Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ချွေတာရေးလက်စွဲ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type

                                                                            ရောင်းချနည်း စိတ်ပညာ

                         လောကတွင် စိတ်နှင့်ကင်းကွာသော အလုပ်မရှိ၊ အလုပ် ဟူ သမျှမှာ စိတ်ကို သုံးနိုင်သလောက် ပေါက်ရောက် တွင်ကျယ်နိုင်လေ သည်။ အလုပ်၌ စိတ်ကို သွင်းခြင်းသည် စူးစိုက်ခြင်းပင်ဖြစ်လေရာ စူးစိုက်ခြင်းသည် ပေါက်ရောက် အောင်မြင်ခြင်း ဖြစ်ကြောင်းကို အထူး ပြောဖို့ မလိုချေ။

                      ရောင်းချခြင်းအလုပ်၌ စိတ်ကို အသုံးပြုတတ်က ပိုမို၍ အရောင်း တွင်၏။ ဤကျမ်းတွင် ဖော်ပြသော အချက်ကလေးများကို သာမန် တွေးလျှင် သိပြီးသလို အရေးမကြီးသလို မှတ်ထင်ကြပေလိမ့်မည်။ သို့သော်လည်း ထိုအချက်ကလေးများကို စေ့စပ်သေချာစွာ လိုက်နာ၍ မျက်လုံး၌ လည်းကောင်း၊ နှုတ်လျှာ၌ လည်းကောင်း၊ မျက်နှာအမူ အရာ၊ ကိုယ်ဟန်အသံ၌ လည်းကောင်း၊ ထိုအချက်ကလေးများကို အမြဲ ဆောင်နိုင်သော ရောင်းချသူမှာ အလွန်စွမ်းသော ဈေးခေါ်လက်ဖွဲ့ ကို ဆောင်၍ ထားသလားဟု မေးခြင်းကို ခံရပေလိမ့်မည်။ အကြောင်းမူ ကား ထိုအချက်ကလေးများသည် လွန်စွာ သိမ်မွေ့သဖြင့် ထိုအချက်ကလေးများကို အသုံးပြုသူမှတစ်ပါး တစ်ရံဆံ လူသည် သုံးမှန်းကို သိနိုင်မည် မဟုတ်ချေ။

                      ၎င်းအချက်တို့သည် စိတ်ပညာကို အထူးတတ်မြောက်၍ လူ၏ စိတ်ကို အထူးနားလည်သော ပညာရှိကြီးများ၏ နည်းလမ်းတို့ကို အမှီ ပြုခြင်းဖြင့်ရရှိသော နည်းလမ်းများဖြစ်လေရာ ဤကျမ်းသည် လူ၏ စိတ်အကြောင်းကို သင်ပြသော စိတ်ပညာကျမ်းတစ်မျိုးပင် ဖြစ်ရကား ၎င်းစိတ်ပညာမှာ ရောင်းချခြင်း အလုပ်၌ သုံး၍ထားသော လက်တွေ့ စိတ်ပညာဖြစ်သဖြင့် ဤအရောင်းစိတ်ပညာကို တတ်မြောက်သော ရောင်းချသူသည် ယုန်သူငယ်ကို ခြင်္သေ့မင်း ဖမ်းအုပ်၍ ကစားနိုင်သလို ဖောက်သည်များကို မလွတ်ရအောင် အမိ ဖမ်းနိုင်ကြောင်း ကိုယ်တွေ့ ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ အထပ်ထပ် ဖတ်ရှုဆင်ခြင် လေ့ကျက်ခြင်း ဖြင့် ရောင်းသူ၏ ကိုယ်နှင့်စိတ်မှာ ထိုအချက်တွေ စွဲရောက်ဝင်စား ကိန်းအောင်းစေလျက် အံ့ဖွယ်သော သတ္တိ အရည်အချင်းကို ရကြလေ အောင် ဤစာအုပ်ကို အမြဲ လက်ဝယ် ထားသင့်ကြလေသည်။

              လူမှန်က ရောင်းချခြင်း အလုပ်ကို လုပ်နိုင်၏။ ဆိုင်မှာ ထိုင်၍ ရောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ သွားလာလျက်၊ ကုန်နမူနာများ ကိုပြ၍ စပ်ဟပ်ရောင်းချခြင်း၊ ကြော်ငြာ၍ ရောင်းခြင်း၊ ကိုယ်စားလှယ် ခံယူ၍ ရောင်းခြင်း၊ ဖော်စပ်လုပ်ကိုင်၍ ရောင်းခြင်း၊ လက်ကားရောင်း ခြင်း၊ လက်လီရောင်းခြင်း စသည့် အလုပ်တွေများစွာရှိရာ ဤအရောင်း စိတ်ပညာကို တတ်သူမှန်က လူ့ဘဝမှာ ဆင်းရဲအောက်ကျဖို့ မရှိ၊ အရင်းအနှီးမျှ မလို၊ ဆိုင်ကြီးတစ်ခုကို ကြည့်ကာ ဤဆိုင်က ပစ္စည်း တွေကို ငါ အဘယ်ပုံတွင်အောင် ရောင်းပေးရပါ့မလဲဟု စိတ်ကူးလျက် တကယ်တွင်စေသည့် နည်းလမ်းကို ရှာတတ်သူသည် နည်းလမ်းကို အဟုတ်တကယ် တွေ့နိုင်၍ ငွေဝင်ပေါက်ကို တိုးမိနိုင်လေသည်။

 

                ငွေတစ်ရာကို လွယ်ကူစွာ ချေး၍မရ၊ ရလျှင်လည်း အတိုးပေးရ ၏။ ကုန်ပစ္စည်း တစ်ရာဖိုးကို အကြွေးရနိုင်၏။ ရသောအခါ၌လည်း အမြတ်အစွန်း ဖြစ်ထွန်းပြန်လေရာ ကမ္ဘာပေါ်၌ အရောင်းတတ်သူသည် ခေါင်းတုံးပေါ်တွင် ထိပ်ကွက်သော လူလိမ္မာဖြစ်သည့်ပြင် လောက၌ ငွေကို သုံးရသည် မဟုတ်။ ကုန်ပစ္စည်းကိုသာ သုံးရသည်ကို ထောက် လိုက်လျှင် အရောင်းတတ်သူမှာ ကုန်ပစ္စည်းတောထဲကို တိုး၍နေရ သဖြင့် သုံးစရာမရှား၊ စားစရာ ဝတ်စရာမရှား ပဒေသာပင်ကြီးများကို ရသူများနှင့် တူကြလေသည်။

                ထို့အပြင် လူမှန်က ကုန်ပစ္စည်းသာ မဟုတ်၊ ရောင်းစရာ အမျိုး မျိုး ရှိ၏။ ပညာကိုရောင်းခြင်း၊ အကြံဉာဏ်ဝီရိယ၊ အချိန်နာရီကို ရောင်းခြင်း၊ အလုပ်ကို ရောင်းခြင်း၊ အားအစွမ်းကို ရောင်းခြင်း စသည် များသည် လူမှန်သမျှမှာ တစ်မျိုးစီရှိသော အဖိုးတန် ကုန်ပစ္စည်းတွေ ဖြစ်ကြလေရာ ကူလီအစေခံစာရေးမှစ၍ ဝတ်လုံဆေးဆရာဝန်အထိရောင်းကြရသဖြင့် ဤအရောင်းစိတ်ပညာကျမ်းသည် လောက၌ ကြီး ပွားလိုသူဟူသမျှနှင့် သက်ဆိုင်သောကျမ်း ဖြစ်လေသည်။ ။

                  စိတ်ပညာကို စီးပွားရေးတစ်ခု၌ ထိထိရောက်ရောက်စ၍ အသုံး ပြုသည်မှာ ရောင်းဝယ်ခြင်းအလုပ်၌ ဖြစ်လေရာ ဤပညာသည် လူ၏ စိတ်ကို ဆွဲခြင်း၊ မဝယ်ချင်သူကို ဝယ်ချင်အောင် လုပ်ခြင်း၊ အသုံးမလိုသေးဟု မှတ်ထင်ရသော ပစ္စည်းကို အသုံးလိုကြောင်း ထင်ရှားစွာပြ ခြင်း နည်းလမ်းများကို သင်ပြသော ပညာ ဖြစ်လေသည်။ ရှေးအခါက အင်္ဂလန်ပြည်၌ လက်ဖက်ခြောက်-ကိုကိုးတို့ကို သုံးရမှန်း မသိကြဘဲ လျက် ယခုအခါ မသုံးဘဲ မနေနိုင်သော အခြေအနေသို့ရောက်ခြင်း သည် ဤအရောင်းပညာ၏ အစွမ်းကြောင့် ဖြစ်လေသည်။

ဤပညာသည် မိမိ တစ်ဦးတည်းသာ ကြီးပွားစေနိုင်သည် မဟုတ်၊ တိုင်းပြည် ကြီးပွားရေးနှင့် အမျိုးသား တိုးတက်ကြီးမြင့်ခြင်း၏အကြောင်းရင်းကြီးဖြစ်ခြင်းကို မည်သူမျှ မငြင်းနိုင်ချေ။ ကမ္ဘာစစ်ကြီး ဖြစ်ပြီးနောက် ၁၆၁၈ ခုနှစ်တွင် ဂျာမနီနှင့် စစ်ပြေငြိမ်းပြီးသောအခါ စစ်တပ်များမှ ပထမဦး ထွက်ခွင့်ပေးရသူတို့သည် အရောင်းတတ်သော “ဆေးလ်စ်မင်း” ခေါ် ဈေးသည်များ ဖြစ်ကြလေသည်။

                      ဤယခုအခါ သည် မြန်မာအမျိုးသားတို့အတွက် ရောင်းဝယ်ခြင်းအတတ် ပိုမို၍ အရေးကြီးသောအခါ ဖြစ်လေသည်။ လယ်အလုပ်ကိုသာ အားကိုးခဲ့မိ သဖြင့် အဘယ်မျှလောက် ဆင်းရဲဒုက္ခ ရောက်ကြရသည်ကို သိကြလေရာ ထိုဆင်းရဲအောက်ကျသော အခြေအနေမှပြန်၍ တက်နိုင်ဖို့ရန် အရေးအကြီးဆုံးသော နည်းလမ်းမှာ ရောင်းချခြင်းအတတ် ဖြစ်ပေ သတည်း။

                                                      မည်သူရောင်းသနည်း

                 ဝတ္ထုပစ္စည်းအရိုင်းကို ဖြစ်အောင်လုပ်သူမှစ၍ နောက်ဆုံး ဝယ်ခြမ်း သုံးစွဲသူများသို့တိုင်အောင် အရောင်းသမားသည် သံကြိုးတွင် အဆက်ပမာ အသုံးခံရလေသည်။ ဝတ္ထုအရိုင်းလုပ်သူထံမှ ပစ္စည်း အသုံးအဆောင်လုပ်သူထံသို့ ထိုဝတ္ထုအရိုင်းကို ရောင်းသူက သယ်ပို့ရ ၏။ ပစ္စည်းအသုံးအဆောင်လုပ်သူထံမှ လက်ကားများထံသို့ ရောင်းသူ သည် လုပ်ပြီးသော ပစ္စည်းအသုံးအဆောင်ကို ပို့ရ၏။ ၎င်းနောက် လက်ကားထံမှ တစ်ဆင့်ရောင်းသူသည် လက်လီသမားထံသို့ ပို့ရ၏။ လက်လီသမားထံမှ တစ်ဖန် ရောင်းသူပင်လျှင် သုံးစွဲသူတို့ထံသို့ ပို့ရ လေသည်။ ၎င်းရောင်းသူကို ပွဲစား ဟူ၍လည်း ခေါ်၏။ ကော်မရှင် ကိုယ်စားလှယ်ဟူ၍လည်း ခေါ်၏။ ခရီးသွား ကိုယ်စားလှယ်လည်း ဖြစ်လေသည်။

                                                              အစိုးရ၏အလုပ်

                  အင်္ဂလန်ပြည်၌ Department of Overseas Trade ခေါ် Board of Trade အဖွဲ့ ရှိ၏။ မည်သည့်တိုင်းပြည် မည်သည့်ဒေသ၌ အဘယ်ပစ္စည်းမျိုး အရောင်းအဝယ်ရှိသည့် အကြောင်းများကို သိလို၍ စုံစမ်းသူတို့အား ထိုအဖွဲ့က ဖြေကြားညွှန်ပြကူညီရ၏။ ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ အတိုင်ပင်ခံ အကြံဉာဏ်ပေးသူများ၊ ကော်မရှင်နာများ၊ စုဆောင်းရရှိသော ကမ္ဘာအရပ်ရပ်ဆိုင်ရာ ရောင်းဝယ်ရေးနှင့် ဆိုင်သော အကြောင်းအရာများနှင့် လမ်းစခန်းများအကြောင်းကို ထိုအဖွဲ့ က စုဆောင်းပြီးလျှင် ၎င်းအဖွဲ့ကြီးက ရိုက်နှိပ်ထုတ်ဝေသော ပြန်ကြားစာ များတွင် ၎င်းအကြောင်းအရာများကို ထည့်သွင်းဖော်ပြလေသည်။ ၎င်း ဌာနမှ အကြံဉာဏ်တောင်းလျှင် လွယ်ကူစွာ ရနိုင်လေသည်။

                                                            အတားအဆီးမရှိ

                        အခြားအလုပ်များမှာ လွယ်ကူစွာ လူတိုင်းမရ၊ ရောင်းချခြင်း အလုပ်မှာ အတားအဆီး အပိတ်အပင် မရှိ။ မည်သူ၏ စည်းကမ်းအမိန့် ကိုမျှ မနာခံရ။ ကြီးမြင့်ခြင်းမှာလည်း အဆုံးမရှိသဖြင့် ဆာဘွဲ့ လော့ဒ် ဘွဲ့ကြီးများကိုပင် ရောက်ဖို့ရန် လမ်းပွင့်လေရာ မရှက်မကြောက် အဟုတ်တကယ် စိတ်ကိုသွင်းကာ ရုံးတစ်ခုမှာ ကူညီစာရေးလုပ်သော အရွယ်ကစ၍ ရောင်းချခြင်း အလုပ်ကို လေ့ကျင့်ကြမည်ဆိုလျှင် သာ မန် ဉာဏ်စွမ်းသတ္တိရှိသူသည် ဤကျမ်း၌ ဖော်ပြသော နည်းလမ်းများ ကို လိုက်နာခြင်းဖြင့် သူဌေးကြီး ဖြစ်နိုင်သည်ကား ကံရှိသူနှင့်မဆိုင်၊ လူတိုင်းနှင့် ဆိုင်ကြောင်း လက်တွေ့သိရှိနိုင်လေသည်။

                                                                အလုပ်ပေါများခြင်း

                ယခုအခါ စက်ကိရိယာ၏ အစွမ်းကြောင့် ကုန်ပစ္စည်းအထွက် များ၏။ ဆိုင်များမှာလည်း ကုန်ပစ္စည်းများ ကျပ်လျက် နေကြ၏။ အရောင်းတတ်သူသည် ထိုပစ္စည်းများကို ဖောက်သည်ဈေးနှင့် ရအောင် ပြောဆိုစီစဉ်ကာ ရှေးဦးပထမ အနည်းငယ် ဝယ်ယူ၍ ကိုယ်တိုင် စပ် ဟပ် ရောင်းချပြီး တွင်သလောက် ထပ်ခါထပ်ခါ အခေါက်ခေါက် ယူချေက နောင်တစ်စတစ်စ အစွမ်းသတ္တိနှင့် ရိုးမှန်ကြောင်းကို လက် ကားဆိုင်ကြီးများက သိသောအခါ မြောက်မြားစွာ လ,ဆိုင်းနှင့် ရနိုင် သော အခြေအနေသို့ ရောက်နိုင်လေသည်။

                          ယခုအခါမှာ ရောင်းသူကို မည်သူမျှ မကဲ့ရဲ့ရုံမက ချီးမွမ်းခြင်း ကိုပင် ပြုကြလေရာ ရှက်၍ဆင်းရဲလျှင် မည်သူမျှ သနားဖို့ မရှိချေ။ အများရောင်း၍ မတွင်သော ကုန်ကို ငါ တွင်အောင် ရောင်းမည် ဟူသော ချွန်သော သတ္တိကို ရအောင် ကြိုးစားသူမှာ တောတောင်ကို ထွက်၍ ရွှေ၊ ငွေ၊ ကျောက်သံရှာသူ၊ ရွှေဖြစ်၊ ငွေဖြစ် အဂ္ဂိရတ်ထိုးသူ ထက် ကြီးပွားချမ်းသာဖို့ သေချာလေသည်။

                     အဘယ်မည်သော လက်ကားဆိုင်သည် အရောင်းတတ်သူကို ငြင်းပယ်၍ ပစ်နိုင်ပါမည်နည်း။ လက်ကားဆိုင်ကြီးများမှာ မိမိတို့၏ ကိုယ်ပိုင် အစွမ်းအားကြောင့် ဖြစ်စေ၊ ပက်ထရို ဓာတ်ဆီကဲ့သို့ မသုံးဘဲ မနေနိုင်ကြသဖြင့် ဖြစ်စေ၊ တွင်ကျယ်၍နေနှင့်သော ပစ္စည်းများကို ရောင်းချရန်အတွက်သာ ငွေရင်းကြေးရင်း လို၍ အောက်ချ တိုးလျှိုးရ လေရာ အစွမ်းကောင်းသော အရောင်းသမားသည် ထိုအလုပ်များကို ကြံဖို့မလို၊ နှံ့အောင် မကြော်ငြာနိုင်သည့်အတွက် ကုန်တွေ အိပ်၍နေသော ဆိုင်များ၊ ကုန်ပစ္စည်းအသစ်လုပ်ကိုင် တင်သွင်းရောင်းချသူများ ထံ၌ အရောင်းကောင်းသူအတွက် ကြီးပွားခြင်း၏ တံခါးတွေ အလိုလိုပွင့်လျက်နေလေသည်။ ငါသည် ငွေနှင့်မရင်း၊ အစွမ်းသတ္တိနှင့် ရင်းမည် ဟူသော စိတ်ကို တုံးတုံးချသူသည် မကြီးပွားဘဲ အဘယ်နည်းနှင့် နေနိုင်ပါမည်နည်း။ လက်ကားဆိုင်ကြီးများသည် ဤကဲ့သို့သောသူ များကို ကြီးပွားအောင် မဖို့ရန် အသင့်ရှိနေကြလေသည်။

                                       ရောင်းသူ၏ ပထမအရေး

                       လူတို့သည် အများအားဖြင့် မိမိတို့မှာ လို၍နေသော အရာကို ကိုယ်တိုင်မသိကြ။ ပစ္စည်းတစ်ခုခုသုံးဖို့ အရေးကြီးကြောင်း ညွှန်ပြ အားပေးမှ သိတတ်ကြ၏။

                     လက်နှိပ်စာလုံးစက်တွေပေါ်စက သုံးကောင်းသည်ဟု အယူ မရှိကြချေ။ နောင် သုံး၍ပြပြီး အချိန်၏ အဖိုးတန်ခြင်း၊ အချိန်ကုန် နည်းဖို့ ဖြစ်ခြင်း၊ အသုံးလွယ်ကူ သန့်ရှင်း သပ်ရပ်သားနားခြင်း စသည် များကို လုပ်ကိုင်၍ပြနိုင်ကြသောကြောင့်သာ ယခုအခါ အသုံးပြုကြရုံ မက အလုပ်ဟူသမျှမှာ အရေးအကြီးဆုံး ပစ္စည်းတစ်ခု ဖြစ်၍ နေလေ သည်။

                   ထိုစာလုံးစက်ကို စတင် ရောင်းချရသူမှာ အဘယ်မျှလောက် ခက်ခဲသည်ကို ဆင်ခြင်၍ကြည့်လေ။ ဝယ်သူ၏ စိတ်၌ ဤစက်ကို နှိပ်ဖို့ရန် အကြာကြီး လေ့ကျင့်ရဦးမည်။ မြှုပ်ရမယ့်ငွေကလည်း တရင်း တနှီး၊ ပြီးတော့လည်း စာလုံးနှိပ်သမား အပိုလည်း ရဦးမည်။ နှိပ်၍ ဖြစ်အောင် မင်အဝတ် ‘ရစ်ဘွန်း” ကိုလည်း ဝယ်ရမည်တဲ့။ ထိုပြီး မြန်မာ လည်း မဟုတ်၊ မတော်တဆ ပျက်ရင် အခပေးပြီး ပြင်ရဦးမှာ မဖြစ်ပါ ဘူး၊ မဖြစ်ပါဘူး။ ကြံကြံစည်စည် လုပ်မှ လုပ်တတ်ပလေ။ လက်တွေ အရှိသားနှင့် ဘယ်သူက ဝယ်မှာတုံး” စသည့် စကားမျိုးကို ပြောကြ ပေလိမ့်မည်။