ပါရဂူ - သမိုင်းသင်ခန်းစာ
ကျန်စစ်သားဘဝပြဇာတ်
မြန်မာရာဇဝင်သမိုင်း စာရေးဆရာတို့က ကျန်စစ်သားကို သည်းထိတ် ရင်ဖို အံ့ဖွယ်သူရဲ မြန်မာဘုရင်တစ်ပါးဟု ရေးသားကြသည်။ ကျန်စစ်သား ၏ ဘဝသည် တစ်ခန်းပြီးတစ်ခန်း ဖျတ်ခနဲ ဖျတ်ခနဲ ကူးပြောင်းသွားသော အလှည့်အကူး အကွေ့ အပြောင်းများလှသည့် ပြဇာတ်နှင့်တူသည်။ပုဂံထီး နန်းကို မစိုးစံမီအခါကပင် ကျန်စစ်သား၏ ဘဝဇာတ်သည် ရသစုံရောပြွမ်း နေသည်။
အပယ်ရတနာ ဥဿာမင်းသမီးခင်ဦး၊ ထီးလှိုင်ရွာသူကြီးခင်တန်၊ မထီးတူမ သမ္ဘူလတို့နှင့် တွေ့ဆုံခန်းတို့သည် ကျန်စစ်သား၏ ဘ၀ပြဇာတ် သိင်္ဂါရ ရသခန်းများဖြစ်ကြသည်။ သထုံစစ်ပွဲ၊ ဂန္ဓာလရာဇ်စစ်ပွဲ၊ ဥဿာ ပဲကူးနှင့် ဂျွမ်းစစ်သည်တို့၏စစ်ပွဲ၊ ငရမန်ကန်း အပြတ်ရှင်းပွဲတို့သည် ကျန် စစ်သား၏ ဘ၀ပြဇာတ်ပထမပိုင်း၌ ဝီရ ရသကို ဖော်ကျူးထားသောအခန်း များဖြစ်ကြသည်။
ကျန်စစ်သား၏ ဘဝအစောပိုင်း၌ မရဏသားရဲတွင်းကြီးများကို တစ် တွင်းပြီးတစ်တွင်း ဖြတ်ကျော်သွားရသည့်အခန်းများရှိသည်။ ယင်းအခန်းများ မှာ ကျန်စစ်သားဘဝ ပထမပိုင်း၏ ဘယာနကရသနှင့် အတ္ထုတရသအခန်း များဖြစ်ကြသည်။ ကျန်စစ်သား၏ ဘ၀ပြဇာတ်၌ သန္တရသနှင့် နိဂုံးချုပ်ထား သည်။ ရွှေစည်းခုံဘုရားနှင့် အာနန္ဒာဘုရားတည်ခန်း၊ သားတော်ရာဇကုမာရ် အခန်းတို့မှာ ကျန်စစ်သားပြဇာတ်၏ နိဂုံးပိုင်း သန္တရသများ ဖြစ်ကြသည်။
ကျန်စစ်သား၏ဘဝတွင် အသူတရာနက်သော မရဏချောက်ကမ်း ပါးကြီးရှိသည်။ ထိုချောက်ကမ်းပါးကြီးများကို ကျန်စစ်သားသည် တစ်ခု ပြီးတစ်ခု ခုန်ပျံကျော်လွှားသွားသည်။ ပထမ မရဏချောက်ကမ်းပါးကို ကျန် စစ်သားသည် အူဝဲဘဝမရောက်ခင် အမိဝမ်းတိုက်၌ ရှိစဉ်ကတည်းကပင် ရင်ဆိုင်ရသည်။ ဝေသာလီမင်းကြီးသည် အနော်ရထာမင်းကြီးထံမှ သမီး ဆက်သရန် တောင်းခံလာသော အမတ်ရာဇတမန်လက်ထဲ သမီးတော် ပဉ္စ ကလျာဏီကို အပ်လိုက်သည်။ အနော်ရထာမင်းကြီးထံ ပဉ္စကလျာဏီရောက် လာသောအခါ အမတ်ရာဇတမန်က သမီးတော် ပဉ္စကလျာဏီသည် ဝေသာ လီမင်း၏ သမီးရင်းမဟုတ်ဟုဆိုကာ မင်းကြီးကိုလျှောက်သည်။ အနော် ရထာမင်းကြီးသည် အမတ်ရာဇတမန်၏စကားကိုယုံစားသွားပြီး ငါလိုဘုရင် တစ်ပါးအား မွေးစားသမီး ဆက်ရမလားဟု အမျက်တော်ရှပြီးလျှင် ပဉ္စ ကလျာဏီကို အနောက်ရုံးတော်တွင် ထားပြီးကာမှ ပရိမ္မအရပ်သို့ ပို့ပစ်လိုက် သည်။ ။
မြတ်စွာဘုရား လက်ထက်တော်အခါကလည်း အလားတူ အဖြစ် အပျက်မျိုး ဖြစ်ပျက်ခဲ့ဖူးသည်။ ကောသလဘုရင် ပသေနဒီသည် သကျ သာကီဝင်မင်းသမီးကို လက်ထပ်သိမ်းပိုက်လိုသည့်အတွက် သကျသာကီဝင် မင်းများထံ တောင်းခံသောအခါ သကျမဟာနာမသည် ကျွန်မကမွေးသော ဝါသဘခတ္တိယာကို သကျသာကီဝင်မင်းသမီးအဖြစ် လိမ်လည်လှည့်ဖြား လျက် ပသေနဒီမင်းကြီးထံ ဆက်သလိုက်သည်။ ပသေနဒီမင်းကြီးနှင့် ဝါသ ဘခတ္တိယာတို့တွင် သားတော် ဝိချုပ မွေးဖွားလာသည်။ တစ်နေ့သ၌ သားတော် ဝိဥချုပ ကပိလဝတ်သို့ အလည်အပတ်သွားသောအခါ ခရီးဦးကြို ပြုသော်လည်း သားတော်ပြန်သွားသောအခါ သားတော်ထိုင်သွားသည့်နေရာကို ကျွန်မသားထိုင်သည့်နေရာဆိုပြီး ဆေးကြောပစ်သည်။ ထိုအကြောင်း ဝိချုပ၏နား ပေါက်ကြားသွားသည်ဖြစ်၍ ဘုရင်ဖြစ်လာသောအခါ ဝိချုပ သည် သကျသာကီဝင်များကို မျိုးပြုတ်သွားသည်အထိ ကလဲ့စားပြန်ချေသည်။
ပရိမ္မအရပ်ရောက်သွားသောအခါ ပဉ္စကလျာဏီ၏ကိုယ်ဝန် အရင့်အမာဖြစ်လာသည်။ ဟူးရားဖြူ၊ ဟူးရားညိုတို့ မြောက်အရပ်၌ မင်းလောင်း ပဋိသန္ဓေတည်နေသည်ဟု နားတော်လျှောက်သည်ဖြစ်၍ အနော်ရထာမင်း ကြီးသည် သူ့ထီးနန်းအတွက် စိုးရိမ်မကင်းဖြစ်ပြီး မြောက်အရပ်က ကိုယ်ဝန်ဆောင်များကို သုတ်သင်ပစ်သည်။ သို့သော်လည်း မင်းလောင်း သေကျေ ပျက်စီးသွားခြင်းမရှိဘဲ မွေးဖွားလာပြီဟု သိရပြန်သည့်အတွက် နို့စို့အရွယ် ကလေးငယ်များကိုလည်းကောင်း၊ နွားကျောင်းသားအရွယ်ရောက်လာပြီဟု သိရပြန်သည့်အတွက် နွားကျောင်းသားများကိုလည်းကောင်း သုတ်သင်ပစ် ပြန်သည်။ သို့သော်လည်း ကျန်စစ်သားသည် သေကျေပျက်စီးသွားခြင်းမရှိ ဘဲ သေဘေးက တစ်ခုပြီးတစ်ခု ကျော်သွားသည်။
ပဉ္စကလျာဏီက သူ့ သားတော်ကို ရဟန်းပြုပေးထားလိုက်သည်။ ဟူးရားဖြူ၊ ဟူးရားညိုတို့၏ လျှောက်တင်ချက်အရ မင်းဖြစ်မည့်ရဟန်းကို စူးစမ်းလိုသည်ဖြစ်၍ အနော်ရထာမင်းကြီးသည် ရဟန်းများကိုပင့်ပြီး ဆွမ်း လုပ်ကျွေးလျက် ကရားနှင့်ရေကပ်သည်။ မင်းလောင်းရဟန်းအလှည့်ရောက်
သောအခါ ဆွမ်းစားပြီး ကရားနှင့်ရေကပ်သည်တွင် မင်းလောင်းရဟန်း ခံတွင်းမှ ဝင်းခနဲ၊ လက်ခနဲ စက်အရောင်ထွက်သည်ကိုတွေ့၍ ဘုရင်မင်းကြီး ထိတ်လန့်သွားသည်။ ဟူးရားဖြူ၊ ဟူးရားညိုတို့က “မင်းလောင်းသည် အရှင် မင်းကြီး၏ထီးနန်းကို လုယူမည့်သူမဟုတ်၊ အရှင်မင်းကြီးလွန်မှ မင်းဖြစ် လတ္တံ့”ဟု လျှောက်ထားသောအခါကျမှ ဘုရင်မင်းကြီးသည် ရဟန်းအား လူဝတ်လဲစေပြီးလျှင် အပါးတော်၌ ခစားစေသည်။
ယင်းသို့ အသက်မသေဘဲ ကြွင်းကျန်ရစ်သည်ဖြစ်၍ ကျန်ရစ်သားဟု ခေါ်ရာမှ ကာလရွေ့လျားသွားသောကြောင့် ကျန်စစ်သားအမည်တွင်သည် ဟု ဆိုကြသည်။ သို့သော်လည်း သမိုင်းသုတေသီများက ယင်းအချက်များ ကို လက်မခံပေ။
ကမ္ဘာ့သမိုင်းစာမျက်နှာများတွင်လည်း ကျန်စစ်သားကဲ့သို့ပင် သေ တွင်းက လွတ်မြောက်သွားသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များရှိသည်။
ဟဲရဒ် (Herod) သည် ရှေးဟောင်း ပါလက်စတိုင်း ဘုရင်တစ်ပါး ဖြစ်သည်။ ထိုဘုရင်လက်ထက်တွင် ခရစ်တော်ဖွားတော်မူသည်။ ခရစ်တော်၏မယ်တော် မေရီသည် ခင်ပွန်းသည် နက်ဇရက်မြို့သား ဂျိုးဇက်နှင့်အတူ ဂျူးဒါပြည်၊ ဗက်သလီဟမ်မြို့ရောက်သောအခါ တည်းခိုစရာနေရာမရှိ၍ နွားတင်းကုပ်တစ်ခုတွင် ဝင်ရောက်တည်းခိုကြသည်။ ထိုနေ့ည၌ပင် ခရစ်တော် ဖွားမြင်လာသည်ဖြစ်၍ သူငယ်တော်ကို နွားစားခွက်ထဲတွင် သိပ်ထား ရသည်။
မေဂျိုင်ခေါ် ပညာရှိတို့သည် လက်ဆောင်ပဏ္ဏာများကိုယူဆောင်၍ ဂျေရုစလင်သို့ ရောက်ရှိလာကြသည်။ မေဂျိုင်တို့သည် ပါလက်စတိုင်းဘုရင် ဟဲရဒ်ကို ရဟူဒီဘုရင် ဖွားမြင်သောကြောင့် ဖူးတွေ့ရန်လာကြကြောင်းလျှောက်တင်ကြသည်။ ဖွားမြင်လာသော သူငယ်သည် ထီးနန်းကိုလုပ်ကြံ လိမ့်မည် အထင်ရှိသဖြင့် ဟဲရဒ် ထိတ်လန့်စိုးရိမ်သွားသည်။ ဗက်သလင်မြို့ ၌ ခရစ်တော် တကယ်ဖွားမြင်ကြောင်းမှန်လျှင် သူ့ထံပြန်လာပြီး အကြောင်း ကြားရန် မေဂျိုင်တို့ကို မှာလိုက်သည်။ မေဂျိုင်တို့သည် ဗက်သလင်မြို့၌ ခရစ်တော်ကို ဖူးတွေ့ကြသည်ဖြစ်၍ လက်ဆောင်ပဏ္ဏာများ ဆက်သပြီး ပြန်သွားကြသည်။ သို့သော်လည်း ဂျေရုစလင်သို့မဝင်ဘဲ အခြားလမ်းမှ တိတ်တဆိတ် ပြန်သွားကြသည်။
ဟဲရဒ်သည် မေဂျိုင်တို့၏ လှည့်ဖြားခြင်းခံရ၍ အမျက်ထွက်သွားပြီး လျှင် ဗက်သလင်မြို့ရှိ နှစ်နှစ်အောက်အရွယ် ကလေးငယ်များကို သတ်ပစ်ရ မည်ဟု အမိန့်ထုတ်လိုက်ပြန်သည်။ ခမည်းတော် ဂျိုးဇက်သည် အီဂျစ်နိုင်ငံ သို့ ထွက်ပြေးတိမ်းရှောင်နေရန် ကြိုတင် အိပ်မက်သဖြင့် ခရစ်တော်ကိုဆောင် ယူလျက် ဗက်သလင်မြို့မှ တိမ်းရှောင်ထွက်ခွာသွားသောကြောင့် ခရစ်တော် အသက်ဘေးက လွတ်မြောက်သွားသည်။
ဟိန္ဒူလူမျိုးများ ဘုရားတစ်ဆူအဖြစ် ကိုးကွယ်သော ကရိရှဏလည်း ငယ်ရွယ်စဉ်အခါက သေတွင်းနှုတ်ခမ်းဝတွင် အကြိမ်ကြိမ်လျှောက်ခဲ့ရသည်။ ကရိရှဏသည် ဝသုဒေဝနှင့် ဒေဝတီတို့၏ သားတော်ဖြစ်သည်။ ဝသုဒေဝ သည် ရောဟိဏီနှင့်လည်း လက်ထပ်သည်။ မထုရာဘုရင်ကံသ၏နှမတော် ဒေဝတီနှင့်လည်း လက်ထပ်သည်။ ဝသုဒေဝနှင့် ဒေဝတီ လက်ထပ်သော အခါ “ဒေဝတီအဋ္ဌမသားသည် ကံသကို လုပ်ကြံသတ်ဖြတ်လိမ့်မည်” ဟူ၍ကောင်းကင်ယံမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့ကြောင့် ကံသဘုရင် သည် ဝသုဒေဝနှင့် ဒေဝတီကို အကျဉ်းချထားပြီးလျှင် ၎င်းတို့၏ မွေးလာ သမျှ ကလေးများကို ခြောက်ယောက်မြောက်အထိ အားလုံး သတ်ပစ်သည်။ သတ္တမမြောက်ကလေး ကိုယ်ဝန်ရှိလာသောအခါ တန်ခိုးရှင်တစ်ဦးက ဒေဝတီ၏ဝမ်းဗိုက်ထဲက ကလေးကို နွားမွေးသော ဂေါကုသရွာ၌ နန္ဒနှင့် ယသောဒါတို့ကို ကြည့်ရှုစောင့်ရှောက်ထားသော သုဒေဝ၏ဇနီးတစ်ဦးဖြစ် သူ ရောဟိဏီ၏ဝမ်းဗိုက်ထဲ ပြောင်းလဲပို့ပေးလိုက်သည်။ ရောဟိဏီမွေးသော ထိုကလေးသည် နောင်သောအခါ ကရိရှဏ၏ဘဝဖြစ်စဉ်၌ အရေးပါအရာ ရောက်သူ ဗလရာမဖြစ်လာသည်။ ကံသဘုရင်ကိုမူ ကိုယ်ဝန်ပျက်ကျသွား သည်ဟု ပြောလိုက်သည်။
ဒေဝတီတွင် အဋ္ဌမမြောက် ကိုယ်ဝန်ရှိလာပြန်သည်။ ဒေဝတီ အဋ္ဌမ ကိုယ်ဝန်ရှိလာပြီဆိုသည့်သတင်းရ၍ ဘုရင်ကံသသည်မွေးလာသည့်ကလေး ကို သတ်ပစ်ရန်အတွက် ဝသုဒေဝနှင့် ဒေဝတီတို့အိမ်တွင် အစောင့်အကြပ် တင်းကျပ်စွာချထားသည်။ မိန်းမတစ်ယောက်ကို သတ်ပစ်သည့်အပြစ်ကိုမူ မကျူးလွန်ရဲ၍ ကလေးမွေးအလာကို စောင့်နေခြင်းဖြစ်သည်။
ထိုအတောအတွင်း ကရိရှဏ မွေးဖွားလာသည်။ အစောင့်အကြပ်များ အိပ်ပျော်နေချိန် ဝသုဒေဝသည် မွေးကင်းစ ကရိရှဏကို ဂေါကုသရွာရှိ နန္ဒနှင့် ယသောဒါတို့အိမ်သို့ လျှို့ဝှက်စွာယူသွားပြီး ထားခဲ့သည်။ တိုက်တိုက် ဆိုင်ဆိုင် ထိုအချိန်၌ ယသောဒါတွင်လည်း ကလေးတစ်ယောက် ဖွားမြင်လာ သည်။ ယဒါ မွေးသောကလေးမှာ သမီးမိန်းကလေးဖြစ်သည်။ယသော ဒါ၏သမီး မိန်းကလေးကို ဝသုဒေဝသည် ယသောဒါ သတိမရခင် အိမ်ယူ လာသည်။
ကလေးငိုသံကြား၍ အစောင့်များက ကံသဘုရင်ကို အကြောင်းကြား သောအခါ ကံသဘုရင်သည် ကလေးကို သုတ်သင်ရှင်းလင်းပစ်ရန် ဝသုဒေဝ နှင့် ဒေဝတီတို့အိမ် ရောက်ရှိလာသည်။ သို့သော်လည်း ဒေဝတီ၏ အဋ္ဌမ ကလေးမှာ ယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးဖြစ်နေသည်ကိုတွေ့ရ၍
စိတ်ချသွားပြီးလျှင် ဝသုဒေဝနှင့် ဒေဝတီတို့ကိုလည်း အကျဉ်းက လွှတ်လိုက်သည်။
ကရိရှဏ အရွယ်ရောက်လာသောအခါ ကံသဘုရင်သည် ဒေဝတီ၏ အဋ္ဌမသားမှန်း သိသွားသည်ဖြစ်၍ ကရိရှဏကို နည်းအမျိုးမျိုးဖြင့် သုတ်သင် ပစ်ရန် ကြိုးစားအားထုတ်သည်။ သို့သော်လည်း အောင်မြင်ခြင်းမရှိဘဲ ကရိ ရှဏ၏ လက်ချက်ဖြင့်သာ ကံသဘုရင် ကွယ်လွန်ရရှာသည်။
ကျန်စစ်သားသည် သူရဲကောင်းအဖြစ်ဖြင့် အနော်ရထာမင်းကြီးထံ ပါး၌ ခစားနေသော်လည်း သူ၏ ရှေ့ခရီး၌ မရဏချောက်ကမ်းပါးကြီးများ တစ်ခုပြီးတစ်ခု ပေါ်လာပြန်သည်။ ဥဿာပဲခူးတွင် ဂျွမ်းစစ်သည်များ ကျူးကျော်တိုက်ခိုက်လာသောအခါ ဥဿာမင်းကြီးက စစ်ကူတောင်းသောကြောင့် အနော်ရထာမင်းသည် ကျန်စစ်သားအမှူးရှိသော စစ်သည်သူရဲကောင်းများ ကို ဥဿာပဲခူးသို့ စစ်ကူပို့လိုက်သည်။ စစ်ပွဲတွင် အောင်ပန်းဆွတ်ခူးရရှိ သည်ဖြစ်၍ ဥဿာမင်းကြီးက သမီးတော် မဏိစန္ဒာကို အနော်ရထာမင်းကြီး ထံ ဆက်သလိုက်သည်။ ပုဂံနန်းတော်ပြန်အရောက်တွင် အနော်ရထာမင်း ကြီးသည် ကျန်စစ်သားကို မဏိစန္ဒာနှင့် မှားယွင်းသည်ဟု ယိုးစွပ်ပြီး အရိန္ဒမာ လှံဖြင့်ထိုးသတ်သည်။ သို့ရာတွင် ကျန်စစ်သားသည် ပုဂံထီးနန်းတွင် သမိုင်း ဝင်ဘုရင်တစ်ပါးဖြစ်ဖို့ ကံဇာတာပါလာသူဖြစ်၍ အရိန္ဒမာလှံသည် ကျန်စစ် သားကိုမထိုးမိဘဲ ချည်နှောင်ထားသော နှောင်ကြိုးကိုသာထိုးမိ၍ နှောင်ကြိုး ပြတ်သွားသည်။ ကျန်စစ်သားသည် အရိန္ဒမာလှံကိုကောက်ယူပြီး လွတ်မြောက်ထွက်ပြေးသွားသည်။ အရိန္ဒမာလှံက သူ၏နှောင်ကြိုးကိုဖြတ်တောက် ပေးပြီး သူ့ကို လွတ်မြောက်သွားအောင် ပြုလုပ်လိုက်သည်။ - ကျန်စစ်သားအတွက် သေရေးရှင်ရေး ကြုံရပြန်သည်မှာ စောလူးက သူ့ကို ရန်သူ ငရမန်ကန်းလက်ထဲ၌ ဝကွက်အပ်ချိန်ဖြစ်သည်။ ကျန်စစ်သား သည် ငရမန်ကန်း ဖမ်းထားသော စောလူးကို ငရမန်ကန်းလက်ထဲက လွတ် မြောက်အောင် အသက်စွန့်၍ ကယ်ဆယ်ခဲ့သည်။ သို့သော်လည်း စောလူးက ကျန်စစ်သားကို အထင်လွဲပြီး ငရမန်ကန်း လက်ထဲအပ်သဖြင့် ကျန်စစ်သားသည် မရဏချောက်ကမ်းပါးကြီးထဲ ကျမည့်ဆဲဆဲမှာပင် လွတ်မြောက်သွားသည်။
ကျန်စစ်သားသည် သူ၏ဘဝခရီး၌ မရဏချောက်ကမ်းပါးကြီးများ ကို တစ်ခုပြီးတစ်ခု ဖြတ်သန်းကျော်လွှားသွားရသည်။ သို့ရာတွင် ယင်းမရဏ ချောက်ကမ်းပါးကြီးများသည် သူ့ကို ဘဝဆုံးသွားအောင် မစွမ်းဆောင်နိုင်ကြ ဘဲ ယင်းမရဏချောက်ကမ်းပါးကြီးများကြောင့်ပင် သူ၏အရည်အသွေးမှာ ပိုမို တောက်ပြောင်သွားသည်။ သေကံမရောက် သက်မပျောက်ဟူသော ဆိုရိုးစကားကို ကျန်စစ်သား၏ဘဝက သက်သေသာဓကဆောင်နေသည်။
ရည်ညွှန်း
- မှန်နန်းရာဇဝင်။
- သုသောဓိတ မဟာရာဇဝင်ကြီး
- History of Burma: GH
- Pageant of Burmese History: WS Desai
- သမ္မာကျမ်းစာ
- မြန်မာ့စွယ်စုံကျမ်း (အတွဲ-၂)
- ပိယဒဿီ၊ ပါရဂူ
- Myths of the Hisndus and Buddhist; Sidter Nuvedita and Ananda Comarawamy
- ပေါရာဏိက ကောသ (ဟိန္ဒီ)