Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဝထ္ထုတိုငါးပုဒ်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

                                                                  အိမ်နီးချင်း

               “ဆရာ... အခုတလော ဟိုဘက်ခန်းက ဘာဖြစ်သလဲ မသိဘူး၊ စောင်းသလိုလို ပြောင်သလိုလိုနဲ့ စကားလည်း မပြောဘူး၊ ဘာများ ပတ္တလာဂျီဖြစ်သလဲ မသိဘူး”

ဆရာလှ။           “ဘယ်သူလဲ၊ အရေးစိုက်လို့”

မယ်ခင်။              “ဘယ်သူရမလဲ ဆရာရဲ့ ၊ မိချိုတို့ ညီအစ်မပေါ့၊ ခါတိုင်းဆိုရင် ကူးလို့ သန်းလို့ ၊ မီးဖိုချောင်ကို ဝင်ပြီး ဆားနှိုက် ကြက် သွန်နှိုက်၊ အခုတော့ မျက်စောင်းတောင် မထိုးဘူး”

“နင်က ဘာလုပ်မလို့လဲ”

“ကျွန်မ ဘာမှ မလုပ်မိပါဘူး၊ ဪ... သတိရပါပြီ၊ သုံးလေး ရက်လောက်က အိမ်က ကောင်မ ဟိုတိရစ္ဆာန်မ မိအေး မီးဖိုချောင်မှာ ဆားအိုးကို ဖွင့်ထားတယ်၊ အိမ်မြှောင်တစ်ကောင်က အိုးနှုတ်ခမ်းမှာ တက်နေတယ်၊ ကျီးကန်းတစ်ကောင်ကလည်း နှိုက်တော့မလို့ လုပ်နေ တယ်၊ ဒါနဲ့ ကျွန်မက ဆူတယ်၊ ကျွန်မဆူတော့ သူတို့ ရယ်မောနေရာ က အသံတိတ်သွားတယ်၊ အဲဒီကတည်းက စပြီး သုန်မှုန်နေတာပဲ။

သူတို့ကို စောင်းတယ်ထင်လို့ပေါ့”

“ဒီလိုကောင်မတွေ အရေးစိုက်လို့၊ သူတို့မောင် ချစ်တီးက လူမိုက်၊ အရင် မယ်ပိုတို့နေတုန်းကလည်း စားရသောက်ရရင် တစ်မျိုး၊ မစားရရင် တစ်မျိုး၊ ပြီး သူတို့မောင်နဲ့ တိုက်ပေး၊ ဟိုခွေးမသား လူမိုက် က မယ်ပိုကို ပါးရိုက်လို့ ထောင်ခြောက်လ ကျသွားပါရောလား”

“ဒီလိုဖြင့် ကျွန်မ ကြောက်တယ် ဆရာရဲ့ ၊ ကျွန်မတို့ လူမိုက်တွေ ဘာတွေနဲ့ နီးနီးကပ်ကပ် မနေချင်ဘူး”

“ဘာကြောက်ရမလဲ ငါရှိတယ်၊ ငါတို့လို အိမ်နီးချင်းမျိုးဆိုတာ စောင့်ရှောက်ရတာ၊ ဘာမှ မပူနဲ့၊ နင့်ခြေအောက်ကို သူတို့အားလုံး ရောက်အောင် ငါလုပ်မယ်၊ အခုအတောအတွင်းမှာ ငြိမ်ငြိမ်ကလေးနေ၊ ဘာမှ သတိမထားသလိုနေ၊ ငါ ဓာတ်ရိုက်ပြမယ်၊ နက္ခတ်မကြုံသေး လို့၊ တနင်္ဂနွေပြောင်းဖို့ ရက်ကလေး လိုနေတယ်”

“ဆရာ့ဟာ ဘယ်လောက်ကြာနေမှာလဲ၊ စောင်းတာ မြောင်းတာ တွေကို ကျွန်မ ခံနေရမှာလား”

“ခံနေ.. မကြားဟန်ဆောင်နေ၊ မသိဟန်လုပ်၊ တစ်ခါတလေ ရယ်မောပြီး သူတို့အခန်းကို ကူး၊ ကွမ်းအစ်ဆွဲစား၊ နင့်ကို ပါးမရိုက် ဝံ့ဘူး၊ ငါ ရှိသေးတယ်၊ ငါ ခတ်ဆေးကလေးတစ်ခုလည်း လုပ်ပေး မယ်၊ ခတ်ဆေးက သာစွမ်းတယ်၊ ဂမုန်းကလေး လိုနေလို့၊ စစ်တွေက ဘုန်းကြီးတစ်ပါးဆီမှာ ရှိတယ်ပြောလို့ မှာထားတယ်၊ ဘယ်နေ့ အကော်ဆိုက်မယ် မသိဘူး”

“ဆရာ့ဟာက ဘယ်နေ့မှ မသေချာဘူး၊ ကျွန်မ ကြာကြာကြီး မနေနိုင်ဘူး၊ အိမ်လခတွေကလည်း စပေါ်အပြင် တစ်လခကျော်ကျော် အိမ်ရှင်အပေါ်မှာ ကျွန်မက ကြူးနေလို့၊ နို့မဟုတ်ရင် ကျွန်မ ချက်ချင်း ပြောင်းမှာပဲ”

“ဘောက်မယ်ကြောင့် ပြောင်းရမှာတုံး၊ အညံ့ခံလို့၊ အလွန်ဆုံး တနင်္ဂနွေတစ်ပတ်ပဲ၊ ကိုင်း.. နက်ဖြန်ခါ ငါ အင်းကလေးတစ်ခု ပေး မယ်၊ အဲဒီအင်းကလေးကို သူတို့အိပ်ရာအောက် သွားထိုး၊ ဒါမှ သေသေချာချာ စွမ်းတာ၊ တစ်ခါတည်း နင့်ကို ဘုရားလို ကိုးကွယ်စေ့မယ် ”

“သူတို့အခန်းထဲကို ဝင်ရင် ကျူးလွန်မှုလုပ်ရင် ဘယ့်နှယ်လုပ်မလဲ"

“ရယ်ရယ်မောမော ဒရော ဖောရောနဲ့ သွား၊ ရှေးဦးပထမ ကွမ်းအစ်ကို မတောင်းဘဲ စား၊ အင်းတစ်ခုကို ကွမ်းအစ်ထဲ ထည့်ခဲ့၊ တစ်ခုကိုတော့ အိပ်ရာအောက်မှာ ထား၊ မသိစေနဲ့”

“ကွမ်းအစ်ထဲက အင်းကို သူတို့တွေ့ရင် ကျွန်မကို မသင်္ကာ ဖြစ်မှာပေါ့”

“အင်းက ကွမ်းအစ်ထဲမှာ မနေဘူး၊ နင်ထည့်ပြီး ကွမ်းအစ်ကို ဖုံးသည်နှင့်တစ်ပြိုင်တည်း ထွက်ပြေးမှာပဲ၊ အိပ်ရာအောက်က အင်းလည်း ဒီလိုပြေးမှာပဲ၊ သူတို့အခန်းကို ဝင်တော့ ရယ်ရယ်မောမော ခေါ်ခေါ် ပြောပြောသာ ဝင်၊ သူတို့ နှင့်ကို ဘာမှမလုပ်စေရဘူး၊ နှင့်နဖူးမှာ ငါ ဝ ကွင်းပေးလိုက်မယ်”

ဆရာ အိမ်ကို ပြန်ပြီး သေးငယ်သော စက္ကူစကလေးတစ်ခုကို သတင်းစာရွက်မှ ဖြတ်ကာ လိပ်လေ၏။ ထိုနောက် မယ်ခင်ကို ခေါ်ပြီး ပေး၏။ နဖူးကိုလည်း လက်ညှိုးဖြင့် ဝကွက်၍ပေး၏။ ထိုနောက် “သူတို့ ဘာလုပ်နေကြသလဲ” ဟု မေး၏။

“ကျွန်မ မသိဘူး၊ အခန်းထဲမှာတော့ တိုးတိုးစကားပြောနေကြတာပဲ”

“အဲ... ဝင်သာသွား၊ ရှင်ချိုတို့ ဘာဖြစ်နေကြတာလဲ ဘာလဲ

ပြောပြီး ရယ်ရယ်မောမော ဝင်သွား၊ နဖူးမှာ ဝကွက်ပြီးသား... မကြောက်နဲ့”

မယ်ခင်သည် ဆရာပြောတိုင်း လုပ်၏။ အခန်းထဲသို့ ရောက် သောအခါ ညီအစ်မ နှစ်ယောက်တစ်ယောက်က အိပ်ရာမှာ ဘေးစောင်း လှဲ၍နေ၏။ တစ်ယောက်က ခေါင်းရင်းက ထိုင်လျက် နဖူးကို နှိပ်၍ နေ၏။ မယ်ခင်သည် ကုလားထိုင်ပေါ်၌ တင်ထားသော ကြေးကွမ်း အစ်ကို ဖွင့်၍ ကွမ်းစားရင်း အင်းကို ထည့်၏။ ကွမ်းအစ်ကို ပိတ်ပြီး အိပ်ရာခြေရင်းသို့ သွားပြီး အိပ်နေသူ၏ခြေဖျားကို လက်နှင့်ဆုပ်ကိုင် ကာ “အေးလို့ပါကလား” ဟု ပြောပြီး စောင်နှင့် ဖုံး၍ပေးပြီး အင်းကို အိပ်ရာအောက်သို့ သွင်းလိုက်၏။

ညီအစ်မနှစ်ယောက်သည် စကားမပြောဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးကြ၏။ တစ်ယောက်က...

“မယ်ခင်တို့များ ဘာပတ္တလာဂျီဖြစ်လို့ ဒီဘက်ခန်းကို မကူး သလဲ၊ အခုမှသတိရတာ၊ ဘယ်လင်ဆီ စိတ်ရောက်လို့လဲ” ဟု ပြော ၏။

“ဘယ်မှ မရောက်ပါဘူးတော်၊ လူတစ်ခု ပူမှုက ဆယ်ကုဋေ ဆိုတာလို တစ်ခါတလေတော့လည်း တောင်တွေး မြောက်တွေးနဲ့ အမှတ်တမဲ့နေမိတာပဲ၊ ကျုပ်ကလည်း ရှင်တို့ညီအစ်မ အခုတလော ဘာများဖြစ်သလဲလို့”

“ဘာဖြစ်လို့လဲတော် ဘာမှမဖြစ်ပါကလား၊ ဟိုမအေ... ကြောင့်ပေါ့၊ ရှင် မကြားဘူးလား” “ဟင့်အင်း... မကြားပါဘူး၊ ဘယ်မအေလဲ”

“ဒီက မောင်တော်ပေါ့၊ ဓားထိုးမှုဖြစ်လို့ ချုပ်ထားတယ်တဲ့၊ ကုန်စရာလည်း ငွေမရှိဘူး”

“အဲဒါမှ အခက်၊ ကျုပ်တော့ ငွေ ၁၅ ကျပ် ရှိရဲ့၊ ဓာတုဗေဒ နားကပ်ကလေးကို မရွှေစောက အတင်းဖြုတ်ယူပြီး ငွေအစိတ်ပေး တယ်၊ အခု ၁၅ ကျပ်ပဲ ကျန်တော့တယ်၊ လိုရင် သုံးတာပေါ့၊ အာမခံ ကလေး ဘာကလေးအတွက် အကုန်ခံရလိမ့်မယ်” ဟု ပြောကာ အိတ်ထဲမှ ထုတ်၍ ပေး၏။

ချစ်တီး အချုပ်က လွတ်လာ၏။

“မေခင့်ကျေးဇူးကို ကျွန်တော် တစ်သက်လုံး မမေ့ဘူး၊ မေခင့် အတွက်ဆိုရင် အသက်စွန့်မယ်၊ ကျွန်တော့်အစ်မကြီးကို ဘယ်လိုလူမှ မစော်ကားရဘူး၊ ဒီအရပ်ထဲမှာ လူမိုက်တွေက ဗိုလ်လုပ်နေတယ်။

ကျွန်တော့်အစ်မကြီးကို မျက်စောင်းတစ်ချက်ထိုးရင် အူပေါက်စေ့မယ်” စသည်ဖြင့် ပြောလေ၏။

နောက်တစ်နေ့ မယ်ခင်နှင့် ဆရာ တွေ့ကြရာ မယ်ခင်က...

“ဟုတ်လိုက်တာ ဆရာ၊ ဆရာ့အင်း သိပ်စွမ်းတာပဲ၊ ကျွန်မက သနားလို့ သူတို့ကို ငွေ ၁၅ ကျပ်တောင် လှည့်လိုက်သေးတယ်” ဟု ပြောလေ၏။

မြန်မာ့အလင်း နှစ်သစ်မင်္ဂလာ

အထူးထုတ်သတင်းစာ၊ ဧပြီ၊ ၁၉၃၇