ပါရဂူ - ပဥ္စဝဂ္ဂီ
ပဥ္စဝဂ္ဂီ
အပြောကျယ်သော ပင်လယ်သမုဒ္ဒရာရေပြင်တွင် အနောက်သို့ ရွက်စုံဖွင့်ပြီး လွှင့်သွားသော လှေနာဝါကြီးပေါ်တွင် ကျွန်ုပ်နှင့် ကျွန်ုပ်၏ဆရာ ပါလာ သည်။ ထိုအချိန်က တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ခရီးသွားလိုသော ကျွန်ုပ် တို့လို သာသနာ့ဝန်ထမ်း ရဟန်းသံဃာများသည် ကူးသန်းရောင်းဝယ်ရေး ကိစ္စဖြင့်ဖြစ်စေ၊ မင်းစိုးရာဇာများ၏ တိုင်းရေးပြည်ရေး ရာဇအရေး ကိစ္စများ ဖြင့်ဖြစ်စေ သွားလာကြသော လှေကြုံ၊ သင်္ဘောကြုံနှင့် လိုက်ပါသွားကြရ သည်။
ကျွန်ုပ်တို့လက်ထက်မတိုင်ခင် ရှေးယခင်ခေတ်ကလည်း ပရိယတ္တိ၊ ပရိပတ္တိ၊ ပဋိဝေဓတည်းဟူသော သာသနာတော် သုံးရပ်အတွက် တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ကူးသန်းသွားလာကြသော ရဟန်းသံဃာတော်များ ရှိကြ သည်။ ယင်းရဟန်းသံဃာတော်များခေတ်ကမူ ကျွန်ုပ်တို့ခေတ်ကလို လှေ ကြုံ၊ သင်္ဘောကြုံလည်း မရှိသလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ထိုခေတ် က လောကအကျိုးနှင့် သာသနာတော်အကျိုးအတွက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးသန်းသွားလာကြသော ရဟန်းသံဃာတော်များသည် အသက်အန္တရာယ် ကို ရင်ဆိုင်လျက် တောအတန်တန် တောင်အထပ်ထပ် ဖြတ်ကျော်ပြီးလျှင် လိုရာခရီးကို သွားလာကြရသည်။ ယင်းကဲ့သို့ ခရီးသွားရင်းလာရင်း သဘာဝ ဘေးဒဏ်ကြောင့်လည်းကောင်း၊ သားရဲတိရစ္ဆာန်တို့၏ဘေးရန်ကြောင့်လည်းကောင်း အသက်စွန့်သွားကြရသော ရဟန်းသံဃာတို့လည်း အရေအတွက် မနည်းပေ။
ကျွန်ုပ်တို့ခေတ် ရောက်ရှိလာသောအခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးသန်းသွားလာရေး အဆက်အသွယ် တိုးတက်မှုရှိလာသောကြောင့် ယခင် ကဲ့သို့ တောအတန်တန် တောင်အထပ်ထပ် ဖြတ်ကျော်လျက် အသက်စွန့် ပြီး သွားလာစရာ သည်လောက်မလိုတော့ပေ။ အထူးမှာ မိမိတို့၏ ယခု ခရီးသည် ရေလမ်းခရီးဖြစ်၍ ရေလမ်းခရီးတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးသန်းသွားလာနေကြသော ရေယာဉ်များရှိသည်။ မိမိတို့နှင့် အကြောင်း အပေါင်းသင့်သော ကုန်ရောင်းကုန်ဝယ်ကိစ္စဖြင့် သွားလာနေကြသော လှေ ကြုံ သို့မဟုတ် သင်္ဘောကြုံနှင့် လိုက်သွားလျှင် သွားလိုရာခရီးသို့ ဘေးမထိ ရန်မခပဲ ရောက်ရှိသွားနိုင်သည်။
ကျွန်ုပ်သည် ရှင်သာမဏေတစ်ပါး ဖြစ်သည်။ ကျွန်ုပ်၏ဇာတိရပ် ရွာမှာဆပ္ပဒဖြစ်၍ ကျွန်ုပ်ကိုလည်း မူရင်းအမည်ပျောက်ပြီး ဆပ္ပဒဟု ခေါ်နေ ကြသည်။ ကျွန်ုပ်သည် မွန်အမျိုးအနွယ်ဖြစ်သည်။ ယခု ကျွန်ုပ်ကို ခေါ်လာ
သော ကျွန်ုပ်၏ဆရာ ဥတ္တရာဇီဝမထေရ်လည်း မွန်အမျိုးအနွယ်ဖြစ်သည်။ ကျွန်ုပ်၏ဆရာ ဥတ္တရာဇီဝမထေရ်သည် ပုဂံပြည်၌ သီတင်းသုံးသည်။
အနော်ရထာဘုရင်သည် သထုံကိုတိုက်ပြီး စစ်နိုင်သူအဖြစ်ဖြင့် ပုဂံ ပြည် ပြန်လာသောအခါ သထုံမှ ရဟန်းသံဃာတော်များကို ပင့်ဆောင်လာ ခဲ့သည်။ ယင်းရဟန်းသံဃာတော်များသည် ပုဂံပြည် ရောက်လာသောအခါ ငှက်ပစ်တောင်၊ မြင်းကပါ၊ တုရင်တောင်၊ တာမနီတို့၌ ဖြန့်ပြီး သီတင်းသုံး နေထိုင်ကြသည်။ ငှက်ပစ်တောင်၌ သီတင်းသုံးသော သံဃာတော်များကို ငှက်ပစ်တောင်ကြီးဂိုဏ်း ဟူ၍လည်းကောင်း၊ မြင်းကပါ၌ သီတင်းသုံးသော သံဃာတော်များကို မြင်းကပါကြီးဂိုဏ်း ဟူ၍လည်းကောင်း၊ တာမနီ၌ သီတင်းသုံးသော သံဃာတော်များကို တာမနီကြီးဂိုဏ်း ဟူ၍လည်း ကောင်း ခေါ်ကြသည်။
ကျွန်ုပ်ကို ခေါ်လာသော ကျွန်ုပ်၏ဆရာ ဥတ္တရာဇီဝမထေရ်သည် ငှက်ပစ်တောင်ဂိုဏ်းချုပ် ဆရာတော် ဖြစ်သည်။ ပုဂံပြည်၌ ပထမဦးစွာသာသနာ့ဦးကိုင်ဖြစ်သော ရှင်အရဟံ၏နောက်တွင် တတိယမြောက် သာ သနာ့ ဦးကိုင်ဆရာတော်အဖြစ် သာသနာ့အမွေကို ဆက်ခံရသူမှာ ဥတ္တရာဇီဝ မထေရ်ဖြစ်သည်။
ပုဂံပြည်၏ တိုးတက်မှုအရှိန်အဟုန် အမြင့်ဆုံးအဆင့် ရောက်နေချိန် ၌ ပုဂံပြည်နှင့် ခေတ်ပြိုင် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားသောနိုင်ငံ မှာ လင်္ကာဒီပ သိယိုဠ်နိုင်ငံ ဖြစ်သည်။ ဗုဒ္ဓသာသနာတော်သည် မြစ်ကြီး တစ်စင်းနှင့် ပမာတူသည်။ ထိုပင်မမြစ်ကြီးမှ မြစ်လက်တက်နှစ်ခု ခွဲထွက် ပြီးလျှင် လမ်းနှစ်သွယ်သို့ စီးဆင်းသွားသည်။ သို့သော်လည်း ထိုမြစ်လက် တက်နှစ်ခုသည် တစ်ခုသောနေရာ၌ ပြန်လည်ပေါင်းစုံပြီး တစ်ခုတည်း ဖြစ်သွားသည်။ ဇမ္ဗူဒိပ်ကျွန်းမှ သာသနာတော်မြစ်မကြီးသည် နှစ်မြွှာဖြစ် ပြီးလျှင် စီးဆင်းသွားသည်။ သာသနာမြစ်လက်တက် တစ်မြွှာကို လမ်း ဖောက်ပေးသူမှာ ရှင်မဟာမဟိန္ဒ ဖြစ်သည်။ ထိုသာသနာမြစ်လက်ထက် တစ်မြွှာသည် ဇမ္ဗူဒိပ်မှ သိယိုဠ်ကျွန်းသို့ စီးဆင်းသွားသည်။ အခြား သာသနာ မြစ်လက်တက်တစ်မြွှာကမူ လမ်းခွဲတစ်ခုသို့ စီးဆင်းသွားပြီးလျှင် သုဝဏ္ဏဘူမိ မြန်မာနိုင်ငံသို့ ရောက်လာသည်။ ထိုမြစ်လက်တက်ကို လမ်း ဖောက်ပေးသူမှာ သောဏမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြသည်။
ယင်းသာသနာမြစ်လက်တက် နှစ်မြွှာသည် တစ်ခုသောအချိန်အခါ၌ တစ်မြွှာနှင့်တစ်မြွှာ၊ တစ်ခုနှင့်တစ်ခု ပြန်လည်ဆုံစည်းသွားကြသည်။ ပုဂံ ပြည် အနော်ရထာမင်းကြီးနှင့် လင်္ကာဒီပ သိယိုဠ်ကျွန်း ပထမ ဝိဇယဗာဟု မင်းကြီးတို့၏ လက်ထက်၌ သောဏမထေရ်နှင့် ဥတ္တရမထေရ်တို့ မျိုးကြဲ ခဲ့သော မြန်မာနိုင်ငံသာသနာတော်သည် ရှင်မဟာမဟိန္ဒ အုတ်မြစ်ချခဲ့သော လင်္ကာဒီပ သိယိုဠ်ကျွန်း သာသနာနှင့် သွားရောက်ပေါင်းဆုံသည်။ ပုဂံပြည် အနော်ရထာမင်းကြီးလက်ထက်၌ အနော်ရထာမင်းကြီး ပန်ကြားချက်အရ သိယိုဠ်ကျွန်း ဘုရင်မင်းကြီး ဝိဇယဗာဟု ပို့လိုက်သော စွယ်တော်မြတ်ကို ပုဂံပြည်ရှိ စေတီပုထိုးများတွင် ကိုးကွယ်ဌာပနာသည်။ အနော်ရထာမင်း ကြီးကလည်း သထုံပြည်မှ ရရှိလာသော ပိဋကတ်ကျမ်းစာ မူပွားများနှင့် ရဟန်းတော်များကို သိယိုဠ်ကျွန်းသို့ ပို့ပေးသည်။
ယင်းကဲ့သို့ မဟာမိတ်နိုင်ငံ နှစ်နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရာဇ ရေးရာအရလည်းကောင်း ဆက်သွယ်မှု တိုးတက်ကြီးထွားလာသည်ကို အခွင့် ကောင်းယူလျက် ပုဂံပြည် ငှက်ပစ်တောင်ဂိုဏ်းချုပ် သာသနာ့ဦးကိုင်ဆရာ
တော် ဥတ္တရာဇီဝမထေရ်သည် သိသိုဠ်ကျွန်းခရီး ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဥတ္တရာဇီဝမထေရ် အရင် သိယိုဠ်ကျွန်းကြွသော ရဟန်းတော်မှာ ပံ့သကူ မထေရ် ဖြစ်သည်။ သို့ရာတွင် ပံ့သကူမထေရ်သည် ထိုအချိန်က ပုဂံပြည် တွင် အုပ်ချုပ်မင်းလုပ်နေသော နရသူဘုရင်နှင့် အဆင်မပြေ၍ သိယိုဠ် ကျွန်းသို့ ကြွသွားခြင်းဖြစ်သောကြောင့် “သိယိုဠ်သွား ပထမ ဓမ္မခရီးသည်” ဂုဏ်ထူးကို မရရှိဘဲ ယခု အကျွန်ုပ်နှင့်အတူ သိယိုဠ်ကျွန်းခရီး ထွက်လာသော ဥတ္တရာဇီဝမထရ်က “သိယိုဠ်သွား ပထမ ဓမ္မခရီးသည်” ဘွဲ့ထူး ဂုဏ်ထူး ရရှိသွားသည်။
ခရီးအစ၌ ဥတ္တရာဇီဝမထေရ်သည် သင်္ဘောဆိပ်မြို့ ပုသိမနဂရ ပုသိမ်မြို့သို့ ရောက်လာသည်။ ပင်လယ်ခရီးမထွက်ခင် ဥတ္တရာဇီဝမထေရ် သည် ကျွန်ုပ်၏ရွာသို့ ရောက်လာသည်။ ထိုအချိန်က ကျွန်ုပ်သည် ရှင်သာ မဏေ ဝါအတော်ရနေပြီ။ ဥတ္တရာဇီဝမထေရ်သည် ကျွန်ုပ်ကိုတွေ့သော အခါ သူနှင့် သိယိုဠ်ကျွန်းသို့ လိုက်မလားဟု မေးသည်။ ထိုအချိန်က ကျွန်ုပ်သည် ရှင်သာမဏေဘဝနှင့် သာသနာ့ဘောင်အတွင်း ဝင်ရောက်နေရ သည်မှာ ပျော်နေပြီ။ ရှင်သာမဏေအဖြစ်နှင့် ပရိယတ္တိကျမ်းစာများကိုလည်း သင်ကြားနေပြီ။ ဥတ္တရာဇီဝမထေရ်က သူနှင့် သိယိုဠ်ကျွန်း လိုက်မလား ဟု စကားဆိုလာသောအခါ သာသနာထွန်းကားသော ပုဂံပြည်တက်ပြီး ကျမ်းဂန်စာပေ သင်ကြားရန် စိတ်ထက်သန်သော ကျွန်ုပ်သည် ပုဂံပြည်၌ သာမက ရေခြားမြေခြား သာသနာတော်ထွန်းကားရာ သိယိုဠ်ကျွန်းသို့ သွားရမည် ဆိုလာသောကြောင့် စားရကံကြုံ၍ မုတ်ဆိတ်ပျားစွဲလာသော ယင်းမွန်မြတ်သည့် အခွင့်အရေးကြီးကို လက်မလွှတ်တော့ဘဲ ““တပည့်တော် အရှင်ဘုရားခေါ်ရာ သိယိုဠ်ကျွန်းသို့ လိုက်ပါမည်ဘုရား””ဟု ဝန်ခံကတိ ပေးလိုက်သည်။
ဥတ္တရာဇီဝမထေရ်သည် သူ၏သိသိုဠ်ကျွန်းခရီး၌ ကျွန်ုပ်အား တပည့် ဝတ် ပြုလုပ်စေလိုသည့်အတွက်ကြောင့်လည်းကောင်း၊ သိယိုဠ်ကျွန်းရှိ ပရိ ယတ္တိ အကျော်အမော် ဆရာတော် သံဃာတော်များထံတွင် ကျမ်းဂန်စာပေ သင်ကြားဆည်းပူးစေလျှင် နောင်တစ်ခေတ် ပုဂံသာသနာ၌ သာသနာတော် အတွက် အကျိုးများမည့် ရဟန်းတော်တစ်ပါး ဖြစ်လာလိမ့်မည်ဟူ၍ မျှော် လင့်ချက်ထားသောကြောင့်လည်းကောင်း ကျွန်ုပ်၏မိဘများနှင့် ဆရာသမား များထံ ခွင့်ပန်လျက် သူ၏သိယိုဠ်ခရီးတွင် ကျွန်ုပ်အား တပည့် ရှင်သာမဏေ တစ်ပါးအဖြစ် ခေါ်လာခဲ့ခြင်းဖြစ်သည်။ ။
မြန်မာနိုင်ငံ ပင်လယ်ကမ်းခြေမှ ထွက်ခွာလာသော ကျွန်ုပ်တို့၏ လှေနာဝါကြီးသည် ပင်လယ်ပြင်တွင် ခရီးနှင်လာခဲ့ရာ ရက်အတော်အတန် ကြာသွားပြီ။ ကျွန်ုပ်တို့၏ လှေနာဝါသည် သိသိုဠ်ကျွန်းဘက် နီးသည်ထက် နီးလာပြီ။ ယနေ့ လှိုင်းလေလျော့ပါးနေသည်ဖြစ်၍ ကျွန်ုပ်တို့၏ ပင်လယ် ခရီးသည် ထိတ်လန့်စိုးရိမ်ရခြင်းမရှိဘဲ အေးချမ်းညင်သာနေသည်။ သို့သော် လည်း ရှေ့နောက်ဝဲယာ မည်သည့်အရပ်မျက်နှာကို ကြည့်လိုက်ကြည့်လိုက် မိုးကုပ်စက်ဝိုင်းနှင့် ပင်လယ်ပြင်ကြီးကိုသာ ကြည့်၍မဆုံး၊ မျှော်၍မဆုံးပင် ရှိနေသေးသည်။ ပင်လယ်ခရီး ထွက်လာစဉ် အချိန်တော်တော်များများ၌
လှေနာဝါပေါ်တွင် တရားနှလုံးသွင်းနေသော ဥတ္တရာဇီဝမထေရ်သည် ပင် လယ်ရေပြင်ထက် တစ်နေရာရောက်လာသောအခါ တရားနှလုံးသွင်းသည့် အလုပ်ကို ခေတ္တဆိုင်းငံ့လျက် အကြောင်းအရာတစ်ခုကို စကားစပ် ပြော သည်။
“ငါ့ရှင် ဆပ္ပဒ၊ ဒီပင်လယ်ရေပြင်နေရာရောက်လာတော့ ရှေး နှစ် ပေါင်းများစွာအလွန်က ဒီရေပြင်မှာ ထူးထူးခြားခြားဖြစ်ပေါ်လာခဲ့ပြီး တစ်ဆင့် စကား တစ်ဆင့်ကြားလာရတဲ့ အဖြစ်အပျက်တစ်ခု ငါ သတိရလာတယ်”
ဆရာအရှင် ဥတ္တရာဇီဝမထေရ်မြတ်က ယင်းသို့ စကားစလိုက်သော အခါ ယခု ကျွန်ုပ်တို့ ပင်လယ်ခရီးနှင်နေသော ပင်လယ်ရေပြင်၌ ဖြစ်ပျက် နေခဲ့သည့် အဖြစ်အပျက်တစ်ခုဆိုသောကြောင့် ကျွန်ုပ်သည် ယင်းအဖြစ် အပျက်ကို သိလိုကြားလိုသောဆန္ဒ ပြင်းပြင်းထန်ထန် ဖြစ်လာသည်။