလေ၏။ ရန်ကုန်မြို့၌အောင်လှသည် မခံချင်သောစိတ်နှင့် ပညာကို ကြိုးစား၍သင်ခဲ့ရာ ယခုအခါ မြို့ပိုင်ရာထူးနှင့် ဖွားရာဇာတိချက်မြေသို့ ကလဲ့စားချေရန် ရောက်ရှိလာခြင်း ဖြစ်လေ၏။ ထိုရပ်ရွာ၌ မြို့ပိုင်အဖြစ်နှင့် ရောက်နိုင်ဖို့ရန် အောင်လှမှာ အများ ကြီး ကြိုးစားရလေ၏။

ကျေးဇူးရှင်ဖခင်ကြီးမှာကား ရန်ကုန်မြို့ခြေတွင် သီတင်းသီလ ဆောက်တည်ကာ အများအားဖြင့် ရွှေတိဂုံဘုရားဇရပ်တစ်ခုမှာ ပုတီးနှင့်နေ ရှာလေတော့သည်။

သို့ ကလဲ့စားချေရန် အကြံနှင့် စိတ်အားထက်သန်စွာ သွားရာတွင် သူကြီး သမီးဖြစ်သူ မိမိနှင့်ကစားဘက် စိန်ဖြူကို သတိရလေ၏။ ဖခင်မှာ ဒုက္ခရောက်၍ ပျက်စီးခြင်းမဖြစ်မီ ၎င်းတို့နှစ်ယောက်မှာ သူကြီးအိမ်နောက်ဖေး၌ အမြဲလိုလို အတူတကွကစားခဲ့ကြလေ၏။ ဆင်းရဲဒုက္ခဖြစ်၍ တစ်ရပ် တစ်နယ်သို့ ပြောင်းရွှေ့ပြီးသည့်အခါမှ ယခုသို့တိုင် တစ်ကြိမ်မျှ မတွေ့မကြုံခဲ့ ရချေ။ စိန်ဖြူရှိပါသေးရဲ့ လား။ ရှိရင်လည်း လင်တွေ ဘာတွေရနေမှာပဲ။ မရလို့ အပျိုလုပ်နေပြန်ရင်လည်း ငါနဲ့တော့ ဘာမျှမဆိုင်ပါဘူး။ သင်းလည်း သင်းအဖေလို ယုတ်မာမှာပဲဟူ၍ တွေးကာ ထင်မြင်သော ကလေးမျက်နှာ ကလေးကိုပင် ဖျောက်ဖျက်၍ ပစ်လိုက်လေ၏။

ရွာကိုရောက်သောအခါ ငယ်စဉ်အခါက မြင်ခဲ့ရသော မျက်နှာများ ကို တွေ့မြင်ရလေ၏။ သို့သော်လည်း မိမိကိုမည်သူမျှ မှတ်မိဟန် မရှိကြ ပေ။ အချို့ သော မိမိနှင့်အသက်အရွယ်တူသူများနှင့် အနည်းငယ် မိမိထက်ပို၍ကြီးသူများမှာမူကား ၎င်းကိုမှတ်မိသလို အမူအရာနှင့် အကဲခတ်ကြလေ၏ ။ အောင်လှသည်ကား မိမိထက်ကြီးသူတို့ကို ကောင်းစွာမှတ်မိ၏။ သို့သော်လည်း နှုတ်ဆက်မေးမြန်းခြင်းမပြုချေ။ သို့ နှုတ်ဆက်ခြင်းမပြုသည် မှာ အခြားကြောင့်မဟုတ်။ မိမိမှာ သားနားစွာလာသူဖြစ်သောကြောင့် တည်း။

သားနားစွာ လာခြင်းကြောင့် မိမိသိကျွမ်းဖူးသော မိမိထက်ကြီးသူ တို့ကို အမှတ်မပြု၊ နှုတ်မဆက်နေခြင်းကို အပြစ်ဆိုဖို့ မရှိပေ။ ၎င်း၏စိတ်၌ စွဲမှတ်၍ထားသော အယူတစ်ခုရှိ၏။ ထိုအယူသည်ကား အခြားမဟုတ်။ လမ်း၌ မိမိကစ၍ နှုတ်ဆက်ခြင်းသည် အောက်ကျသော စိတ်ကိုပြသည်။ သို့မဟုတ်လျှင် မော်ကြွားချင်သောကြောင့် စ၍ နှုတ်ဆက်သည်ဟူသော အယူဖြစ်၏။

ဤအယူနှစ်ခုအနက် ပထမအယူမှာ မှန်သောအခါမှန်၏။ မမှန် သော အခါများလည်း ရှိတတ်လေသည်။ ဒုတိယအယူမှာကား ဆင်းရဲရာမှ ကြီးပွား၍လာသူတို့သည် မိမိတို့နှင့်တန်းတူ ဆင်းရဲခဲ့သူတို့ကို စ၍နှုတ်ဆက် သည့်အခါ ကြွားချင် ပြချင် မိမိအခြေအနေတိုးတက်ကြီးမြင့်ခြင်းကို ပြလို

သောစိတ်သည် ရိုးသားခင်မင်သော စိတ်ထက်ပိုမိုနိုင်လေသည်။ အကြောင်း မူကား မော်တော်ကားစီး၍ လာသော လူမွဲတစ်ယောက်သည် ခြေကျင်လာသော မိမိ၏ အသိလူဆင်းရဲများကို လမ်း၌တွေ့သည့်အခါ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ချင်သော စိတ်မျိုးနှင့် ရှိတတ်လေသည်။

သို့ဖြစ်သောကြောင့် အောင်လှသည် ရွာ၌ သိသူကိုလည်းကောင်း၊ မသိသူကိုလည်းကောင်း နှုတ်ဆက်ခြင်းမပြုဘဲ သွားလေ၏။ သို့ဖြစ်သောကြောင့် ဒိဋ္ဌအမှန် အောင်လှမှန်း သိသူတစ်ယောက်က ဟိုအကောင် အောင်လှပါကွယ်။ အစစ်ပါပဲ။ သူတို့သားအဖ ရန်ကုန်ကိုပြေးကြပြီး အခု ဘာဖြစ်လာသလဲ မသိဘူး။ ရာထူးကလေးဘာလေးရလာ ထင်ပါရဲ့။ ငါတို့ ကိုတောင် အသိမလုပ်ဘူးဟု ပြောလေ၏။

တစ်ယောက်က မြို့ပိုင်ဖြစ်လာတယ်ကွယ့်။ မြို့ပိုင်ဦးအောင်လှလို့ပြောတာပဲ။ ငါတို့ အောင်လှကလေးကို ငါသွားပြီး မတွေးမိဘူး။ အခုမင်းပြော မှ သတိရတာပဲ။ အေး .. ဟုတ်တယ်ဟေ့။ သင်းပဲ။ ငယ်ရုပ်မပျောက်ဘူး ကွယ့်။ ဒီအကောင် အလုပ်တာဝန်နဲ့လာဟန် မရှိဘူး။ တစ်ယောက်တည်း အလည်လာတာနဲ့ တူတယ်ဟု တစ်ယောက်က ပြောလေ၏။

ရွာထဲ၌ မကြာမီ အောင်လှကလေး မြို့ပိုင်ဖြစ်လာသည်ဟူသော သတင်း ပျံ့နှံ့၍ သွားလေ၏။

အောင်လှသည် အိမ်တစ်အိမ်၏ ရှေ့၌ မြင်းပေါ်မှဆင်းပြီး မြင်းကို ခေတ္တအပ်ခဲ့ပြီး တစ်ကိုယ်တည်းရွာတန်းရှည်လမ်းမကို လျှောက်၍သွားလေ၏။

ထိုရွာမှာ သားနားသောသူတစ်ယောက်လာလျှင် သူ့ထက်ငါ ကြည့် တတ်သော အလေ့ရှိ၏။

အောင်လှသည်ကား ဂရုမစိုက်ဘဲ သွားလေ၏။ သိသူများကို မိမိကစ၍ နှုတ်ဆက်ခြင်းမပြု။ အခြားသိသူများကလည်း ရဲတင်းစွာ နှုတ် ဆက်ခြင်း မပြုကြ။ ဟုတ်မှ ဟုတ်ပါ့မလားဟူ၍ တွေးတောလျက်နေကြဟန် ရှိလေ၏။

ရွာမှာ များစွာပြောင်းလဲ၍ နေလေ၏။ မိမိမသိသော မျက်နှာအသစ်တွေက သိသောမျက်နှာဟောင်းများထက် ပို၍များလေ၏။

မိမိတို့ သားအဖနေခဲ့သော အိမ်နေရာမှာ အခြားတဲကလေးတစ်ခု ကို တွေ့ရလေ၏။ ပန်းပဲထုသော မန်ကျည်းပင်မှာ အရွက်တွေ စိမ်းဝေလျက် ရှိလေ၏။

ထိုနေရာကို တစ်အောင့်ကလေးမျှ ကြည့်ပြီး ဝင်၍သွားလေ၏။ ရေ တစ်ခွက် တောင်း၍ သောက်လေ၏။

အလွန်လှပသော မိန်းမပျိုတစ်ယောက် ရေကို နှီးခွက်နှင့်လာ၍ ပေးရာ အောင်လှ၏လက်နှင့် ၎င်း၏လက်ထိမိလေလျှင် တစ်ယောက်မျက်နှာ ကို တစ်ယောက်ကြည့်ကြလေ၏။ သို့ကြည့်ရာ၌ မိန်းမပျိုသည် စဉ်းစားသလို ဖြစ်၍နေလေ၏။ ထို့နောက် မျက်နှာမှာ လျင်မြန်စွာပြောင်းလဲပြီး ဝမ်းနည်းသလိုဖြစ်ပြီးမှ တစ်ဖန်လျက် ကွမ်းဆေးများ တည်ပြီး ခပ်လှမ်းလှမ်း ဝါးခင်း သော ကြမ်းပေါ်၌ ခြေရင်းဘက်နားမှာ ပဆစ်တုပ်၍ ထိုင်လေ၏။

အိမ်ကလေးမှာ ထရံကာထားသည့်အိမ် ဖြစ်လေ၏။ အောက်ဆင့် မှ အပေါ်ဆင့် အိမ်ခန်းနှင့် ရေသောက်သော အဆောင်ကိုတက်ရန် တိုသော လှေကားရှိလေ၏။ အောက်ဆင့်၏ရှေ့၌ အမိုးတံစက်မြိတ်နှင့် ဆက်၍နေသော ဘူးစင်တစ်ခုရှိလေ၏။ ဘူးစင်အောက်၌ ဆေးလိပ်၊ စီးကရက်၊ လက်ဖက်၊ ချင်းသုပ်၊ မုန့်ပဲသရေစာရောင်းသော ဆိုင်ခုံကလေးကတစ်ခု၊ ၎င်းဆိုင်ကလေးနှင့် ယှဉ်လျက် ဆေးပြင်းလိပ် လိပ်သောခုံနှင့် ဆေးလုံး၊ ထပ်တဘက်ဆေးစာများကို မြင်ရလေ၏။

အိမ်မှာ သိမ်ငယ်သန့်ရှင်းလျက် စိတ်ကူးယဉ်သော မိန်းမ၏ လက်ရာ အထိမ်းအမှတ်တို့ကို ဘုရားစင်၌လည်းကောင်း၊ အပေါ်ဆင့်ခန်းစီး၌လည်းကောင်း၊ စပါးပင်နုနုကလေးတွေ စိမ်းစိုလျက်နေသော သောက်ရေအိုးစင်၌ လည်းကောင်း၊ အပ်ချုပ်စက်၌လည်းကောင်း တွေ့ရှိနိုင်လေ၏။

“သူကြီး ဦးရွှေလုံးတို့ ရှိပါသေးရဲ့ လား”ဟု အောင်လှက စ၍မေးလေ၏။

မိန်းမပျိုမှာ ထိုမေးခွန်းကို ကြားရသောအခါ မျက်နှာပျက်၍သွား လေ၏။

“သူကြီးဦးရွှေလုံးတော့ မရှိပါဘူး။ အခုသူကြီးက တစ်ယောက်ပါ။ မောင်ကြီးက ဘယ်မြို့ကပါလဲ”

“ရန်ကုန်မြို့က လာပါတယ်။ အရင်က ဒီရွာသားပါပဲ” ။

“ ကျွန်မတစ်ခါမျှ မမြင်စဖူးမို့၊ ရန်ကုန်ကို သွားတာ ဘယ် လောက်ကြာပလဲ”

“ကျုပ်ငယ်ငယ်လေး ဆယ်နှစ်သားကျော်ကျော်လောက်က သွားပါ တယ်။ ဒီနေရာဟာ ကျုပ်တို့သားအဖနေတဲ့နေရာပေါ့။ ဟိုမန်ကျည်းပင်

အောက်မှာ ပန်းပဲထုတဲ့နေရာပါပဲ။ ကိုယ့် ဇာတိချက်မြှုပ်နေရာကိုရောက်တော့ လည် တစ်မျိုးဖြစ်တာပဲ”

မိန်းမပျို၏ မျက်နှာမှာ နီမြန်းလျက် မျက်လုံးများမှာ မှိုင်းဝေဝေ ဖြစ်သည်ဟု အောင်လှ၏စိတ်မှာ မှတ်ထင်မိလေ၏။ အတန်ငယ်ကြာစွာ မိန်းမပျိုသည် စကားမပြောဘဲ နေလေ၏။ စဉ်းစားသည့် လက္ခဏာအမူ အရာမှာ အတော်ပင်သိသာလေ၏။

“ဟုတ်ကဲ့။ ဒီနေရာမှာ ပန်းပဲဆရာကြီးတစ်ယောက် နေဖူးတယ်လို့ ပြောကြတာကို ကျွန်မကြားဖူးပါတယ်။ ရှင်တို့ပဲကိုး။ အခု ရန်ကုန်မြို့မှာ ဘာအလုပ်အကိုင်များ လုပ်ပါသလဲ”

“အခုတော့ မြို့ပိုင်အလုပ်နဲ့ ဒီနယ်ကို ရောက်လာပါတယ်။ ကိုယ့်ရပ် ကိုယ့်ရွာရောက်တော့ ဘယ်လိုများ ဖြစ်နေသလဲဆိုတာ သိချင်တာနဲ့ ချက်ချင်းလာခဲ့တာပါပဲ” ဟု

“မြင်တဲ့ အတိုင်းပဲရှင့်။ ရှေးကနဲ့တော့ ဘယ်တူမှာလဲ။ ရွာလည်း ပျက်နေပါပြီ။ အရင်ရှိခဲ့တဲ့ လူကြီးလူကောင်းများလည်း တစ်ယောက်မျှ မရှိတော့ပါဘူး။ တခြားအရပ်က ပြောင်းလာတာတွေနဲ့၊ နောက်ပွားနောက် ပေါက် အနည်းငယ်ရှိတော့တာပါပဲ။ တချို့လည်း ရှင်တို့လို တစ်ရပ်တစ်ရွာ ရောက်ကုန်ကြ။ တချို့လည်း သေကြပျောက်ကြတာနဲ့ ရွာဟာ ခြောက်နေတာပဲ”

“မင်းတို့ကကော ဒီအရပ်ဌာနေပဲလား”

 မိန်းမပျိုသည် ခေါင်းငုံ့လျက် ပြန်၍ပြောရမှာခက်သလိုလို ရှက် သလိုလိုဖြစ်၍ နေပြီးမှ

“ကျွန်မတို့က အထက်ကပြောင်းလာတာပါ”

“မိဘရှိသလား”

“အဖေနဲ့ မောင်တစ်ယောက်ရှိတယ်။ မောင်က အိမ်ထောင်နဲ့ တခြား မှာနေပါတယ်။ ဒီမှာတော့ သားအဖနှစ်ယောက်ပါပဲ။ အဖေကအသက်ကြီးတော့ ကျွန်မက ဆေးလိပ်ကလေး၊ ဈေးကလေးရောင်းပြီး အဖေအိုကြီးကို ပြုစုနေတာပါပဲ”

“သာဓုဗျာ၊ သာဓု။ အဖေအိုကိုလုပ်ကျွေးနေရတယ်ဆိုတော့ အိမ် ထောင် မပြုသေးဘူးပေါ့”