Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - နေရီရီ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out
Type

အခန်း (၁)

               ပူအိုက်သော နွေဥတု အခါသမယ မွန်းလွဲအချိန် အသက် ကိုးနှစ်ခန့် ရှိသော သူငယ်ကလေး တစ်ယောက်သည် ရန်ကုန်မြို့ လမ်းမတော်ရပ် လမ်းနံဘေး တိုက်ရိပ်တစ်ခုတွင် ထိုင်ကာ ပျော်ရွှင်မြူးထူးကစား မုန့်ပဲ သရေစာများ ဝယ်၍ စားကြသော ကလေးသူငယ်တို့ကို ကြည့်ကာနေလေ၏။

              ထိုကလေးသည် အသက်ငယ်ရွယ်သူ ဖြစ်သောကြောင့် မိမိ၏ ဆင်းရဲဒုက္ခများကို ကလေးတို့ဘာဝ များစွာ တွေးတောဟန် မရှိသော် လည်း မိမိ၏ရှေ့၌ ပျော်ရွှင်စွာ ဝယ်ခြမ်း စားသောက်ကစား၍ နေကြသော ကလေးတို့ကို မြင်ရသောအခါ စားချင်သောက်ချင် ကစားချင်သဖြင့် ငါသည်ကား အပေါင်းအဖော် အသိမိတ်ဆွေ မရှိ၊ ကစားချင်သော်လည်း မည်သူကမျှ မခေါ်၊ စားချင်သော်လည်း မည်သူကမျှ မကျွေး၊ ဆင်းရဲလှ သော ကလေးပါကလားဟု တွေးတော၍နေဟန် ရှိနေလေ၏။

               အချို့သော ကျောင်းသားကလေးများသည် မုန့်များစားကာ အပါးကို လာ၍ ပြောင်လှောင်ကြ၏။ သူငယ်ကလေးသည်ကား မိမိ၏ အားကိုးရာမဲ့သော အခြေအနေကို သိရှိ၍ တစ်ခွန်းတစ်ပါဒမျှ ပြန်လှန်၍ စကားမပြောဘဲ သည်းခံ၍သာ နေလေ၏။

ထိုကျောင်းသားကလေးများသည်ကား အနီးအပါးရှိ အစိုးရ ထောက်ပံ့သော မြန်မာ စာသင်ကျောင်းက ကျောင်းသားကလေးများ ဖြစ် ကြလေ၏။

            သူငယ်ကလေးသည် ထိုကဲ့သို့ ထိုင်၍ ငေးမောတွေးတောကာ နေစဉ် ၎င်း၏စိတ်သည် မိဘမဲ့သော မိမိ၏ဘဝကို မုန်းထား၏။ မိမိ အပေါ်၌ မကြင်နာသော ကျောင်းသားကလေးများကို မုန်းထား၏။ မိမိမှာ မျက်နှာမရှိသဖြင့် များစွာ ဂရုမစိုက်ဘဲနေသော ကျောင်းဆရာကို မုန်း၏။ အကြောင်းကား နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရသောစိတ်၊ ဆင်းရဲဒုက္ခ ရောက်သော စိတ်သည် သွေ့ခြောက်သော သစ်ပင်နှင့် တူ၏။ ထို သွေ့ ခြောက်သော သစ်ပင်၌ ချစ်ခြင်းတည်းဟူသော အငုံတို့သည် ပွင့်အာခြင်း သို့ မရောက်မီ ကြွေပျောက် ကျဆင်းကြရလေ၏။ ။

            စင်စစ်အားဖြင့် ဤလောကကြီးသည် ချမ်းသာသောသူတို့ တစ်ဦး တည်းပိုင်သော လောက မဟုတ်၊ ကောင်းကင်၌ ထွန်းလင်းတောက်ပနေသော နေ လ နက္ခတ်တာရာတို့သည် မိမိတို့၏ အလင်းရောင်ကို မည်သူ့ အပေါ်မှာမျှ မျက်နှာမလိုက်ဘဲ သက်ဆင်းစေသဖြင့် မိုးနှင့်လေတို့သည် လည်း မည်သည့်လယ်ယာ၌မဆို ရွာသွန်းတိုက်ဝှေ့လေ၏။ နန်းကြမ်းပြင်၌ ထွန်းတောက်နေသော နေရောင် လရောင်တို့သည် ဆင်းရဲသော တောင်သူ မိလက်ခူတို့၏ တဲအုံရှေ့၌ အရောင်မလျော့ချေ။ ဧက တစ်သောင်း ရှိသော သူဌေးတို့၏လယ်၌ ရွာသွန်းသော မိုးသည် တောင်ယာပဲခင်းလုပ်ကာ အသက်မွေးရသော သူအတွက်လည်း လုံလောက်သော ရေကို ပေး၏။

             သူတို့သည် ကမ္ဘာလောကကြီး၏ အမျိုး သားသမီးများ ဖြစ်ကြ ၏။ ဤကြီးမားကျယ်ပြော မကုန်မခန်းနိုင်သော အမွေအနှစ်တို့သည် မည်သူ တစ်စုံတစ်ယောက်နှင့်မျှ သတ်မှတ်၍ မသက်ဆိုင်၊ အများ ပိုင်ဆိုင် ခွင့်ရှိသော အရာများ ဖြစ်လေ၏။

            သို့သော်လည်း လောက၏စည်းစိမ်တို့သည် တိမ်တိုက်မိုးသားတို့၏အစွမ်းဖြင့် ကျရောက်သော အရိပ်နှင့် အလားတူ၏။ တစ်ခါတစ်ရံ ထို နေရာ၌ အေး၏။ တစ်ခါတစ်ရံ ထိုနေရာ၌ ရိပ်၏။ နောက်ဆုံး၌ မည်သည့် နေရာမှာမျှ အမြဲမတည်၊ အမြဲတည်သော အရိပ်ဟူ၍ မှတ်ထင်သူတို့သည် မတည်သော နေ့တစ်နေ့၌ ကြီးသော စိတ်ဆင်းရဲခြင်းကို တွေ့ကြရလေ၏။

            ဤ ကျယ်ပြောသော လောကကြီး၌ နေ့စဉ်မပြတ် အမြဲတိတ်ဆိတ်စွာ ပြိုကွဲ ပျောက်ပျက်၍နေသော စည်းစိမ်ပဒေသာပင်ကြီးတို့သည် အရိပ်ပမာ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းကြ၏။ သူဌေးတို့သည် ကျွန်၏ အလှည်သို့ ရောက်၏။ ကျွန်တို့သည် သခင် ဘဝသို့ ရောက်၏။ ကုန်းမြင့် ကို တက်ရသော လားသည် ကမ္ဘာလောကကို မိမိ ပိုင်သည် ထင်၏။ နွားကျောင်းသား၏ ကြိမ်လုံးဖြင့် ပေါင်စင်း၍ သေနေသောအခါ သံဝေဂ ရဖို့ရန် အချိန်မရချေ။ သေခြင်းကို ပြေး၍ မလွတ်သလို ပျက်စီးခြင်းကို လည်း ရှောင်ရှား၍ မရ၊ ပြောင်းလဲခြင်းသည် ကံကြမ္မာတည်း ဟူသော မျက်လှည့်ဆရာကြီးပေတည်း။

              ထိုဆရာကြီးသည် လူသတ္တဝါတို့ကို ရွှံ့ရုပ်ပမာ ပြုလိုရာ တတ်နိုင် သဖြင့် သူ့လက်တွင်းဝယ် ကြိတ်နယ်ခြင်းကို ခံကြရလေသတည်း။

            အဆိုပါ သူငယ်ကလေးသည် အဘယ်မျှပင် ဆင်းရဲစေကာမူ မိမိ၏ ရှေ့၌ ပြောင်းလဲခြင်းတည်း ဟူသော လမ်းသည် ကြီးကျယ် ရှည်လျားစွာ တည်ရှိလေ၏။ ၎င်းသည် စံလွန်သော ဇာဘုရင်မင်းမြတ်ပမာ ကမ္ဘာ၏ စည်းစိမ်ကို အမွေခံနိုင်သူ တစ်ယောက် ဖြစ်၏။ အကြောင်းမူကား ဤ မြေမျက်နှာသည် မြေပေါ်၌ ရှိသူအပေါင်းတို့ ပိုင်သော အမွေဆိုင်ပစ္စည်း ပေတည်း။

            ၎င်း သူငယ်ကလေးသည် တစ်ကိုယ်တည်း ထိုင်၍နေစဉ် မိမိနှင့် ရွယ်တူခန့်ရှိသော မိန်းကလေး ဖြူဖြူနုနုကလေး တစ်ယောက်သည် သူငယ် ကလေး၏ မျက်နှာကဲကိုခတ်ကာ အပါးသို့ ကပ်လာလေ၏။ အပါးသို့ ရောက်သောအခါ သူငယ်ကလေးနှင့် မျက်နှာချင်းဆိုင်မိလေ၏။ သို့သော်

လည်း စကားတစ်ခွန်းကိုမျှ မပြောကြချေ။ သူငယ်မလေးမှာ မြင့်မြတ်သော အမူအရာ၊ အတက်ကျသော ကိုယ်ဟန်လက္ခဏာ ရှိသဖြင့် သူငယ်ကလေး သည် သူငယ်မကလေး၏ မျက်နှာကို ကြာကြာ မကြည့်ဝံ့ရှာဘဲ ခေါင်းငုံ့၍ သွားလေ၏။

            ထိုအတွင်း သူငယ်မကလေးက “မင်း ဘာပြုလို့ မကစားသလဲ” ဟု နူးညံ့သိမ်မွေ့ သာယာသော အသံနှင့် ခပ်ဝဲဝဲကလေး မေးလေရာ သူငယ်ကလေးသည် သြဇာရှိသော အသံကို သိသဖြင့် ရုတ်တရက် မော် ကြည့်ပြီး အတန်ကလေးကြာစွာ အကဲခတ်ပြီးမှ “မင်း ဆရာ့သမီးလား” ဟု ခပ်ရွံ့ရွံ့ နှင့် မေးလေ၏။

            သူငယ်မလေးသည် ခေါင်းခါလျက် “ငါ ယောက်ျားကလေးဖြစ်ရင် ကစားမှာပဲ၊ မင်း မကစားတတ်ဘူးလား၊ ဘာပြုလို့ မုန့်ဝယ်မစားသလဲ ပိုက်ဆံ မရှိဘူးလား” ဟု မေးလေရာ သူငယ်ကလေးက ခေါင်းခါလျက် ထိုင်ရာမှ ပြုံးကာ ထပြီးလျှင် အင်္ကျီအိတ်နှစ်ဖက်ထဲသို့ လက်နှစ်ဖက်ထည့် ကာ ခေါင်းငုံ့၍ မြေကိုကြည့်ရင်း ယောင်ပေပေလုပ်၍ နေလေ၏။

             ထို့နောက် သူငယ်မကလေးက “မင်း ဒီကျောင်းမှာပဲ နေတယ် မဟုတ်လား” ဟု မေးလေရာ၊ သူငယ်ကလေးက ခေါင်းညိတ်ပြီး သူငယ်မ ကလေး၏ မျက်နှာကို မော်ကြည့်ကာ “မင်းကော ဒီကျောင်းမှာ နေတယ် မဟုတ်လား” ဟု မေးလေ၏။ သူငယ်မကလေးက ခေါင်းညိတ်လေ၏။

             ထိုအခါ သူငယ်ကလေးသည် အတော်ကလေး ရဲလာပြီးလျှင် “မင်း ဘယ်မှာ နေသလဲ” ဟု မေးလေရာ သူငယ်မကလေးက “ဟိုဘက် လမ်းမှာပဲ၊ အရင်က ထားဝယ်မှာနေတယ်၊ ဖေဖေက ထားဝယ်မှာ မြို့အုပ် အလုပ် လုပ်တယ် အမေသေလို့ အဘွားများနဲ့ လာနေတယ်” ဟု ပြော လေ၏။

           ထိုအခါသူငယ်ကလေးက ကြင်နာစွာ “သော် ... မင်းမှာ အမေ မရှိဘူးလား၊ ဒီလိုဖြင့် ငါလိုပေါ့၊ ငါ့မှာတော့ အမေရော အဖေရော မရှိဘူး၊ ငါက အနောက်မှာ ဦးလေးနဲ့ နေရတယ်”

             သူငယ်မလေးက သူငယ်လေးမှာ မိမိထက် ဆင်းရဲကြောင်း ရိပ်မိ သဖြင့် လွန်စွာ သနားလာပြီးလျှင် “သော် ... အဖေ အမေ နှစ်ယောက်စလုံး မရှိဘူးလား၊ မင့်ဦးလေးက မင့်ကို မနှိပ်စက်ဘူးလား”

သူငယ် ... “နှိပ်တော့ မနှိပ်စက်ပါဘူး၊ အရီးကတော့ အင်မတန် စိတ်တိုတယ်၊ ဦးလေးက အလုပ်သွားနေရလို့ အရီး ရိုက်မှာစိုးလို့ ကျောင်းကို ပို့ထားတယ်၊ ဦးလေးက ပိုက်ဆံကလေးများပေးရင် အရီးက စိတ်ဆိုးတယ်” ဟု ညှိုးငယ်စွာ ပြောလေ၏။ ။

          ထိုအခါ သူငယ်မလေးသည် သူငယ်လေးကို သာ၍ ကရုဏာ သက်သော မျက်နှာဖြင့် ကြည့်၍ နေလေ၏။ စကားဆုံးသောအခါ “လာ ဟိုဘက်လမ်းထိပ် သွားကြည့်ရအောင်၊ ရန်ကုန်မှာ လူတွေ အင်မတန် ရှုပ်တယ်နော်၊ ကြည့်ရတာ ပျော်စရာ မကောင်းဘူးလား သွားကြည့်ရအောင်” ဟု ပြောကာ ကမ်းနားဘက်သို့ သွားလေရာ သူငယ်ကလေးသည် စကား မပြောဘဲ လိုက်သွားလေ၏။

           ကမ်းနားသို့ ရောက်သောအခါ နှစ်ယောက်သား တစ်ခုသော သစ်ပင်ရိပ်တွင် ရပ်ကာ အပြင်ဘက်ကို ကြည့်၍ နေကြလေ၏။ ထိုအတွင်း မြစ်ဘက်မှာ ဝှေ့တိုက်လာသော လေသည် သူငယ်ကလေးနှင့် သူငယ်မ ကလေးတို့ ရှိရာသို့ အေးမြစွာ ဖျန်းပက်၍ လာလေ၏။ သူငယ်ကလေးသည် လေထဲတွင် ပျော်ရွှင်စွာ ပြေးလေရာ သူငယ်မကလေးသည်လည်း ပြေးလိုက် လေ၏။ ထို့နောက် အနီးရှိ ကုလားဆိုင် တစ်ဆိုင်သို့ သူငယ်မကလေးနှင့် ဝင်ကြပြီးလျှင် ပါတာနီများနှင့် သကြားလုံးများကို သူငယ်မကလေးသည် ဝယ်လေရာ သူငယ်ကလေးသည် ပိုက်ဆံပေးလိုသော လက္ခဏာဖြင့် မိမိ အိတ်ထဲသို့ နှိုက်ကာနှိုက်ကာ ရှက်ကိုးရှက်ကန်းဖြစ်၍ နေလေ၏။ သို့သော် လည်း သူငယ်မကလေးသည် မိမိ ကိုင်ထားသော လက်ကိုင်ပဝါထဲက ပိုက်ဆံများကို ဖြေ၍ ပေးပြီး ... “လာလာ ဟိုအနား သွားရအောင်” ဆိုပြီး ညောင်ပင်လေးဆိပ် တံတားသို့ ပြေးသွားကြလေ၏။ ရောက်သွားသောအခါ တစ်ခုသော သစ်ပင်ရိပ်တွင် သူငယ်မကလေးက ထိုင်လေရာ သူငယ် ကလေးသည် ရပ်၍ နေလေ၏။ သူငယ်မကလေးက “လာထိုင်လေ” ဟု ပြောကာ လက်ကိုင်ပဝါကလေးနှင့် သကြားလုံး ပါတာနီတို့ကို ရှေ့၌ ဖြန့်ကာ “စားလေ စားပါ” ဟု ပြောကာ မိမိက စ၍ စားလေ၏။

              သူငယ်ကလေးသည်လည်း အနည်းငယ်တိုး၍ ရဲလာပြီးလျှင် ထိုင်၍ စားလေ၏။ ။

              သူငယ်ကလေးက “မင်တို့ ထားဝယ် ဆိုတာ ဘယ်မှာလဲ” ဟု မေးလေရာ၊ သူငယ်မကလေးသည် နေရာမှ ထ၍ ပင်လယ်ဝဘက်သို့ လက်ကလေးကို ဆန့်ကာ ခြေဖျားကလေး ထောက်လျက် “ဟော ဟိုဘက်မှာ ဟော ဟိုဘက်မှာ” ဟု စိတ်အားထက်သန်စွာ မျက်လုံးများ ဝင်းထိန်ကာ ပြရှာလေ၏။ ထို့နောက် သူငယ်ကလေးကို ကြည့်ပြီး “တို့ ထားဝယ်မြို့ဟာ အင်မတန် ပျော်စရာကောင်းတယ်၊ ပင်လယ်ကြီး ကလည်း အကျယ်ကြီးပဲ၊ ကျွန်းကလေးတွေကလည်း အင်မတန် လှတာ၊ တို့ ထားဝယ်မှာလေ ဒူးရင်းသီးတွေ ပေါတယ်၊ စားစရာ အမျိုးမျိုး ရှိတယ်။ တို့နေတဲ့ အိမ်ခေါင်းရင်းမှာရှိတဲ့ သစ်ပင်ပေါ်မှာ မနက်မိုးလင်းတိုင်း ငှက် အမျိုးမျိုး လာပြီးနားတယ်၊ ငှက်သံတွေက ညံလို့ အင်မတန် ပျော်စရာ

ကောင်းတာပဲ၊ ပြီးတော့ ပင်လယ်ကမ်းနားမှာလည်း ခရုတွေ အမျိုးမျိုး ရှိတယ်၊ လှက လှနဲ့ .... ခရုကြီးကြီးတွေ ခရုငယ်ငယ်တွေ၊ ခရုပြောင်ပြောင် ချောချောကလေးတွေ ကျောက်ခဲဝိုင်းဝိုင်းကလေးတွေ ရွှေကျောက်ကလေး တွေ၊ ငွေကျောက်ကလေးတွေ အင်မတန် ပေါတာပဲ၊ ဖေဖေဖြင့် တစ်ယောက် တည်းနေရတာ မေမေ့ကို အင်မတန် အောက်မေ့မှာပဲ၊ တို့ ထားဝယ်မြို့ဟာ သိပ်ပြီး လွမ်းစရာကောင်းတယ် ... လိုက်မလား” ဟု မျက်ရည်ကလေး တလည်လည်နှင့် ပြောလေရာ သူငယ်ကလေးသည် စကားတစ်လုံးကိုမျှ မပြောနိုင်ဘဲ အလွန် ချစ်ခင် သနားစရာ အမူအရာ မျက်နှာထား အမျိုးမျိုး ပြောင်းလဲကာ ရှိုက်ကာရှိုက်ကာ ခပ်ဝဲဝဲကလေး ပြောတတ်သူ သူငယ်မကလေး၏ ချစ်ဖွယ်သော မျက်နှာကလေးကိုသာ စိုက်ကြည့်ရင်း မိန်းမော ၍ နေရှာလေ၏။ သူငယ်မကလေးမှာ ဝိုင်းဝိုင်းပြည့်ပြည့်၊ မဝမပိန်၊ အသား ဝါဝါ၊ မျက်နှာသွယ်သွယ်၊ မျက်လုံးမျက်ကွင်း ကျယ်ကျယ်၊ မျက်တောင် ကော့ကော့၊ နှာတံကျော့ကျော့၊ နှုတ်ခမ်းနီနီ၊ သွားညီညီနှင့် အယဉ်အလှ ရောစပ်သူကလေး ဖြစ်လေရကား သူငယ်ကလေးမှာ မိမိ ဆင်းရဲငြိုငြင်သော ဘဝကို ဖြေဖျော်ရန်လာသော နတ်ကညာကလေးကဲ့သို့ မှတ်ထင် နေကာ အလွန်တရာ သာယာရှုမော ရူပါရုံရေကြောဝယ် နစ်မွန်း မျောပါ၍ နေသကဲ့သို့ ဖြစ်လေ၏။