ပီမိုးနင်း - မိန်းမစိတ်ကျမ်း
မိန်းမစိတ်သည် လွန်စွာ အသိခက်၏။ မိန်းမအကြောင်းကို သိသည်ဟု ပြောသူတို့သည် သိစရာ အပုံပေါင်း ရာထောင်ပုံမှ တစ်ပုံမျှ သိသည်ကို အသိအမှတ်ထင်၍ နေကြသူများ ဖြစ်ကြ၏။
ကျွန်ုပ်တို့ကိုယ်တိုင် လူ့ကျမ်းကို ရေးရာ၌လည်း မိမိကိုယ်ကို မိန်းမစိတ်အကြောင်းဆိုင်ရာ အသိ၌ ပါမောက္ခတစ်ဆူ ဖြစ်သည် ဟူသော စွဲမှတ်ခြင်း မရှိ။ မိမိ သိသလောက်မျှသာ ရေးသားဖော်ပြခြင်း ဖြစ်၏။
မိန်းမစိတ်အကြောင်းကို သိဖို့ရန် လူ၏ စိတ်အကြောင်းဆိုင်ရာ ဆိုင်ကိုလိုဂျီ စိတ်ပညာကို တတ်သိနားလည်ဖို့ လိုပေသည်။ အကြောင်း မူကား မိန်းမလည်း လူပင်ဖြစ်ရာ မိန်းမစိတ်သည် လူ့စိတ်ပင် ဖြစ်၏။
ယောက်ျားစိတ်နှင့် မိန်းမစိတ်တို့မှာ ဇာတိအားဖြင့် ခြားနား ခြင်း မရှိ၊ အတိမ်အနက်၊ အပေါ့အလေး၊ အသေးအကြီး စသည့် အပေါ်ယံ မျှဖြစ်သော စိတ်၏ အခြေအနေ၌သာ မတူကွဲပြား ခြားနားလေသည်။
မိန်းမမှာ ယောက်ျားကဲ့သို့ မာနရှိ၏။ သို့သော်လည်း စိတ်နု ခြင်းကြောင့် ယောက်ျားထက် မာန ပို၍ ကြီးတတ်ခြင်း၌သာ ခြားနား လေသည်။ တစ်နည်းအားဖြင့်ဆိုရန်ကား မိန်းမစိတ်၊ ယောက်ျားစိတ် ခြားနားခြင်းသည် သဘာဝနှင့် မဆိုင်။ ပမာဏနှင့်သာ ဆိုင်သည်ဟု ဆိုအပ်ပေသည်။
ကျွန်ုပ်တို့ မြန်မာလူမျိုးတို့သည် မိန်းမကို အယုတ်မျိုးဟု ပုံသေ စွဲမှတ်၍ ထားကြ၏။
သို့စွဲမှတ်၍ထားခြင်းမှာ အခြားကြောင့် မဟုတ်၊ မိန်းမများကို နိုင်လိုမင်းထက် ပြုလိုသောစိတ်ကြောင့် ဖြစ်၏။
ထိုအယူသည် ကုလားလူမျိုးထံမှ ရရှိသော အယူဖြစ်ရာ ယောက်ျား များက ထင်သလို လွတ်လပ်စွာနေကြလျက် မိန်းမများအား အိမ် တွင်းပုန်းပြုလုပ်၍ အကျဉ်းထောင်၌ ထားသလို ထားကြခြင်း၊ “ယောက်ျား ကောင်း မောင်းမတစ်ထောင်” ဟူသော စကားအတိုင်း မိန်းမများကို ယောက်ျားများယူခြင်း၊ မုဆိုးမများ နောက်ယောက်ျားယူလျှင် မိန်းမ ယုတ်ဟု စွဲဆိုခြင်း၊ မိန်းမမှာ အပြစ်တစ်ခုရှိလျှင် အလွန်ကြီးလေးသော ဒဏ်ကို ခံကြရခြင်း၊ မိန်းမများမှာ ကြီးလေးသော ဒဏ်ကို ကျရောက် စေသော ကျူးလွန်မှားယွင်းခြင်းမျိုးကို ယောက်ျားများမှာ အပြစ်ဒဏ် ကင်းမဲ့စွာ ပြုကျင့်ကြခြင်းများကို ထောက်ခြင်းဖြင့် မိန်းမများအပေါ်၌ အနိုင်ကျင့်လိုသောစိတ်၊ ယောက်ျားများ ကာမအရာ၌ ထင်သလို လိုက် စားလိုသောစိတ် အရင်းခံသဖြင့် မိန်းမကို ရှုတ်ချနှိမ်နင်းသော အစဉ် အလာ ဖြစ်ပေါ်လာကြောင်း သိနိုင်လေသည်။ ။
လင်သေလျှင် မယားလိုက်သေရသော အိန္ဒိယထုံးစံသည်လည်း
“ငါ သေသွားရင် ငါ့မယား အချောအလှကလေးကို ကာလသား လူပျို တစ်ယောက် ဆက်ခံယူပြီး အပျော်ကြီး ပျော်ရစ်ချေရဲ့။ ငါက အဘိုး အို၊ ဟိုဟာကလေးတွေက သန်သန်မာမာ နုနုပျိုပျို၊ ငါ သေလို့ ငါ့မိန်းမသူတို့လိုဟာကလေးတွေနှင့် မကြာမီ ထွေးလုံးရစ်ပတ် ကွေးကုန်းညစ် ညပ်ကာ ပေါင်းသင်းရချေက ငါ့ကို မေ့မှာပါတကား”
စသည့် မခံချင် သောစိတ်မျိုး အရင်းခံရှိခဲ့ဟန် တူလေသည်။
သို့ဖြစ်လေရာ ယောက်ျားများ တစ်ကိုယ်ကောင်းစိတ်နှင့် ထင် သလို အုပ်စိုး ဥပဒေစည်းကမ်းအမျိုးမျိုးတို့နှင့် ချုပ်ချယ်လိုကြခြင်းကြောင့် အားငယ်နုနယ်သော မိန်းမများကို အယုတ်မျိုးဟု ဆိုကြလေ သည်။
အကြောင်းမူကား ဥပဒေစည်းကမ်းထားခြင်းသည် အပြစ်ရှိမှ ဖြစ်နိုင်လေရာ ယောက်ျားများ စိတ်ကြိုက် ဥပဒေစည်းကမ်းများကို မိန်းမများအပေါ်၌ ထားလိုသောကြောင့် မိန်းမများအပေါ်၌ အပြစ်ရှာ ကာ အယုတ်မာမျိုးဟု စွပ်စွဲကြခြင်း ဖြစ်လေသည်။ ။
“မိန်းမဖျက် ပြည်ပျက်” ဟူသော စကား ရှိ၏။ ယောက်ျားတွေ ဖျက်သောကြောင့် ပျက်သော တိုင်းပြည်ပေါင်းသည်ကား အဘယ်မျှလောက် များခဲ့သည်ကို လူမျိုးဟူသမျှ၏ ရာဇဝင်များကို ဖတ်ခြင်းဖြင့် သိနိုင်လေသည်။
ထိုကဲ့သို့ အစဉ်အဆက် မိန်းမများကို အယုတ်မျိုးဟု စွဲမှတ် ယုံကြည် ပြုမူခဲ့ကြခြင်းကြောင့် မိန်းမများမှာလည်း ယောက်ျား၏ အစွဲ နှင့် ညီညွတ်အောင် ကျင့်ကြံလေရာ အဟုတ်တကယ် အယုတ်မျိုးကဲ့သို့ ဖြစ်၍ လာရလေသည်။
မိန်းမများ၏ စိတ်၌လည်း သင်းတို့က ငါတို့ကို အယုတ်မျိုးဟု ပြောကြ၏။ ငါ ဤစကားကို ပြောလျှင် ဝန်လေးမည် မဟုတ်။ ဤ ကဲ့သို့ပြုလျှင် အရေးမကြီး၊ မိန်းမမို့ ဤသို့ပြုတာပဲ ဟူသော အစွဲသည် မသိမသာ စွဲ၍နေ၏။
ထိုအစွဲသည် မိန်းမများကို တဖြည်းဖြည်း တိုး၍ မရင့်စေဘဲ တဖြည်းဖြည်း နုသည်ထက်နုအောင် အားပေးသော အစွဲ ဖြစ်၏။
ထို့ပြင် မိန်းမများမှာ အနုမျိုး ဖြစ်သောကြောင့် အိမ်အပြင် (ဝါ) ဂူအပြင်သို့ ထွက်ကာ ပရိယေသန ဝမ်းစာအတွက် ရှာကြံလုပ်ကိုင် ခွင့်ကို မရကြပေ။ သို့မရခြင်းဖြင့် အတွေ့ အကြုံ နည်းပါးကြ၍ အတွေ့ အကြုံ နည်းပါးပါက အပြင်အလုပ်ကို လုပ်ရသည့်အတွက် အတွေ့ အကြုံများသော ယောက်ျားများလောက် အသိအလိမ္မာ ကြီးမားနိုင်မည် မဟုတ်ပေ။
သို့အတွက် ယောက်ျားများက ဥပဒေ စည်းကမ်းများကို လုပ် ကြ၏။ ထိုအခါ ယောက်ျားများသည် ခွန်အားဗလအားဖြင့် မိန်းမများ ကို လွှမ်းမိုးနိုင်သူများလည်းဖြစ်သဖြင့် မိမိတို့ စိတ်ကြိုက် ဥပဒေများကို လုပ်ခဲ့ကြလေသည်။
စည်းကမ်းဥပဒေရှိက စည်းကမ်းဥပဒေကို ကျူးလွန်သူများ ပေါ်ပေါက်ကြ၏။ ထိုကဲ့သို့ ကျူးလွန်ပေါ်ပေါက်ကြသောအခါ ကျူး လွန်သော မိန်းမများကို ဆိုးယုတ်ခြင်း၏ နမူနာစံတင်ကာ မိန်းမ ဟူ သမျှအပေါ်၌ အပြစ်ကို ဖို့ကြလေသည်။
ထို့နောက် အရှေ့တိုင်းသားတို့၏ ထုံးစံအတိုင်း အစဉ်အလာ မှန်က အကောင်းချည်း မှတ်ယူကာ သင့် မသင့်၊ တော် မတော်၊ လျော် မလျော်၊ မှန် မမှန်၊ ဟုတ် မဟုတ် မစဉ်းမစား၊ ရှေးလူကြီးများ ရေးခဲ့သော ကျမ်းစကားများကို မမှားနိုင်သော ပရမတ္ထ သဘောတရားကဲ့သို့ လိုက်နာကာ တစ်ဆင့်မှတစ်ဆင့် ရှေးကမူတွေကိုသာ အမှားခတ်၍ ရေးသားခဲ့ကြရုံမက “ခွေးထီးလောက်မှ မမြတ်” ဟူသော စကားကဲ့သို့ ပင် ရောက်ခဲ့လေသည်။
မန်လည်ဆရာတော်၏ မဃဒေဝပျို့၌လည်း မိန်းမ မကောင်း ကြောင်းကို အများကြီး ရေး၏။ မိန်းမ မကောင်းကြောင်းကို အများကြီး ရေးလျှင် မိန်းမအကြောင်း နားလည်လှပြီဟု မှတ်ထင်တတ်ကြလေ သည်။
မကောင်းဟူသမျှကို စုပုံ၍ ရေးခြင်းသည် ဝါးလုံးရှည်နှင့် ရမ်း ခြင်းမျိုးဖြစ်ရာ အသိနှင့် ရေးခြင်းမျိုး မဟုတ်၊ ရှေးစာတွေကို ခံယူကာ အရမ်းမဲ့ တင်လွှတ်ခြင်းသာ ဖြစ်လေသည်။ ။
ယခုခေတ်ကာလ စနစ်အတိုင်း မိန်းမများ၏ အဆင့်အတန်းကို တစ်စတစ်စ ပြန်၍ မြှင့်ကြချေက နှစ်ပေါင်း ထောင်သောင်းမကသော အခါမှစ၍ အနှိမ်ခံခဲ့ရသော မိန်းမတို့မှာ နှစ်ပေါင်း ထောင်သောင်းမက ဆက်လက် သက်ဆင်းကျရောက်ခဲ့သည့် အခြေအနေမှ နှစ်ပေါင်း ကိုးဆယ် တစ်ရာအတွင်းမှာ ပြန်၍ မြင့်တက်ကြဖို့ ရှိ၏။
“ပျက်လျှင်အစဉ် ပြင်လျှင်ခဏ” ဟူသော စကားအရ နှစ်ပေါင်း ထောင်သောင်းမက အဖျက်ခံခဲ့ရသောကြောင့် ပျက်၍နေသော မိန်းမ များမှာ ခဏပင် ပြန်၍ ကောင်းအောင် ပြုပြင်နိုင်၏။ နှစ်ပေါင်း ထောင်သောင်းမက မြေအောက်၌ ကျောက်ကြမ်းသား၊ ကျောက်ရိုင်းသားတို့ နှင့် လွှမ်းအုပ်ခြင်းခံ၍ နေရသော စိန်ကျောက်ပတ္တမြားသည် ခဏမျှ သွေးသဖြင့် အရောင်တောက်၍ လာနိုင်၏။ မိန်းမသည် အဖိုးမဖြတ်နိုင် သော ကျောက်မြတ်ရတနာ ဖြစ်၏။ ယောက်ျားများက နှစ်ပေါင်း ထောင်သောင်းမက ဖိနင်းကာ ယုတ်နိမ့်အောင် လုပ်ခဲ့ကြသည့်အတွက် မသိမလိမ္မာခြင်း၊ စိတ်သဘောနုခြင်း၊ အကာအမွေးတွေအောက်၌ အလင်းရောင်ပျောက်၍ နေ၏။ ယခု တိုးတက်သော ခေတ်၏ ကျောက်ခုံပေါ်၌ တင်၍ သွေးလျှင် အဘယ်အတွက် ကျက်သရေ အရောင်အဝါ မထွက် ဘဲ နေနိုင်ပါမည်နည်း။
သို့ဖြစ်လေရာ မိန်းမစိတ်အကြောင်းနှင့် ပတ်သက်၍ တထစ်ချ ပုံသေမှတ်ဖို့ရန် တစ်စုံတစ်ရာမျှ မရှိ။ မိန်းမစိတ်ကား အဘယ်လိုဟု ပုံသေရေးချေက တိုးတက်သောခေတ်၏ သက်တမ်းအားလျော်စွာ ပြောင်းလဲကြမည်ဖြစ်သော မိန်းမများလည်း ပေါ်ပေါက်၍ လာမည်ကား မုချ ဖြစ်၏။ ရှေးပညာရှိတို့၏ စကားများ မှားခဲ့သည့် နည်းမျိုး အတိုင်း ကျွန်ုပ်တို့၏ စကားများသည်လည်း နောင်နှစ်ပေါင်း အစိတ် သုံးဆယ် ကြာသောအခါ အမှားတွေဖြစ်၍ နေဖို့သာ ရှိလေသည်။
သို့ဖြစ်လေရာ မိန်းမစိတ် အဘယ်ပုံရှိသည်ဟု တစ်မျိုးတစ်မည် ပုံ ပြသဖို့ မရှိ။ “ကိုယ်နှင့်နှိုင်း မရိုင်း” ဟူသော စကားအရ မိန်းမစိတ် သည်လည်း ယောက်ျားစိတ်နှင့် မခြားနား၊ အထက်ဖော်ပြခဲ့သည့်အရ သဘာဝတူ ပမာဏ နည်းပုံကိုသာ ဆင်ခြင်ပါ။ အကြင်မိန်းမ တစ် ယောက်၏ စိတ်ကို စုံစမ်းလိုက ပညာတတ်သော မိန်းမလား၊ မတတ် သော မိန်းမလား၊ အားလျှင် စာဖတ်သော မိန်းမလား၊ သန်းတုပ်ကာ အတင်းပြောတတ်သော မိန်းမလား၊ သီလသီတင်းဥပုသ်နှင့် နေသော မိန်းမလား၊ အေစီ အချောင် ရာဂမီးလောင်နေသော မိန်းမလား၊ အပျို ကညာလား၊ တစ်ခုလပ် မုဆိုးမလား၊ လင်ရှိမယားလား ဟူသော အကြောင်းများကို ပေါင်းရုံး ဆင်ခြင်အပ်ကြလေသည်။