ပါရဂူ - ဝေဒနာ
[ ၁ ]
အနန္တကောင်းကင်၌ လေအမျိုးမျိုးတိုက်ခတ်သည်။ စတင်တိုက်ခတ်သည်။ ထန်လာသည်။ ဝှေ့ယမ်းသွားသည်။ တစ်ခါတစ်ရံ အရှေ့လေတိုက်သည်။ တစ်ခါတစ်ရံ အနောက်လေတိုက်သည်။ တစ်ခါတစ်ရံ မြောက်လေတိုက် သည်။ တစ်ခါတစ်ရံ တောင်လေတိုက်သည်။ တစ်ခါတစ်ရံ လေပူတိုက် သည်။ တစ်ခါတစ်ရံ လေအေးတိုက်သည်။ တစ်ခါတစ်ရံ မြူမှုန်အပြည့် ပါလာသောလေ တိုက်သည်။ တစ်ခါတစ်ရံ မြူမှုန်ကင်းစင်သောလေ တိုက် သည်။ တစ်ခါတစ်ရံ အနံ့အသက် ဆိုးသောလေ တိုက်သည်။ တစ်ခါတစ်ရံ အနံ့အသက် ကောင်းသောလေ တိုက်သည်။ တစ်ခါတစ်ရံ လေမုန်တိုင်း တိုက်သည်။ တစ်ခါတစ်ရံ လေပြည်လေညင်းတိုက်သည်။ အာကာသကောင်းကင်သည် မည်သည့်လေမျိုးတိုက်တိုက် သူနှင့်မဆိုင်သလိုပင် ရှိနေ သည်။ လေအမျိုးမျိုးတိုက်ခတ်လာသည်။ အရှိန်အဟုန် တိုးလာသည်။ ထို့နောက် အချိန်မကြာမီ ပျောက်သွားသည်။
ဇရပ်တစ်ခုခု၌၊ ဓမ္မသာလာတစ်ခုခု၌၊ ဟိုတယ်တစ်ခုခု၌၊ မိုတယ် တစ်ခုခု၌ လူအမျိုးမျိုး သွားလာဝင်ထွက်နေကြသည်။ အရှေ့အရပ်ကလူ လည်း ပါသည်။ အနောက်အရပ်ကလူလည်း ပါသည်။ မြောက်အရပ်ကလူ လည်း ပါသည်။ တောင်အရပ်ကလူလည်း ပါသည်။ အသားဖြူသူလည်း ပါသည်။ အသားမည်းသူလည်း ပါသည်။ အသားဝါသူလည်း ပါသည်။ အသားညိုသူလည်း ပါသည်။ အရပ်ပုသူလည်း ပါသည်။ အရပ်ရှည်သူ လည်း ပါသည်။ သူလည်း ပါသည်။ ပိန်သူလည်း ပါသည်။ အားရှိသူလည်း ပါသည်။ အားမရှိသူလည်း ပါသည်။ ရုပ်ချောသူလည်း ပါသည်။ ရုပ်ဆိုးသူလည်း ပါသည်။ ဇရပ်သည်၊ ဓမ္မသာလာသည် မည်သူလာလာ မည်ကဲ့သို့သော အကျိုးသက်ရောက်မှုမျိုးမှ ရှိမလာပေ။ ခရီးသည်တို့သည် ရောက်ရှိလာကြသည်။ အချိန်အခိုက်အတန့်မျှ တည်းခိုနေထိုင်ကြသည်။ ထို့နောက် အနှေးနှင့်အမြန် ပြန်လည်ထွက်ခွာသွားကြသည်။
ထိုနည်းအတိုင်းပင် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာတွင်လည်း ဝေဒနာ အမျိုးမျိုး ပေါ်ပေါက်လာကြသည်။ အချိန်အခိုက်အတန့်မျှ ရပ်နားနေကြ သည်။ ထို့နောက် အနှေးနှင့် အမြန် ထွက်ခွာသွားကြသည်။ အပိုင်းအခြား မရှိသော အချိန်ကာလအတွက် နေရန် ရောက်လာကြခြင်း မဟုတ်ပေ။
သို့ရာတွင် ကျွန်ုပ်တို့သည် ယင်းဝေဒနာများ၏ သြဇာသက်ရောက် မှု ခံနေကြရသည်။ တုံ့ပြန်မှုပြုလုပ်နေကြသည်။ ရာဂတုံ့ပြန်မှု၊ ဒေါသတဲ့ ပြန်မှု ပြုလုပ်နေကြသည်။ ယင်းကဲ့သို့ အဘယ့်ကြောင့်ဖြစ်နေသနည်း။ အကြောင်းမူကား ကျွန်ုပ်တို့၏သညာက၊ အကျွန်ုပ်တို့၏အမှတ်အသားက ယင်းဝေဒနာများကို တန်ဖိုးဖြတ်နေကြသောကြောင့် ဖြစ်သည်။ လွဲမှားစွာ တန်ဖိုးဖြတ်နေသောကြောင့် ဖြစ်သည်။
ဝေဒနာတစ်ခုကို သုခဝေဒနာဟု ပြောနေကြသည်။ သုခဖြစ်ပေါ်စေ သော ဝေဒနာဟု ပြောနေကြသည်။ အခြားဝေဒနာတစ်ခုကို ဒုက္ခဝေဒနာဟု ပြောနေကြသည်။ ဒုက္ခဖြစ်ပေါ်စေသော ဝေဒနာဟု ပြောနေကြသည်။ နောက် ဝေဒနာတစ်ခုကို အဒုက္ခ မသုခ ဝေဒနာဟု ပြောနေကြသည်။ သုခကိုလည်းကောင်း၊ ဒုက္ခကိုလည်းကောင်း မဖြစ်ပေါ်စေသော ဝေဒနာဟု ပြောနေကြသည်။
သုခဝေဒနာဟုပြောသော ဝေဒနာကို နှစ်သက်လိုလားအပ်သည်ဟု ထင်မှတ်ပြီးလျှင် ထိုဝေဒနာအား နှစ်သက်လိုလားသော ရာဂတုံ့ပြန်မှုကို ပြုလုပ်ကြသည်။ ဒုက္ခဝေဒနာဟုပြောသော ဝေဒနာကို မလိုလား၊ မနှစ် သက်အပ်ဟု ထင်မှတ်ပြီးလျှင် ထိုဝေဒနာအား မလိုလား၊ မနှစ်သက်သော ဒေါသတုံ့ပြန်မှုကို ပြုလုပ်ကြသည်။
သုခဝေဒနာဖြစ်လျှင် ယင်းဝေဒနာ တည်မြဲနေစေရန်အတွက်၊ တိုးပွား များပြားလာစေရန်အတွက် တုံ့ပြန်မှုပြုလုပ်ကြသည်။ ဒုက္ခဝေဒနာဖြစ် လျှင် ယင်းဝေဒနာ အလျင်အမြန်ပျောက်ကွယ်သွားစေရန်အတွက် တုံ့ပြန်မှု ပြုလုပ်ကြသည်။ အဒုက္ခ မသုခ ဝေဒနာဖြစ်လျှင်လည်း ယင်းဝေဒနာကို ပယ်ဖျောက်ပစ်ရန်အတွက် ဒေါသတုံ့ပြန်မှုကိုလည်းကောင်း၊ အခြားသုခ ဝေဒနာ ဖြစ်ပေါ်လာစေရန်အတွက် ရာဂတုံ့ပြန်မှုကိုလည်းကောင်း ပြုလုပ် ကြသည်။
အကယ်၍ သညာ၏ နေရာ၌ ပညာကိုအသုံးပြုလျှင် လွဲမှားသော တန်ဖိုးဖြတ်ခြင်းကို ပြုလုပ်ကြတော့မည် မဟုတ်ပေ။ ကိုယ်တွေ့ လက်တွေ့ အဆင့်ကို အခြေခံလျက် ဝေဒနာ၏သဘာဝအမှန်ကို ဉာဏ်အမြင်ဖြင့် သိရှိ နားလည်ပြီးလျှင် ဝေဒနာအားလုံးကို မှန်ကန်စွာ တန်ဖိုးဖြတ်ပေလိမ့်မည်။ ထိုအခါ ရာဂတုံ့ပြန်မှုကိုလည်းကောင်း၊ ဒေါသတုံ့ပြန်မှုကိုလည်းကောင်း ပြုလုပ်ခြင်း ရပ်တန့်သွားလိမ့်မည်။
အကယ်၍ ပညာဖြင့် မှန်ကန်စွာတန်ဖိုးဖြတ်လျှင် “သုခဝေဒနာ ဖြစ်စေ၊ ဒုက္ခဝေဒနာဖြစ်စေ၊ အဒုက္ခ မသုခဝေဒနာဖြစ်စေ၊ ကြမ်းတမ်းခက် မာသော ဝေဒနာဖြစ်စေ၊ နူးညံ့သိမ်မွေ့သော ဝေဒနာဖြစ်စေ၊ နှစ်သက်လို လားအပ်သော ဝေဒနာဖြစ်စေ၊ မနှစ်သက် မလိုလားအပ်သော ဝေဒနာ ဖြစ်စေ ဝေဒနာအားလုံးသည် အနိစ္စတရားဖြစ်၏။ ပျက်စီးတတ်သော သဘောရှိ၏။ ဝိပရိဏာမတရား ဖြစ်၏။ ပြောင်းလဲတတ်သော သဘော ဖြစ်၏” ဟူ၍ သိမြင်လာလိမ့်မည်။ အာကာသကောင်းကင်က လေကဲ့သို့၊ သာလာယံဇရပ်က ခရီးသည်ကဲ့သို့ သွားဖို့ရန်အတွက် ရောက်လာခြင်းဖြစ် ပြီး နေထိုင်ရန်အတွက် ရောက်လာခြင်းမဟုတ် ဆိုသည်ကို သဘောပေါက် လာလိမ့်မည်။
ယင်းဝေဒနာများအပေါ်၌ မိမိတို့၏ မည်ကဲ့သို့သော ပိုင်ဆိုင်မှုမျိုးမှ မရှိပေ။ မည်ကဲ့သို့သော စိုးပိုင်မှုမျိုးမှမရှိပေ။ ဝေဒနာတစ်ခုခုကို ‘လာပါ” ဟု ခေါ်၍လည်း မရပေ။ ဝေဒနာတစ်ခုခုကို တားဆီးပိတ်ပင်ထား၍လည်း မရပေ။ ဝေဒနာတစ်ခုခုကို ထုတ်ပစ်၍လည်း ထွက်မသွားပေ။ ဖြစ်ပေါ်လာ သည့် ဝေဒနာသည် သဘာဝအရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယင်းသို့ဖြစ်လျှင် အနိစ္စဖြစ်သော၊ အနတ္တဖြစ်သော ဝေဒနာကိုကြည့်လျက် တစ်စုံ တစ်ခု သတ်မှတ် ဆုံးဖြတ်ခြင်းသည်၊ တံဆိပ်တပ်ခြင်းသည် အနိစ္စဖြစ်
သော၊ အနတ္တဖြစ်သော ဝေဒနာနှင့် ပတ်သက်၍ ရာဂတုံ့ပြန်မှု၊ ဒေါသ တုံ့ပြန်မှုပြုလုပ်ခြင်းသည် ဒုက္ခကိုသာလျှင် ဖြစ်ပေါ်စေသည်မှာ အမှန်ဖြစ် သည်။
ပညာဖြင့် ယင်းကဲ့သို့ တန်ဖိုးဖြတ်ခြင်းသည် မှန်ကန်သောတန်ဖိုး ဖြတ်ခြင်း ဖြစ်သည်။ ယင်းသို့ တန်ဖိုးဖြတ်သည့်အတွက် ယောဂီသည် တစ်ဖက်စောင်းနင်း ဖြစ်မသွားဘဲ တစ်ပြေးတစ်ညီတည်း၌ ရပ်တည်ပြီး လျှင် ဒုက္ခအားလုံးမှ လွတ်မြောက်မှုရရှိသော နည်းလမ်းကို တွေ့မြင်သိရှိပေ လိမ့်မည်။ ယင်းသို့ ပြုလုပ်ခြင်းသည် ဝိပဿနာဖြစ်သည်။ စိတ်ကို ဆေး ကြောသော ဓမ္မဂင်္ဂါဖြစ်သည်။ လွတ်မြောက်ငြိမ်းချမ်းမှုကိုပေးသော ဓမ္မဂင်္ဂါ ဖြစ်သည်။
ယင်းဝိပဿနာ ဓမ္မဂင်္ဂါထဲတွင် ရေငုပ်ပြီးလျှင်၊ ရေချိုးပြီးလျှင် ဒုက္ခ အားလုံးမှ လွတ်မြောက်အောင် လုပ်ကြစို့ ။ မှန်ကန်သောအနက်အဓိပ္ပာယ် အရ မိမိတို့၏ ကောင်းကျိုးမင်္ဂလာအတွက် ကြိုးစားအားထုတ်ကြစို့။