ပီမိုးနင်း - လိုတရ
ယုံကြည်ခြင်းနှင့် အထင်အမြင်စိတ်
ယုံကြည်ခြင်းအရာ၌ ပေါ့လျော့ချေကလည်းကောင်း၊ ယုံကြည် စိတ်ချသော်လည်း စူးစိုက်ခြင်းအရာ၌ မခိုင်မမြဲ၊ ပျံ့လွင့်ခြင်းဖြစ်သည့်အခါ ၌လည်းကောင်း၊ လိုအပ်သောအကျိုးသို့ ကောင်းစွာမရောက်တတ်ပေ။ စူးစိုက် ခြင်းမှာ အစ၌ အတော်ကလေးခက်ပေလိမ့်မည်။ ထိုခက်ခဲခြင်းမှာ အခြား မဟုတ်။ တစ်စုံတစ်ရာကို စူးစိုက်စွာဆင်ခြင်ရာ၌ အခြားသို့ စိတ်သည် လွင့်ပါး၍သွားတတ်သည်ကို မိမိကိုယ်တိုင်မသိဘဲနေတတ်ခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ ဆင်ခြင်ရာ၌ ငါ၏စိတ် အဘယ်ကို လွင့်ပါ၍နေသနည်းဟု သိဖို့ ရန် သတိဖြင့် ထိန်းစောင့်ရာ၏။ ထိုအကျင့်များ၌ ကိုယ်, လက် အကြော အခြင်များကို ပျော့စွာထားရမည်ဟူသော ညွှန်ကြားချက်များ ပါရလေရာ၊ ကိုယ်, လက် အကြောအခြင်များ မလျော့မူ၍ တစ်နေရာရာမှာ တင်းတောင့် ၍နေလျှင် အတွင်းစိတ်၏တန်ခိုးသတ္တိမှာ ချုပ်ချယ်ခြင်းကို ခံနေရသည်နှင့် တူသဖြင့် လိုရာအကျိုးတို့ကို ကောင်းစွာမရောက်ဘဲနေလိမ့်မည်။ အခါ များစွာ မိမိ၏ အကြောအခြင်များကို လျှော့၍ထားသည်ဟု စိတ်၌ မှတ်ထင် သော်လည်း တစ်နေရာရာမှာ မိမိကိုယ်တိုင်မသိဘဲ တင်းတောင့်၍နေတတ် လေသည်။ ထိုကဲ့သို့မဖြစ်စေရအောင် သတိပြုရမည်။ ကိုယ်, လက် အကြော အခြင်လျှော့ပုံမှာ မိမိကိုယ်ကို အိပ်ရာ၌ဖြစ်စေ၊ ပက်လက်ကုလားထိုင်၌ ဖြစ်စေ ချမ်းသာစွာရှိစေရမည်။ မိမိကိုယ်ခန္ဓာ၏ အလေးရှိသမျှကို အိပ်ရာ ကုလားထိုင်ပေါ်သို့ အကုန်အစင် ပိပိရိရိကျစေလျက် ထိ၍ နေစေရမည်။ ပျော့ပျောင်းသော အဝတ်ပဝါသည် ဖျာပေါ်၌ပုံလျက်ကျနေသည့်အလားတူ ရှိစေရမည်။
တစ်စုံတစ်ရာကို စူးစိုက်စွာဆင်ခြင်ခြင်း၌ ထင်မြင်သောအရာသို့ မိမိ၏နားမှာ ကြားရလောက်သောအသံနှင့် မြန်မြန်ရွတ်ဆိုရမည်။ မမြန်လျှင် လည်းကောင်း၊ နား၌မကြားလျှင်လည်းကောင်း စိတ်ပျံ့လွင့်တတ်သည်။ စိတ်ထိန်းနည်းကိုလည်း အားလပ်သည့်အခါ မြင်ရသောအရာတစ်ခုခုကို စူးစိုက်စွာကြည့်ခြင်းဖြင့် လေ့ကျင့်ရာ၏။ ပျင်းဖွယ်ကောင်းသော စာအုပ်ထဲ၌ စိတ်ကို စူးစိုက်စွာသွင်း၍ ဖတ်ရာ၏။
ဘုရားရှိခိုးသည့်အခါ မိမိ နားမလည်သော ပါဠိထက် နားလည် သော မြန်မာစကားကိုသုံးကာ စကားအဓိပ္ပာယ်၌ စိတ်ကို စူးစိုက်စွာသွင်း လျက် ဆုတောင်းရမည်။ ပါဠိသည် ဘုရားဟောကျမ်းစကားနှင့်သာ ဆိုင်သော ဘာသာစကားမဟုတ်၊ မြတ်စွာဘုရားလက်ထက်၌ အရပ်သုံးစကားဖြစ်ရာ ထိုစကားနှင့်ပင် အကောင်းကိုပြောကြ၏။ ထိုစကားနှင့်ပင် ဆိုးယုတ်စွာ ဆဲရေးကြ၏။ ထိုစကားနှင့်ပင် ကာလသားသမီးများ ချစ်ကြိုက်ကြလေရာ ပါဠိဘာသာကို အသုံးပြုမှဖြစ်သည်ဟု စွဲမှတ်ရန် အကြောင်းမရှိ။ သဘော အဓိပ္ပာယ်ကို သိသော စူးစိုက်သော စိတ်သာ ပဓာနဖြစ်လေသည်။ သို့ဖြစ်၍ ဘုရားဟောပါဠိတော်ဟု ပြောခြင်းထက် ဘုရားဟော တရားဟူသော စကား က သာ၍မှန်လေသည်။ အကြောင်းမူကား မြတ်စွာဘုရားသည် ပါဠိကို ဟောသည်မဟုတ်၊ တရားကိုထားဟောလေရာ၊ ထိုအခါ ပါဠိခေါ် မာဂဓ ဘာသာမှာ အရပ်သုံးစကားဖြစ်၍ မည်သူမဆို နားလည်သဖြင့် လွယ်ကူသော
ကြောင့် ထိုဘာသာစကားကို သုံးတော်မူလေသည်။ ထိုဘာသာစကားကြောင့် ဘုရားသခင်၏ တရားတော် ယခုတိုင် တည်သည်မဟုတ်၊ ဘုရားဟောတရားကြောင့် ထိုဘာသာစကားသည် ယခုတိုင် တည်ရှိလေသည်။ အကယ်၍ မြတ်စွာဘုရားသည် ထိုဘာသာစကားကို အသုံးမပြု။ အခြားဘာသာစကား တစ်ခုခုကို အသုံးပြုချေက ပါဠိဘာသာသည် ပျောက်ကွယ်ကုန်သော များစွာသော ရှေးဘာသာစကားများကဲ့သို့ ကွယ်ပျောက်၍သွားလေမလား မသိရပေ။ လုံးလုံးပင် မကွယ်မပျောက်နေစေကာမူ ယခုလို အခြေကျကျ ခိုင်လုံစွာ တည်နေမည်မဟုတ်ပေ။ အချို့က ပါဠိကို ကမ္ဘာဦးစကားဟု ပြောကြ၏။ ထိုစကားမှာ အထင်နှင့်ပြောခြင်းသာ ဖြစ်သည်။ မဟာမေဒင် လူမျိုးက အာရှဗီစကားဟု ပြောကြ၏။ ရှေးအဟောင်းအမြင်း ရှာသူတို့သည်ကား အမျိုးမျိုးပြောကြလေသည်။ ထိုစကားများအနက် မည်သည့်စကားမျှ မှန်မည် မဟုတ်ပေ။ ကမ္ဘာဦး၌ လူသတ္တဝါများသည် တစ်နေရာတည်းမှာ စ၍ ပေါ်ကြမည်မဟုတ်။ ကမ္ဘာအရပ်ရပ်မှာ လူအများအပြား ပေါ်ပေါက်ခဲ့ကြသဖြင့် ကမ္ဘာဦး ဘာသာစကားများမှာလည်း အများပင်ရှိပေလိမ့်မည်။ မဟာမက်ခရစ် ဘာသာတို့က အေဒင်ကို အစွဲပြုကြ၏။ ဗုဒ္ဓဘာသာတို့က ဗြဟ္မာကြီးများဟု အစွဲပြုကြရာ နေရာကို အသေအချာ မပြနိုင်ကြပေ။ တရုတ်ပြည်ကဲ့သို့ ကျယ်ပြောသော ဒေသများနှင့် သမုဒ္ဒရာဖြစ်နေသော နေရာများသည် လည်းကောင်း၊ အမေရိကန်တောတောင်များသည်လည်းကောင်း၊ ဥရောပ တိုက်နယ် ကုန်းမြေ၊ အာဖရိက တောကြီးများသည်လည်းကောင်း၊ လူ၏ ပေါ်ထွက်ရာ နေရာများ ဖြစ်နိုင်လေသည်။
ရေရှိက ငါးရှိသည့်အလား၊ မြေရှိက အရပ်ရပ်မှာ လူ၏ ပေါ်ထွက် ရာအစ ဖြစ်နိုင်သည်ဟု သဘောရအပ်ပေသည်။ သို့သော်လည်း အခြား သူတစ်ပါး၏ ထင်မြင်ယူဆချက်ကို မည်သူမျှ ကန့်ကွက်နိုင်သည်မဟုတ် သဖြင့် ယုံကြည်ချင်ကြသလို ယုံကြည်နိုင်ကြပေသည်။
ဆိုလိုရင်းမှာ ဆုတောင်းမေတ္တာပို့ခြင်းများ၌ နားလည်မှ စူးစိုက် မည်။ စူးစိုက်မှ ထက်မြက်မည်ဟူသော အချက်ဖြစ်ရာ ဆင်ခြင်သော အကြောင်းအရာ၌ စူးစိုက်သော စိတ်ကို ထားအပ်ခြင်းဖြစ်ပေသည်။
ယုံကြည်ခြင်းမှာလည်း နှစ်နှစ်ကာကာ ယုံကြည်မှ ကောင်းစွာ အထမြောက်နိုင်လေသည်။ ဥပမာ ဝေဒနာတစ်ခုခု စွဲကပ်ရာ၌ ထိုဝေဒနာပျောက်လိမ့်မည်ဟူသော အကြောင်းကို သာမန်မျှ ယုံကြည်သည်ဟု စိတ်၌ ထင်ရုံမျှနှင့်မပြီး၊ အမှန်တကယ် ထိုရောဂါ ပျောက်မည့်အကြောင်းကို ဒိဋ္ဌ စိတ်ချလျက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် စိတ်အားတက်ကြွ၍ လာလောက် အောင် ယုံကြည်ရမည်၊ ထက်သန်သောဆန္ဒလည်း ရှိရမည်။
ဝေဒနာရှင်မှာ ဆရာဝန်များက သေလိမ့်မည်ဟု ဆုံးဖြတ်ထား သဖြင့် အားငယ်၍မနေရာ၊ ဤစိတ်ပညာ အော်တိုဆပ်ဂျက်ရှင်း "Autosuggestion"နည်းကို အသုံးပြုရသည့်အတွက် ငါ မသေတော့ဘူး။ ငါ ချမ်းသာတော့မှာဘဲဟု စိတ်ချယုံကြည်လျက် ဒိဋ္ဌသိသလို အားတက်ကာ စိတ်အားငယ်ခြင်း ပူပင်ကြောင့်ကြခြင်းဟူသမျှ ပျောက်ကင်း၍သွားစေရမည်။
ကျန်းမာလျှင် ငါ ဘယ်လိုအလုပ်ကို လုပ်မည်။ ဘယ်အကြံကို ကြံမည် ဟူသော ထက်သန်သော အာသာဆန္ဒလည်း ရှိရမည်။ ထိုအခါ ဝေဒနာသည် ဒီရေကျသလို ကျသွားလိမ့်မည်။ ယုံကြည်သောစိတ်နှင့် စူးစိုက်ခြင်းကို အစ၌ ချက်ချင်းမရနိုင်။ စွဲမြဲစွာကျင့်က တဖြည်းဖြည်းရလိမ့်မည်။ ထိုယုံကြည် ခြင်းကို ဝေဒနာရှင်သည် ဆင်ခြင်သော တစ်ခဏ၌သာ စိတ်၌ ထားရှိရမည် မဟုတ်၊ အခြားအချိန်များ၌လည်း မိမိမှာ ရောဂါရှိကြောင်းကို မတွေးရဘယ်ဆေးဝါးကို မှီဝဲရပါသလဲဟူသော ပူပင်သောကစိတ်မျိုးတွေ မပေါ်စေ ရ။ မိမိကိုယ်ကို မှန်၌ကြည့်ကာ ငါ့ရောဂါ ဘယ်လိုနေပါ့လိမ့်မလဲဟု မတွေးရ။ သူတစ်ပါးအား မိမိ၏ရောဂါအကြောင်းကိုပြောကာ ညည်းညူပူပင်ခြင်း မဖြစ် စေရ။ မိမိ၏ ဝေဒနာကို သတိရသည့်အခါတိုင်း “ပျောက်တော့မှာပဲ”ဟု ယုံကြည်သောစိတ်ကို အမြဲထားရှိရမည်။ ယုံကြည်ခြင်းသည် အကြီးဆုံးသော တန်ခိုး၊ အံ့ဖွယ်ရာတို့ကို ဖြစ်စေနိုင်လေသည်။ သောကပူပန်ခြင်းကို ပျောက်စေ ရမည်။ ဆူးစူးသည်ကို မြွေကိုက်သည်ဟု မှတ်ထင်ယုံကြည်၍ ကြောက်ရွံ့ အားလျော့က အဆိပ်ဖက်၏။ ဝမ်း၌ လှုပ်ရှားသည်ကို ရောဂါဆိုးဟု စွဲမှတ်ရုံနှင့်မျှ ဝမ်းလားရ၏။ ကိုယ်ပူရုံမျှနှင့် ပလိပ်ရောဂါဖြစ်ပြီဟု ယုံလျှင် သေခြင်း ၏ အစပေတည်း။
သို့ယုံကြည်စိတ်ချရာ၌ အကြောအခြင်တင်းခြင်း၊ လက်သီးဆုပ် ခြင်း၊ အံကြိတ်ခြင်း၊ စိတ်မာန်ကိုတင်းခြင်း တစ်စုံတစ်ရာ မရှိစေရ၊ တကယ် ယုံကြည်သောစိတ်မှာ ဒေါမာန် မပါရှိ၊ အားထုတ်ခြင်း ကင်းမဲ့လေသည်။
စိတ်ပညာကို အမှတ်လွဲ၍နေသူတွေ များစွာရှိကြ၏။ ဤအော်တို ဆပ်ဂျက်ရှင်းနည်းမှာ အခြားစိတ်ပညာဆရာတို့၏နည်းနှင့် ဖီလာဆန့်ကျင်ဘက် ဖြစ်၍နေ၏။ အများအားဖြင့် ဝေးလ်ပါဝါ (Will Power) စိတ်အားတန်ခိုး ဟူသော စကားကိုသုံးကာ ထိုတန်ခိုးကို လေ့ကျင့်ကြလေသည်။
ထိုတန်ခိုးသည် လူမှာရှိသည်ကား မှန်၏။ သို့သော်လည်း ယုံကြည် သောစိတ် (Faith) သို့မဟုတ် အထင်အမြင် အင်မာဂျင်နေရှင်း (Imagination) ဤနှစ်ခုသည် (Will Power)ထက် တန်ခိုးပို၍ကြီးလေသည်။ အထင်အမြင်ဆိုသည်မှာ သိမြင်ခြင်းကို ဆို၏။ ထင်ရှားစွာ သိမြင်ခြင်းပေ တည်း။ ထင်ရှားစွာသိမြင်လျှင် ယုံကြည်ရမည်သာတည်း။ (Imagination) ၏ အဓိပ္ပာယ်မှာ သဏ္ဌာန်ထင်ရှားပေါ်လာခြင်းဖြစ်လေရာ ထင်ရှားစွာ ပေါ်လာ၍ သိမြင်ရသောသဏ္ဌာန်ကို ဘယ်သို့လျှင် မယုံဘဲရှိနိုင်ပါမည်နည်း။
လူတစ်ယောက်သည် မီးရထားလမ်းပေါ်၌ လမ်းလျှောက်ရာ သံလမ်းမှာ မြေကြီးနှင့်ကပ်၍နေသော သဏ္ဌာန်ဖြစ်သည့် (Imagination) အထင်အမြင်သည် မျက်လုံးမှ စိတ်သို့ပေါက်ရောက် ထင်ပေါ်၍နေလေ၏။
သို့ဖြစ်၍ ကျ၍မသေနိုင်ဟူသော ယုံကြည်ခြင်း၊ ကျ၍မသေနိုင်ခြင်း ကို ထင်မြင်သောစိတ်သည် ဖြစ်ပေါ်၍လာရ၏။ သို့ဖြစ်လေရာ ထိုစိတ်၏အစွမ်းကြောင့် မကျဘဲ လျှောက်နိုင်လေသည်။ ထိုစိတ်မှာ ကျ၍မသေနိုင်သော ယုံကြည်စိတ်ပင် ဖြစ်လေသည်။
ထိုသံလမ်းကို ဝါးနှစ်ရိုက်လောက်မြင့်စေပြီးမှ ထိုမြင့်သော သံလမ်း ၌ လျှောက်၍သွားမည်ဆိုလျှင်မူကား ကျမည်၊ သေမည်ဟူသော အမြင်အထင်သည် စိတ်၌ထင်ပေါ်၏။ ကျ၍သေခြင်း၏ (Imagination)သည် စိတ်၌ စီး၍နေ၏။ ထိုအခါ ကျသေမည်ဟု ယုံကြည်လျက်ရှိနေသည်နှင့် မခြားတော့ ပေ။ ထိုသူသည် ဧကန်ကျတော့မည် မလွဲပေ။
သို့မြင့်စွာ လျှောက်ရာ၌ (Will Power) ခေါ် စိတ်၏တန်ခိုးကို သုံးကာ ငါမကျဘူးဟု စိတ်ကို တင်းလေလေ သာ၍မြန်စွာ ကျလေလေ ဖြစ်ရမည်။
ထိုအခါ၌ ယုံကြည်နေသော အမြင်အထင်စိတ်နှင့် (Will Power) သည် စစ်ပြိုင်လျက်ရှိနေ၏။ အထင်အမြင်စိတ်က ကျသေမည်ဟု ပြော၏။ (Will Power) ခေါ် စိတ်တန်ခိုးက ငါမကျဘူးဟု တင်း၏။ သို့ယှဉ်ပြိုင် တိုက်ခိုက်ရာ အထက်ဖော်ပြသည်အရ ယုံကြည်ထင်မြင်သော စိတ်က (Will Power) စိတ်တန်ခိုးထက်ပိုမို၍ သတ္တိကောင်းသဖြင့် စိတ်၏တန်ခိုးမှာ ရှုံးနိမ့်ပြီးလျှင် အမြင်အထင်က အရေးသာလျက် လမ်းလျှောက်သူကို ဦးစောက် တွန်း၍ ချနိုင်လေသည်။ ။
သို့ဖြစ်၍ ဤစိတ်ပညာ၌ အရေးကြီးဆုံးသောအချက်မှာ စိတ်၏ တန်ခိုးခေါ် ဝေးလ်ပါဝါနှင့် ယုံကြည်ထင်မြင်သော အင်မာဂျင်နေရှင်း (ဝါ) ယုံကြည်ခြင်းသည် ယှဉ်ပြိုင်သည့်အခါဝယ် ဝေးလ်ပါဝါ အမြဲအရေးနိမ့်လျက် အမြင်အထင်စိတ်ကသာ အောင်မြင်ရာသည်ဟူသော အချက်ကြီးဖြစ်သည်။ ထိုအချက်ကို မမေ့အပ်ပေ၊ ဤစိတ်ပညာနည်းမှာ အခြားသူတို့၏ ယူဆချက် နှင့် ဤတွင် ခြားနားလေသည်။
သို့ဖြစ်၍ စွဲကပ်သောဝဒနာကို ပျောက်စေခြင်း၌ “ပျောက်ရမည် ပျောက်စေ၊ ငါ့ဆရာတန်ခိုးပျောက် ပျောက်ဟူသော တန်ခိုးစိတ် ဝေးလ်ပါဝါ ကို အနည်းငယ်မျှ အငွေ့ အသက် မပါရှိစေရ၊ ပျောက်ပါစေဟူသော စကား မျိုးစုံကိုလည်းမသုံး “ပျောက်တော့မယ် ပျောက်မှာပဲ၊ ရောဂါစင်တော့မည်။ သက်သာပြီ သက်သာပြီ ငါချမ်းသာတော့မှာပါကလား”ဟူသော စိတ်ချ ယုံကြည်သောစိတ်၊ ကျန်းမာချမ်းသာခြင်းကို မြင်သောထင်သောစိတ်သာရှိလျက် ပီတိသောမနဿဖြစ်၍နေရမည်။ ကိုယ်အားနဲ့ စိတ်အားကို အနည်းငယ် မျှသော် မစိုက်ရ၊ ပေါ့ပေါ့ဆဆ အရေးမကြီးသလို ဆင်ခြင် ရမည်။ အားလပ် သည့်အခါ ရောဂါစိတ်၊ အားငယ်သောစိတ်၊ ကြောက်သောစိတ် ပေါ်၍လာ လျှင် ချက်ချင်းဖျောက်ဖျက်ရမည်။ ငါ့ရောဂါပျောက်လျှင် ဘယ်အလုပ်ကို လုပ်ရမည်။ ဘယ်အကြံကို ကြံရမည်ဟူသော ထက်သန်သောဆန္ဒသည် “ငါမသေဘူး”ဟူသော ယုံကြည်စိတ်ကပင်ဖြစ်သဖြင့် ချမ်းသာရာရ၏။
ဘယ်အခါမျှ ရောဂါဝေဒနာဖြစ်မည်ကို မတွေးသော အရူးသည် နေပူမိုးစွတ်ခံလျက် ထင်ရာကိုသွား၍နေသော်လည်း တစ်စုံတစ်ရာ မဖြစ်တတ် ပေ၊ ပညာသတိကြီးသူမှာ အပူဝင်တော့မယ်ထင်ပါရဲ့၊ နှာစေးတော့မယ် ထင်ပါရဲ့ စသည်ဖြင့် တွေးခေါ်ကြောင့်ကြကာ နဖူးကိုစမ်း၊ သွေးကိုစမ်းကြ လျက် ဝေဒနာမဖြစ်ဘဲ မနေရအောင် နှိုးဆွကာ ဝေဒနာကို ခေါ်ကြသဖြင့် သေကြရသည်။
ဂရိတ်ရှင်ဘုရင်မှာ မျောက်ကိုက်၍သေ၏။ မျောက်ကိုက်၍ တစ်စုံ တစ်ရာမဖြစ်သူတွေ အများပင်ရှိကြရာ၊ ဘုရင်မှာမူ အခြွေအရံတို့က မျက်နှာလို မျက်နှာရ ထိတ်လန့်တကြား အရေးယူကြသဖြင့် ရောဂါကြီးပြီး မရှိသော အဆိပ်တွေ ပိုမိုဝင်ရောက်သဖြင့် စံလွန်တော်မူခဲ့ရလေသည်။
အမဲသား၊ ငါး၊ ကြက်၊ ငှက်၊ ဘဲ၊ ဝက်တို့ကို ခုတ်စဉ်းကိုင်တွယ် သူတို့မှာ အရိုးစူးလိုစူး၊ ဓားရှလိုရှ တစ်စုံတစ်ရာမျှမဖြစ်ကြပေ။ လူသေကို ဖျက်သော ဆရာဝန်များမှာ ကာဘိုလစ်အက်ဆစ်၊ ငရဲမီး စသည်တို့ဖြင့် လက်နက်ကိရိယာတို့မှာ အဆိပ်ဓာတ်များ၊ ပိုးများမရှိရလေအောင် အလွန် တရာ ဂရုဓမ္မထား၍ ကိုင်တွယ်ကြ၏။ သို့ပါလျက် ဓားရှ၍ သွေးကလေးနဲ့မိ လျှင် (ဘလပ်ပွိုင်းဇင်း)သွေးမှာ အဆိပ်သင့်ပြီး သေဖို့ရန် အဆောတလျင် အခွင့်ယူကြရလေသည်။