ပီမိုးနင်း - ချစ်ပန်းနွယ်
အခန်း (၁)
နေ့ အသက်တည်းဟူသော ဖန်ရဝိန်နေမင်းသည် သက်ဆင်း ကွယ်ပျောက် ချုပ်ငြိမ်းခြင်းသို့ ရောက်တော့မည်ရှိလေရာ အနောက်ဘက် ဂေါယာမှ ပတ္တမြားရောင်စွယ်တို့ကို အရှေ့ဘက်သို့ပြန်လွှတ်ကာ ရေ ပြင်အာကာ လောကဓာတ်မြေမျက်နှာကို (Good Bye) ဂွတ်ဒဘိုင်ဟု ကြွေးကြော်နှုတ်ဆက်သကဲ့သို့ သွားတော့မည့်အရိပ်ကို ပြလေ၏။
ရန်ကုန်မြစ်၏ ငြိမ်သက်သောရေပြင်၌ ရှိကြကုန်သော သင်္ဘော ကြီးငယ်တို့နှင့် သမ္မန်တုံကင်းတို့သည်လည်းကောင်း၊ ဝဲယာကမ်းခြေ၌ ရှိကြသော အဆောက်အအုံ တံတားများနှင့် စက်ကြီး စက်ငယ်များ၏ ခေါင်းတိုင်များသည်လည်းကောင်း၊ ဝမ်းနည်းသော လက္ခဏာဖြင့် ရှုမျှော် ကာ တမ်းတ၍ ကျန်ရစ်ကြသည်ပမာ ဝင်းထိန်သောနေရောင်ခြည် အဖြာဖြာကို ငြိမ်သက်စွာ ခံယူကြလေ၏။ ။
အလုပ်တာဝန် မပြီးသေးသဖြင့် ပျာယီးပျာယာ ဝမ်းဘဲငှက်ပမာလို ကူးယှက်သွားလာ၍ နေကြရှာကုန်သော သင်္ဘောငယ်တို့သည်ကား ငြိမ် သက်သောရေကို လှုပ်ရှားစေကြသဖြင့် ၎င်းတို့၏ ရှေ့နောက်မှထွက်ပေါ် ကာ ဆိပ်ကမ်းသို့ လှိမ့်ကာလှိမ့်ကာ လာကြကုန်သော လှိုင်းရှည်ကြီးများသည် တဖိတ်ဖိတ်လှုပ်ရှား တလက်လက်ဖြာ၍ ကစားသော နေရောင် ဖြင့် ခြယ်လှယ်ခြင်းကို ခံကြရသောကြောင့် မြစ်ရေကို ထောင့်တန်းကူးဖြတ် ၍ လာကြကုန်သော မြွေနဂါးကြီးများကဲ့သို့ မှတ်ထင်ရလေသတည်း။
ထိုအခိုက်တွင် လွစ္စလမ်းတံတား၌ရပ်ကာ၊ ရေပြင်ကိုရှုမျှော်၍ နေကြသော ယောက်ျားကလေးတစ်ယောက်နှင့် မိန်းမကလေးတစ်ယောက် သည် မြင့်ချည်နိမ့်ချည် လှုပ်ရှားနေသော တံတား၏အစွန်းနား၌ တစ်ယောက်၏လက်ကို တစ်ယောက်ကိုင်ကာ ရွှင်လန်းကြည်လင်သော ရယ်မောသံကို လေပြည်တွင်လွှတ်ကြလေရာ၊ တံတားပေါ်၌ သွားလာ၍ နေကြကုန်သော အင်္ဂလိပ် ကုလား မြန်မာလူမျိုးများသည် ၎င်းတို့ နှစ်ယောက်ကို သာယာသောမျက်နှာနှင့် ကြည့်ကြလျက်၊ တီးတိုးစကား ပြောကြလေ၏။ အကြောင်းမူကား ၎င်းမိန်းမလေးနှင့် ယောက်ျားကလေး နှစ်ယောက်တို့သည် အလွန်တရာ ချစ်ဖွယ်ကောင်းလှသော ကလေးများ ဖြစ်သတည်း။
ယောက်ျားကလေးမှာ ဆယ့်တစ်နှစ်အရွယ်သာသာခန့် ရှိ၍၊ မိန်းမ ကလေးမှာ ကိုးနှစ် ဆယ်နှစ်ခန့်လောက်မျှ ခန့်မှန်း၍ရလေ၏။ ၎င်းတို့မှာ ရုပ်ရည်ဖြူစင် ကြည်လင်ချောမွတ် နုထွတ်ပျော့ပျောင်း အထူးကြည့်၍ကောင်းလှသော သဏ္ဌာန်ရှိသည့်ပြင် ဝတ်ပုံစားပုံအလုံးစုံမှာလည်း သားနားသန့်ရှင်း အပြစ်ကင်းသောကြောင့်၊ အမျိုးကောင်းသား သမီး ကလေးများဖြစ်ကြကြောင်းကို သိသာလေ၏။ သို့သော်လည်း ငယ်ရွယ် သူကလေးများဖြစ်ကြပါလျက် တစ်ယောက်၏လက်ကို တစ်ယောက် ကိုင်ကာ၊ တစ်ယောက်၏မျက်နှာကို တစ်ယောက်ကြည့်ကြသည့် အမူ အရာမှာ လွန်စွာမှထူးခြားလျက် များစွာ လေးစားသိမ်မွေ့ကြင်နာသည့် မျက်နှာထားရှိသောကြောင့် မောင်နှမမဟုတ်ကြောင်းကို တစ်မျိုးသော နည်းဖြင့် သိသာလေသတည်း။
လျင်မြန်စွာ ဝှေ့တိုက်သော ညနေချမ်းလေပြည်သည် ဖဲကြိုးအပြာ ကလေးနှင့် စည်းရစ်ပတ်ဖွဲ့၍ထားသော လှပသောဦးခေါင်းကလေးမှကျောဘက်သို့ပြန်ကာ ကျဆင်းသည့် နက်ပြောင်ပျော့ပျောင်း အထူး ကောင်းသော ဆံပင်ကို လှုပ်ရှားလွင့်ပါး၍ နေစေသဖြင့်၊ သူငယ်မက လေးသည် တစ်ချက်တစ်ချက် ဆံပင်များကို ကိုင်တွယ်ရင်း လက် တစ်ဖက်ကို ကျောဘက်သို့လှမ်းလိုက်သည့်အခါ၊ ဖန်လက်ကောက်အနီ ကလေးမှာ နေရောင်တွင် ပိုးစုန်းကြူးပျံသည့်ပမာ၊ ဝင်းခနဲ လက်ခနဲ ဖြစ်၍သွားလေ၏။ တစ်ချက်တစ်ချက် ခြေထောက်ကိုလှုပ်ရှားသည့် အခါ ကြီးသောရွှေခြေချင်းခေါင်းများသည် ပျဉ်ပြားကိုထိသဖြင့် လု ယက်တတ်သော သူတို့၏စိတ်ကို နိုးကြားအောင်ခေါ်သကဲ့သို့ မှတ် ထင်ရလေ၏။
ယောက်ျားကလေး၏ သက္ကလတ်အင်္ကျီ ရင်စေ့အိတ်နှစ်ဖက်မှာ လေးလျက် ဖောင်း၍နေလေ၏။ ၎င်းအိတ်ထဲမှ ကျောက်ခဲများကို နှိုက် ကာ ရေထဲသို့ တအားလွှဲ၍ပစ်ခတ်လေရာ ကျောက်ခဲများကျသည့် နေရာ များ၌ ရေမွှာရေမှုန်များသည် နဝရတ်ကိုးပါးအရောင်ဖြင့် ဝင်းဝင်းတောက် ကာ အထက်သို့ခုန်ပျံ၍ တက်ကြလေ၏။
ယောက်ျားကလေးသည် ထို ရေမွှာရေမှုန်ရေပန်းများကိုကြည့်ကာ “ဟော... ဟော.. ဟော” ဟု မကြာခဏအော်လျက် များစွာပျော်ရွှင် ၍နေဟန်ရှိလေ၏။
မိန်းမကလေးသည်ကား များစွာထိတ်လန့်သောအမူအရာနှင့် ယောက်ျားပျိုကလေး၏လက်ကိုဆွဲကာ ..
“မောင်မောင် အားလွန်ပြီး ကျသွားလိမ့်မယ်နော်၊ မပစ်ပါနဲ့ တကတဲ၊ မြင့်မြင့် အသည်းတုန်လွန်းလို့ပါ။ အို.. တကတဲ မပစ်ပါနဲ့ဆို၊ ဟော... ဟော.. ပစ်ပြန်ပြီ။ တော်ပါတော့ မောင်ရဲ့ ၊ မြင့်မြင့် ပြောတာမရဘူးလား၊ အိမ်ကျရင် မေမေ့ကိုပြောလိုက်မယ်၊ လာ သွားမယ်”
ဟု ပြောကာ လက်လွှတ်ခဲ့၍ တစ်ယောက်တည်း ထွက်သွားလေရာ မောင်မောင် သည် ပြန်၍မကြည့်ဘဲ ဆက်လက်၍သာ ခဲများကို ပစ်ခတ်၍နေလေ၏။
အတန်ကလေးကြာသောအခါ ကျောက်ခဲများကုန်သဖြင့် နေလည်း ဝင်လုနီးပြီဖြစ်သောကြောင့် မီးတောင်ကြီးပေါက်၍ ထွက်သည့်ပမာ အနောက်ဘက် တိမ်တောင်ကြီးတစ်ခု၏ထိပ်ဖျား၌ ရဲရဲပြောင်လျက် နေခိုက်တွင် မောင်မောင်သည် အိတ်နှစ်ဖက်ထဲသို့ လက်များကိုထည့်၍ နောက်သို့ လှည့်ကာကြည့်လေ၏။
ထိုအခါ မြင့်မြင့်မရှိတော့သည်ကို တွေ့ရသောကြောင့် ကြောင့်ကြ သောအမူအရာနှင့် ပြေးလိုက်၍သွားလေ၏။ ထိုကဲ့သို့လိုက်သွားလေရာ တံတားပေါ်သို့ရောက်သည့်တိုင်အောင် မြင့်မြင့်ကို မမြင်မတွေ့ရသောကြောင့် များစွာထိတ်လန့်၍သွားပြီးလျှင် တံတားအထက်သို့ တအား ကုန်ပြေး၍ တက်သွားလေ၏။ ယင်းသို့ပြေးလေရာ ခဏကလေးရပ်ကာတောင်မြောက်လေးပါးကို ကြည့်ရင်း
“မြင့်မြင့်ရေ.. ဟေ့ မြင့်မြင့်၊ မြင့် ရေ.. မြင့်... မြင့်..”
ဟု ခေါ်လေ၏။
ထိုကဲ့သို့ခေါ်နေခိုက်တွင် မျက်နှာများပျက်လျက် ငိုတော့မည်ကဲ့သို့ ဖြစ်ပြီးလျှင် ခေါ်သောအသံသည် တစ်ချက်တစ်ချက် တုန်လှုပ်၍ လာသောကြောင့် အသံသည် အဖျားကျိုးပြီးလျှင် တစ်ချက်တစ်ချက် ငိုက်ဆင်း၍သွားလေ၏။ တစ်ချက်တစ်ချက်မှာမူ ကော့ထောင်တက် လွင်၍သွားလေသတည်း။
ထိုအခိုက်တွင် တံတားတိုင်အကွယ်မှ သံလွင်ကလေးကို အုပ်ကာ တီးလိုက်သည့်ပမာ ရွှင်လန်းစွာမြည်သော အသံကလေးဖြင့် ရယ်မော ကာ “မောင်မောင်” ဟု ခေါ်ရင်း လက်ခုပ်လက်ဝါးတီးလျက် မြင့်မြင့် သည် ပြေးထွက်၍လာလေ၏။
ထိုအခါ မောင်မောင်သည် လက်ကလေးနှစ်ဖက်ကို ဆီး၍ဖျစ် ကိုင်ကာ မျက်နှာကို သေချာစွာစိုက်၍ကြည့်ပြီး၊ စိတ်ဆိုးမာန်ဆိုးနှင့် “မြင့်မြင့်၊ ဘာလုပ်တာလဲ၊ တယ်... ကောင်မလေး... ငါသိပ်ပြီးလုပ် လိုက်ရရင်” ဟု အံသွားကြိတ်ကာပြောလျက် လက်ကလေးကို မတော် တဆ ဒေါသနှင့်လိမ်လိုက်လေ၏။
ရယ်မောသော မြင့်မြင့်၏ မျက်နှာကလေးသည်ကား၊ မျက်နှာပိုး သတ်ကာဣန္ဒြေနှင့် မောင်မောင်၏ မျက်နှာကို ကြည့်ပြီးမှ နာကျင်သဖြင့် ရှုံ့ပြီး အဟင့်ဟု ရှိုက်လိုက်လေ၏။
ထိုအခါ မောင်မောင်သည် လက်လွန်၍သွားကြောင်းကို သိသော ကြောင့် ထိတ်လန့်ကာ လက်လွှတ်လိုက်သည်နှင့်တစ်ပြိုင်တည်း မြင့်မြင့် သည် မြေပေါ်သို့ ခွေခနဲလဲသွားပြီးလျှင် နာကျင်သောလက်ဆစ်ကို လက်တစ်ဖက်နှင့်ကိုင်ကာ မျက်နှာကလေးကိုရွံ့လျက် ပုဆစ်တုပ်ရင်း တွန့်လိမ်၍နေရှာလေ၏။
မောင်မောင်သည် အပါး၌ပစ်ကာထိုင်ပြီး နာသောလက်ကို ကိုင် တော့မည်ပြုလေရာ မြင့်မြင့်က “မကိုင်ပါနဲ့ တကတဲ. လုပ်ရင်သည် လိုချည့်ပဲ”ဟု ချစ်ဖွယ်သော၊ နှုတ်ခမ်းကလေးများကိုစူကာ မျက်လုံးများ ကို လက်မောင်းနှင့်သုတ်ရင်း ဒေါမာန်ပါပါနှင့်ပြောပြီးလျှင် မောင်မောင် ၏မျက်နှာကို မကြည့်ဘဲ နာကျင်သောနေရာကိုသာ ပွတ်၍နေလေ၏။
မောင်မောင်က “မြင့်မြင့်ရဲ့ အင်မတန်ပဲ နာသွားသလား၊ မတော် တဆ လုပ်မိတာပါ၊ စိတ်ဆိုးသလား။ မင်းကလေးက တမင်စိတ်ညစ်အောင် လုပ်တာကိုးကွယ့်၊ သည်တော့ မောင်စိတ်ညစ်ပြီး မတော်တဆ ဖြည်းဖြည်းရယ်လို့ ကိုင်လိုက်တာ လက်လွန်ပြီးသွားပါတယ်။ ဘယ် နေရာက နာသလဲ။ အမယ်လေး... သည်လို မျက်နှာမဲ့ပါနဲ့။ အရုပ် ဆိုးကုန်တော့မယ်၊ ထပါ၊ ဖွ.. ဖွဖွ... ဆွံ့ဖွ.. မတ်တတ်ထ။ လာလာ၊