Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ပါရဂူ - ဖေါ်မဲ့ဟင်္သာ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out
Type

                                                        ( ၁ )

             တောင်ပိုင်း ပင်လယ်ကမ်းခြေရှိ ပေးယုဒေသ၌ မြင့်မားမတ်စောက် သော “ရွှေဖလား” အမည်ရှိ တောင်ကြီးတစ်တောင်ရှိသည်။ ကောင်းကင် တစ်ခွင် မိုးသားကင်းစင်ပြီး ကြည်ကြည်လင်လင်ဖြစ်နေသည့် အချိန်များ၌တောင်၏ အောက်ပိုင်းတစ်ဝက်ရှိ ရင်သပ်ရှုမောအံ့သြဖွယ် စိမ်းလန်းစိုပြည် နေသော ပတ်ဝန်းကျင်တစ်ခွင်ကြားထဲတွင် ငါးအကြေးခွံကဲ့သို့ တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်၊ ထပ်လျက်ရှိနေသော အနီရောင်အုတ်ကြွပ်မိုးများကို အဝေးက ပင် လှမ်းမြင်ရလေသည်။ ထိုနေရာ၌ 'ပင်လယ်မိုးတိမ်” အမည်ရှိ ရှေးကျောင်း ကြီးတစ်ဆောင်သည် ဆန်ဘုရင့်အနွယ်တော် ကျဆုံးသွားခဲ့သည့် အချိန် ကာလကကဲ့သို့ပင် ပျက်စီးယိုယွင်းခြင်းမရှိဘဲ ဆက်လက်တည်ရှိနေသည်။

               ဆန်ဘုရင့်အနွယ်တော် ကျဆုံးသွားသည့်အချိန်၌ လူစုဖုသည် ရင်ခွင် ပိုက်သားတော်ကလေးကို ယူဆောင်ထွက်ပြေးလာခဲ့ပြီးလျှင် ယင်းတောင်၌ သူတို့ကို သုတ်သင်ရန် နောက်မှလိုက်လာသည့် သူပုန်သူကန်တို့၏ အမိမခံဘဲ မိမိအသက်နှင့် ရင်ခွင်ပိုက်မင်းသားကလေး၏အသက်ကို နိုင်ငံဂုဏ်သိက္ခာ မကျစေရန် ကိုယ်တိုင် အဆုံးစီရင်ပစ်လိုက်လေသည်။

                ဆန်ဘုရင့်အနွယ်တော်ထဲမှ မသေမပျောက်ဘဲ ကျန်ရှိနေကြသည့် တချို့အနွယ်တော်များသည် ဤနေရာသို့ တိမ်းရှောင်ထွက်ပြေးလာကြပြီးလျှင် ခေါင်းတုံးတုံးပြီး ဘုန်းကြီးလုပ်နေကြလေသည်။ သူတို့သည် နေ့ညမပြတ်ဘုရားသခင်ကို တိုင်တည်ပြီး ကံတော်ကုန်သွားရှာသည့် ဘုရင်ဧကရာဇ်၏ ဝိညာဉ်အတွက် ဆုတောင်းမေတ္တာ ပို့သနေကြလေသည်။

                ယင်းသို့အားဖြင့် ယခုခေတ် ယခုအချိန်အထိပင် လွမ်းဆွတ်ပူဆွေးနေ သော တိမ်ထုတိမ်စိုင်သည် တောင်ထွတ်တောင်ထိပ်ရှိ မျက်စိတစ်ဆုံး ပြန့်ပြူးနေသော ကောင်းကင်တစ်ခွင်၌ အုပ်မိုးလျက်ရှိနေသည်ကို တွေ့နေရ လေသည်။ မမြည်ချင်မြည်ချင် ပျင်းရိငြီးငွေ့ဖွယ်မြည်နေသော ကြေကွဲဝမ်း နည်းဖွယ် ပင်လယ်လှိုင်းသံများကိုလည်း မကြာခဏ ကြားနေရလေသည်။ ထိုလှိုင်းသံများကို ကြားရသောအခါ ကြားရသူသည် လေးပင်စွာ ပင့်သက်ချ ပြီးလျှင် လွမ်းဆွတ်ကြေကွဲဖွယ် အတိတ်ကို တစ်ဖန် ပြန်လည်သတိရလာ တတ်လေသည်။ ထိုသူသည် အမှတ်သညာထဲတွင် ကြေကွဲဝမ်းနည်းဖွယ် ပြန်ပေါ်လာမှာစိုးသည့်အတွက် အတိတ်ကို ပြန်ပြောင်းမအောက်မေ့ရဲအောင် ဖြစ်နေတတ်သည်။

                ယခု ကျွန်ုပ်ရေးပြနေသော ကျောင်းတိုက်၏ အဖိုးထိုက်အဖိုးတန် အမိုးနှင့် ပန်းဆွဲများမှာ အားလုံးလိုပင် ရှေးဟောင်းအမွေအနှစ် ပစ္စည်းရတနာ များ ဖြစ်နေကြပြီ။ ကျောင်းတိုက်၏အနီး၌ ကြည်လင်အေးမြသော စမ်း ချောင်းလေးသည် အသံမထွက်ဘဲ ကွေ့ကောက်စီးဆင်းနေသည်။ ထင်းရှူး ပင်များလည်း အစီအရီ ပေါက်နေကြသည်။

                ကျောင်းတိုက်အတွင်း၌ သီတင်းသုံးနေကြသော ရဟန်းများမှာမူ ဝိနည်းသိက္ခာပုဒ်ကို အထူးပင် အလေးအနက်ထားကြသည်။ ဘာသာရေး ကျင့်ဝတ်စည်းကမ်းနှင့် ဓလေ့ထုံးစံတို့ကို ဂရုပြုကြသည်။ ဣနြေသိက္ခာနှင့် နေထိုင်ကြသည်။ ကျောင်းတိုက်ထဲတွင် ဘာသံမျှမကြားရဘဲ တိတ်ဆိတ် ငြိမ်သက်နေသည်။ သပိတ် ပရိက္ခရာကို ကိုင်တွယ်အသုံးပြုသည့်နေရာ၌ပင် အသံမကြားမရအောင် အထူးသတိထားကြလေသည်။

                   နှစ်စဉ်နှစ်တိုင်း ဆောင်းကုန်သွားသည့်အခါများ၌ ထိုကျောင်းတိုက်တွင် ရှင်လောင်း၊ ပဉ္စင်းလောင်းများအား ဆုံးမညွှန်ကြားသည့် အခမ်းအနား ပြုလုပ်လေသည်။ သို့ရာတွင် ရှင်လောင်းပဉ္စင်းလောင်းအဖြစ် ထိုတောင်ပေါ် သို့ ရောက်လာသည့် ဦးရေမှာမူ အလွန်တရာမှ နည်းပါးလေသည်။ အကြောင်းမူကား တောင်မှာ ထိတ်လန့်ကြောက်ရွံ့ဖွယ် မတ်စောက်မြင့်မားလှ ပြီး တောင်ပေါ်တက်သည့် လမ်းကလေးမှာလည်း အလွန်ကျဉ်းပြီး အလွန် အန္တရာယ်များလှသည်။ တော်ရုံတန်ရုံလူမှာမူ ထိုလမ်းကျဉ်းကလေးမှ တောင်ပေါ်အရောက် တက်နိုင်ဖို့ရန် မလွယ်ပေ။

တစ်နေ့သော အခါကာလ၏ နံနက်စောစော အရုဏ်တက်ချိန် ဖြစ်သည်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ကြေးမောင်းထုသံသည် ပတ်ဝန်း ကျင်တစ်ခွင်၌ ပျံ့နှံ့နေလေသည်။ ထိုအချိန်တွင် ကျွန်ုပ်သည် ခပ်လှမ်းလှမ်း တွင်ရှိသော ကျောင်းတိုက်၏ ထောင့်တစ်ထောင့်က ကောင်းကင်အထိ မြင့်မားထိုးထွက်လျက်ရှိသော မျှော်စင်ကို မှီရပ်နေပြီး အဝေးက ကောင်းကင် ပြင်ပေါ်၌ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေသည့် စင်ရော်ငှက်များကိုမျှော်ကြည့်နေသည်။ စင်ရော်ငှက်များသည် အနီးသို့ ရောက်လာလိုက် အဝေးသို့ ပျံထွက်သွားလိုက် ဖြစ်နေကြသည်။

ရာသီဥတု အအေးလွန်ကဲသည်မှာ အချိန်ကာလ အတော်ပင် ကြာမြင့် သွားပြီး ခက်ထန်ကြမ်းတမ်းသော ပင်လယ်လေမုန်တိုင်းသည် လူတစ်ဦး တစ်ယောက်အား မိုင်ပေါင်းများစွာ အဝေးသို့ လွင့်စဉ်သွားအောင်ပင် တိုက်ခိုက်ပစ်လိုက်နိုင်သည့် စွမ်းအားရှိလေသည်။ ထိုနေ့၌ ကျွန်ုပ်၏ ပဏာမ အစစ်အဆေး အစမ်းသပ်ခံ ဘုန်းကြီးကျောင်းသက် အရက်သုံးဆယ် ပြည့်သွားပြီး ဤနေရာဌာနသို့ ရောက်ရှိနေသော ကျွန်ုပ်၏အကြောင်းကို စဉ်းစားဆင်ခြင်ကြည့်လိုက်လျှင် ရက်ပေါင်းသုံးဆယ်မျှသော အချိန်ကာလ သည် အနှောင့်အယှက်အခက်အခဲမရှိဘဲ ကုန်ဆုံးကျော်လွန်ခဲ့သည်ဟူ၍ပင် ပြောရပေလိမ့်မည်။ ယနေ့ ကျွန်ုပ်သည် ကျွန်ုပ်၏ ယခင်ဆရာဟောင်း ဘုန်းတော်ကြီးကို ဖူးတွေ့ရန် တောင်အောက်ဘက် ဆင်းနိုင်ပြီ။ နောက်ပိုင်း အချိန်ကာလများ၌ကား သစ်ရွက်များကို တံမြက်လှည်းခြင်း၊ အမွှေးတိုင် ထွန်းညှိခြင်းများသည်သာလျှင် ကျွန်ုပ်၏ အလုပ်တာဝန်ဝတ္တရားများ ဖြစ်လာဖို့ရှိလေသည်။

ယင်းသို့ တောင်စဉ်ရေမရ တွေးတောစဉ်းစားနေစဉ် အမှတ်တမဲ့ ကျွန်ုပ်၏ မျက်လုံးအိမ်မှ မျက်ရည်များ စီးကျလာလေသည်။ ကျွန်ုပ် သက်ပြင်းချလိုက်မိသည်။

“ငါ့မှာ အမေမရှိတော့ဘူးလို့ လူတိုင်းက ပြောနေကြတယ်၊ ငါတစ်ကောင်ကြွက်ဆိုတာ အမှန်တကယ်ပေပဲလား၊ မဟုတ်ဘူး အဲဒါအမှားပဲ”

ကျွန်ုပ်စိတ်ထဲက အော်ပြောလိုက်မိသည်။ “ငါ့မွေးစားအဖေ ကွယ်လွန်ပြီးတဲ့နောက် ငါ တစ်ကောင်ကြွက်ဘဝ ရောက်ခဲ့ရပေမဲ့ လေတိုက်လို့ သစ်ပင်များလှုပ်ခါသွားတဲ့အခါတိုင်း၊ သို့မဟုတ် မိုးတဖြောက်ဖြောက် ရွာနေတဲ့အခါတိုင်း၊ သို့မဟုတ် သြကာသလောကကြီး တစ်ခုလုံး ငြိမ်သက်နေတဲ့အခါတိုင်း ငါချစ်တဲ့အမေ ငါ့ကို ခေါ်တဲ့အသံ သဲ့သဲ့ကို ငါကြားရတယ်။ ဒါပေမဲ့ ခေါ်သံ ဘယ်ကလာသလဲဆိုတာတော့ ငါ့နှလုံးသားကိုယ်တိုင်က မသိဘူး၊ အဲဒီအတွေး တွေးနေရသည်ကို ငါမြတ်နိုး တယ်၊ တန်ဖိုးလည်းထားတယ်။ အဲဒီအတွေးကို အရသာခံပြီး ငါ ထပ်ကာ ထပ်ကာ တွေးတောစဉ်းစားနေချင်တယ်”

သက်ပြင်းတစ်ချက်ရှူလိုက်ပြီးလျှင် ကျွန်ုပ် ဆက်လက်တွေးတောနေမိ ပြန်သည်။

“အမေ၊ ကျွန်ုပ်ကို ကိုးလလွယ် ဆယ်လဖွားတဲ့အချိန်ကာလကစပြီး အနည်းဆုံး တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် အမေ့ကို ကျုပ်တွေ့နိုင်အောင် ဘာဖြစ်လို့ မလုပ်ခဲ့တာလဲ၊ အမေ့သားဟာ ဦးတည်ချက်မရှိဘဲ ရွာရိုးကိုးပေါက် လျှောက်လှည့်လည်သွားလာနေပြီး ယခုလို အမြင့်ဆုံးဖြစ်တဲ့ ဆင်းရဲဒုက္ခကို တွေ့ကြုံခံစားနေရတယ်ဆိုတဲ့အကြောင်းကို အမေကော မသိသင့်ပေဘူးလား”

ထိုအခိုက် ပင်လယ်လှိုင်းများသည် နေရောင်ခြည်အောက်၌ ရှုမဆုံး မြင်မဆုံး တလက်လက်တောက်ပနေကြသည်။ ထူးထူးခြားခြား လှပတင့် တယ်ပြီး တလက်လက်တောက်ပနေသောကြောင့် မျက်စိကျိန်းမတတ် ဖြစ်နေလေသည်။ ကျွန်ုပ်သည် ဝတ်ရုံသင်္ကန်းဝတ်လိုက်ပြီးလျှင် ပဉ္စင်းလောင်း အဖော် သုံးဆယ့်ခြောက်ယောက်တို့နှင့်အတူ လိုက်ပါသွားလေသည်။ ကျွန်ုပ်တို့ အားလုံး တန်းစီပြီး လျှောက်သွားကြသည်။ လက်နှစ်ဖက်စလုံးတွင် အမွှေး တိုင်ကိုင်ထားကြသည်။ အခမ်းအနားကျင်းပသော ခန်းမကြီးရှိရာဘက်သို့ တက်သွားကြပြီးလျှင် ကျွန်ုပ်တို့သည် ပလ္လင်တော်၏ ဝဲယာ၌ နေရာယူလျက် မတုန်မလှုပ် ကျောက်ရုပ်သဖွယ် ရပ်နေကြလေသည်။

ထိုနေရာသို့ ပတ်ဝန်းကျင်အနီးအနားတစ်ဝိုက်ရှိ တောင်များအားလုံးမှ ကျောင်းတိုင်ဘုန်းတော်ကြီးများအားလုံး စုဝေးရောက်ရှိနေကြသည်။ အမွှေးတိုင်ပူဇော်ခြင်းနှင့်စပ်သော ဘုရားရှိခိုးကို ရွတ်ဖတ်သရဇ္ဈာယ်ပြီးသောအခါ တစ်ခဲနက် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ကျေးငှက်တိရစ္ဆာန်တို့၏ အသံပင် မကြားရပေ။

ထို့နောက် ထေရ်ကြီးဝါကြီး ဘုန်းတော်ကြီးတစ်ပါး ရောက်လာပြီး လျှင် ကြေကွဲဝမ်းနည်းဖွယ်အသံဖြင့် ရွတ်ဖတ်သရဇ္ဈာယ်လေသည်။

“ပဉ္စင်းလောင်းဖြစ်လိုကြသော သင်တို့သည် သင်တို့၏မျက်နှာကို ဘုရားရှင်ဘက်သို့ လှည့်ပြီးလျှင် သင်တို့ကို မွေးမြူစောင့်ရှောက်ခဲ့သော သင်တို့၏ မိဘနှစ်ပါးကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဆုတောင်းပတ္ထနာ သုံးပုဒ်ကို ရွတ်ဆိုရမည်”

ထိုအချိန်၌ ကျွန်ုပ်၏ပါးပြင်ပေါ် မျက်ရည်တစ်ပေါက်ပြီးတစ်ယောက် စီးကျလာလေသည်။ ကျွန်ုပ် မျက်နှာမဖော်ရဲတော့ပေ။ ကျွန်ုပ်၏အဖော် တခြားပဉ္စင်းလောင်းများလည်း ကျိတ်ပြီး ရှိုက်နေကြလေသည်။ အခမ်းအနား ပြီးဆုံးသွားသောအခါ ကျောင်းထိုင်ဆရာတော်များသည် တစ်ပါးပြီးတစ်ပါး ကြွလာပြီးလျှင် ကျွန်ုပ်တို့အား သြဝါဒမိန့်ကြားပြီး အားပေးစကား ပြောကြား လေသည်။

“တပည့်တို့ ကျန်းမာချမ်းသာကြပါစေ၊ သင်ဇာပည့်တို့၏ အသိဉာဏ် သည် နက်နဲလှပါပေသည်။ သင်တပည့်တို့၏ တရားဓမ္မ အထုံဝါသနာသည် ကြီးကျယ်လှပါပေသည်။ ယခုအချိန်ကစပြီး သင်တပည့်တို့သည် ကိုယ်စီ ကိုယ်စီ မိမိတို့၏ ဆရာဘုန်းတော်ကြီးများကို ဆည်းကပ်လုပ်ကျွေးကြရမည်။ နောင်လာမည့် တစ်နေ့သောအခါ၌ တရားရိပ်ငြိမ်တောင်တစ်တောင်ပေါ်တွင် ကျင်းပပြုလုပ်သည့် စည်းဝေးသဘင် တစ်ခုခု၌ သင်တပည့်တို့သည် တစ်ဦးနှင့်တစ်ဦး ရွှင်လန်းချမ်းမြေ့စွာ ပြန်လည်ဆုံဆည်းကြရပေလိမ့်မည်”

ကျွန်ုပ်သည် ကျောင်းထိုင်ဆရာတော်များ မြွက်ကြားသည့် သြဝါဒ စကားများကို ဂရုတစိုက် နားထောင်သည်။ သူတို့၏အသံ၊ သူတို့၏ စကားများသည် ကြင်နာဖွယ်လည်း ကောင်းလှသည်။ ထုံးတမ်းစဉ်လာအရ ပြုလုပ်သော ထိုလုပ်ရိုးလုပ်စဉ်အခမ်းအနား၌ ကျွန်ုပ်သည် တစ်ချိန်လုံး ရှိနေသည်။ ထို့နောက် ရဟန်းအဖြစ် အသိအမှတ်ပြုသည့် လက်မှတ်ကို ကျွန်ုပ် လက်ခံရရှိလေသည်။

မျက်ရည်ကို သုတ်ပြီးလျှင် ကျောင်းထိုင်ဆရာတော်များကို ခွဲခဲ့လျက် ကျွန်ုပ်သည် မလှမ်းချင်လှမ်းချင်ဖြင့် တောင်အောက်ဘက် ဆင်းလာခဲ့လေ သည်။ လမ်းဘေးနှစ်ဖက်၌ ပေါက်နေကြသော သစ်ပင်များမှ သစ်ရွက်တွေ ကြွေကုန်ကြပြီ။ ကြေကွဲဝမ်းနည်းဖွယ် အေးစက်စက် ကမ္ဘာလောကကြီးပါ ကလား။ သက်ရှိ၏ အမှတ်လက္ခဏာအဖြစ် တွေ့မြင်ရသည်မှာ သစ်ပင်များ ကြားထဲတွင် ပေါ်လာလိုက်ပျောက်သွားလိုက် ဖြစ်နေကြသည့် ထင်းခုတ် သမားများသာလျှင် ဖြစ်လေသည်။ လောကလူ့ဘောင်ကို စွန့်ခွာလာခဲ့သူ တစ်ဦး၏ စိတ်နှလုံးထဲတွင်လည်း ဖျောက်ဖျက်၍မရသော ကြေကွဲဝမ်းနည်း ဖွယ် ကိန်းအောင်းနေသေးပါကလားဆိုသည်ကို ထိုထင်းခုတ်သမားများ ဘယ်မှာ သိရှိနားလည်နိုင်ကြမည်နည်း။

ဤအခန်းကဏ္ဍမှာ ကျွန်ုပ်စာအုပ်၏ အစဖြစ်သည်။ ဤစာအုပ်၌ မှတ်တမ်းတင်ထားသည့် အဖြစ်အပျက်မှန်သမျှအားလုံးပင် အဖြစ်မှန်များ ချည်းသာလျှင် ဖြစ်ပေသည်။