Skip to product information
1 of 2

Other Websites

ပီမိုးနင်း - မယ်ယက္ခ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

 

မယ်ယက္ခ

           ကုန်းဘောင်မင်းသည် မိမိ၏ရှေ့၌ ခလုတ်ကန်သင်းပမာ မိမိ၏လမ်းကို မရှင်အောင် ပြုရှာသော စကြာမင်းကလေးကို ပယ်ရှားသုတ်သင် ရေသို့နှင့် | လေရာ ဂယက်ဒီလှိုင်းတို့သည် ဧရာဝတီ မြစ်ရိုးတစ်လျှောက်၌ အထက်လှုပ်ရှား တီးတိုးစကားဖြင့် များစွာပြောဆိုကာ မငြိမ်မသက်သော အခါ သမယကြီး ဖြစ်လေ၏။

           ဆင်ဖြူမသား ရေသို့လား၊ နဂါးဆောင် ယူသွားလတ္တံ့” ဟူသော ကိန်း၊ သိုက်၊ တဘောင်သည် တဘောင်တို့၏ ထုံးစံအစဉ်အလာအတိုင်း ဘွားခနဲ ပေါ်ပေါက်လာ၏။ မည်သူကစ၍ ပေါ်ပေါက်လာသည်ကို မည်သူမျှ မပြောနိုင်ချေ။ ထိုစကားကို အတင်းဆွယ်လျက် အောက် ရာမညတိုင်း တစ်လျှောက်တွင် ကြာယောင်၊ ကြာတုများသည် ပေါ် ပေါက်၍ လာကြကုန်သဖြင့် စိတ်မကျေနပ်ခြင်း အမျိုးမျိုး ဖြစ်နေကြသော သူတို့သည် အသစ်ဖြစ်သော အရှင်သခင် စကြာမင်းပေလားဟု ထင်ကာ တစ်အားတက်ကာ တိုး၍ မငြိမ်မသက် ဖြစ်လာကြပြန်ရာ အစိုးရမင်းတို့ သည် ခိုင်မာသောလက်ရုံးဖြင့် ဖိစီးနှိပ်ကွပ်ရသောကြောင့် အတန်ကလေး အေး၍သွားလေ၏။

           ထိုကဲ့သို့သော အခါသမယ၌ အောက်တွင် ဖော်ပြလတ္တံ့သော အတ္ထုပ္ပတ္တိမျိုးသည် ထူးခြားသော အတ္ထုပ္ပတ္တိမဟုတ်၊ သုတ်သီးသုတ်ပျာညဉ့်အခါ ၁၂ နှစ် အရွယ်ခန့်ရှိသော သူငယ်မကလေးကို လက်ဆွဲကာရန်ကုန်မြို့ မြစ်ကမ်းနှင့် မနီးမဝေး တဲကုပ် အိမ်ငယ်တစ်ခုသို့ အသက် သုံးဆယ်ကျော်ခန့်ရှိသော ယောက်ျားတစ်ယောက် ရောက်လာခြင်းသည် တစ်စုံတစ်ရာ ထူးခြားအံ့ဖွယ်သော အရာမဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တိတ်တဆိတ် ပြေးလွှားတိမ်းရှောင်ရခြင်းသည် ထိုကဲ့သို့သော အခါသမယမျိုး၌ တွေ့လွယ်ကြုံလွယ်သော အရာမျှသာ ဖြစ်လေသတည်း။

           ထိုအိမ်၌ ရေနံမီးခွက်ကြီးက မီးကိုဆွကာလှုပ်ကာ အသက် သုံးဆယ်ခန့်ရှိသော မိန်းမတစ်ယောက်သည် ဆေးပေါ့လိပ်ကိုဖွာရင်း အိမ်ရှေ့ဘက်သို့ မျှော်ကာ များစွာ တွေးတောနေဟန် ရှိလေ၏။ တစ်ခါ တစ်ရံ အိမ်ရှေ့ နှင့် အိမ်နံဘေးရှိ မှောင်ထဲသို့ စောင်းကာင့်ကာ လည်ပင်း တရှည်ရှည်နှင့် ကြည့်ရှာ၏။ ထိုမိန်းမသည် တစ်စုံတစ်ယောက် သောသူကို မျှော်လျက်နေဟန် ရှိလေ၏။

           အဆိုပါ လူသည်လည်း သူငယ်မတစ်ယောက်ကို လက်ဆွဲကာ အိမ်ရှေ့သို့လာ၍ ရပ်သည်တွင် အဆိုပါ မိန်းမလည်း များစွာ ထိတ်လန့် သွားဟန် ရှိလေ၏။ ပူပန်စိုးရိမ် ကြောင့်ကြသော လက္ခဏာလည်းရှိ၏။ စကားမပြောဘဲ အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ -

           “ကိုတိုင်းကျော် .. ရှင် ဘာပြုလို့ လာတာလဲ။ ဒီကနေ့အထိတောင် ရှင် ကျွန်မတို့ကို ဒုက္ခပေးမလို့လား။ အလိုရှိတာပြောပြီး မြန်မြန်သွားပါ။ ရှင့်ကိုမိရင် ကျွန်မတို့ပါ အသက်သေရပါလိမ့်မယ်”

           ဟု ကြောက်အားနှင့် တုန်တုန်ယင်ယင် ပြောလေ၏။

           ကိုတိုင်းကျော်သည် ခါးထဲမှ ဓားလွယ်ကို ထုတ်ကိုင်လျက် မိမိ၏ နောက် မှောင်ရိပ်ကို ပြန်၍ကြည့်ပြီး စကားပြန်မပြောဘဲ အိမ်ကုပ်တဲသို့ ကုန်း၍ဝင်ပြီး

           “ကျပ်သား မောင်ဘ၀င်း .. ဘယ်မလဲ"

           ဟု မေးလေရာ အနီးရှိ ကွပ်ပျစ်ပေါ်၌ အိပ်ပျော်၍နေသော ၁၃ နှစ်အရွယ်ခန့်ရှိသော သူငယ်ကလေးကို အိမ်ရှင်မိန်းမက လက်ညှိုးထိုး၍ - ပြလေ၏။ မောင်တိုင်းကျော်သည် ကြည်လင်သောမျက်နှာနှင့် သားကလေးကိုကြည့်ကာ ခေါင်းညိတ်လျက် မိမိ၏ဇနီး နံဘေးတွင်ထိုင်ကာ မီးတိုင် ကို မှတ်၍ပစ်ပြီး -

           “မင်း ကျပ်ကို ဘာပြုလို့ မလာစေချင်သလဲ။ ငါ အခုလို အဖြစ် မျိုး ရောက်နေတာ ဘယ်သူ့ကြောင့်လဲ။ မင်း .. အခု ဘယ်သူ့ကို မျှော်နေသလဲ။ ငါ့ကိုမျှော်နေတာ မဟုတ်ဘူးလား”

           ဟု ပြောလေ၏။ မိန်းမက

           “ကိုတိုင်းကျော် .... ကျွန်မကို ဘာဖြစ်လို့ လာပြီး ညှဉ်းဆဲသလဲ။ စကားကြာကြာ မပြောပါရစေနဲ့၊ 'မြန်မြန်သွားပါ။ ရှင်နဲ့ပါလာတာ ဘယ်သူ့ကလေးလဲ။ ရှင့်ကလေးလား"

           ဟု မေးလေ၏။ မောင်တိုင်းကျော်က -

           “မင်းက ကြာကြာမနေစေချင် မနေပါဘူး။ ကျပ်သားမှာ ညီ အစ်ကို မောင်နှမမရှိလို့ နှမကလေးတစ်ယောက် ခေါ်လာခဲ့ပါတယ်။ ဘယ်က ဘယ်သူလို့မမေးပါနဲ့ အေးအေး မွေးစမ်းပါ။ ဟောဒီမှာ သူ့အတွက် စရိတ်ငွေများကိုလည်း ယူခဲ့ပါတယ်” ။

           ဟု ပြောကာ ဗလာပုဆိုးအိတ်ထောင်ထဲမှ ငွေများကိုထုတ်ယူ၍ ပေးလေ၏။ အိမ်ရှင်မိန်းမသည် ငွေသံကို ကြားရသောအခါ ငြိမ်သက်သော အမူ အရာနှင့် မောင်တိုင်းကျော်ကိုလည်းကောင်း၊ သူငယ်မလေးကိုလည်း ကောင်း တလှည့်စီကြည့်ပြီး ငွေများကို ကောက်၍ယူလ၏။ မောင်တိုင်း ကျော်လည်း ကလေးမကလေးကို ပွေ့ယူကာ

           “ဟောဒီဟာ မင့်အမေပါပဲ။ ဦးကြီး သွားဦးမယ်။ ဘာကိုမှ မစိုးရိမ်မပူပန်နဲ့၊ မင့်ကို သမီးအရင်းလို မွေးပါလိမ့်မယ်"

           ဟုပြောကာ သူငယ်မကလေးကို အိမ်ရှင်မဖြူ၏ ရင်ခွင်ထဲသို့ ပေးအပ်လိုက်လေရာ မဖြူသည် သူငယ်မကလေးကို ဆွဲယူပြီးလျှင် ကြင်နာစွာ ပွေ့ဖက်ထားလေ၏။ ထို့နောက် မောင်တိုင်းကျော်က -

           “ကိုင်း ... ကျပ် သွားတော့မယ်။ ကျုပ်သားနဲ့ ကျုပ်သမီးကို ကောင်းကောင်း မွေးရစ်ပါ။ ဒီငွေများဟာ မင်း ရင်းနှီးလောက်ပါတယ် ကျပ် သွားဦးမယ်"

           ဟု ပြောပြီး အိမ်မှထွက်ခါ မှောင်ရိပ်တွင် သုတ်သီးသုတ်ဖျာ ထွက်သွားလေ၏။ မဖြူနှင့် သူငယ်မကလေး မမျိုးညွန့်သည် ကိုတိုင်း ကျော်ကို မှောင်ထဲတွင်မျှော်ကာ ကြည့်လိုက်ကြလေ၏။ ။

           အခန်း (၁)

           အထက်၌ ဖော်ပြခဲ့သော အကြောင်းအရာများ မဖြစ်မီ ရက်ပေါင်း အတန်ကြာက တွံတေးတောနက်ကြီး၏ တစ်ခုသော ချုံအတွင်းတွင် မထင်မရှား မှောင်ထဲ၌ လူနှစ်ယောက်ကို တွေ့ရလေ၏။ ထိုလူနှစ်ယောက် အနက် တစ်ယောက်မှာ မြေပေါ်တွင် ဒူးထောက်၍ တစ်ယောက်သောသူကို ပွေ့ထူကာ ထားလေ၏။ ၎င်းတို့၏ လက်လက်ပြောင်တောက်ပသော ဓားလွတ်များသည်ကား မှောင်ထဲတွင်တောက်ပကာ မြေပေါ်၌ ရှိနေကြ လေ၏။ ပွေ့ပိုက်ခြင်းကို ခံရသောသူ၏ နံဘေးမှ စမ်းရေပမာ စီးဆင်းသော အသက်ဓာတ် သွေးရှင်တို့သည် တနွေးနွေးစီးဆင်းကာ မြေပေါ်၌ ဆိုင် ထွန်း၍နေ၏။ ၎င်းလူသည် အားနည်းသောအသံဖြင့် “တပည့် မောင် တိုင်းကျော် ဆရာ ဒီရက်စက်ကြမ်းကြုတ် ဆိုးသွမ်းတဲ့ဘဝကို စွန့်ရ ပါတော့မယ်။ ဆရာ၏ သွေးများဟာ ဆရာရဲ့ အသက်ကို တဖြည်းဖြည်း အပြင်ကို ဆောင်ယူကြတဲ့အတွက် အားအင်ကုန်ခန်းလှပါပြီ။ မကြာမီ အနောက်ဘက်မှာ ၀င်းဝင်းဝါဝါ မြင်ရတဲ့ နေရောင်ဟာ ကွယ်ပျောက် မသွားမီ ဆရာရဲ့ ကိုယ်ခန္ဓာကို တပည့်ဟာ ဒီတောထဲမှာ မြှုပ်နှံရပါ လိမ့်မယ်။ ဒါပေမဲ့ ဆရာရဲ့ စိတ်ထဲမှာ ဆရာ ယခုခံစားရတဲ့ ဝေဒနာထက် ပြင်းပြတဲ့ ဒုက္ခတစ်ခု ရှိပါတယ်။ သည်ဒုက္ခမီးကို တပည့် အေးအောင် တတ်နိုင်ရင် ဆရာက သေလမ်းဖြောင့်ရပါလိမ့်မယ်” ဟု ပြောကာ တပည့်၏လက်ကို ဆုပ်ကိုင်လေ၏။

           တပည့်တိုင်းကျော်က “အမိန့်ရှိပါဆရာ။ တပည့်ဟာ ဆရာရဲ့ အမိန့်ကို မြေဝယ်မကျ လိုက်နာတတ်တဲ့ လူတစ်ယောက်ဖြစ်တာကို ဆရာသိပါတယ်" ထိုအခါ ဆရာဖြစ်သူက “ဆရာ့မှာ မိန်းမမရှိပါ။ ငယ်ငယ်က မိခင်သေဆုံးသွားပြီး အလွန်တရာဆင်းရဲတဲ့ အရီးတစ်ယောက် နဲ့ နေရတဲ့ သမီးကလေး မမျိုးညွှန့်ဆိုကာ ပုသိမ်မြို့မှာ ရှိပါတယ်၊ ဒီသမီးကလေး တစ်သက်မှာ မဆင်းရဲရအောင် တပည့် ကြည့်ရှုမွှေးပါ မယ်လို့ ကတိထားရင် ဆရာ အသေဖြောင့်ပါလိမ့်မယ်” ဟု ပြောလေ၏။

           မောင်တိုင်းကျော်က “ကောင်းပါပြီဆရာ။ သမီးကလေး မမျိုးညွှန့် အတွက် ဘာကိုမှ စိတ်ရတက်မများပါနဲ့။ ဆရာရဲ့ သမီးကို တပည့် သမီးရင်းပမာ ကြည့်ရှုမွေးမြူပါမယ်။ စိတ်ချပြီး ရတနာသုံးပါးကို အောက်ပါ" ဟု ပြောကာ အားပေးလေ၏။ ထိုအခါ ဆရာသည် ကျေးဇူး ထင်သော လက္ခဏာဖြင့် တပည့်၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး တပည့်၏ မျက်နှာကို မော်ကြည့်လေ၏။ ဟင်း ..... ခန် သက်မကြီးကို ချလေ၏။ ဦးခေါင်းသည် ထောင်၍လာ၏။ တစ်ဖန် ဦးခေါင်းသည် ပြန်၍ ကျပြီးလျှင် နံဘေးသို့စောင်းကာ ပါးစပ်ကို ဟလိုက်လေ၏။ ကြာတော့ကြာယောင်ဖြစ်သော ဓားမြဗိုလ်ကြီး ဗိုလ်တုတ်သည် “ရှင်ဘုရင့်ဘုန်း၊ မိုးသို့ ချုန်း၊ လူပုံတောမှာ မနေသာ" ဟူသော စကားအရ ရှင်ဘုရင်၏ စစ်သည်တော်တို့၏ လက်ချက်ဖြင့် ဒဏ်ရာရပြီးလျှင် ဤတောထဲတွင် စကြာဇာတ် သိမ်းရှာလေ၏။

           သို့ဖြစ်သောကြောင့် လွန်ခဲ့သောအခန်း၌ မောင်တိုင်းကျော်သည် မမိုးညွန့်ကလေးကို မိမိ၏ အိမ်သို့ တိတ်တဆိတ် ဆောင်ယူလာခဲ့ရလေ သတည်း။ ။

အခန်း (၂)

           ထိုအခါသမယ၌ ရန်ကုန်မြို့သည် ယခုကဲ့သို့ မစည်ကား၊ မကြီးကျယ်သော်လည်း တစ်နည်းအားဖြင့် လွန်စွာနုပျို သာယာလေ၏။ ယခုအခါ ကြီးကျယ်သော တိုက်တာ အဆောက်အအုံတို့ကို ကြည့်ကာ သွားလာ ရသော လမ်းကျယ်ကြီးများသည် ထိုအခါသမယက တောအုပ် တောတန်း ကလေးများ ခြံရံလျက် တသွင်သွင် တိုက်ဝှေ့သော လေဖြင့် အမြဲစင်ကြယ် လတ်ဆတ်သော လမ်းဆွယ်လမ်းမြောင်ကလေးများ ဖြစ်ကြလေ၏။ - ထိုလမ်းကလေးများမှာ တစ်ခါတစ်ရံ ရွှံ့နွံအိုင်စပ် ရိုးပြတ်ကလေး များနှင့် ကြုံတွေ့ရသဖြင့် လက်ကိုင် ဝါးလုံးတန်းကလေးများနှင့်လည်းကောင်း၊ ဖြတ်လမ်း တံတားငယ်ကဲလေးများဖြင့်လည်းကောင်း ဆက်သွယ် လျက် ရှိလေ၏။ များစွာသော အိမ်တို့မှာ ဝိက်ဆီးကာသန်းခြင်းမရှိသော မြစ်ပြင်ကို ရှုမျှော်ကာ လွန်စွာအေးမြ စင်ကြယ်သော လေပြည်ကို ခံစား ကြရလေ၏။

           မမျိုးညွန့်သည် မဖြူ အိမ်တွင် သမီးအရင်းကဲ့သို့ နေခဲ့သည်မှာ ၁၄ နှစ်အရွယ်သို့ ရောက်လာသဖြင့် လွန်စွာလှပသော ရုပ်ဆင်းကြန်ဇင် နှင့် ပြည့်စုံသူဖြစ်လေ၏။ အရပ်မှာ အတန်ငယ်ကလေး မြင့်၍ ထက်မြက် စူးရှသော မျက်လုံးများမှာ လွန်စွာကြည်လင် တောက်ပကျယ်ဝန်းလျက်အတွင်းစိတ်၏ လှုပ်ရှားပြောင်းလဲခြင်းတို့ကို ကြေးမုံပြင်ပမာ ကောင်းစွာ ထင်ရှားစေနိုင်သဖြင့် ရုတ်တရက် ခက်ထန်စွာ ကြည့်နေရာမှ သနားစရာ အချက်ပေါ်လျှင် လျင်မြန်စွာ နူးညံ့လျက် မိမိကဲ့သို့ လှပသော မောင်ဘ၀င်း နှင့် နှစ်ကိုယ်တည်း နေကြသည့်အခါ ထိုမျက်လုံးများသည် အတိုင်းမသိ သိမ်မွေ့၏။ မောင်ဘ၀င်းသည် ထိုမျက်လုံးများကို ကြည့်၍ နေရသည့် အခါ အလွန်တရာ နူးညံ့သော ဂွမ်းမွေ့ရာတွင် လျောင်းစက်ကာနေရသည် မျှမက သာယာကြည်နူးခြင်း ဖြစ်ရလေ၏။ အသားမှာ ဝါဝင်းလျက် ဆူဖြိုးတက်ကြွစ အရွယ်ဖြစ်သောကြောင့် လွန်စွာဖြောင့်စင်း ကျစ်လျစ် သော ကိုယ်ရှိလေ၏ ။ ပြုံးလိုက်သည့်အခါ ပုပ်ရောင်ပမာရှိသော ညီညွတ် တောက်ပသော သွားကလေးများနှင့် နီမြန်းသော နှုတ်ခမ်းတို့မှာ ယောက်ျား တို့၏ စိတ်နှလုံးကို နှိမ်နင်းဖမ်းစား ကြေမွအောင် ချေနိုင်သော သတ္တိ ရှိလေ၏။ ၎င်းပြင် မောင်ဘ၀င်းနှင့် မမျိုးညွန့်တို့သည် ယခုအခါ မောင် နှမကဲ့သို့ နေကြသော်လည်း စင်စစ်အားဖြင့် မောင်နှမ မဟုက်ကြသည့် အကြောင်းကို ရိုးတွင်းခြင်ဆီမှအစ အကုန်အစင် သိကြလေ၏။ သို့သီခြင်း သည် ၎င်းနှစ်ဦးတို့၏စိတ်၌ နှစ်သိမ့်ခြင်းကို ဖြစ်စေ၏။ သို့ပင်ဖြစ်ငြားသော်လည်း တစ်စုံတစ်ရာမျှ ဖောက်ပြန်ခြင်း မရှိကြဘဲ ကလေးသူငယ်တို့ ဘဝ ချစ်ကြပြီးကာ တစ်ယောက်နှင့်တစ်ယောက် ကြာမြင့်စွာ ခွဲ၍မနေ နိုင်ခြင်းသာလျှင် ထူးခြားခြင်း ရှိလေ၏။

           တစ်ခုသော ညနေအချိန်တွင် မောင်နှမ နှစ်ယောက်တို့သည် ဆူးလေဘုရားအနီးရှိ တစ်ခုသော တောအုပ်အစွန်း အနားတွင် လှည့်လည် ကာ နေကြလေ၏။ ထိုအခါသည် ကဆုန်လအခါဖြစ်၍ နေမင်းသည် ကမ္ဘာမြေ မျက်နှာပြင်ကို အစွမ်းကုန် ခြယ်လှယ်နိုင်သော အချိန်အခါ ဖြစ်လေ၏။ ဆူးလေစေတီတော်မြတ်၏ ထီးနှင့် ငှက်မြတ်နားသည် ရွှေအဆင်းပမာ တောက်ပသော ရွှေမှုန်ရွှေပြားရောင်ခြည်တို့၏ အထဲတွင် ဝင်းထိန်လျက် အထက်ကောင်းကင်သို့ ပျံတက်မည့်အလားနှင့် တူလေ၏။ မိမိတို့ရှေ့၌ ငါးတစ်ရိုက်ခန့် ကွာသောနေရာတွင် ရွှံ့ညွန်တစ်ပိုင်း၊ ရေ တစ်ပိုင်း လှိုင်းကလေး တဖျတ်ဖျတ် လေပြည်ခက်၍နေလေရာ အနောက်အတွင်းစိတ်၏ လှုပ်ရှားပြောင်းလဲခြင်းတို့ကို ကြေးမုံပြင်ပမာ ကောင်းစွာ ထင်ရှားစေနိုင်သဖြင့် ရုတ်တရက် ခက်ထန်စွာ ကြည့်နေရာမှ သနားစရာ အချက်ပေါ်လျှင် လျင်မြန်စွာ နူးညံ့လျက် မိမိကဲ့သို့ လှပသော မောင်ဘ၀င်း နှင့် နှစ်ကိုယ်တည်း နေကြသည့်အခါ ထိုမျက်လုံးများသည် အတိုင်းမသိ သိမ်မွေ့၏။ မောင်ဘ၀င်းသည် ထိုမျက်လုံးများကို ကြည့်၍ နေရသည့် အခါ အလွန်တရာ နူးညံ့သော ဂွမ်းမွေ့ရာတွင် လျောင်းစက်ကာနေရသည် မျှမက သာယာကြည်နူးခြင်း ဖြစ်ရလေ၏။ အသားမှာ ဝါဝင်းလျက် ဆူဖြိုးတက်ကြွစ အရွယ်ဖြစ်သောကြောင့် လွန်စွာဖြောင့်စင်း ကျစ်လျစ် သော ကိုယ်ရှိလေ၏ ။ ပြုံးလိုက်သည့်အခါ ပုပ်ရောင်ပမာရှိသော ညီညွတ် တောက်ပသော သွားကလေးများနှင့် နီမြန်းသော နှုတ်ခမ်းတို့မှာ ယောက်ျား တို့၏ စိတ်နှလုံးကို နှိမ်နင်းဖမ်းစား ကြေမွအောင် ချေနိုင်သော သတ္တိ ရှိလေ၏။ ၎င်းပြင် မောင်ဘ၀င်းနှင့် မမျိုးညွန့်တို့သည် ယခုအခါ မောင် နှမကဲ့သို့ နေကြသော်လည်း စင်စစ်အားဖြင့် မောင်နှမ မဟုက်ကြသည့် အကြောင်းကို ရိုးတွင်းခြင်ဆီမှအစ အကုန်အစင် သိကြလေ၏။ သို့သီခြင်း သည် ၎င်းနှစ်ဦးတို့၏စိတ်၌ နှစ်သိမ့်ခြင်းကို ဖြစ်စေ၏။ သို့ပင်ဖြစ်ငြားသော်လည်း တစ်စုံတစ်ရာမျှ ဖောက်ပြန်ခြင်း မရှိကြဘဲ ကလေးသူငယ်တို့ ဘဝ ချစ်ကြပြီးကာ တစ်ယောက်နှင့်တစ်ယောက် ကြာမြင့်စွာ ခွဲ၍မနေ နိုင်ခြင်းသာလျှင် ထူးခြားခြင်း ရှိလေ၏။

           တစ်ခုသော ညနေအချိန်တွင် မောင်နှမ နှစ်ယောက်တို့သည် ဆူးလေဘုရားအနီးရှိ တစ်ခုသော တောအုပ်အစွန်း အနားတွင် လှည့်လည် ကာ နေကြလေ၏။ ထိုအခါသည် ကဆုန်လအခါဖြစ်၍ နေမင်းသည် ကမ္ဘာမြေ မျက်နှာပြင်ကို အစွမ်းကုန် ခြယ်လှယ်နိုင်သော အချိန်အခါ ဖြစ်လေ၏။ ဆူးလေစေတီတော်မြတ်၏ ထီးနှင့် ငှက်မြတ်နားသည် ရွှေအဆင်းပမာ တောက်ပသော ရွှေမှုန်ရွှေပြားရောင်ခြည်တို့၏ အထဲတွင် ဝင်းထိန်လျက် အထက်ကောင်းကင်သို့ ပျံတက်မည့်အလားနှင့် တူလေ၏။ မိမိတို့ရှေ့၌ ငါးတစ်ရိုက်ခန့် ကွာသောနေရာတွင် ရွှံ့ညွန်တစ်ပိုင်း၊ ရေ တစ်ပိုင်း လှိုင်းကလေး တဖျတ်ဖျတ် လေပြည်ခက်၍နေလေရာ အနောက်ဘက်သို့ ဆင်းရန် ချိန်၍နေသောနေမင်း၏ရောင်ခြည်သည် ကြည်လင်သော ရေထဲတွင် အကွင်းသား အဝင်းသား ထင်၍နေလေ၏။ လက်ယာဘက်၌ ရှိသော ဆူးလေစေတီတော်မြတ်၏ ပုံသဏ္ဌာန်သည်လည်း အဆိုပါ ရေထဲ တွင် တစ်ပိုင်းထင်၍နေလေ၏။ မောင်ဘ၀င်းနှင့် မမျိုးညွန့်တို့သည် နှစ်ယောက်လက်တွဲကာ ထိုမျှလောက် လှပသော ညနေချမ်းရုပ်ပုံကားကြီးကို ရှုစားကာနေကြစဉ် မိမိတို့၏နောက်၌ ကပ်လျက်ရှိသော တောအုပ်၏ မြင့်သော သစ်ရွက်သစ်ခက်များမှာ ရွှေမှုန်ကြဲထားသကဲ့သို့ ဝင်းထိန်တောက်ပ၍နေလေရာ အောက်ပိုင်းတွင် ဆိတ်ငြိမ်သာယာ စိမ်းညိုပြာ လျက် လွန်စွာအေးချမ်းသော လက္ခဏာရှိလေ၏။

           မောင်ဝင်းသည် ကျောက်ခဲတစ်လုံးကိုကောက်ကာ ရေလယ် သို့ ပစ်လိုက်လေရာ ရေများသည် လှုပ်ရှားလျက် တောက်ပသော ရေမှုန် ရေစိုင်တို့သည် နေရောင်တွင် ပန်းဆိုင်းပဒေသာ ပမာမြောက်၍ တက် လာလေရာ မမျိုးညွန့်မှာ မိမိကြည့်နေသော ငြိမ်သက်သော ပုံသဏ္ဌာန် လှုပ်ရှားပျောက်ကွယ်၍ သွားသည့်အတွက် မျက်နှာကလေး နှံ့ ဘဝင်းကို မျက်စောင်းထိုးလျက်

           “ဘာပြုလို့ ဒီလို နှောင့်ယှက်ချင်သလဲ။ ညွန့်ညွန့် ကြည့်နေတာ ကို မသိဘူးလား"

           ဟု ဘဝင်း၏ လက်ကိုတုပ်ဆွဲကာ လွတ်လိုက်ပြီးလျှင် အနီးရှိ သစ်ကိုင်း၊ သက်ရွက်၊ သစ်ခက်များ အောက်သို့သွား၍ လက်နှစ်ဖက်နှင့် ဒူးများကို ပိုက်ကာထားပြီး နေလေ၏။ ထိုအခါ ဘဝင်းသည် သစ် ခက်၊ သစ်ရိပ်၊ နေရောင်တို့ဖြင့် ပေါင်းစပ်လျက် မိမိ၏ အနေအထိုင်ကို မပြုပြင်၊ ဂရုမထား ရိုးရိုးထိုင်နေသော မမျိုးညွန့်ကို စိုက်၍ကြည့်ကာ လွန်စွာလှပါတကားဟု မိန်းမောကာ စိုက်၍ကြည့်နေလေ၏။ မမျိုး ညွန့်သည်ကား မိမိကို ကြည့်နေသည်ကို ဂရုမထားဘဲ မိမိ၏ ရှေ့၌ရှိ သော ရေအိုင်ကိုသာ ကြည့်၍နေပြီးမှ ဘဝင်းကိုကြည့်ကာ -

           “အလို ..... ဘဝင်း။ ဘာငေးနေသလဲ။ ဟောဒီလို မကြည့်ပါနဲ့။ ညွှန့်ညွှန့် မကြိုက်ပါဘူး"