Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဝတ္ထုပဒေသာအမှတ်(၁၁)

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

မူးယစ်သူ

         “အစ်မကြီးတို့တော့ နေဝင်မှပြန်ကြမယ်ထင်တယ်။ ပူလိုက်တာ ကလည်း အိုက်လို့။ နောက်ဘေးက ကန်ထဲဆင်းပြီးရေကူးမှ တော်တော့ မကိုး”ဟု သာယာသောအသံနှင့် အိမ်ပေါ်မှ လျင်မြန်ပေါ့ပါးသောခြေလှမ်း ဖြင့် လှေကားကိုလှမ်းနင်း၍ ဆင်းလာလေ၏။

           “သပြေပင် အရိပ်အောက်မှာ ကူးနော်၊ နေပူထဲကို မထွက်နဲ့ ကြာ လည်းမနေနဲ့။ ဟိုကောင်မတွေရောက်လာရင် ဆူလိမ့်ဦးမယ်”

“ဆူဆူ..မမရယ်၊ ဘာကြောက်ရမလဲ။ သူတို့ကထစ်ခနဲရှိ ဆူချင်

တာချည်းပဲ”

“သူတို့က အကြီးကိုအေ၊ အစ်မကြီးက အမိအရာ'တဲ့။ ငါ့သမီး ကတော့ ငယ်သေးတာကိုးအေ့၊ သူတို့စကားကို နားထောင်မှပေါ့”

“နားထောင်ရအားကြီးလို့ မမက ဩဇာမပေးရသေးဘူး၊ သူတို့ ချည်းပေးတာပဲ။ ကျွန်မကိုများဖြင့် သူတို့ဘာထင်သလဲ မသိဘူး”။

“ဘာထင်ရမှာလဲအေ၊ မမက မာမှမမာဘဲကိုးအေ့။ သည်တော့ အေးအေးနေရတာပဲ၊ ညီကို မမက မထိန်းကျောင်းချင်တော့ သူတို့ပဲထိန်း ကျောင်းရတာပေါ့” “ကျွန်မကို သည်လောက်အနံအအ၊ အမိုက်အရူးလို သဘောထားပြီး ထစ်ခနဲရှိရင် ဆူတာဟာ ထိန်းကျောင်းတာလား။ ကျွန်မကိုဘယ်သူမှ မထိန်းကျောင်းဘူး၊ ကျွန်မဘာသာ ကျွန်မကိုယ်ကို ကျွန်မထိန်းကျောင်းရ တာပါ”

“သည်လို မပြောပါနဲ့ သမီးရယ်၊ သမီးကငယ်တယ်အေ့။ သူတို့က အကြီး နားထောင်မှပေါ့၊ သူတို့က ကောင်းစေချင်လို့ သမီးကို ပြောတာ ဆိုတာပါ”

“ကောင်းစေချင်လို့ မဟုတ်ပါဘူး မမရယ်၊ သူတို့သာ အလိမ္မာ၊ ကျွန်မကို အမိုက်တုံးကြီးလုပ်ထားပါတယ်၊ ကျွန်မအရူးအပေါ ဝတ်ရမှန်း၊ စားရမှန်းမသိတဲ့အနေ၊ သူတို့က အလိမ္မာအတတ်၊ ဝတ်တတ် စားတတ်တွေ ကျွန်မမှာသူတို့အကျကိုမှ ဝတ်ရပါတယ်” ။

“သမီးက အခြားမိန်းမကလေးတွေနဲ့မှ မတူဘဲကိုးအေ့။ ညည်းကိုယ် ကို ဖီးလားလိမ်းလားမပြုတော့ သမီးကိုမလှချင်ဘူးလို့ ထင်နေကြတာပေါ့ ဖီးပါလိမ်းပါလား။ သည်တော့ ညည်းလှချင်မှန်းသိပြီး သူတို့ဂရုစိုက်လာရမှာ ပေါ့”။

“ဟုတ်တယ် ကျွန်မတခြားမိန်းမကလေးတွေနဲ့တော့ မတူဘူး၊ သူတို့နဲ့ အရောဝင်တဲ့ ယောက်ျားကလေးတွေကိုလည်း ကျွန်မမုန်းတယ်။ ကျွန်မသူတို့လို ယောက်ျားကြိုက်မ မဟုတ်ဘူး။ ယောက်ျားမုန်းမ”ဟု ပြောပြီး အိမ်ပေါ်မှဆင်းပြီး နောက်ဖေးခြံထဲသို့ လှည့်၍ထွက်သွားလေ၏။ မကြာမီ ဖုန်းဖုန်း ဖုန်းဖုန်းမြည်သော ရေကူးသံကို ကြားရလေ၏။

အတန်ကြာ၍အိမ်သို့ ပြန်လာသောအခါ စောတင်နှင့်စောရင် ပွဲ ထိုင်မှပြန်၍လာသည်ကို တွေ့ရလေသတည်း။

စောတင်။ ။“ကြည့်စမ်းမမ၊ ဒီကောင်မကို ဘာမှမပြောဘဲ ပေါက်လွှတ်ပဲစား လွှတ်ထာသလား ကြည့်စမ်း။ နေပူထဲမှာ ရေသွားပြီးကူး နေလိုက်တာ၊ မျက်နှာတွေနီရဲလို့၊ နေလောင်လို့ ကျွမ်းကုန်ပြီ”

စောရင်။ ။ “ဟုတ်တယ်မမ၊ မမကလည်း ဘာမှအဆိုအပြော မရှိဘူး၊ အပူဝင်ပြီး ဘယ်တော့လဲ သေလိမ့်မလဲ” စောခင်သည် ၄င်းတို့ပြောသော စကားများကို မကြားယောင်ပြုပြီး နှုတ်ခမ်းစူလျက် ငါ့ဖာသာ၊ ငါ့လက် ငါ့ခြေနဲ့ ငါကူးတယ်။ ဘာဖြစ်သလဲ၊ သူတို့လက်ကိုငှားပြီး ကူးတာ လားဟု၊ နှုတ်ခမ်းစူကာ မကြားတကြား စွတ်စိုသောကိုယ်နှင့် ထဘီမှ ရေစက်တွေကျလျက် အိမ်ရှေ့ခန်းကို ဖြတ်ပြီး အတွင်းခန်းသို့ ရေချိုးခန်း အထိ ဝင်သွားလေ၏။

ရင်။ ။“ကြည့်စမ်းပါဦး၊ တစ်အိမ်လုံးရွဲကုန်ပြီ။ တကတဲ ငါသိပ် ပြောလိုက်ရ မကောင်းတော့ဘူး။ မမ မမသမီးကို ဘာမှမပြောတော့ဘူးလား”

စောခင်သည် ရေချိုးထဲ၌ ထဘီကိုလဲရင်း “စိုကုန်ရင် လျှာနဲ့လျက် ပစ်ပါလား”ဟု မိမိ၏စကားကို မိမိကြားရုံမျှ ရေချိုးခန်းတံခါးကို ရန်သူလို မျက်စောင်းထိုးကာပြောလေ၏။

စောခင်သည် အသက်ဆယ့်ခုနှစ်အရွယ်ခန့်သာ ရှိလေ၏။ အစ်မကြီးစောတင်မှာ အသက်နှစ်ဆယ်ရှစ်နှစ်ရှိလေ၏။ စောရင်မှာ နှစ်ဆယ့် ငါးနှစ်ရှိလေ၏။ ၄င်းတို့မှာ လိုရာမရ ရ၍မလိုသဖြင့် အပျိုဟိုင်းကြီးတွေ ဖြစ်၍နေလေရာ ပွဲထိုင်ဖိတ်စာရသမျှကို မလစ်မလပ်ရအောင် လိုက်ခြင်းဖြင့် မိမိတို့ကိုယ်ကို စုံအောင်ကြော်ငြာခြင်းပြု၍ နေကြလေ၏။ ညီမအငယ်ဆုံး စောခင်မှာမူ ငယ်သေးသဖြင့် နောင်ခါ ယောက်ျားတော့ယူဖို့ရန် အချိန်ကောင်းစွာရှိလေသည်ဟု ၄င်းစိတ်၌ အောက်မေ့ကာ စောခင်ကို အိမ်၌အပို အလျှံ အသုံးမကျသော အရာတစ်ခုကဲ့သို့ လှစ်လျူရှု၍ထားကြလေ၏။ စောတင်နှင့်စောရင်သည် စောခင်ကို ပြောဆို၍ ဝကြသောအခါ အခန်းထဲသို့ ဝင်၍ စကားပြောရင်း အဝတ်များကို လဲကြလေ၏။

ရင်။ ။“ကိုမောင်ခင်ကို သွားကြိုရရင်မကောင်းဘူးလား”

တင်။ ။“အေးအေး ဟုတ်တယ်။ တို့နှစ်ယောက် တစ်ယောက် ယောက်တော့ ယောက်ျားရမှ ဖြစ်မယ်အေ့၊ ညည်းပဲရရ ငါပဲရရ။ တစ် ယောက်ရရင် ပြီးတာပဲ၊ သူများတွေက တို့ကိုလင်မရနိုင်ဘူးလို့ ထင်နေကြ တယ်”

တင်။ ။“ညည်းက နောက်မှယူအေ၊ ငါကအကြီးအေ့။ ငါက အရင်ယူမယ်။ ကိုမောင်ခင်ကို ငါရပြီးရင် ငါညည်းကို သူ့ညီမောင်ကင်နဲ့ စပ်ပေးမယ်”

ရင်။ ။“မောင်တင်က ကိုမောင်ခင်လို ချောရဲ့ လား”

တင်။ ။“ငါ့မတ်က လူချောပါ နော့။ ကိုမောင်ခင်ထက်တော့ အသားကလေးနည်းနည်းညိုတယ်” ။

ထိုအခိုက်တွင် စောခင်သည် တံခါးအနီးမှ နားထောင်လျက် တစ်ယောက်တည်း ပြုံးကာ“အမယ်သူ့မတ်တဲ့၊ ဟိုက သူ့ကိုယူပါစေဦး။ ကိုမောင်ခင်များ သူနဲ့ညားရင် ကိုမောင်ခင်ဆိုတဲ့လူမှာ ခေါင်းဆင်နင်းတာပဲ။ ဒီလူဟာ ဘယ်လိုလူပါလိမ့်။ သူတို့ကြိုက်တဲ့ လူကိုတော့ ငါဘယ်တော့မှ မလိုချင်ဘူး။ သူတို့ကိုကြိုက်တဲ့လူဟာ ဟန်ကျမယ့်လူလည်းမဟုတ်ပါဘူး” စသည်ဖြင့် တွေးတောကာ နေလေ၏။

ရင်။ ။“ကိုမောင်ခင်က ညည်းကိုမကြိုက်ဘဲ ငါ့ကိုကြိုက်ရင် ဘယ့်နှယ်လုပ်မလဲ”

တင်။ “ညည်းကိုကြိုက်ရင်လည်း ညည်းယူတာပေါ့။ ညည်းသူ့ကို ရရင် ညည်းမတ်နဲ့ငါ့ကို စပ်ပေးရမယ်” ။

ရင်။ ။“ငါ့မတ်က ညည်းကို ကြိုက်ရင် တော်ပါရဲ့”

တင်။ ။“ငါ့ကို မကြိုက်ရင် ညည်းကပဲ ထပ်ပြီးလိုချင်သေး သလား”

ရင်။ ။“အမယ်လေး တစ်ယောက်ပဲရအောင် ကြိုးစားပါဦး”ဟု ပြောပြီး နှစ်ယောက်သားအပြင်သို့ ထွက်လာကြလေရာ ချောင်း၍ နားထောင် နေသော စောခင်ကို မြင်ရလေရာ စောတင်က။ ။“စောခင်၊ ညည်းဒီမှာ ဘာလုပ်နေတာလဲ၊ ချောင်းနားထောင်နေတာပေါ့လေ။ ညည်း အင်မတန် မကောင်းတဲ့ကောင်မ၊ အမျိုးယုတ်မ၊ မမ မမသမီးလုပ်ပုံကြည့်ပါဦး၊ ဒီအကျင့် မျိုးဟာ အင်မတန်သဘောဆိုးသူများကျင့်တဲ့ အကျင့်မျိုး သိရဲ့လား။ သွား .. ဒီမှာမနေနဲ့၊ မျက်စိစပါးမွှေးစူးတယ်”ဟုပြောကာ ထွက်သွားလေ၏။

စောခင်လည်း တစ်စုံတစ်ရာပြန်၍မပြော ဆံပင်များကိုကိုင်တွယ်ကာ လှပ သော မိမိ၏ဦးခေါင်းပေါ်၌ ကပိုကရိုပတ်၍နေလေ၏။

စောတင်။ ။“ဒီဆံပင်ဘာပြုလို့ မထုံးသလဲ၊ ဆံပင် ကျီးကန်း သိုက်နဲ့။ လူမြင်ရင် အရူးမလို့ ထင်လိမ့်မယ်”

“ဒါဘယ်သူ့ဆံပင်မှ မဟုတ်ဘူး၊ ငါ့ဆံပင်၊ ငါပြီးချင်မှပြီးမယ်”ဟု နှုတ်ခမ်းစူကာ စောခင်သည် မေးငေါ့၍ပြောလေ၏။

“မျက်နှာလည်းနေပူလို့ အဖတ်အဖတ်လန်ကုန်ပြီ၊ နောက်တစ်နေ့ နှာခေါင်းကျွတ်ကျလိမ့်မယ်”

“ငါ့နှာခေါင်း ကျွတ်ကျွတ်၊ ဘယ်သူ့ အပူမှ မဟုတ်ဘူး”ဟုပြောပြီး စောခင်သည် အိမ်ပြင်ဘက်သို့ ထွက်ကာ ပန်းခြံထဲမှာ ထိုင်လျက် စဉ်းစား၍ နေလေ၏။

သို့နေခိုက်တွင် နှင်းဆီပန်းကလေးတစ်ပွင့်သည် မိမိ၏နား၌ လေထဲတွင် လှုပ်ခါလှုပ်ခါ ငိုက်ခါငိုက်ခါ ကစား၍နေသည်ကိုမြင်ရလေ၏။ ထိုအခါ အဖော်မရှိ တစ်ကိုယ်တည်းနေရသော စောခင်သည် ၄င်းကိုအဖော် လုပ်ကာ ပန်းကိုကြည့်ပြီး “ဟုတ်တယ်နော်၊ သူတို့က သိပ်ပြီးဆူတာပဲ၊ငါ ဒီအိမ်တောင် မနေချင်တော့ဘူး။ မမက မမာလို့ပေါ့”ဟု ပြောပြီး ပန်းကလေး ကို ငေးစိုက်ကာ စဉ်းစားသော မျက်လုံးများနှင့် ကြည့်၍နေလေ၏။ ။

ထို့နောက်ဆက်ကာ “ဟုတ်သားပဲလေ၊ သူတို့ပြောလည်း ပြောချင် စရာ ငါက မိုက်တာကို။ ပြီးတော့သူတို့လိုလည်း မလှဘူး။ သူတို့ကတော့ လှတယ်၊ လှတဲ့သူများဟာ လင်လိုချင်တတ်တယ်ထင်ပါရဲ့နော်။ ငါတော့ မလိုချင်ပေါင်၊ ငါ့ကိုတခြားမိန်းမကလေးတွေနဲ့မတူဘူးလို့ သူတို့ကပြောကြ တယ်၊ တခြားမိန်းမကလေးတွေက ကောင်းသလား၊ ငါကကောင်းသလား မသိပါဘူး။ တခြားမိန်းကလေးလိုတော့ ဝတ်ချင်စားချင်စိတ် ငါ့မှာမရှိဘူး၊ ငါတွေ့ရတဲ့ ယောက်ျားကလေးတွေကိုလည်း ငါတစ်ယောက်မှ မကြိုက်ဘူး။ သူတို့ကလည်း ငါ့ကို ကြိုက်မှာမဟုတ်ပါဘူး ထင်ပါရဲ့နော်။ အဲ့ နှင်းဆီပန်း ကလေး၊ နင်လည်း ငါ့လိုပဲ တစ်ယောက်တည်းနေရတယ်နော်၊ နင့်မှာ ရည်းစားရှိသလား”ဟု မေးလေ၏။ ။

နှင်းဆီပန်းကလေးသည် လေထဲတွင် ခေါင်းခါသလို လှုပ်လေ၏။

“ဪ မရှိဘူးလား၊ မရှိရင် ညည်းနဲ့ငါနဲ့ အတူတူပေါ့ နော်။ ကိုမောင်ခင်ဆိုတဲ့ လူလာလိမ့်မယ်။ လာရင်ဆီးပြီး မကြိုက်လိုက်နဲ့နော်။ ငါတော့ မကြိုက်ဘူး။ ကိုမောင်ခင်ဆိုတာ တို့များနဲ့ ဆွေနီးမျိုးစပ်ပဲ၊ ဆွေမျိုး ကိုယူလို့ကော ဘာအရသာရှိမှာတဲ့တုံး၊ ကိုယ့်အိမ်က ခြံထဲမှာစိုက်တဲ့ ချဉ်ပေါင်ရွက်လို နေမှာပေါ့ နော်။ တိုရေရှားရေ ဝယ်စားရတာလောက်တော့ ဘာအရသာရှိမှာလဲ၊ ကိုယ်တိုင်အိမ်မှာ လုပ်တဲ့မုန့်ကို ဝယ်စားရတာလောက် ကောင်းမှာ မဟုတ်ပါဘူး”စသည်ဖြင့် ပြောလေ၏။

ထိုကဲ့သို့ နေရာ အတန်ကြာသွားလေရာ နေသည်အနောက်ဘက် ကောင်းကင်ဝသို့ ရောက်သွားပြီးလျှင် ရွှေအဆင်းနှင့်တူသော ရောင်ခြည်ဖြင့် စောခင်၏မျက်နှာကိုလည်းကောင်း၊ ပန်းခြံတစ်ခုလုံးကိုလည်းကောင်း ဖျန်း ပက်လေ၏။ စောခင်သည်ကား ခွေးခြေကလေးတစ်ခုပေါ်တွင် ထိုင်ကာ တံတောင်ဆစ်နှစ်ဖက်ကို ပေါင်ပေါ်တင်ကာမေးထောက်လျက် အနောက် ဘက်မှာလားဟု စဉ်းစားကာ တစ်ကိုယ်တည်းပြုံး၍နေလေ၏။

တစ်ခါတစ်ခါ ရယ်သံများကို ကြားရလေ၏။ ထိုအခိုက်တွင် အိမ် ထဲသို့ ဝင်ကာပဆစ်ပစ်တာကို ကြည့်ဦးမည်ဟူသော အကြံနှင့် ထိုင်နေရာမှ ထ၍ လာလေ၏။ ထိုအခိုက်တွင် စောင်ကလေးတစ်ထည်ကို ပတ်ရုံလွှမ်းခြုံ ကာ ထွက်လာသော မိခင်ကိုမြင်သဖြင့် “မမဘယ်ကို သွားမလို့လဲ”ဟု မေးရာ “အနောက်နား မနန်းတို့အိမ်ကို မမသွားဦးမယ်။ မြင်းရထားတစ်စင်းလှမ်း ခေါ်လိုက်စမ်းပါ သမီးရယ်”ဟုပြောသဖြင့် စောခင်သည် လမ်းမဘက်သို့ ပြေးပြီး မြင်းရထားတစ်စင်းကိုခေါ်လေ၏။

မကြာမီ မိခင်ထွက်၍သွားသည်ကိုကြည့်ပြီး အိမ်ဘက်သို့လာ၍ အိမ်ထဲဝင်မည်ပြုပြီးမှ “မဝင်ပါဘူးလေ။ မတော်တဆ။ သူတို့ လင်ကြိုက်လို့ ထင်နေချင် ထင်နေဦးမှာ”ဟုတွေးကာ အုတ်လှေကားပေါ်တွင် ထိုင်၍နေလေ ၏။